အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း ၁၇၉ စာမေးပွဲဖြေဆိုခြင်း
စူးယောင်ကွမ်းက ခြင်းတောင်းထဲမှ စားစရာများကို ထုတ်ယူရင်း ပြန်ပြောလိုက်သည်။
"အစ်ကိုကျုံးက ပြောတယ်။ နင် မကြာသေးခင်က စပြီး အရမ်း ကြိုးစားနေတယ်ဆို... မနေ့ညက အိပ်ရေးမဝဘူးလား"
"ဉာဏ်နှေးတဲ့လူက ပိုပြီး မကြိုးစားရင် ဘယ်လိုလုပ် အမှတ်ကောင်းကောင်း ရနိုင်ပါ့မလဲ"
ကျိုးဝမ်ရှူက ဟင်းများကို အနံ့ခံကြည့်ရင်း ထပ်မေးလိုက်သည်။
"ဒါ အမေချက်တဲ့ ဟင်းတွေမလား... ကျွန်တော် မစားရတာ တော်တော် ကြာနေပြီ"
သူတို့အိမ်တွင် ဟင်းချက်လက်ရာအကောင်းဆုံးသူများက ဒုတိယဒေါ်လေးကျန်းဖန့်တိနှင့် သူမ၏သမီးတို့ ဖြစ်ကြပြီး ကျားချွန်းနီ၏ လက်ရာကပင် ကျန်းကျောက်တိ လက်ထဲမှ ထွက်လာသော ဟင်းလျာများထက် ပိုမိုကောင်းမွန်နေလေ့ရှိသည်။ သို့သော်လည်း ကျိုးဝမ်ရှူကတော့ ကျန်းကျောက်တိနှင့် စူးယောင်ကွမ်းကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းများကိုသာ အနှစ်သက်ဆုံး ဖြစ်သည်။
ကျိုးဝမ်ရှူက အရသာကြောင့် နှစ်သက်နေခြင်းမဟုတ်ဘဲ သံယောဇဉ်ကြောင့် ထိုသို့ ခံစားရခြင်းဖြစ်ကြောင်း စူးယောင်ကွမ်း နားလည်နေသည်။ သူက သူ့၏ ခံစားချက်များကို စကားလုံးများဖြင့် ဘယ်သောအခါမျှ ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း သူ၏ လုပ်ရပ်များကတော့ ထိုစဉ်က သူ့ကို ကယ်တင်ခဲ့ရခြင်းက အလွန်တန်ဖိုးရှိကြောင်း သက်သေပြနေခဲ့သည်။
ကျုံးချူရှန်းက ချန်ပုယွိကို အပြင်သို့ ဆွဲခေါ်သွားသည်။
ကျိုးဝမ်ရှူ အစားစားနေစဉ် စူးယောင်ကွမ်းက သူ၏ လျှော်ဖွတ်ရမည့် အဝတ်အစား အဟောင်းများကို လိုက်လံသိမ်းဆည်းလိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ"
"လျှော်ပေးဖို့ အိမ်ပြန်ယူသွားရမယ်လေ"
"ကျွန်တော့်ဘာသာ လျှော်နိုင်ပါတယ်"
ကျိုးဝမ်ရှူက အဝတ်ဟောင်းများကို ကမန်းကတန်း ပြန်လုယူရင်း ပြောလိုက်သည်။
"ကျွန်တော်က ယောက်ျားတစ်ယောက်နော်... ခင်ဗျား မရှက်ဘူးလား"
"နင်က.... ယောက်ျားတစ်ယောက် ဟုတ်လား"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ခြေဆုံးခေါင်းဆုံး မထီမဲ့မြင် ကြည့်ကာ သူမ၏ အထင်သေးမှုကို အထင်အရှား ပြသလိုက်သည်။
"ကျွန်တော်က ဘာလို့ ယောက်ျားမဟုတ်..."
ကျိုးဝမ်ရှူက ပြန်လည်ငြင်းခုံရန် ပြင်နေသော်လည်း စူးယောင်ကွမ်း၏ လက်ထဲ၌ ရောက်ရှိနေသောအရာကို လှမ်းမြင်လိုက်ရသဖြင့် သူ၏ ဟင်းခတ်တူကို ချက်ချင်း ချကာ ထိုအရာကို လုယူရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်တော့ချေ။
သူက စူးယောင်ကွမ်း မည်မျှ ခွန်အားကြီးမားကြောင်း သိထားပြီးသား ဖြစ်သည်။ ကျိုးဝမ်ရှူ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်လိုက်ရချိန်တွင် မူလက စူးစမ်းလိုစိတ်မရှိသော စူးယောင်ကွမ်းက ထိုစာအုပ်ငယ်ကို ချက်ချင်းဆွဲယူကာ ထောင့်တစ်နေရာသို့ ပြေးသွားပြီး ဖွင့်ကြည့်လိုက်သည်။
သို့သော်လည်း တစ်ချက်မျှ ကြည့်ပြီးသည်နှင့် သူမက စာအုပ်ကို ခပ်မြန်မြန် ပြန်ပိတ်လိုက်သည်။
"နင်... နင်... နင် စာတွေ ကြိုးစားလေ့လာနေတယ်ဆိုပြီး ဖတ်နေတာက ဒီလိုစာအုပ်မျိုးတွေလား"
စူးယောင်ကွမ်းက ထိုစာအုပ်လေးကို သူ့ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ပြီး သူ၏ အဝတ်ဟောင်းများကို ဆွဲယူကာ လှည့်ထွက်ပြေးသွားတော့သည်။
ကျိုးဝမ်ရှူက သူမနောက်မှ အမှီလိုက်ရင်း ပြာပြာသလဲ ရှင်းပြနေရှာသည်။
"ဒါ ကျွန်တော့်စာအုပ်မဟုတ်ဘူး၊ ကျွန်တော်ဟာ မဟုတ်ဘူး..."
ချန်ပုယွိက အမြဲတမ်း ထိုကဲ့သို့သော စာအုပ်များကို ယူဆောင်လာတတ်ခြင်း ဖြစ်သည်။ သူက ထိုစာအုပ်များ အကြောင်း သိနေသော်လည်း တစ်ခါမျှ ဖွင့်မဖတ်ဖူးခဲ့ချေ။ ယခုအချိန်တွင်တော့ သူ ဘာအမှားမှ မလုပ်ခဲ့ဘဲ အပြစ်တင်ခံလိုက်ရချေပြီ။
ကျိုးဝမ်ရှူက ဒေါသတကြီးဖြင့် ကြက်ပေါင်ကို ကိုက်လိုက်ရာ သူ့ပါးစပ်ထဲတွင် အစားအသောက်များ ပြည့်သွားပြီး သူ့ပါးပြင်တစ်ခုလုံး ဖောင်းကားလာတော့သည်။ အပြင်သို့ ထွက်သွားပြီးဖြစ်သော စူးယောင်ကွမ်းကလည်း ပြန်ပြေးဝင်လာပြန်သည်။ သူမက သူ့ကို ကြည့်ကာ စိုးရွံ့တုန်လှုပ်ဟန်ဖြင့် ဆုံးမစကားပြောနေတော့သည်။
"နင်က အသက်ငယ်သေးတယ်။ နင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဦး"
"ကျွန်တော် ပြောပြီးပြီ... ဒါက ကျွန်တော့်ဟာ မဟုတ်ဘူး"
"ငါ့စကားကို ဆုံးအောင် နားထောင်ဦး"
စူးယောင်ကွမ်းက မျက်နှာလေး နီရဲလျက် ရှက်ကိုးရှက်ကန်း ထပ်ပြောလိုက်သည်။
"ငါလည်း ကြားဖူးနားဝ ရှိလို့ ပြောပြတာပါ။ နင်က အရမ်းငယ်သေးတယ်။ အဲ့ဒါတွေက ခန္ဓာကိုယ်ကို ထိခိုက်လွယ်စေပြီး ကျန်းမာရေးကို ပျက်စီးစေလိမ့်မယ်။ နင့်ကိုယ်နင် မဖျက်ဆီးနဲ့"
ထိုသို့ ပြောပြီးသည်နှင့် ယခုတစ်ကြိမ်တွင်တော့ သူမက အမှန်တကယ်ကို အဝေးသို့ ထွက်ပြေးသွားပြီ ဖြစ်သည်။
ကျိုးဝမ်ရှူ : "..."
ရှီးချန်တစ်ဝက်ခန့် ကြာပြီးနောက်တွင် ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ ပြန်ရောက်လာကြပြီး စားပွဲပေါ်ရှိ ပန်းကန်များနှင့် လျှော်ဖွတ်ရမည့် အဝတ်ဟောင်းများ အားလုံး ရှင်းလင်းသွားသည်ကို သူတို့ မြင်လိုက်ရသည်။ သို့သော်လည်း ကုတင်ပေါ်တွင်တော့ အဝတ်ဟောင်းများနှင့် စာရွက်စုတ်အချို့ ပြန့်ကျဲနေပြီး ၎င်းတို့က ဘာမှန်းမသိရသေးပေ။
"အစ်ကိုဝမ်ရှူ၊ မင်း ဘာလို့ ဒီအဝတ်ဟောင်းတွေကို ငါ့ကုတင်ပေါ် လာပစ်ထားရတာလဲ"
ချန်ပုယွိက ထိုအဝတ်များနှင့် စာရွက်အပိုင်းအစများကို ကောက်ယူရင်း ညည်းညူလိုက်သည်။ သို့သော် ၎င်းပေါ်ရှိ ပုံသဏ္ဌာန်ကို မြင်လိုက်ရချိန်တွင်တော့ သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်သွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။
"ဟေ့... ကျိုးမျိုးရိုးကောင်စုတ်လေး၊ ဒီစာအုပ်က ဘယ်လောက်တောင် ဈေးကြီးလဲဆိုတာ မင်း သိရဲ့လား။ ဝယ်ရတာ ဘယ်လောက်ခက်လဲဆိုတာရော သိရဲ့လား။ ဒါက မြို့တော်မှာ အလိုချင်ဆုံးဖြစ်နေတဲ့ မီးဘေးကွယ်ရေးပုံပြင်စာအုပ်ကွ၊ မင်းက အဲဒါကို ဖျက်ဆီးပစ်လိုက်တယ်ပေါ့ ဟုတ်လား"
(T/N: မီးဘေးကာကွယ်ရေးပုံပြင်စာအုပ်ဆိုတာက သူတို့အခေါ် အဝါရောင်စာအုပ်ပါနော်။ ဒီမှာတော့ အပြာရောင်ပေါ့)
"ဪ... ငါ့ကုတင်ပေါ် ရောက်နေတာ မြင်လို့ မင်း မလိုချင်တော့ဘူး ထင်တာနဲ့ ညှပ်ပစ်လိုက်တာလေ"
ကျိုးဝမ်ရှူက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဝမ်ရှူ... မိန်းကလေးယောင်ကွမ်းက တစ်ခုခုကို မြင်သွားပြီး အထင်လွဲသွားတာမျိုးတော့ မဟုတ်ပါဘူးနော်"
ကျုံးချူရှန်းက ကျိုးဝမ်ရှူ၏ မျက်နှာအမူအရာကို ကြည့်ကာ ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
ကျိုးဝမ်ရှူ၏ မျက်နှာကတော့ သုန်မှုန်နေချေပြီ။
"မင်း ဘယ်လို ထင်လဲ"
ကျုံးချူရှန်းက ချန်ပုယွိ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ဒီအရာက ဖျက်ဆီးခံလိုက်ရဖို့ ထိုက်တန်ပါတယ်ကွာ"
ချန်ပုယွိလည်း ဆက်မပြောရဲတော့ချေ။
ထိုအချိန်တွင် အခြားတစ်ဖက်မှ ရန်ဖြစ်သံများ ထွက်ပေါ်လာပြီး ခပ်ဝါးဝါးကြားနေရသည်က အမျိုးသမီးနှစ်ဦး၏ အသံများ ဖြစ်နေပုံရသည်။
ကျုံးချူရှန်းကတော့ အကဲခတ်ကောင်းသူပီပီ ပြတင်းပေါက်နားတွင် ကပ်လျက် အပြင်ဘက်ကို လှမ်းကြည့်ကာ ကျန်နှစ်ဦးအတွက် အခြေအနေကို တိုက်ရိုက်ပြန်ပြောပြနေသည်။
"ဪ... ရှောင်းမျိုးရိုးရဲ့ သတို့သမီးအသစ်က ပစ္စည်းတွေ ယူပြီး ရောက်လာတာကွ၊ သူ ရောက်လာချိန်မှာ မရီးဝမ်က ရှောင်းယန်ချီရဲ့ ပေါင်ပေါ်မှာ ထိုင်နေတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတိုးပုံပဲ။ ကျန်းရိဟွမ်းက မရီးဝမ်ကို ပါးရိုက်လိုက်လို့ ရှောင်းယန်ချီက ကြားထဲကနေ ဖြန်ဖြေပေးနေရတယ်"
"တကယ်တော့ ပြောရရင် ဒီရှောင်းမျိုးရိုးကောင်က အရည်အချင်းတော့ နည်းနည်းရှိသားပဲ၊ ဒါပေမယ့် စာမေးပွဲက မကြာခင် ဖြေရတော့မှာလေ။ သူက ဒီလို မိန်းမကိစ္စတွေနဲ့ စိတ်အနှောက်အယှက်အဖြစ်ခံနေပြီး စာမေးပွဲအတွက် တကယ်ပဲ မစိုးရိမ်ဘူးလား မသိဘူး"
"မင်း သူ့အတွက် စိုးရိမ်မနေဘဲ မင်းကိုယ်မင်းအတွက်ပဲ စိုးရိမ်စမ်းပါကွာ"
ချန်ပုယွိက လှမ်းပြောလိုက်သည်။
"မင်းအဖိုးက မင်းကို စာမေးပွဲ ဝင်ဖြေစေချင်နေတာ။ သူက မင်းနဲ့ငါ့အကြောင်းကို တစ်ခုခု အထင်လွဲနေလို့လား"
ထို့နောက် ချန်ပုယွိနှင့် ကျုံးချူရှန်းတို့က ကျိုးဝမ်ရှူကို လှမ်းကြည့်လိုက်ကြသည်။
မူလက သူတို့၏ အဘိုးများက သူတို့၏ မြေးများက အသုံးမကျသူများ ဖြစ်သည်ဟူသော အချက်ကို လက်ခံထားကြပြီးသား ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက ကျိုးဝမ်ရှူနှင့် သီးသန့်တွေ့ဆုံပြီးနောက်တွင် သူတို့နှစ်ဦးကို စာမေးပွဲ ဝင်ဖြေရန် အတင်းအကျပ် စတင်တောင်းဆိုလာကြသည်။
ကျုံးချူရှန်းက စူးယောင်ကွမ်းကို ပြောခဲ့သည့်စကားများက ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ကျိုးဝမ်ရှူက သူကိုယ်တိုင် စာပေကို အမှန်တကယ် တစိုက်မတ်မတ် လေ့လာနေရုံသာမက သူတို့ကိုပါ အတူတူ စာဖတ်ရန်နှင့် အလွတ်ကျက်မှတ်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။ မကြာသေးခင်ကဆိုလျှင် သူ အိပ်မက်ထဲ၌ပင် ကျမ်းစာလေးအုပ်နှင့် ဂန္ထဝင်စာပေငါးရပ်အကြောင်းများကို မြင်မက်နေခဲ့ရသည်။
......။.....။......
ကျန်းကျောက်တိက စူးယောင်ကွမ်း တစ်ကိုယ်လုံး နီရဲကာ ထူးဆန်းသော အမူအရာဖြင့် အထုပ်တစ်ထုပ်ကို ပွေ့ပိုက်လျက် ပြန်ရောက်လာသည်ကို လှမ်းမြင်သွားခဲ့သည်။
"နင်နဲ့ ဝမ်ရှူ ရန်ဖြစ်လာကြတာလား"
"မဟုတ်ပါဘူး"
"ဒါဆို နင့်မျက်နှာက ဘာလို့ ဒီလောက်တောင် နီရဲနေရတာလဲ"
"သမီး လမ်းတစ်လျှောက်လုံး ပြေးလာလို့ပါ၊ ပူလို့"
စူးယောင်ကွမ်းက အဝတ်ထုပ်ကို ပွေ့ကာ နောက်ဖေးခြံဝင်းဆီသို့ ခပ်သွက်သွက် ဝင်သွားခဲ့သည်။
"ယောင်ကွမ်း... စာမေးပွဲက မကြာခင် ဖြေရတော့မှာ။ ဝမ်ရှူကို အရမ်းကြီးလည်း ဖိအားမပေးပါနဲ့၊ သူ စိတ်ညစ်အောင် မလုပ်နဲ့နော်"
ကျန်းကျောက်တိက ထပ်ပြောနေသေးသည်။
"ငါတို့ သူ့ကို ကျောင်းပို့တယ်ဆိုတာ လူမှုဆက်ဆံရေးနဲ့ လူ့ကျင့်ဝတ်တွေကို နားလည်အောင်လို့ပါ၊ ထိပ်တန်းပညာရှင်ကြီး ဖြစ်လာဖို့မှ မဟုတ်ဘဲ"
"အမေကလည်း... အမေက သမီးရဲ့အမေလား၊ ဝမ်ရှူရဲ့ အမေလား။ အမြဲတမ်း သူ့ဘက်ကပဲ တွေးပေးနေတာ။ သမီးကို အဲ့ဒီလောက်အထိ အကျိုးအကြောင်းမသိတဲ့ လူစားမျိုးလို့ အမေ ထင်နေတာလား"
စူးယောင်ကွမ်းက နှုတ်ခမ်းလေးစူကာ ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အမေရယ်"
ထိုအချိန်တွင် ထောင်ယောင်ဖန့်၏ အရောင်းအဝယ်က အလွန်ကောင်းမွန်နေပြီး စည်ကားနေသော်လည်း ဖုန်းဟွာကော့၏ စီးပွားရေးကတော့ ခြောက်ကပ်ပြီး အခြေအနေ ဆိုးဝါးနေခဲ့သည်။
မကြာမီမှာပင် တော်ဝင်စာမေးပွဲ ဖြေဆိုရမည့်နေ့သို့ ရောက်ရှိလာတော့သည်။
ကျန်းကျောက်တိနှင့် အခြားသူများက သေချာပြင်ဆင် ဝတ်ဆင်ကြပြီး ကျိုးဝမ်ရှူကို စာမေးပွဲခန်းမထဲသို့ လိုက်လံပို့ဆောင်ပေးကြသည်။
ကျန်းကျောက်တိက ကျိုးဝမ်ရှူကို ကောင်းကောင်းစား ကောင်ကောင်းသောက်ရန်၊ အိပ်ရေးဝဝ အိပ်ရန်နှင့် တတ်နိုင်သလောက်သာ ဖြေဆိုရန် မှာကြားနေသည်။ မဖြေနိုင်လျှင်လည်း စာရွက်အလွတ်သာ အပ်ခဲ့ရန်နှင့် အဓိကက သူ့ကိုယ်သူ ပျော်အောင်ထားရန်ဖြစ်ကြောင်း လမ်းညွှန်နေသည်။
ဘေးနားမှ သူတို့၏ သားသမီးများကို စာမေးပွဲအား အာရုံစိုက်ပြီး သေချာဖြေဆိုရန် တတွတ်တွတ် မှာကြားနေကြသော စာမေးပွဲဖြေဆိုသူများ၏ မိသားစုဝင်များကတော့ ထိုစကားကြောင့် ဆွံ့အသွားကြရသည်။
အခြားတစ်ဖက်တွင်တော့ ကျန်းရိဟွမ်းက လောလောလတ်လတ် ဖုတ်ထားသော မုန့်ပြားများနှင့် အာဟာရဖြည့်စွပ်ပြုတ်ကို ရှောင်းယန်ချီထံသို့ ကမ်းပေးရင်း အလွန်နက်ရှိုင်းသော သံယောဇဉ်များ၊ စိုးရိမ်ပူပန်မှုများဖြင့် နူးနူးညံ့ညံ့ ပြောနေလေသည်။
ရှောင်းယန်ချီကလည်း သူမအား သူ့အတွက် စိတ်မပူရန် ညင်ညင်သာသာ ပြန်နှစ်သိမ့်ပေးနေသည်။
စာမေးပွဲခန်းမထဲသို့ မဝင်ရောက်မီ ဖြေဆိုသူအားလုံးက သူတို့ ယူဆောင်လာသော ပစ္စည်းများကို စစ်ဆေးမှု ခံယူကြရသည်။ စူးယောင်ကွမ်းက ကျိုးဝမ်ရှူ စာမေးပွဲခန်းမထဲသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားသည်ကို ကြည့်ရှုပြီးနောက် ပြန်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှောင်းယန်ချီ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဒါတွေက မုန့်ပြားတွေလေဗျာ... ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ"
"မုန့်ပြားတွေထဲမှာ ခိုးချမယ့် စာရွက်အသေးစားလေးတွေ ဝှက်ယူလာသလားဆိုတာကို သေချာစစ်ဆေးရမှာပေါ့ကွ"
ပစ္စည်းများ စစ်ဆေးနေသော အရာရှိက ခက်ထန်ကြမ်းတမ်းသော လေသံဖြင့် ငေါက်ငမ်းလိုက်သည်။
"လူတိုင်းကို ဒီလိုပဲ တန်းတူစစ်ဆေးနေတာ၊ မင်းတစ်ယောက်တည်းကို ဒီလို လုပ်နေတာ မဟုတ်ဘူး။ မင်းက ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ။ မုန့်ပြားထဲမှာ တကယ်ပဲ တစ်ခုခု ဝှက်လာလို့လား"
"ကျွန်တော် ဘာမှ ဝှက်မလာပါဘူး"
ရှောင်းယန်ချီက ဒေါသတကြီး ပြန်ပြောလိုက်သည်။
သူ၏ မုန့်ပြားများအားလုံးက အမှုန်အမွှားများဖြစ်အောင် ချေမွခြင်း ခံလိုက်ရချေပြီ။ ဤကဲ့သို့ အခြေအနေမျိုးနှင့် မည်သို့စားသောက်ရမည်ကို မတွေးလျှင်ပင် ထိုစစ်ဆေးရေးအရာရှိများ၏ လက်ဖြင့် ကိုင်တွယ်ခြေမွထားသည်ကို မြင်ရုံမျှဖြင့် သူ ရင်ထဲ၌ ပျို့အန်မတတ် ခံစားနေရပြီး စားချင်စိတ် လုံးဝ ပျောက်ဆုံးသွားရသည်။
မုန့်ပြားများသာမက သူ ယူဆောင်လာသော အားဖြည့်စွပ်ပြုတ်ကိုပင် ဇွန်းဖြင့် ခပ်ထုတ်ကာ အဖတ်များကို အကုန်ဖယ်ရှားပြီး အရည်သက်သက်သာ ကျန်ရှိတော့သည်အထိ စစ်ဆေးခြင်း ခံလိုက်ရသည်။
စူးယောင်ကွမ်း ကျိုးဝမ်ရှူအတွက် ပြင်ဆင်ပေးလိုက်သောအရာများက အရာရှိများအနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ ဖြတ်သန်းခွင့်ပေးသည့် အရာများ ဖြစ်နေသောကြောင့် ဤကဲ့သို့ ဒုက္ခမျိုးနှင့် မကြုံတွေ့ခဲ့ရချေ။ ရှောင်းယန်ချီတစ်ယောက် မုန့်အကြေအမွများနှင့် ဆီဝေ့နေသော စွပ်ပြုတ်ရည်ကို ကိုင်ကာ စိတ်ပျက်နေသည်ကို မြင်ရသောကြောင့် သူမ၏ ရင်ထဲ၌ တိတ်တဆိတ် ဝမ်းသာနေမိသည်။