← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄ ပွဲကြီးပွဲကောင်း

စူးယောင်ကွမ်းက ဘေးဝိုင်းမှ စကားသံများကို ဂရုတစိုက် နားထောင်နေပြီး စကားလုံးများ ထွက်ကျလာသည်နှင့်အမျှ သူမ၏ စိတ်ဝင်စားမှုက ပိုပြင်းထန်လာသည်။

သူမ၏ စူးစမ်းလိုသော အမူအရာကို မြင်နေရသည့် ကျိုးဝမ်ရှူက စနောက်ချင်ဟန်ဖြင့် လှမ်းမေးလိုက်သည်။

"သူတို့ကို ခေါ်ပြီး ခင်ဗျားအတွက် ပြောပြခိုင်းလိုက်ရမလား"

"မလိုပါဘူး"

စူးယောင်ကွမ်းက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူတစ်ပါး ပျက်စီးတာကို ဝမ်းသာအားရ ဖြစ်နေတာတဲ့ ငါ့ရဲ့ပုံစံကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။ အဲဒါက ငါ့ရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခု ငါက နည်းနည်းတော့ နာမည်ကြီးနေပြီလေ"

ကျိုးဝမ်ရှူက တိုးတိုးလေး ရယ်မောလိုက်သည်။

ထိုလူစုက ကျန်းရိဟွမ်း အကိုင်တွယ်ခံရပြီး အခွင့်ကောင်းယူခံရသည့်အကြောင်း ပြောနေကြသည်။ စူးယောင်ကွမ်းကတော့ အံ့ဩမနေတော့ချေ။

‘ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေတာပဲလေ။ ကျန်းရိဟွမ်းလို ဆွဲဆောင်မှု ရှိတဲ့သူ မပြောနဲ့ ဘယ်မိန်းခလေးမဆို ဒီလိုအခြေအနေမျိုးမှာ တူညီတဲ့ ကံကြမ္မာကို ခံစားရမှာ အသေအချာပဲ။ အဲ့ဒါကြောင့်လည်း ကျန်းရိဟွမ်းက ငါ့ကို ရေထဲသို့ တွန်းချဖို့ ကြံစည်ခဲ့တာပေါ့။ သူ ဘယ်လောက် ယုတ်မာတယ်ဆိုတာကို တွေးကြည့်ရုံနဲ့ သိနိုင်တယ်’

"အဲ့ဒီလူငယ်လေးကလည်း တော်တော်လေး ရုပ်ချောတယ်ကွ။ သူ့ကို အိမ်ထောင်မပြုနိုင်တဲ့ လီမိသားစုက အပျိုကြီးက ကယ်တင်သွားတယ်"

"လီရှန့်နန်လား"

"ဟုတ်တယ်... အမြဲတမ်း အပျိုကြီး ဖြစ်နေတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် လီရှန့်နန် ပေါ့ကွ။ သူက ကျင်းတစ်ရာရှစ်ဆယ်လောက် လေးပြီး တနေ့တနေ့ ဝက်အိုကြီးလို လဲလျောင်းနေတာလေ။ ရွာထဲက အသက်ခုနစ်ဆယ်အရွယ် လူပျိုကြီးတောင် သူ့ကို မလိုချင်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူက လူငယ်လေးကို ရေထဲက ဆွဲထုတ်သွားတယ်။ သူက လူငယ်လေးကို ကယ်တင်ပြီးတာနဲ့ သူတို့အိမ်ကို တန်းခေါ်သွားတယ်လို့ ငါ ကြားခဲ့တယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။

"နင် ကြားလိုက်လား"

ကျိုးဝမ်ရှူက အရက် အနည်းငယ် သောက်ထားသဖြင့် သူ့မျက်ဝန်းထဲတွင် မူးယစ်ရိပ်များ ပြည့်နှက်နေကာ အသံပြန်ပေးလိုက်သည်။

"ဟင်..."

သူ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေပုံရသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက သူ့ကို အမြန် တားဆီးလိုက်သည်။

"ဘုရားရေ... နင် တစ်အိုးလုံး ကုန်အောင် သောက်လိုက်တာလား။ ဒီလောက် အများကြီး သောက်ပြီး ဘယ်သူ့ကို သတ်ဖို့ ကြိုးစားနေတာလဲ"

သူမက ကျိုးဝမ်ရှူကို ဆွဲထူလိုက်ပြီး နောက်ထပ် ဆက်မသောက်ရန် တားမြစ်လိုက်သည်။

ကျိုးဝမ်ရှူက အရက်အိုးကို ဆုပ်ကိုင်ထားရင်း စူးယောင်ကွမ်း၏ နောက်မှ လိုက်ပါလာကာ ညစျေးတန်းလေးမှ ထွက်ခွာလာခဲ့ကြသည်။

နောက်တစ်နေ့တွင် ကျန်းကျောက်တိက စိတ်လှုပ်ရှားစွာဖြင့် စူးယောင်ကွမ်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကုတင်လိုက်ကာကို ပင့်တင်ကာ အိပ်ပျော်နေသော စူးယောင်ကွမ်းအား လှမ်းပြောလိုက်သည်။

"ယောင်ကွမ်း... ထတော့။ ပွဲကြီးပွဲကောင်း သွားကြည့်ရအောင်...ဟား..ဟ"

သို့သော်လည်း သူမ၏ ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

စူးယောင်ကွမ်းက ကျန်းကျောက်တိကို ဝေဝေဝါးဝါး ကြည့်ရင်း ပြန်မေးလိုက်သည်။

"အမေ... ဘာဖြစ်လို့လဲ"

ကျန်းကျောက်တိက သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ထို့နောက်တွင် သူမက အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ကာ ကြက်မွှေးတံမြက်စည်းတစ်ချောင်းကို ရှာတွေ့သွားပြီး ကောက်ယူလိုက်ကာ စူးယောင်ကွမ်းထံသို့ လွှဲရိုက်လိုက်တော့သည်။

"ငါ နင့်ကို ရိုက်သတ်မယ်။ ညစ်ပတ်တဲ့ ကောင်မလေး။ ဝမ်ရှူက အသက်ဘယ်လောက် ရှိသေးလဲ။ နင်က သူ့ကို နှောင့်ယှက်ပြီး ဒီလို မိုက်မဲတဲ့ အလုပ်ကို လုပ်ရဲတယ်ပေါ့လေ"

စူးယောင်ကွမ်းက ယခုမှ နိုးလာခြင်းဖြစ်ကာ ခေါင်းကိုက်နေသဖြင့် လုံးဝ မှင်တက်နေလေသည်။ ကျန်းကျောက်တိ၏ ကြက်မွှေး လွှဲရိုက်လိုက်ပြီးနောက်မှသာ တစ်ခုခု မှားယွင်းနေသည်ကို သူမ သတိထားမိသွားသည်။ စူးယောင်ကွမ်းတစ်ယောက် ဘေးနားရှိ ကျိုးဝမ်ရှူကို လှမ်းကြည့်လိုက်ရာ နှစ်ယောက်သား မျက်ဝန်းချင်း ဆုံမိသွားကြပြီးနောက် တပြိုင်တည်း အလျင်အမြန် ထထိုင်ကာ သူတို့ကိုယ်သူတို့ စောင်များဖြင့် ပတ်ထားလိုက်ကြသည်။

"အမေ... သမီးတို့ မနေ့ညက အရက်မူးလွန်သွားရုံတင်ပါ၊ ဘာမှ မလုပ်မိပါဘူး"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တံတောင်နှင့် တို့ရင်း ပြောလိုက်သည်။

ကျန်းကျောက်တိကလည်း ဟန်ပြအဖြစ်သာ လုပ်နေခြင်းဖြစ်ပြီး စူးယောင်ကွမ်းကို တကယ် ရိုက်မည့်သူ မဟုတ်ပေ။ ထိုစကားကို ကြားပြီးနောက် သူမက ကျိုးဝမ်ရှူကို လှမ်းကြည့်လိုက်သည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ကျန်းကျောက်တိကို ပြောလိုက်သည်။

"အမေ... ဒါအမှန်ပါ၊ ကျွန်တော်တို့ မနေ့ညက အရက်သောက်တာ များသွားလို့ပါ"

သူတို့နှစ်ယောက် အလွန် ရင်းနှီးချစ်ခင်နေကြသည်ကို ကြည့်ပြီး ကျန်းကျောက်တိ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော်လည်း ခဏမျှသာ ဖြစ်ပြီး သူမက ချက်ချင်း မျက်နှာကို ပြန်တည်လိုက်ကာ လေးနက်သော လေသံဖြင့် ဆူပူလိုက်သည်။

"အဝတ်အစားတွေ အမြန် သေသပ်အောင်လုပ်ကြစမ်း... တကယ့်ကို ရှုပ်ပွနေတာပဲ"

သူမက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့နှစ်ယောက်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"နင်တို့က ငယ်သေးတယ်... ကိစ္စတွေကို အလျင်စလို မလုပ်ကြနဲ့၊ ကြားကြလား"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူ : "..."

ကျန်းကျောက်တိ ထွက်သွားပြီးနောက် စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တွန်းထုတ်ရင်း ပြောလိုက်သည်။

"လွှတ်ဦး"

ထိုအခါမှသာ ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လွှတ်ပေးလိုက်သည်။

နှစ်ယောက်သား သူတို့၏ အဝတ်အစားများကို ပြန်စစ်ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများအားလုံး စနစ်တကျ ရှိနေဆဲပင်။

"နောက်ခါကျရင်ရော ထပ်သောက်ဦးမှာလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဒေါသတကြီး စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"နင့်ရဲ့ အရက်ဒဏ် ခံနိုင်ရည်က အရမ်းညံ့တယ်လို့ ငါ အစောကြီးကတည်းက ပြောသားပဲ။ မသောက်နိုင်ရင်လည်း မသောက်နဲ့ပေါ့။ အခုတော့ နင် ခေါင်းမာလို့ ငါပါ အထင်လွဲခံလိုက်ရပြီ"

"ကျွန်တော်က အရက်ဒဏ်ကို မခံနိုင်ဘူး။ ဒါဆို ခင်ဗျားကရော ခံနိုင်လို့လား။ တကယ်လို့ ခင်ဗျားသာ ခံနိုင်ရင် ဘာလို့ ကျွန်တော့်ကို ကျွန်တော့်အခန်းထဲ ပြန်မပို့ခဲ့တာလဲ။ မနေ့ညက ခင်ဗျားလည်း သိသိသာသာ မူးနေခဲ့တာပဲလေ။ အခု ဘာမှမမှတ်မိတော့ဘူး မဟုတ်လား"

စူးယောင်ကွမ်းတစ်ယောက် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

'သူ ပြောတာ မမှားဘူးပဲ...'

ကျိုးဝမ်ရှူကို အိမ်သို့ ဆွဲခေါ်လာပြီးနောက် လမ်းခရီးတွင် သူမ ကျန်ရှိနေသော အရက်များကို အကုန်သောက်ခဲ့သဖြင့် သူမ၏ စိတ်များ ပိုဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ အိမ်သို့ ရောက်ရှိချိန်တွင် သူမ လုံးဝ မူးနောက်နေခဲ့ပြီး ကုတင်ပေါ်သို့ မည်သို့ ပြန်ရောက်လာသည်ကိုပင် မသိတော့ချေ။

နှစ်ဦးသား အလျင်အမြန် ထရပ်ကာ ပြင်ဆင်လိုက်ကြသည်။

"ယောင်ကွမ်း... ဒီကို အမြန်လာဦး"

ကျန်းဖန့်တိက စူးယောင်ကွမ်းကို လက်ဟန်ပြပြီး လှမ်းခေါ်နေသည်။

"ဟိုဘက်မှာ နောက်ထပ် ပွဲကြီးပွဲကောင်း ရှိနေပြန်ပြီ"

"ဒုတိယဒေါ်လေး... ဘာဖြစ်လို့လဲဟင်"

စူးယောင်ကွမ်းက မေးမြန်လိုက်သည်။

"ဟိုဘက်က ကျန်းရိဟွမ်းက မနေ့က ရေထဲပြုတ်ကျသွားတယ်လေ။ သူ့ကို ကယ်ဖို့ အမျိုးသား ဆယ်ယောက်ကျော်လောက် ရေထဲ ခုန်ဆင်းခဲ့ကြတယ်လို့ ငါ ကြားတယ်။ အဲ့သတင်းက နေရာအနှံ့ ဟိုးဟိုးကျော်နေပြီ။ တကယ့်ကို အရှက်ကွဲစရာပဲ။ ပြီးတော့ ဟို ရှောင်းချီကိုလည်း လီမိသားစုက အဲ့ဒီလီရှန့်နန်က အိမ်ကို ခေါ်သွားပြီး သူနဲ့ လက်ထပ်ဖို့ အတင်းအကျပ် ဖိအားပေးနေကြတယ်တဲ့"

"ဒေါ်‌လေး ရှောင်းချီကို တွေ့လိုက်တာလား"

မနေ့က အဖြစ်အပျက်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသော်လည်း ဤသတင်းကို ကြားရသောအခါ စူးယောင်ကွမ်း၏ အတင်းအဖျင်း ပြောလိုစိတ်က မထိန်းနိုင်ဖြစ်သွားရပြန်သည်။

"ငါလည်း ကြားရုံပဲ ကြားတာပါ။ လီမိသားစုက သူ့ကို အလွှတ်မပေးဘူးလေ။ ဒါကြောင့် ငါတို့လည်း သူ့ကို မတွေ့ရဘူးပေါ့"

စူးယောင်ကွမ်းက အပြင်သို့ လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်သည်။

"ကြည့်ဦး... အခုတော့ ကျွန်မတို့ သူ့ကို တွေ့လိုက်ရပြီ"

ရှောင်းယန်ချီက လီမိသားစုဝင်များ ဝန်းရံလျက် ဖုန်းဟွာကော့ထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။ လီရှန့်နန်တွင် အစ်ကိုသုံးယောက်ရှိပြီး ယခုအချိန်တွင် သူတို့က သူမ၏ အကာအကွယ်ပေးသူများအဖြစ် လုပ်ဆောင်နေကြသဖြင့် လူအများစုက သူတို့ကို မလှုံ့ဆော်ရဲကြပေ။

"ရှောင်းချီက ငါတို့ရဲ့ ဖုန်းဟွာကော့ကလူပဲ။ နင့်ရုပ်နဲ့ ရှောင်းချီကို လက်ထပ်ဖို့ ကြံစည်ရဲတယ်ပေါ့။ နင့်ကိုယ်နင်လည်း ပြန်ငုံ့ကြည့်ဦး"

ကျုံးလန်ဟွာက ကျန်းရိဟွမ်း၏ ကိစ္စကြောင့် စိတ်ရှုပ်ထွေးနေရပြီး ယခုအချိန်တွင် လီမိသားစုကပါ တံခါးဝအထိ လာရောက်သောင်းကျန်းနေသဖြင့် ပို၍ ဒေါသထွက်နေလေသည်။ သူမအနေဖြင့် ထိုလူများကို ရိုက်နှက်ကာ မောင်းထုတ်ပစ်ချင်စိတ်သာ ရှိနေတော့သည်။

သို့သော်လည်း လီမိသားစုမှ အစ်ကိုကြီး သုံးယောက်စလုံးက အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် ခက်ထန်ကြမ်းတမ်းသော ရုပ်သွင်များ ရှိကြသည်။ ပုံမှန်အားဖြင့် ကျုံးလန်ဟွာ မည်မျှပင် ကြမ်းတမ်းနေပါစေ ယခုကဲ့သို့သော အခြေအနေမျိုးတွင်တော့ အလွန်အကျွံ မလုပ်ရဲပေ။

ထိုစဉ် ကျန်းရိဟွမ်းက ငိုယိုကာ ပြေးထွက်လာပြီး ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ တိုးတိုး‌လေး ကန့်ကွက်နေသည်။

"အစ်ကိုရှောင်း... ရှင် တခြားလူကို လက်ထပ်လို့ မဖြစ်ဘူးနော်၊ ရှင် ကျွန်မကို လက်ထပ်မယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား"

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို ဖက်ထားရင်း ပြန်ပြောလိုက်သည်။

"ဟွမ်းအာ... ကိုယ် တခြားဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး"

"လွှတ်စမ်း... လွှတ်စမ်း"

လီရှန့်နန်က အက်ကွဲကြမ်းတမ်းသော လေသံကြီးဖြင့် အော်ဟစ်လိုက်သည်။

သူမက ထိုနှစ်ဦးကို အတင်းအဓမ္မ ဆွဲခွာလိုက်ပြီး ကျန်းရိဟွမ်း၏ မျက်နှာကို ရိုက်နှက်ရန် လက်ရွယ်လိုက်သော်လည်း ရှောင်းယန်ချီက တားဆီးလိုက်သည်။

"မင်း ဘာလုပ်တာလဲ"

ရှောင်းယန်ချီက ဒေါသတကြီး ပြောလိုက်သည်။

"ရှင်က ကျွန်မယောကျာ်းလေ... အဲ့ဒါကို သူက ရှင့်ကို လာပြီး မြူဆွယ်ရဲတယ်၊ အရိုက်ခံရသင့်တာပေါ့။ ရှင်... ရှောင်းမျိုးရိုးနဲ့လူ... ရှင် ဘာလို့ ပြန်လာတာလဲဆိုတာကို မေ့သွားပြီလား။ ရှင် အဝတ်အစားတွေ လာသိမ်းတာလေ။ အခု ချက်ချင်း သွားသိမ်းစမ်း။ ပြီးရင် ကျွန်မနဲ့ လိုက်ခဲ့တော့"

"ငါ မင်းနဲ့ လိုက်မှာ မဟုတ်ဘူး"

ရှောင်းယန်ချီက အေးစက်စက် ပြန်ပြောလိုက်သည်။

"ငါ မင်းကို လိမ်ခဲ့တာ။ ငါ ပြန်လာတာက ဟွမ်းအာ ဘယ်လိုရှိလဲဆိုတာ သိချင်လို့ပဲ။ မနေ့က ဟွမ်းအာနဲ့ငါ မြစ်ထဲကို အတူတူ ပြုတ်ကျခဲ့တာဆိုတော့ သူ ဘေးကင်းရဲ့လားလို့ တွေးပြီး ငါ စိုးရိမ်နေခဲ့တာ"

"ကောင်းပြီလေ... ရှောင်းမျိုးရိုးနဲ့လူ... ရှင်က ကျွန်မကို လိမ်ရဲတယ်ပေါ့လေ"

လီရှန့်နန်က ဒေါသတကြီး အော်လိုက်ပြန်သည်။

"အကြီးဆုံးအစ်ကို... ဒုတိယအစ်ကို... တတိယအစ်ကို... သူ့ကို အတင်းဆွဲခေါ်ကြ၊ ကျွန်မ ဒီနေ့ပဲ သူနဲ့ လက်ထပ်ပြီး မင်္ဂလာခန်းထဲ ဝင်ပစ်မယ်"

"မဖြစ်နိုင်တာ"

ကျန်းရိဟွမ်းက ရှောင်းယန်ချီကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"နင်တို့တွေ လွန်လွန်းနေပြီ။ ငါ့သမီးနဲ့ ရှောင်းချီက စေ့စပ်ထားပြီးသားလူတွေ၊ မနေ့က ငါ့သမီး ရေထဲပြုတ်ကျရတာကလည်း သူတို့နှစ်ယောက် မြစ်ကမ်းဘေးမှာ တိတ်တဆိတ် ချိန်းတွေ့နေကြလို့ပဲ။ နင်တို့က အချင်းချင်း ချစ်ခင်နေတဲ့ စုံတွဲကို ခွဲပစ်ချင်တာလား။ ဒီတိုင်းပြည်မှာ ဥပဒေဆိုတာ မရှိတော့ဘူးလား"

ကျုံးလန်ဟွာက ဤကိစ္စကြောင့် မနက်စောစောကတည်းက စိတ်ညစ်နေရခြင်း ဖြစ်သည်။

ကျန်းရိဟွမ်းက အမျိုးသားဆယ်ယောက်ကျော်၏ ဖက်တွယ်ကိုင်တွယ်ခြင်း ခံခဲ့ရသဖြင့် ယခုအခါ တစ်မြို့လုံးတွင် အတင်းအဖျင်း ပြောနေကြချေပြီ။ သူမ၏ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားခဲ့ရသဖြင့် နောင်တွင် သူမတို့စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် မရှိတော့ဘဲ သူမကို အမြန်ဆုံး အိမ်ထောင်ချပေးရန် လိုအပ်နေပြီ ဖြစ်သည်။

ယခုလောက် အရှက်ရစရာကောင်းသော ကိစ္စမျိုး ဖြစ်ပျက်ပြီးနောက်တွင် ချန်မိသားစုအနေဖြင့် သူမကို ချွေးမအဖြစ် ဘယ်လိုမှ လက်မခံနိုင်တော့ကြောင်း တာဝန်ခံချန်က လူလွှတ်အကြောင်းကြားလာခဲ့သည်။ သူ့သားက သူမကို မည်မျှပင် သဘောကျပါစေ ဘာမှ အသုံးမဝင်တော့ချေ။ သူတို့လည်း သူတို့၏ မျက်နှာကို အပျက်မခံနိုင်သောကြောင့် ဖြစ်သည်။

ကျုံးလန်ဟွာနှင့် သူမ၏သမီးဖြစ်သူက တာဝန်ခံချန်၏သားနှင့် ရှောင်းယန်ချီတို့တွင် တစ်ယောက်က ချမ်းသာပြီး တစ်ယောက်က အလားအလာရှိသဖြင့် မည်သူ့ကို ရွေးချယ်ရမလဲဟု တွေဝေကာ အကျိုးအမြတ် အများဆုံးရရှိရန် တွက်ချက်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူမတို့ထံ၌ ရွေးချယ်ရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။

All Chapters