← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈ လက်ဆောင်ပေးခြင်း

“ဖောင်း... ဒိုင်း... ဖောင်း... ဒိုင်း...”

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ဗြောက်အိုးဖောက်သံများ တစ်ချက်ချင်း ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူလဲဟဲ့... ညဉ့်နက်သန်းခေါင်ကြီး လူကို အိပ်လို့မရအောင် လာလုပ်နေတယ်"

အိမ်နီးနားချင်းတချို့က အိပ်ရာမှ လန့်နိုးလာကြပြီး ဒေါသတကြီး ကျိန်ဆဲရင်း အပြင်သို့ ပြေးထွက်လာကြသည်။

ထိုအချိန်တွင် ဖုန်းဟွာကော့၏ တံခါးများ ပွင့်သွားပြီး မင်္ဂလာဦးညကို ဆင်နွှဲနေကြသည့် ရှောင်းယန်ချီနှင့် ကျန်းရိဟွမ်းတို့နှစ်ယောက် ရုပ်ပျက်ဆင်းပျက် အပြင်သို့ ဝုန်းခနဲ ပြေးထွက်လာကြသည်။

သူတို့နှစ်ယောက်၏ ဆံပင်များက မီးမြှိုက်ခံထားရသကဲ့သို့ တူးစော်နံနေချေပြီ။ ကျန်းရိဟွမ်းက ပါးလျသည့် အဝတ်တစ်ထည်ကိုသာ ပတ်ထားပြီး ဖြူဝင်းသော အသားအရေနှင့် ရေဘဲမောင်နှံပုံစံ ပါရှိသည့် ရဲရဲနီနေသော ရင်ခံအင်္ကျီလေးပင် ရေးရေးမျှ ပေါ်လွင်နေသည်။ ရှောင်းယန်ချီက သူ့အင်္ကျီဖြင့် လှမ်းခြုံပေးလိုက်သော်လည်း လုံခြုံမှု မရှိနေချေ။ ရှောင်းယန်ချီကို ကြည့်လိုက်လျှင်လည်း အပေါ်ပိုင်း ဗလာကျင်းနေပြီး ခါးတွင်သာ အဝတ်တစ်ထည် ပတ်ထားရသည်။ သူ အလောတကြီး ဆွဲယူလာခဲ့သည့် အရာက ကျန်းရိဟွမ်း၏ မင်္ဂလာဝတ်စုံ ဖြစ်နေခဲ့ပုံရသည်။

အစောပိုင်းက ဒေါသထွက်နေကြသည့် အိမ်နီးနားချင်းများကတော့ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဒေါသများ ပြေပျောက်သွားပြီး ကစဥ်ကလျား ဖြစ်နေသည့် အသစ်စက်စက်ဇနီးမောင်နှံကို ကြည့်ကာ ရယ်မောကြတော့သည်။

"အိုက်ယား... ဘုရားရေ၊ ဘာတွေဖြစ်ကုန်တာလဲ၊ ဆံပင်တွေလည်း ကျွမ်းကုန်တာလား၊ မီးလောင်လို့လား"

"ငါ ဗြောက်အိုးသံတွေ ကြားလိုက်ရတယ်၊ တစ်ယောက်ယောက် ဗြောက်အိုးဖောက်လိုက်သလိုပဲ။ ဒါနဲ့... သခင်လေးရှောင်းရယ်... ဒီနေ့က မင်းတို့ရဲ့ မင်္ဂလာဦးညလေ၊ အားလုံးက ပျော်စရာကောင်းတဲ့ နေ့တစ်နေ့မှန်း သိကြပေမယ့် မင်္ဂလာခန်းဆောင်ထဲအထိတော့ ဗြောက်အိုးတွေ သွားဖောက်ဖို့တော့ မလိုဘူးလေ"

ဘေးပတ်ဝန်းကျင်မှ လူများက သူတို့၏ ပါးစပ်များကို လက်များဖြင့် ပိတ်ကာ တခိခိ ရယ်မောနေကြသည်။

ကျန်းရိဟွမ်းက အရှက်နှင့် ဒေါသတို့ ရောပြွန်းနေလျက် ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ အလောတကြီး တိုးဝင်ပုန်းကွယ်ရင်း ပြန်ပြောနေရှာသည်။

"ကျွန်မတို့ မဖောက်ပါဘူး၊ ဘယ်သူကများ ကျွန်မတို့ မင်္ဂလာခန်းဆောင်ထဲကို ဗြောက်အိုးတွေ လှမ်းပစ်ထည့်လိုက်လဲ မသိဘူး၊ တကယ့်ကို လွန်လွန်းတယ်"

"ဘာတွေဖြစ်နေတာလဲ"

အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်ပြီး ပြေးထွက်လာရသည့် ကျုံးလန်ဟွာကလည်း အော်မေးနေပြန်သည်။

"ဘာတွေလုပ်နေကြတာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ၊ အထဲကို မြန်မြန် ပြန်ဝင်ကြစမ်း"

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို ပွေ့ဖက်က အထဲသို့ ချက်ချင်း ပြန်လှည့်ဝင်သွားသည်။

"ဟား ဟား... ဘယ်က လူဆိုးလေးက ဒီလိုလုပ်လိုက်တာလဲ မသိဘူး၊ တကယ့်ကို ဆိုးတာပဲ။ တွေ့လိုက်ကြလား... အဲ့ဒီ သခင်လေးရှောင်းက တကယ် အသားဖြူတာပဲ၊ စာတတ်ပေတတ် ပညာသင်သားဆိုတော့လည်း မဆန်းပါဘူးလေ။ ဒါပေမယ့် သူ... အဲ့ဒီကိစ္စမှာရော ဘယ်လိုနေမလဲ မသိဘူးနော်"

"သူတို့ စောစောက မင်္ဂလာခန်းဆောင်ထဲမှာ ရှိနေကြတာမလား၊ သခင်လေးရှောင်းတစ်ယောက် လန့်သွားပြီး ပျော့ခွေသွားပြီလား မသိဘူး။ ဒီလိုကိစ္စမျိုးက နောက်ပြောင်လို့ရတာ မဟုတ်ဘူးနော်၊ ရောဂါတစ်ခုခု ဖြစ်သွားပြီး နောက်ပိုင်း မထောင်မတ်နိုင်တဲ့အထိ ဖြစ်သွားနိုင်မယ်"

"ဟား ဟား ဟား... ညဉ့်နက်သန်းခေါင်ကြီး အိပ်မောကျနေတာကို ဒီလို ပွဲကြီးပွဲကောင်း ကြည့်ဖို့ နိုးလာရတယ်လို့"

ကျုံးလန်ဟွာကတော့ ခါးထောက်ထားပြီး ဘေးပတ်ဝန်းကျင်မှ လူတိုင်းကြားအောင် အော်ဟစ်ကျိန်ဆဲနေလေသည်။

"ဘယ်လိုလူက ဖင်ပေါက်မပါဘဲ မွေးထားတာလဲ မသိဘူး၊ သူများ မင်္ဂလာဦးညကို ဒီလိုလာဖျက်ဆီးတာက တကယ့်ကို အညှာတာကင်းမဲ့လွန်းတယ်"

“ဘုန်း”

မျက်နှာချင်းဆိုင်ဘက်မှ တည်သီးတစ်လုံး ပျံသန်းလာပြီး ကျုံးလန်ဟွာ၏ နဖူးတည့်တည့်ကို အရှိန်ဖြင့် ထိမှန်သွားခဲ့သည်။

ကျုံးလန်ဟွာတစ်ယောက် နာကျင်လွန်းသဖြင့် တွန့်လိမ်သွားကာ သူမ၏နဖူးကို စမ်းကြည့်လိုက်သည်။ ရဲရဲနီနေသည့် အရည်များကို မြင်လိုက်ရချိန်တွင်တော့ သူမ အော်ဟစ်လိုက်ပြန်သည်။

"သွေး... သွေးတွေ..."

“ဘုန်း”

သူမ ကြောက်လန့်တကြားဖြင့် သတိလစ်လဲကျသွားသည်။

"ဒါက... တည်သီးတစ်လုံးပဲကို၊ တကယ်ကြီး အဲ့လောက်တောင် ကြောက်စရာကောင်းလို့လား"

"အခု ဘာဆက်လုပ်ကြမလဲ၊ ငါတို့..."

"ဝင်မပါကြနဲ့ဟေ့... အဲ့ဒီမိသားစုက ကျိုးကြောင်းဆင်ခြင်မဲ့တဲ့လူတွေချည်းပဲ၊ ငါတို့ကို လာအနိုင်ကျင့်ပြီး အမြတ်ထုတ်နေဦးမယ်။ ဒီလောက် ညဉ့်နက်နေပြီ။ အားလုံး အိပ်ထဲ ပြန်ဝင်ပြီး အိပ်ကြတော့"

အိမ်နီးနားချင်းများက သူတို့အိမ်များထဲသို့ အသီးသီး ပြန်သွားကြပြီး လမ်းမကြီးက ယခင်ကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားသည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားရင်း ခေါင်မိုးပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလာသည်။

သူက ကျုံးလန်ဟွာ၏ ခြေထောက်ကို တစ်ချက်ကန်လိုက်ရင်း သရော်ပြုံး ပြုံးကာ ရေရွတ်လိုက်သည်။

"ခင်ဗျားရဲ့ အပုပ်စော်နံတဲ့ ပါးစပ်အတွက် ဒါက အထိုက်တန်ဆုံးပဲ။ ဒီမှာပဲ အေးအေးဆေးဆေး နေရစ်ခဲ့တော့"

စူးယောင်ကွမ်းက တည်သီးကို ကောက်ယူကာ ချေမွလိုက်ပြီး ကျုံးလန်ဟွာ၏ မျက်နှာအနှံ့ ပွတ်သပ်ပေးလိုက်သည်။

ကျိုးဝမ်ရှူက သူမ၏ ပေပွနေသော လက်ကလေးများကို ကြည့်ကာ လက်ကိုင်ပုဝါဖြင့် သေသေချာချာ သုတ်ပေးရင်း ပြောလိုက်သည်။

"ကျွန်တော်တို့ လက်ဆောင်လည်း ပေးပြီးပြီ၊ ပျော်စရာလည်း ကြည့်ပြီးပြီ။ အခု အခန်းထဲပြန်ပြီး အိပ်လို့ ရပြီလား"

"အိမ်ပြန်ကြမယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ကို ဆွဲကာ ခွေးကလေးတစ်ကောင်ကို ဦးဆောင်ခေါ်သွားသကဲ့သို့ အိမ်သို့ ခေါ်ဆောင်သွားတော့သည်။

ကျိုးဝမ်ရှူကတော့ သက်ပြင်းကိုသာ ကူကယ်ရာမဲ့ ချလိုက်မိသည်။

'ငါ နောက်ကို အဲ့ဒီအရက်ကို တကယ်... တကယ်ကို မမြင်ချင်တော့ဘူး'

......။.....။.....

စူးယောင်ကွမ်းက ရယ်မောသံများကြောင့် နိုးလာခဲ့ပြီး သူမ၏ မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် မဖွင့်ချင်ဖွင့်ချင် ဖွင့်လိုက်ရသည်။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရာ အပြင်ဘက်တွင် လင်းထိန်နေပြီး နေလုံးကြီးကလည်း ကောင်းကင်အလယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ အိပ်ရာမှ ထရန် ရည်ရွယ်ကာ ဖြည်းညင်းစွာ ထထိုင်လိုက်စဉ် ကျန်းကျောက်တိက တံခါးဖွင့်ကာ ဝင်လာခဲ့သည်။

ထိုရယ်မောသံများက ကျန်းကျောက်တိထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကျန်းကျောက်တိက မကြာသေးမီကာလမှ စပြီး တစ်ရက်ထက်တစ်ရက် ပိုရွှင်လန်းတက်ကြွလာခဲ့သည်။ သူမ၏ အပြုံးများကလည်း ပိုမို တောက်ပလာခဲ့သည်။

"ယောင်ကွမ်းရေ... မနေ့ညက ရှောင်းမျိုးရိုးနဲ့ ကျန်းရိဟွမ်းတို့ မင်္ဂလာဦးည ဆင်နွှဲနေတုန်း ဘယ်သူကများ သူတို့ မင်္ဂလာခန်းဆောင်ထဲကို ဗြောက်အိုးတွေ လှမ်းပစ်ထည့်လိုက်လဲ မသိဘူးတဲ့။ သူတို့နှစ်ယောက်လုံး အဝတ်ဗလာနဲ့ ကစဥ်ကလျား ပြေးထွက်လာကြတာတဲ့... ဟား ဟား ဟား..."

စူးယောင်ကွမ်းလည်း မနေ့ညက ဖြစ်ရပ်များကို ပြန်တွေးမိသွားပြိး’ သူမ၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားရသည်။

သူမ အရက်အလွန်အကျွံ သောက်မိပြီး အနည်းငယ် မူးယစ်နေခဲ့သော်လည်း သူမ၏ စိတ်ကတော့ ရှင်းလင်းနေဆဲပင်။ သူမ ဘာလုပ်ခဲ့သည်ကို သူမကိုယ်တိုင် သိနေသဖြင့် ယနေ့ နိုးလာချိန်တွင် အားလုံးကို မှတ်မိနေဆဲ ဖြစ်သည်။

"ဝမ်ရှူရော... ဘယ်မှာလဲဟင်"

"သူ ဒီနေ့မနက် အစောကြီးကတည်းက စာသင်ကျောင်းကို ပြန်သွားပြီ"

ထိုသို့ ပြန်ဖြေလိုက်ပြီးနောက်တွင် ကျန်းကျောက်တိက တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်မံ ရယ်မောလိုက်ပြန်သည်။

"ဒါနဲ့... မနေ့ညက ကျုံးလန်ဟွာလည်း အပြင်မှာ တစ်ညလုံး အိပ်ပျော်သွားတယ်လို့ ကြားတယ်။ ဟား ဟား... ဒီနေ့မနက် ဘေးအိမ်က အဒေါ်ယန်က ပစ္စည်းထွက်ဝယ်ရင်း သူနဲ့ တည့်တည့် တိုးတာလေ။ သူ့မျက်နှာတစ်ခုလုံးက နီရဲနေတော့ အဒေါ်ယန်က သူ သေနေပြီအထင်နဲ့ ကြောက်လန့်တကြား ဖြစ်သွားပြီး အာဏာပိုင်တွေကိုတောင် သွားတိုင်တော့မလို့တဲ့... ဟား ဟား ..."

စူးယောင်ကွမ်း : "..."

"ဘယ်သူကများ ဒါကို လုပ်လိုက်လဲဆိုတာ တကယ်သိချင်မိတယ်၊ အဲ့ဒီလူကို ဖိတ်ခေါ်ပြီး အရက်တစ်ခွက်လောက် တိုက်ချင်သေးတယ်"

ကျန်းကျောက်တိက မျက်ရည်များ ဝဲလာသည်အထိ အားရပါးရ ရယ်မောနေလေသည်။

"အမေ... အခု အချိန်လည်း နှောင်းနေပြီဆိုတော့ သမီး အိပ်ရာက ထရတော့မယ်။ အမေလည်း ဒုတိယဒေါ်လေးနဲ့ တတိယဒေါ်လေးတို့ဆီ အရင်သွားပြီး ဒီသတင်းကို ဝေမျှပေးလိုက်ဦးလေ"

"နင် ပင်ပန်းနေရင်လည်း အိပ်ရာထဲမှာ ခဏလောက် ထပ်အိပ်ဦးပေါ့။ အပြင်က အလုပ်တွေကို ငါတို့ပဲ စီမံလိုက်မယ်၊ နင် စောင့်ကြည့်နေစရာ မလိုပါဘူး"

ကျန်းကျောက်တိက စကားအချို့ ထပ်ပြောပြီးနောက် အပြုံးအပြည့်ဖြင့် အပြင်သို့ ပြန်ထွက်သွားသည်။

ရှောင်းယန်ချီနှင့် ကျန်းရိဟွမ်းတို့၏ မင်္ဂလာဦးညက ဤကဲ့သို့ ပျက်ဆီးသွားခဲ့ရသဖြင့် မူလက ပျော်ရွှင်ကြည်နူးနေသည့် ရှောင်းယန်ချီတစ်ယောက် ရေအေးတစ်အိုးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရင်ထဲအထိ အေးစက်သွားခဲ့ရသည်။

သူ ဤနေရာတွင် အရှက်ရဖွယ်ကိစ္စများစွာ ကြုံတွေ့ခဲ့ရသဖြင့် ဆက်လက်နေထိုင်နေပါက ပို၍ အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူက ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားချင်နေပြီး ယခင်ဘဝတုန်းကကဲ့သို့ အောင်မြင်ကျော်ကြားမှုများကို ပြန်ယူချင်နေခဲ့သည်။ ထို့ကြောင့် လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင်ပင် သူက စာသင်ကျောင်းသို့ ပြန်သွားခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်...

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ အိမ်မပြန်သည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူမက စားစရာအချို့ကို ယူဆောင်ကာ စာသင်ကျောင်းရှိရာသို့ သွားရောက်ကြည့်ရှုရန်နှင့် သူ့ကို အရမ်းမကြိုးစားဖို့ သတိပေးရန် ရည်ရွယ်လိုက်သည်။

"ဝမ်ရှူက မကြာသေးခင်ကစပြီး စာပေတွေကို တစိုက်မတ်မတ် ကြိုးစားလေ့လာနေတာပဲ"

စူးယောင်ကွမ်း ရောက်သွားချိန်က ကျုံးချူရှန်း အပြင်မှ ပြန်လာချိန်နှင့် ကြုံကြိုက်သဖြင့် သူနှင့် စူးယောင်ကွမ်းတို့ တံခါးဝတွင် ဆုံတွေ့ခဲ့ကြကာ သူက သူမကို အထဲသို့ ခေါ်ဆောင်လာရင်း ပြောပြနေသည်။

"မင်း သူ့ကို မြင်ရင် သိရမှာပါ၊ သူ တော်တော်လေး ပိန်သွားတယ်"

"သူ့ကို အာဟာရပြည့်အောင် ကျွေးရမယ်"

စူးယောင်ကွမ်းက ခြင်းတောင်းကို ဆွဲလျက် ကျောင်းသားများ သီးသန့်နေထိုင်ရာ အဆောင်များကို ဖြတ်သန်းလာခဲ့ပြီး ရှောင်းယန်ချီ၏ အခန်းကို တိုက်တိုက်ဆိုင်ဆိုင် လှမ်းမြင်လိုက်ရသည်။

ရှောင်းယန်ချီက ပြတင်းပေါက်နားတွင် မတ်တပ်ရပ်ကာ စာဖတ်နေပြီး ဝမ်ရှီက သူမ၏တင်ပါးကို ရမ်းခါလျက် သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးရင်း မုန့်တစ်ခု ခွံ့ကျွေးနေလေသည်။

ရှောင်းယန်ချီက စာဖတ်ခြင်းကို ခဏရပ်လိုက်ပြီး မုန့်ကို တစ်ကိုက် ကိုက်ကာ သူ့ရှေ့ရှိ ဝမ်ရှီကို စိုက်ကြည့်နေသည်။

ဝမ်ရှီက ပြည့်တင်းသော တင်ပါး၊ သွယ်လျသော ခါးလေးနှင့်အတူ လည်တိုင်ကျော့ကျော့လေးကို ပိုင်ဆိုင်ပြီး လောကီရေးရာ အတွေ့အကြုံများ ရှိထားသူပီပီ သူမ၏ မျက်ခုံးအစုံက နွေဦးကဲ့သို့ ဆွဲဆောင်ရိပ်များ ပြည့်နှက်နေလေသည်။ သူမကို ကြည့်ရသည်မှာ ကြွေကျလုနီးပါး မှည့်ဝင်းနေသည့် မက်မွန်သီးတစ်လုံးကဲ့သို့ ဆွတ်ခူးစားသုံးချင်စရာ ဖြစ်နေချေသည်။

ရှောင်းယန်ချီ၏ မျက်လုံးများက သူမထံတွင်သာ ကပ်ငြိနေပြီး စာအုပ်ကို တစ်စာမျက်နှာမျှပင် ဆက်မဖတ်နိုင်တော့ချေ။

'ဒါက ငါ့ရဲ့ အရင်ဘဝတုန်းက မြင်တွေ့ခဲ့ရတဲ့ မိန်းမကိစ္စတွေကို လုံးဝ စိတ်မဝင်စားပါဘူးဆိုတဲ့ ဖြောင့်မတ်တည်ကြည်တဲ့ ပညာရှိလူကြီးလူကောင်း အစစ်အမှန်ပဲလား'

'အော့... ရွံ့စရာကောင်းလိုက်တာ...'

‘အခု ပြန်စဥ်းစားကြည့်တော့ အရင်ဘဝတုန်းက သူ ငါ့ကို တစ်ချက်လေးမှ မထိခဲ့တာအတွက်တောင် အရမ်း ကျေးဇူးတင်မိသွားပြီ’

‘သူ ငါ့ကို ထိဖို့ ငြင်းဆန်ခဲ့တာကိုက ငါ့အပေါ် ကျေးဇူးဆပ်ခဲ့တာပဲ ဖြစ်လိမ့်မယ်’

"ဝမ်ရှူ... မင်းရဲ့ ယောင်ကွမ်းက မင်းကို လာကြည့်တယ်ဟေ့"

ကျုံးချူရှန်းက အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။

ရှောင်းယန်ချီက ထိုအသံကြောင့် မော့ကြည့်လိုက်ပြီး အကြည့်ပင် မလွှဲရသေးသည့် စူးယောင်ကွမ်းကို မြင်လိုက်ရသည်။

စူးယောင်ကွမ်းက ချက်ချင်း လှည့်ထွက်သွားပြီး ကျိုးဝမ်ရှူ၏ အခန်းထဲသို့ ဝင်သွားတော့သည်။

ချန်ပုယွိက ကျိုးဝမ်ရှူနှင့် အခန်းဖော်အဖြစ် အတူတူ နေထိုင်ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦး နေထိုင်သည့် အခန်းပီပီ သူတို့အခန်းက အမြဲတမ်း ရှုပ်ပွနေတတ်သည်။ ထို့ကြောင့် လက်ရှိတွင် သူ အခန်းကို ကမန်းကတန်း သိမ်းဆည်းနေရရှာသည်။

ရှောင်းယန်ချီကတော့ တစ်ရက်ထက်တစ်ရက် ပိုမိုလှပလာသည့် စူးယောင်ကွမ်းကို ငေးမောကြည့်နေမိသည်။

ငိုက်မြည်းနေသည့် ကျိုးဝမ်ရှူက သူ့မျက်လုံးကို ပွတ်သပ်လိုက်ရင်း စူးယောင်ကွမ်း အခန်းထဲသို့ ဝင်လာသည်ကို ကြည့်နေကာ လှမ်းမေးလိုက်သည်။

"ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ"

All Chapters