အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း ၁၇၆ မင်္ဂလာပွဲ
စူးယောင်ကွမ်းတစ်ယောက် ကျန်းကျင့်ကို သွားရှာရာတွင် မျက်နှာပေါ်၌ မွေးရာပါအမှတ် ရှိနေသော အမျိုးသားတစ်ဦး ထွက်လာသည်နှင့် ကွက်တိဝင်တိုးမိသွားသည်။ ထိုလူက စူးယောင်ကွမ်းကို မြင်သည်နှင့် ထိုလူက သူ့၏မွေးရာပါအမှတ်ရှိသည့် မျက်နှာတစ်ခြမ်းကို ဖုံးကွယ်ရန် ဆံပင်များကို အလျင်အမြန် ပြန်ချလိုက်သည်။
ထို့နောက် သူက ထောင်ယောင်ဖန့်ထဲမှ ကပျာကယာ ပြန်ထွက်ခွာသွားခဲ့သည်။
စူးယောင်ကွမ်းက အတွင်းထဲသို့ ဝင်လာပြီး ဆေးသေတ္တာ သိမ်းဆည်းနေသည့် ကျန်းကျင့်ကို လှမ်းမေးလိုက်သည်။
"အဲ့ဒီလူက သူ့မျက်နှာက အမှတ်ကို ကုခိုင်းမလို့ လာတာလား"
"ဟုတ်တယ်၊ ကျွန်မရဲ့ မျက်နှာက အမှတ်က တော်တော်လေး မှိန်သွားတာကို သူ မြင်တော့ သူ့အမှတ်ကိုလည်း ဖျောက်ပေးနိုင်မလားလို့ လာမေးတာ။ ကျွန်မရဲ့ အမှတ်က မွေးရာပါ မဟုတ်ဘူးလို့ ကျွန်မ ပြောလိုက်တယ်။ သူ့လိုမျိုး မွေးရာပါအမှတ်ကိုတော့ မျက်နှာပြောင်းလဲတဲ့အတတ်ပညာ မရှိရင် လုံးဝ ဖယ်ရှားလို့ မရနိုင်ဘူး"
"မျက်နှာပြောင်းလဲတဲ့ အတတ်ပညာ ဟုတ်လား"
စူးယောင်ကွမ်းက အံ့ဩတကြီး ရေရွတ်ပြီးမှ ပြန်မေးလိုက်သည်။
"ဒီလောကကြီးမှာ တကယ်ပဲ အဲ့ဒီလိုအတတ်ပညာမျိုး ရှိလို့လား"
"ရှိတာပေါ့"
ကျန်းကျင့်က သူမကို ရှင်းပြလိုက်သည်။
"ကျွန်မရဲ့ မိဘတွေတဲ့ စကားပြောတုန်းက တစ်ခါ ကြားခဲ့ဖူးတယ်။ သူတို့တစ်ခါက လူတစ်ယောက်ရဲ့ မျက်နှာကို ပြောင်းလဲပေးခဲ့ဖူးလို့ အဲ့ဒီလူက တစ်ခြားလူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့တယ်တဲ့"
"လောကကြီးက တကယ်ကို ထူးဆန်းအံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ၊ ဒီနေ့တော့ ဗဟုသုတအသစ်တစ်ခု တိုးပြန်ပြီ။ ဒီနေ့ ဆိုင်မှာလည်း လူသိပ်မရှိဘူးဆိုတော့ စောစောပိတ်ပြီး အိမ်မှာ ဟော့ပေါ့စားကြမလား"
"ကျွန်မလည်း ဟော့ပေါ့စားချင်နေတာ၊ ကျွန်မတို့တွေ စိတ်တူကိုယ်တူ ဖြစ်နေကြတာပဲ"
ထောင်ယောင်ဖန့်က ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်သော်လည်း တစ်ဖက်လမ်းရှိ ဖုန်းဟွာကော့ကတော့ ပိုမိုဆူညံ စည်ကားနေလေသည်။
ရှောင်းယန့်ချီနှင့် ကျန်းရိဟွမ်းတို့၏ ထိမ်းမြားခြင်းကိစ္စကို စီစဥ်ပြီးစီးသွားခဲ့ပြီ ဖြစ်ကာ မင်္ဂလာရက်ကို နောက်ထပ် ဆယ်ရက်အကြာတွင် သတ်မှတ်ထားသဖြင့် သူတို့အတွက် အချိန်က အလွန်တိုတောင်းနေလေသည်။
စာသင်ကျောင်းမှ ပြန်မလာသည့် ကျန်းယီဟွေ့က ထိုသတင်းကို ကြားကြားချင်း အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ သူက အခန်းထဲရှိ ပစ္စည်းမှန်သမျှကို ရိုက်ခွဲကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေပြီးနောက် ကျန်းရိဟွမ်းအတွက် ခေါင်းအုံးစွပ်အား ပန်းထိုးနေသည့် ကျုံးလန်ဟွာကို ဒေါသတကြီး ရင်ဆိုင်လိုက်သည်။
"အမေက ညီမလေးကို အဲ့ဒီရှောင်းမျိုးရိုးကောင်နဲ့ တကယ် အိမ်ထောင်ချပေးတော့မလို့လား"
ကျုံးလန်ဟွာက နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်သည်။
"သူနဲ့ အိမ်ထောင်မချပေးလို့ ဘာလုပ်နိုင်ဦးမှာလဲ။ နင့်ညီမရဲ့ ဂုဏ်သတင်းက ပျက်ဆီးသွားပြီး ဒီလောက်အထိ ပြန့်နှံ့သွားတာကို သူနဲ့မှ အိမ်ထောင်မပြုရင် ဘယ်သူနဲ့ အိမ်ထောင်ပြုနိုင်ဦးမှာလဲ။ ဒီမြို့ထဲက ချမ်းသာတဲ့ သခင်လေးတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားကြတာလေ။ သူတစ်ပါးရဲ့ ထိတွေ့ခံထားရတဲ့ မိန်းကလေးကို သူတို့က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
"အကိုင်ခံရရုံတင်လေ၊ အပျိုစင်ဘဝ ပျက်စီးသွားတာမှ မဟုတ်တာ"
"မင်းက ဘာဖြစ်လို့ ရှောင်းချီကို အမြဲတမ်း နှိမ်ချပြီး ကြည့်နေရတာလဲ။ ရှောင်းချီက စာတော်တယ်၊ သူက တကယ်ပဲ အရာရှိ ဖြစ်လာနိုင်တယ်လေ။ နင့်ညီမ သူ့ဆီ ရောက်သွားရင် ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ရမှာ မဟုတ်ဘူးလား"
"ကျွန်တစ်ယောက်က ဘယ်လိုလုပ် သခင်ဖြစ်လာနိုင်မှာလဲ။ ကျွန်တော့်မှာ အဲ့ဒီလို ကျွန်ယောက်ဖမျိုး ရှိတာကို ကျွန်တော် သည်းမခံနိုင်ဘူး။ ညီမလေးက ရုပ်ချောတော့ ပိုကောင်းတဲ့လူနဲ့ အိမ်ထောင်ပြုနိုင်ဦးမှာပါ၊ ကျွန်တော့်ကို ကူညီပေးနိုင်မယ့်လူမျိုးလည်း ဖြစ်နိုင်တာပဲ။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းချထားတဲ့သူနဲ့ အိမ်ထောင်ချပေးလိုက်တာက ကောင်းမွန်တဲ့ ရွှေရုပ်ကို အဆိုးဆုံးနေရာမှာ ချလိုက်သလိုပဲ"
"ဒီကိစ္စက ပြီးပြတ်သွားပြီ၊ နင့်ညီမကိုယ်တိုင်ကလည်း သဘောတူပြီးသား။ နောက်ထပ် ဘာမှ ထပ်မပြောနဲ့တော့"
ကျုံးလန်ဟွာက စိတ်ပျက်လက်ပျက်ဖြင့် ယတိပြတ် သတိပေးလိုက်သည်။
"မင်းကတော့ စာဖတ်ဖို့ပဲ အာရုံစိုက်စမ်းပါ။ သူလည်း စာတော်တော့ နောင်တစ်ချိန် နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့ရင် မင်းကို ကူညီပေးနိုင်မှာပဲလေ"
"ရတယ်၊ အမေက ကျွန်တော့်စကားကို မနားထောင်ဘူးပေါ့။ ဒါဆိုရင် ကျွန်တော့်ကို ငွေလျန်ငါးရာပေး"
ကျန်းယီဟွေ့က လက်ဝါးဖြန့်ကာ တောင်းဆိုလိုက်သည်။
"ဒီလောက်အများကြီးလား၊ ငွေတွေ ဒီလောက်အများကြီးကို ဘာလုပ်မလို့လဲ"
ကျုံးလန်ဟွာက သူမ၏ လက်ထဲမှ ပစ္စည်းများကို အောက်သို့ ချရင်း မေးမြန်းလိုက်သည်။
"ကျွန်တော်က ကျန်းမိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးပဲ။ မိသားစုရဲ့ ငွေတွေအကုန်လုံးက ကျွန်တော့်ဆီပဲ လက်ဆင့်ကမ်းရမှာ မဟုတ်ဘူးလား။ ဒါကြောင့် ကျွန်တော် နည်းနည်းပါးပါး ယူမယ်။ အခု ရှောင်းချီနဲ့ ညီမလေးနဲ့ လက်ထပ်လိုက်ပြီဆိုတော့ နောင်တစ်ချိန်မှာ ဒီငွေတွေက ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ"
ကျန်းယီဟွေ့က ဆက်ပြောနေသေးသည်။
"ကျွန်တော်သာ ဒီငွေတွေကို မယူထားရင် အဲ့ဒီ ရှောင်းမျိုးရိုးကောင်က ဖုန်းဟွာကော့ကို အကုန်ပြောင်အောင် လုပ်သွားမှာကို ထိုင်စောင့်နေရမှာလား"
ကျုံးလန်ဟွာက ပြန်ပြောလိုက်သည်။
"ငွေတွေက အမေ့လက်ထဲမှာ ရှိတာပါ။ အပြင်လူလက်ထဲကို အမေ အပ်မှာ မဟုတ်ဘူး။ စိတ်မပူစမ်းပါနဲ့၊ မင်း အိမ်ထောင်ပြုတဲ့အခါ သုံးဖို့အတွက် အမေ သိမ်းထားပေးပါ့မယ်"
"နောင်ရေးကိုတော့ နောက်မှ ပြောကြတာပေါ့။ အခုချက်ချင်း ကျွန်တော့်ကို ငွေလျန်ငါးရာပေး၊ မဟုတ်ရင် ကျွန်တော် အမေ့ကို မယုံဘူး။ အမေက အမြဲတမ်း ညီမလေးကိုပဲ မျက်နှာလိုက်နေတာ၊ အမေ သူ့ကို ကွယ်ရာမှာ ငွေတွေ ခိုးပေးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ကျန်းယီဟွေ့က မကျေမနပ်ဖြစ်နေပုံဖြင့် ဆက်တောင်းဆိုနေသည်။
"မင်းကတော့လေ..."
ကျုံးလန်ဟွာတစ်ယောက် အမှန်တကယ် စိတ်ပျက်လက်ပျက်ဖြစ်နေရသည်။
ကျန်းယီဟွေ့က ဤမင်္ဂလာပွဲကို သဘောမကျဖြစ်နေမှန်း သူမ သိထားပြီး အကယ်၍ သူမသာ သူ့ဆန္ဒကို မလိုက်လျောပေးပါက တစ်အိမ်လုံး ရက်အတော်ကြာအောင် ဆူညံပွက်လောရိုက်နေပေလိမ့်မည်။
မင်္ဂလာပွဲကိစ္စကို စီစဉ်ပြီးသွားပြီ ဖြစ်သောကြောင့် သူမအနေဖြင့် နောက်ထပ် ပြဿနာမတက်စေချင်တော့ချေ။ ထိုသို့မဟုတ်ပါက သိက္ခာကျရမည့်သူက သူမ၏ သမီးသာ ဖြစ်နေလေသည်။
'ဟွမ်းအာက ပြောဖူးတယ်... ရှောင်းချီက နောင်တစ်ချိန်အတွက် အလားအလာကောင်းတွေ ရှိလို့ သူ့အပေါ် ပုံအောပြီး လောင်းကြေးထပ်သင့်တယ်တဲ့။ တကယ်လို့ ဒီခန့်မှန်းချက်သာ မှန်သွားရင် အရာရှိသမက်တစ်ယောက် ရလာမှာပါလေ'
'အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် သူတို့အတွက် ကမန်းကတမ်း ဆုံးဖြတ်ချက်ချခဲ့ရတာဆိုတော့ မင်္ဂလာပွဲကိုလည်း ခပ်မြန်မြန် ကျင်းပလိုက်တာက ပိုကောင်းတယ်။ နန်းတွင်းစာမေးပွဲ မတိုင်ခင် လက်ထပ်လိုက်တာက စာမေးပွဲအောင်ပြီးမှ လက်ထပ်တာထက် အများကြီး ပိုကောင်းတာပေါ့။ အနည်းဆုံးတော့ ငါတို့က သူ စာမေးပွဲအောင်လို့ လောဘတက်ပြီး လက်ထပ်တာမဟုတ်ဘဲ ရိဟွမ်းကိုယ်တိုင်က လက်ထပ်ချင်လွန်းလို့ ယူခဲ့တာဆိုတာကို သက်သေပြနိုင်တာပေါ့'
ဆယ်ရက်ကြာပြီးနောက်တွင်တော့ တူရိယာတီးမှုတ်သံများနှင့်အတူ အောင်သွယ်တော်၏ အခမ်းအနားဆင်နွှဲသံများကြောင့် လမ်းတစ်ခုလုံး စည်ကားနေလေသည်။
ရှောင်းယန့်ချီကို ကျန်းမိသားစုက ဝယ်ယူခဲ့ခြင်း ဖြစ်သောကြောင့် သူ၏ မင်္ဂလာပွဲကိုလည်း ထိုအိမ်၌ပင် ကျင်းပခဲ့ကြသည်။ ထို့ကြောင့် သတို့သမီးတင်ဆောင်သည့် ဝေါယာဥ်လေးကို ခရိုင်မြို့တစ်ခုလုံးကို ပတ်ပြီးမှ ကျန်းမိသားစုတွင် မင်္ဂလာပွဲရှိကြောင်း လူအများသိအောင် လှည့်လည်ပြသရသည်။
ကျုံးလန်ဟွာက မင်္ဂလာစားပွဲအတွက် ရွာထဲမှ လူအားလုံးကို မြို့ပေါ်သို့ ဖိတ်ကြားခဲ့သည်။ ရွာသားများ ရောက်ရှိလာချိန်တွင် လမ်းတစ်ဖက်ခြမ်းရှိ စူးယောင်ကွမ်းနှင့် သူမ၏ မိသားစုဝင်များ ဆိုင်ထွက်နေသည်ကို အမှတ်မထင် တွေ့ရှိသွားကြပြီး သူမတို့၏ စီးပွားရေးက မည်မျှအထိ အောင်မြင်နေသည်ကို သတိပြုမိသွားကာ ချီးမွမ်းနေကြပြန်သည်။
"ငါ အမြဲပြောပါတယ်... ယောင်ကွမ်းက ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့ မိန်းကလေးပါလို့။ စဥ်းစားကြည့်လေ... ဘယ်သူက သူ့ကို ယောင်ကွမ်းလို့ နာမည်ပေးခဲ့တာလဲ။ ဆရာတော်ကြီးတစ်ပါးက ပေးခဲ့တာလေ။ သူက ဆရာတော်ကြီးရဲ့ ကောင်းချီးပေးမှုကို ခံထားရပြီး ဉာဏ်အလင်းပွင့်ထားတဲ့လူပဲ"
"ဟိုးတုန်းက ကျန်းကျောက်တိက တကယ့်ကို ဆင်းရဲလွန်းလို့ ဝတ်စရာ အဝတ်အစား ကောင်းကောင်းတောင် မရှိခဲ့ဘူး။ အမြဲတမ်း ဆံပင်တွေ ရှုပ်ပွပြီး မသပ်မရပ် ဖြစ်နေခဲ့တာ။ အခု သူ့ကို ကြည့်ဦး... ပိုးထည်တွေ၊ ချည်ချောထည်တွေ ဝတ်လို့၊ ဆံပင်ပေါ်က ရွှေဆံထိုးကြီးကလည်း တလက်လက်နဲ့ တောက်ပနေလိုက်တာ"
"ငါ့ကို မေးရင်တော့ အဲ့ဒီ ယောက်ျားငယ်လေးက ကံအကောင်းဆုံးပဲ။ သူ ရောက်လာကတည်းက စူးမိသားစုရဲ့ ဘဝက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းလာခဲ့တာ"
"ကံကောင်းတဲ့အကြောင်း ပြောမယ်ဆိုရင်တော့ ကျန်းမိသားစုက သမီးလေးကိုပဲ ပြောရမှာပေါ့။ ရှောင်းချီက စာ အရမ်းတော်တာလေ။ ဟိုးတုန်းက ကျောင်းအုပ်ကြီးနဲ့ ဆရာကိုယ်တိုင် ရောက်လာပြီး သူ့ရဲ့ ကျွန်စာချုပ်ကို ဖျက်သိမ်းပေးပြီး စာသင်ကျောင်းမှာ စာသင်ခွင့်ရအောင် လုပ်ပေးခဲ့တာ။ နောင်တစ်ချိန်မှာ ကျန်းမိသားစုက သမီးလေးက အရာရှိကတော်ဖြစ်လာမှာ သေချာသလောက်ပဲ"
......။.......။....
တူရိယာသံများနှင့် ပျော်ရွှင်ရယ်မောသံများက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သတို့သမီးတင်ဆောင်သည့် ဝေါယာဉ်လေးက ခရိုင်မြို့တစ်ခုလုံးကို တစ်ပတ်ပတ်ပြီးပြီ ဖြစ်သဖြင့် နောက်တစ်ဆင့်အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပရန် အိမ်သို့ ပြန်လာရတော့မည် ဖြစ်သည်။
ရှောင်းယန်ချီက မင်္ဂလာဝတ်စုံကို ဆင်မြန်းကာ မြင်းအမြင့်ကြီးတစ်ကောင်ပေါ်တွင် စီးနင်းလိုက်ပါလာသော်လည်း သူ၏မျက်နှာတွင်တော့ ပျော်ရွှင်ရိပ် အနည်းငယ်မျှ ရှိမနေခဲ့ချေ။ ပတ်ဝန်းကျင်မှ လူများက သူ့ကို လာရောက်ဂုဏ်ပြုကြသော်လည်း သူကတော့ တောင့်တောင့်ကြီးသာ တုံ့ပြန်နေပြီး သူ၏အပြုံးများက အလွန် အပေါ်ယံဆန်နေခဲ့သည်။
ယခင်ဘဝတုန်းက စူးယောင်ကွမ်းနှင့် သူ၏မင်္ဂလာပွဲက ယခုကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိခဲ့ပေ။ ထိုစဥ်က စူးမိသားစုက အလွန်အမင်း ဆင်းရဲလွန်းလှသဖြင့် ရှိသမျှငွေကို သူ့ကို ဝယ်ယူရာတွင် ပုံအောသုံးစွဲခဲ့ရပြီး နောက်ပိုင်းတွင် စားစရာပင် မရှိတော့ချေ။ ထိုသို့သောအခြေအနေမျိုးတွင် သူက စူးယောင်ကွမ်း၏ လင်ယောက်ျား ဖြစ်လာရန် အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရသည်။ ထို့အပြင် ထိုတောသူမလေးက သူ စိတ်ကူးယဉ်ခဲ့ဖူးသည့် ဇနီးသည်မျိုးနှင့် လုံးဝ ကွာခြားလွန်းလှသဖြင့် သူ လုံးဝ စိတ်မပါဘဲ ထိုမင်္ဂလာပွဲကို အပေါ်ယံသက်သက်သာ သဘောထားခဲ့သည်။ စူးမိသားစုက သူ့ကို အိမ်ပါသမက်အဖြစ် လက်ခံခဲ့သော်လည်း သင့်တော်သည့် မင်္ဂလာစားပွဲမျိုးပင် မကျင်းပနိုင်ခဲ့ချေ။ သူတို့က ရွာသားများကို စားပွဲဝိုင်း ငါးဝိုင်းစာသာ ဖိတ်ကြားနိုင်ခဲ့ပြီး အဈေးကြီးဆုံးဟင်းက ကြက်ဥကြော်သာ ဖြစ်ကာ ကျန်ရှိသည့်ဟင်းများက သူတို့၏ခြံထွက် ဟင်းသီးဟင်းရွက်များနှင့် ရွာသားများပေးသော တို့ဟူးများသာ ဖြစ်သည်။
သူက ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ မင်္ဂလာပွဲသို့ မတက်ရောက်ခဲ့သလို မင်္ဂလာခန်းဆောင်ထဲသို့လည်း မဝင်ခဲ့ချေ။ အမှန်တကယ်တော့ ယခင်ဘဝတွင် သူ စူးယောင်ကွမ်းကို တစ်ကြိမ်တစ်ခါမျှ မထိတွေ့ခဲ့ဖူးချေ။ သဘာဝကျကျ ပြောရလျှင် အချိန်အတော်ကြာသွားပြီ ဖြစ်၍ သူ မေ့သွားသင့်သော်လည်း ထိုအကြောင်းအရာများကို သူ အလွန် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
စူးယောင်ကွမ်းက သူနှင့်အတူ မင်္ဂလာသေရန် သောက်ရရန် မျှော်လင့်နေခဲ့သော်လည်း ထိုသေရည်က ဆန်ကြမ်းဖြင့် ချက်လုပ်ထားခြင်း ဖြစ်သောကြောင့် မသောက်ရသေးခင်မှာပင် နံစော်သော အနံ့ဆိုးကို သူ ရရှိခဲ့သည်။ သူက အမြဲတမ်း အကောင်းကြိုက်တတ်သူ ဖြစ်သလို အညံ့စားအရက်များကိုလည်း မသောက်ဖူးသောကြောင့် ထိုကဲ့သို့ အရည်အသွေးနိမ့်လှသော အရက်ကို လုံးဝ မသောက်နိုင်ချေ။ သူက ထိုတွေ့ဆုံမှုကို ရှောင်လွှဲရန် နာမကျန်းချင်ယောင်ဆောင်ခဲ့ပြီး လှဲလျောင်းနေခဲ့ကာ စူးယောင်ကွမ်းကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
'ထူးဆန်းလိုက်တာ... ငါ ဘာဖြစ်လို့ အဲ့ဒီမြင်ကွင်းကို ပြန်မြင်ယောင်နေရတာလဲ...'
ထိုအခိုက်အတန့်တွင် ရှောင်းယန်ချီက သူမ၏ ဆိုင်အောက်တွင် ရပ်နေသည့် စူးယောင်ကွမ်းကို လှမ်းမြင်သွားခဲ့သည်။ သူမနှင့် ကျိုးဝမ်ရှူတို့က ဘေးချင်းယှဥ်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ရင်းရင်းနှီးနှီး စကားပြောနေကြသည်။ ကျန်းကျောက်တိက သူတို့နှစ်ဦး၏ ခေါင်းများကို ခပ်ဖွဖွလေး ပုတ်လိုက်ရာ ထိုနှစ်ယောက်က သူတို့၏ ခေါင်းများကို ပုလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြိုင်တူ ပြုံးနေကြပြန်သည်။