← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇ လွတ်မြောက်ခြင်း

ကျန်းကျောက်တိက သူမ ဘေးရှိ စူးယောင်ကွမ်းကို လှမ်းပြောနေသည်။

"နင်တို့နှစ်ယောက် တရားဝင် လက်ထပ်တဲ့အခါကျရင် အမေက ဒီထက်မက ခမ်းနားအောင် လုပ်ပေးမယ်၊ သူတို့ကို လုံးဝ အပြတ်အသတ် အနိုင်ရစေရမယ်"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး ရင်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

လူတိုင်းက သူတို့ကို စုံတွဲတစ်တွဲဟု ထင်နေကြသော်လည်း ထိုစဥ်က သူတို့ပေးခဲ့ကြသည့် ကတိစကားကို သူတို့နှစ်ယောက်သာ သိထားကြသည်။

‘အမေက အဲ့နေ့ရက်ကို မြင်တွေ့ရတဲ့အထိ အသက်ရှင်နိုင်ပါ့မလား။ ငါက ငါရဲ့ဘဝကို ယောက်ျားတစ်ယောက်နဲ့အတူ ကုန်ဆုံးဖို့ ရည်ရွယ်ချက် လုံးဝ မရှိတော့ဘူး။”

စူးယောင်ကွမ်းအတွက်တော့ ယခင်ဘဝတွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို သူမ အတတ်နိုင်ဆုံး သည်းခံခဲ့ပြီး ဖြစ်သည်။ အိမ်ထောင်ရေးဆိုသည်က ရှုပ်ထွေးပွေလီလှသည့်အပြင် ဘာအဓိပ္ပာယ်မှလည်း မရှိချေ။ အကယ်၍ သူမအနေဖြင့် ကျိုးဝမ်ရှူနှင့် မောင်နှမအရင်းကဲ့သို့ ဆက်လက် ဆက်ဆံသွားနိုင်မည်ဆိုပါက အနည်းဆုံးတော့ သွားလည်စရာ ဆွေမျိုးတစ်စု ပိုတိုးလာမည် ဖြစ်သည်။

"တကယ်လို့ ထပ်ပြီး ရွှေ့ဆိုင်းလို့မရတော့ဘူးဆိုရင် အမေ့ကို စိတ်အေးသွားစေဖို့အတွက် ကျွန်တော်နဲ့ ခင်ဗျားနဲ့အတူ မင်္ဂလာပွဲ ကျင်းပပေးပါ့မယ်"

ကျိုးဝမ်ရှူက တိုးတိုးလေး ပြောလိုက်သည်။

"နင်က အဲ့ဒါနဲ့တင် ပြီးသွားမယ် ထင်နေတာလား၊ မင်္ဂလာပွဲ ပြီးရင်လည်း လင်မယားအရာ မြောက်ရဦးမယ်၊ အဲ့ဒါပြီးရင်လည်း ကလေးမွေးဖို့ ဖိအားပေးကြဦးမှာ။ ငါ့အမေရဲ့ အကျင့်စရိုက်ကို ငါ သိတယ်။ ငါတို့ ကလေးမွေးတာကို မြင်ရမှပဲ သူ စိတ်ကျေနပ်မှာ"

"..."

ကျိုးဝမ်ရှူက အနေခက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့ တစ်နှစ်၊ နှစ်နှစ်လောက် ခရီးသွားနိုင်မယ့်အကြောင်းပြချက် ရှာကြတာပေါ့၊ ပြီးမှ တခြားသူဆီက ကလေးတစ်ယောက်ကို မွေးစားပြီး ကျွန်တော်တို့ ကလေးလို့ ပြောလိုက်မယ်လေ။ အမေက ဒါကို အတည်ပြုနိုင်ပါ့မလား"

စူးယောင်ကွမ်းက သူမ၏နှာခေါင်းဖျားကို တို့လိုက်ရင်း တွေးတောဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒါလည်း ဟုတ်တာပဲ"

'တကယ်ပဲ... သူ့ဦးနှောက်က ပိုပြီး အလုပ်လုပ်သားပဲ'

‘ထားပါတော့လေ... နောက်ပိုင်းမှာ ပြဿနာတွေက သူ့အလိုလို ပြေလည်သွားလိမ့်မယ်’

လမ်း၏ အခြားတစ်ဖက်တွင် လှုပ်ရှားမှုအပြည့်ဖြင့် စည်ကားနေပြီး ထောင်ယောင်ဖန့်ကလည်း အရှုံးမပေးချင်ကြချေ။ သူတို့က ဆိုင်ကို ချက်ချင်း ပိတ်လိုက်ကြပြီး ညစာစားရန် စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။

နောက်ဆုံးတွင် ရှောင်းယန်ချီတစ်ယောက် သူ့ကို အရက်အတင်းတိုက်နေသည့် အတန်းဖော်များကို ညဉ့်နက်သန်းခေါင်အချိန်မှ ဖယ်ခွာနိုင်ခဲ့ပြီး မူးနောက်နောက် ယိုင်တိုင်တိုင်ဖြင့် မင်္ဂလာခန်းဆောင်ထဲသို့ ဝင်လာခဲ့သည်။

သူ တံခါးကို တွန်းဖွင့်လိုက်ပြီး မင်္ဂလာလက်ကိုင်ရိုးတံကို ကောက်ကိုင်ကာ မျက်နှာဖုံးပုဝါကို လှန်လိုက်ချိန်တွင် ထိုနေရာ၌ ရှက်သွေးဖြာဟန်လေးဖြင့် ထိုင်နေသည့် ကျန်းရိဟွမ်းကို မြင်လိုက်ရသောကြောင့် အကြာကြီး စိုက်ကြည့်နေမိသည်။

"ဟွမ်းအာ..."

ရှောင်းယန်ချီက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

"မင်းကို လက်ထပ်ရဖို့ တကယ်ကို မလွယ်ကူခဲ့ဘူး"

‘အရင်ဘဝနဲ့ အခုဘဝ.... ဘဝနှစ်ခုစာ အပြီးမှာ နောက်ဆုံးတော့ သူမကို အမှန်တကယ် လက်ထပ်နိုင်ခဲ့ပြီ။ အခုအချိန်ကစပြီး သူမက ငါ့ရဲ့ တရားဝင် ‘ရှောင်းသခင်မ’ ဖြစ်လာပြီး ငါတို့ရဲ့ သားသမီးတွေလည်း တရားဝင် အဆင့်အတန်း ရရှိကြလိမ့်မယ်။ အရင်ဘဝတုန်းကလို နာကျင်စရာတွေကို ခံစားရတော့မှာ မဟုတ်ဘူး’

အမှန်တကယ်တွင် သူ့ရင်ထဲ၌ တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားနေရသော်လည်း ထိုခံစားချက်က ဘယ်ကနေ ရောက်လာသည်ကို သူလည်း မသိတော့ချေ။ သူ၏ ယခင်ဘဝနှင့် ယခုဘဝမှ နောင်တများ နောက်ဆုံးတွင် ပြည့်စုံသွားခဲ့ပြီ ဖြစ်သောကြောင့် ထိုသို့ခံစားနေစရာ အကြောင်းမရှိပေ။

"အစ်ကိုရှောင်း... ကျွန်မ နောက်ဆုံးတော့ အစ်ကို့ကို လက်ထပ်ခွင့်ရခဲ့ပြီ။ အခုကစပြီး ကျွန်မက အစ်ကို့ရဲ့ မိန်းခလေး ဖြစ်သွားပြီမို့လို့ ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်၊ နောက်ပိုင်း ကျွန်မကို မနှိပ်စက်ရဘူးနော်"

ကျန်းရိဟွမ်းက သူ့ကို နက်ရှိုင်းသော ချစ်မေတ္တာ မျက်ဝန်းများဖြင့် ကြည့်ကာ ပြောနေခဲ့သည်။

"အရူးမလေး... ကိုယ်က မင်းကို ဒီလောက်တန်ဖိုးထားတာ ဘယ်လိုလုပ်ပြီး နှိပ်စက်ရက်မှာလဲ"

ရှောင်းယန်ချီက သူမ၏ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်း ရုတ်တရက် လူဆိုးအပြုံးဖြင့် ထပ်ပြောလိုက်သည်။

"မဟုတ်ဘူး... ကိုယ် မင်းကို နှိပ်စက်ဦးမှာ၊ အခု မင်း ငိုသွားတဲ့အထိ နှိပ်စက်တော့မှာ"

"အစ်ကိုရှောင်း... ရှင်က စာပေတတ်မြောက်တဲ့ ပညာရှင်တစ်ယောက်ဖြစ်နေပြီး ဘာလို့ ဒီလောက်တောင် အရှက်မရှိ ရိုင်းပျနေရတာလဲ၊ ရှက်ဖို့ ကောင်းလိုက်တာ"

ရှောင်းယန်ချီက ပန်းတစ်ပွင့်ထက်ပင် ပိုမိုလှပနေသည့် ကျန်းရိဟွမ်းကို စိုက်ကြည့်နေပြီး သူ့ရင်ထဲ၌ အလိုဆန္ဒများ ထကြွတောက်လောင်လာသည်ကို ခံစားနေရသည်။

အမှန်အတိုင်းပြောရလျှင် ယခင်ဘဝက မှတ်ဉာဏ်များ ပြန်ရလာပြီးကတည်းက သူ နေ့တိုင်းညတိုင်း မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ယခင်ဘဝတွင် ကျန်းရိဟွမ်းက သူ့ကို မည်မျှအထိ ကောင်းမွန်စွာ ပြုစုလုပ်ကျွေးရမည်ကို သူ ပြန်အမှတ်ရနေခဲ့ပြီး သူကလည်း သူမ၏ ခန္ဓာကိုယ်လေးကို အလွန်အမင်း စွဲလန်းခဲ့ဖူးသည်။

အကယ်၍ ယခင်ဘဝက မှတ်ဉာဏ်များသာ မရှိခဲ့ပါက သူက နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးလှသည့် "အစ်ကိုရှောင်း" အဖြစ် ရှိနေဦးမည် ဖြစ်သည်။ သို့သော်လည်း မှတ်ဉာဏ်များ ပြန်ရလာပြီးနောက်တွင်တော့ သူ့ခေါင်းထဲတွင် သူမနှင့်အတူ ကြည်နူးစွာ နှီးနှောခဲ့ဖူးသည့် ရုပ်ပုံလွှာများသာ ပြည့်နှက်နေခဲ့ပြီး ရမ္မက်ဇောများကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာခဲ့ရသည်။

ယခုတော့ အခြေအနေက ကွာခြားသွားခဲ့ချေပြီ။ သူတို့နှစ်ဦးက တရားဝင် လက်ထပ်လိုက်ကြပြီ ဖြစ်သောကြောင့် သူ့၏ အလိုဆန္ဒများကို တရားဝင် ဖွင့်ချနိုင်တော့မည် ဖြစ်သည်။

......။.....။.....

လမ်းမပေါ်တွင်တော့ ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ကျောပိုးထားသည်။

စူးယောင်ကွမ်းက ယနေ့တွင် အရက်တော်တော်များများ သောက်ထားခဲ့ပြီး အတော်လေး မူးနေချေပြီ။

ကျန်းကျောက်တိနှင့် အခြားသူများက ညဈေးသို့ ထွက်သွားကြပြီး စူးယောင်ကွမ်းကို ကျိုးဝမ်ရှူလက်ထဲသို့ အပ်နှံလိုက်သည်။ ကျိုးဝမ်ရှူက သူမကို ကျောပိုးထားသော်လည်း သူမက ငြိမ်ငြိမ်မနေဘဲ တရွရွလှုပ်ရှားနေရင်း တစ်ချက်တစ်ချက်တွင် သူ့နားရွက်ကို ကိုင်လိုက်၊ တစ်ခါတရံတွင် သူ့နှာခေါင်းကို တို့လိုက်နှင့် အလုပ်ရှုပ်နေလေသည်။

ကျိုးဝမ်ရှူက သူမကို ကျောပေါ်မှ ပြန်ချလိုက်ကာ သေသေချာချာ ပြန်ကျောပိုးပြီးမှ သတိပေးလိုက်သည်။

"ခင်ဗျား ထပ်ပြီး လှုပ်နေဦးမယ်ဆိုရင် ကျွန်တော် လွှတ်ချလိုက်မှာနော်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး သူ့နားရွက်ကို ခပ်နာနာလေး ကိုက်နေပြန်သည်။

"အား..."

ကျိုးဝမ်ရှူက အော်ဟစ်လိုက်ပြီးမှ ဆူပူလိုက်သည်။

"စူးယောင်ကွမ်း... ခင်ဗျား နောက်ကို အရက်လုံးဝမသောက်ရဘူး"

‘ပြီးခဲ့တဲ့အကြိမ်တုန်းက သူမက ငါ့ကို အရက်ဒဏ်ခံနိုင်မှု အညံ့ဖျင်းဆုံးလူလို့ ပြောခဲ့သေးတယ်။ ငါကတော့ သူမကို အခု လှုပ်နှိုးလိုက်ပြီး ဘယ်သူက ပိုညံ့ဖျင်းတယ်ဆိုတာ မျက်လုံးဖွင့်ပြီး သေသေချာချာ ကြည့်ခိုင်းချင်စိတ် ပေါက်လာပြီ’

စူးယောင်ကွမ်းက သူမ၏ နှုတ်ခမ်းကို သပ်လိုက်ရင်း ပြန်ပြောနေသည်။

"ဘာအရသာမှလည်း မရှိဘူး၊ မကောင်းဘူး"

"ခင်‌ဗျား ဒီနေ့ ထူးဆန်းနေတယ်၊ ဘာဖြစ်လို့လဲ"

စူးယောင်ကွမ်းက သူ့လည်ပင်းကို ဖက်ထားရင်း ရုတ်တရက် ဝါးခနဲ ငိုချလိုက်ကာ အော်ဟစ် ညည်းတွားနေပြန်သည်။

"သူ... သူ လက်ထပ်သွားပြီ၊ ဝါး...ဝူး.. ဟင့်..."

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

"သူ လက်ထပ်သွားလို့ ခင်ဗျားက ရင်ကွဲနေတာလား"

'သူမက အရင်တုန်းက အဲ့လူကို မုန်းတီးပြီး လုံးဝမမြင်ချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဒါတွေအကုန်လုံးက ဟန်ဆောင်နေခဲ့တာလား'

"သူ လက်ထပ်သွားပြီ"

စူးယောင်ကွမ်းက သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ အကျယ်ကြီး အော်ဟစ်လိုက်ပြန်သည်။

ကျိုးဝမ်ရှူက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး သူမ၏ ပါးစပ်ကို လှမ်းပိတ်ကာ ထပ်ပြောလိုက်သည်။

"ညဉ့်နက်နေပြီ၊ အိမ်နီးနားချင်းတွေကို မနှောင့်ယှက်ပါနဲ့ဦး။ သူများတွေ ခြေဆေးရေတွေ လှမ်းပက်တာ ခံရမယ်"

"ဝမ်ရှူ... ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်"

စူးယောင်ကွမ်းက သူ့နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလာပြန်သည်။

"အင်း ပြောလေ"

ကျိုးဝမ်ရှူက ချော့မော့ကာ ပြောခိုင်းလိုက်သည်။

"အမှန်တော့လေ... ငါ ရှောင်းယန်ချီကို တကယ်... တကယ်ကို အများကြီး မုန်းတာ"

စူးယောင်ကွမ်းက အကျယ်ကြီး အော်ပြောလိုက်သည်။

ကျိုးဝမ်ရှူ : "..."

"သူ လက်ထပ်သွားတာကို ငါ အရမ်းဝမ်းသာတယ်၊ ဒါက သူနဲ့ ငါနဲ့ ဘာမှမပတ်သက်တော့ဘူးလို့ ဆိုလိုတာပဲ၊ ငါ့ဘဝကလည်း ပြောင်းလဲသွားတော့မှာ"

ကျိုးဝမ်ရှူက သူမ၏ပါးစပ်ကို လှမ်းပိတ်လိုက်ရင်း ပြောလိုက်သည်။

"ကဲပါ... ကျွန်တော် သိပြီ၊ တိတ်တိတ်နေတော့၊ လျှောက်မအော်နဲ့တော့"

စူးယောင်ကွမ်းက တစ်ခုခု ဆက်ပြောချင်နေသော်လည်း ကျိုးဝမ်ရှူက သူမ၏ပါးစပ်ကို လွှတ်မပေးတော့ချေ။ ထို့ကြောင့် သူမက ဒေါသတကြီးဖြင့် သူ့လက်ညှိုးကို ခပ်နာနာလေး ကိုက်ပစ်လိုက်ရာ သူလည်း နာကျင်စွာ လက်လွှတ်ပေးလိုက်ရသည်။ စူးယောင်ကွမ်းကတော့ ထိုအခွင့်အရေးကို အသုံးချကာ ကျိုးဝမ်ရှူ၏ လည်ပင်းကို ထပ်ကိုက်နေပြန်သည်။

"အား..."

ကျိုးဝမ်ရှူတစ်‌ယောက် နာကျင်မှုကို အောင့်ခံရင်း သူမ၏ခေါင်းကို တွန်းဖယ်လိုက်ကာ ထပ်ပြောလိုက်သည်။

"စူးယောင်ကွမ်း... ခင်ဗျားကို နောက်ကို အရက် ထပ်သောက်ခွင့်ပေးရင် ကျွန်‌တော်က ခွေးပဲ"

စူးယောင်ကွမ်းကလည်း တွန်းဖယ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။

သူမက မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ကျိုးဝမ်ရှူကို မော့ကြည့်နေရှာသည်။

"နင် ငါ့ကို အနိုင်ကျင့်တယ်"

ကျိုးဝမ်ရှူက သူမ ကိုက်ခဲ့သည့်နေရာကို စမ်းကြည့်လိုက်ရာ ပူစပ်ပူလောင် ဖြစ်သည်အထိ နာကျင်နေသောကြောင့် သူမ မည်မျှအထိ အားပြင်းပြင်း ကိုက်ခဲ့မှန်း သိသာနေသည်။

သူက သူမကို ဆွဲထူလိုက်ပြီး သူ့ပခုံးပေါ်သို့ ပစ်တင်လိုက်ကာ ထောင်ယောင်ဖန့်ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့သည်။

‘ငါ့ကိုယ်ငါ ဘေးကင်းစေဖို့ သူမကို အိပ်ရာပေါ်သို့ အမြန်ဆုံး ပို့ဆောင်ပေးဖို့ လိုအပ်နေပြီ။ သူမ ပြောနေတဲ့ ရူးကြောင်ကြောင် စကားတွေက အမှန်လား အမှားလား ဆိုတာကိုတော့ မူးနေတဲ့လူတစ်ယောက်နဲ့ ငြင်းခုံမနေတော့ဘူး’

‘သူမ စောစောက အရေးကြီးတဲ့ စကားတစ်ခွန်း ပြောခဲ့သလိုမျိုးပဲ... အဲ့ဒါ ဘာပါလိမ့်...’

ကျိုးဝမ်ရှူက သူမ အန်ထုတ်မည်လား သို့မဟုတ် ပြုတ်ကျသွားမည်လား ဆိုသည်ကိုသာ အာရုံစိုက်နေရသဖြင့် သူမ ပြောခဲ့သည့်စကားကို သေသေချာချာ သတိမထားမိလိုက်ချေ။ ထိုထူးဆန်းသည့် စကားလုံးက သူ့ခေါင်းထဲတွင် ခဏတာ ဖြတ်ပြေးသွားပြီးနောက် ပြန်လည် တွေးတောရန် အချိန်မရတော့ပေ။

"ဝမ်ရှူ..."

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပခုံးကို ပုတ်ကာ မေးနေပြန်သည်။

"ဒီနေ့ ရှောင်းယန်ချီ မင်္ဂလာဆောင်တာ... ဟုတ်တယ်မလား"

ကျိုးဝမ်ရှူက မျက်မှောင်ကုပ်ကြီးဖြင့် ပြန်မေးလိုက်သည်။

"ခင်ဗျားက သူ့ကို စိတ်မဝင်စားဘူးဆိုပြီး ဘာလို့ အခုထိ အဲ့ဒါကို တွေးနေရသေးတာလဲ"

"မဟုတ်ပါဘူး၊ ငါတို့ သူ့ကို လက်ဆောင် မပေးရသေးလို့ပါ"

စူးယောင်ကွမ်းက ဆက်ပြောနေသည်။

"မင်္ဂလာပွဲဆိုတာ ပျော်စရာကောင်းတဲ့ အခမ်းအနားလေ၊ ငါတို့ မီးရှူးမီးပန်းတွေနဲ့ ဂုဏ်ပြုပေးရမယ်"

"ခင်ဗျားက ဘယ်လို လက်ဆောင်မျိုး ထပ်ပေးချင်နေတာလဲ"

ကျိုးဝမ်ရှူ၏ လေသံက အနည်းငယ် အန္တရာယ်ရှိပုံဖြစ်လာခဲ့သည်။

"ဒီနားကို လာခဲ့၊ ငါ တိုးတိုးလေး ပြောပြမယ်၊ ဒီလက်ဆောင်က အရမ်းအရေးကြီးလို့ ဘယ်သူမှ မကြားစေနဲ့နော်"

စူးယောင်ကွမ်းက သူ့ကို လက်ဟန်ပြကာ ခေါ်နေသောကြောင့် ကျိုးဝမ်ရှူက နှာခေါင်းရှုံ့လိုက်ရင်း သူမ၏စကားကို နားထောင်ရန် အနားသို့ ကပ်ပေးလိုက်သည်။

သူမ သူ့နားရွက်ကို ထပ်မကိုက်နိုင်စေရန်အတွက်လည်း သူက သူ့နားရွက်ကို လက်ဖြင့် ကာကွယ်ထားလိုက်သေးသည်။

စူးယောင်ကွမ်းက သူ့နား နားသို့ ကပ်ကာ စကားအချို့ကို တိုးတိုးလေး ပြောနေလေသည်။

သူမ၏စကားကို ကြားပြီးနောက်တွင် ကျိုးဝမ်ရှူ၏ မျက်နှာအမူအရာက တမျိုးဖြစ်သွားပြီး ပြန်မေးလိုက်သည်။

"ခင်ဗျားက တကယ်ပဲ သူ့ကို ဒီလောက်အထိ ခမ်းနားတဲ့ လက်ဆောင်ကြီး ပေးမလို့လား"

"ဒါပေါ့၊ ငါတို့က အခု အိမ်နီးနားချင်းတွေလေ။ အရင်ကလည်း တစ်ရွာတည်းသားတွေ ဖြစ်ခဲ့သေးတယ်။ ငါတို့ ဒီလောက်တောင် ရင်းနှီးတာကို လက်ဆောင်မပေးလို့ ဘယ်ဖြစ်မလဲ"

ကျိုးဝမ်ရှူ၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

"ကောင်းပြီ... ခင်ဗျားက ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့ ကျွန်တော် ခင်ဗျားကို ကူညီပေးပါ့မယ်။ သတို့သားနဲ့ သတို့သမီးအသစ်စက်စက်လေးက ဒါကို သဘောကျဖို့ မျှော်လင့်ရတာပဲ"

All Chapters