အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း ၁၈၀ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်
တော်ဝင်စာမေးပွဲက ရက်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ရာ ထောင်ယောင်ဖန့်သည်လည်း ပုံမှန်အတိုင်း ဆက်လက် အရောင်းအဝယ် လုပ်နေခဲ့သည်။ ညနေခင်း အလုပ်အားလပ်ချိန်များတွင်မှသာ အားလုံးက ကျိုးဝမ်ရှူတစ်ယောက် စာမေးပွဲခန်းမထဲတွင် အဆင်ပြေရဲ့လား၊ အစားကောင်းကောင်း စားရဲ့လား၊ အိပ်ပျော်ရဲ့လားဆိုသည်ကို စိုးရိမ်ပူပန်မိကြသည်။
သို့သော်လည်း စာမေးပွဲဖြေဆိုချိန်အတွင်း စားမဝင်၊ အိပ်မပျော်ဖြစ်ခြင်းက သဘာဝပင်ဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။ ခန္ဓာကိုယ် အားနည်းသူများဆိုလျှင် စာမေးပွဲခန်းမထဲမှ ထွက်လာချိန်၌ သေလုမြောပါး ဖြစ်နေတတ်ကြသည်။ ကျဉ်းမြောင်းလှသော စာမေးပွဲဖြေဆိုရာ အခန်းငယ်လေးက အိပ်စက်အနားယူရန် မည်သို့မျှ အဆင်မပြေနိုင်သလို စားသောက်ရသည်မှာလည်း ခြောက်သွေ့သော ရိက္ခာကြမ်းများသာ ဖြစ်သည်။ ထို့အပြင် စာမေးပွဲမေးခွန်းများ၏ နှိပ်စက်မှုကိုပါ ကြံ့ကြံ့ခံရင်ဆိုင်ရသဖြင့် သူတို့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြရပေလိမ့်မည်။
ရက်အနည်းငယ် ကြာပြီးနောက် စူးယောင်ကွမ်းနှင့် အခြားသူများက ကျိုးဝမ်ရှူ စာမေးပွဲခန်းမထဲမှ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
တံခါးကြီး ပွင့်လာသောအခါ ပထမဆုံး ထွက်လာသူက ကျိုးဝမ်ရှူ မဟုတ်သလို ကျုံးချူရှန်း သို့မဟုတ် ချန်ပုယွိတို့ကဲ့သို့ အလိုလိုက်ခံထားရသည့် သခင်လေးများလည်း မဟုတ်ပေ။ ၎င်းက လူနာတင်သလို အထမ်းဖြင့် ထမ်းထုတ်လာခြင်း ခံလိုက်ရသည့် ရှောင်းယန်ချီ ဖြစ်နေလေသည်။
ရဲမက်များက ရှောင်းယန်ချီကို ထမ်းထုတ်လာကြပြီး ဘေးနားရှိလူတိုင်းက အလွန်တရာ စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် ဝိုင်းကြည့်နေကြသည်။
"စိတ်ဓာတ်ကြံ့ခိုင်မှု မရှိတဲ့ စာမေးပွဲဖြေဆိုသူတချို့ စာမေးပွဲခန်းမထဲကနေ ထမ်းထုတ်ခံရတတ်တယ်လို့ ကြားဖူးရုံပဲ ရှိတာ၊ အခုတော့ တကယ်ကြီး ထမ်းထုတ်လာတာဟ။ ဒါက ဘယ်သူလဲ"
"ငါ သူ့ကို သိတယ်၊ သူက စာသင်သားရှောင်းလေ။ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေ အားသွန်ခွန်စိုက် မြေတောင်မြှောက်ပေးနေတဲ့လူ"
"သူလား... သူက ဘာလို့ ထမ်းထုတ်ခံရတာလဲ"
ရှောင်းယန်ချီက အထမ်းဖြင့် ထမ်းထုတ်ခံရရုံသာမက လူသေကဲ့သို့ တစ်ကိုယ်လုံး ပြာနှမ်းနေပြီး အသက်ဇီဝိန် ခြွေယူခံထားရသည့်အလား ပိန်လှီခြောက်ကပ်နေသည်။
အလှဆုံး ဝတ်ဆင်ထားသည့် ကျန်းရိဟွမ်းက ရှောင်းယန်ချီ ထွက်လာသည်နှင့် သူမကို ချက်ချင်း မြင်တွေ့ပြီး သူမအပေါ် ပိုစွဲလမ်းနှစ်သက်သွားစေရန် တံခါးဝတွင် အသင့်စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း ရှောင်းယန်ချီက ဤကဲ့သို့သော အခြေအနေမျိုးဖြင့် စာမေးပွဲခန်းမထဲမှ ထွက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့သဖြင့် အလွန်တရာ အရှက်ရစရာ ဖြစ်နေလေသည်။
"ရှောင်းယန်ချီရဲ့ မိသားစုဝင်က ဘယ်သူလဲ"
ရဲမက်တစ်ယောက်က အော်မေးလိုက်သည်။
"မြန်မြန် လာခေါ်သွားကြစမ်း"
ကျန်းရိဟွမ်းလည်း မတတ်သာသည့်အဆုံး ရှေ့သို့ အားတင်းထွက်လာရပြီး ဟန်ဆောင်ပြုံးတစ်ခုကို အတင်းလုပ်ယူကာ ပြန်မေးလိုက်ရသည်။
"အရာရှိမင်း... သူ ဘာဖြစ်လို့လဲဟင်"
ရှောင်းယန်ချီက နေမကောင်းဖြစ်နေရုံမက ကျန်းရိဟွမ်းကို မြင်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ရူးသွပ်သွားသည့်လူကဲ့သို့ ဖြစ်နေရှာသည်။
"သူ အထဲမှာ ဝမ်းလျှောက်နေတာ ရက်ပေါင်းများစွာ ကြာနေပြီ"
ရဲမက်က ရှင်းပြနေသည်။
"သူက စာမေးပွဲအမှတ်အသားကို ရှောင်ချင်လို့ ထင်တယ်၊ သူ့ရဲ့ စာမေးပွဲဖြေဆိုတဲ့ အခန်းငယ်လေးထဲမှာတင် အောက်ခံမပါဘဲ ကိစ္စရှင်းပစ်လိုက်တယ်။ တကယ့်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းတယ်"
ကျန်းရိဟွမ်းတစ်ယောက် အနားသို့ ကပ်သွားသည်နှင့် ပြင်းထန်လှသော အနံ့ဆိုးကြီးကို ရှူရှိုက်လိုက်ရသည်။ အစပိုင်းတွင် သူမလည်း ဘာအနံ့မှန်း မသိသော်လည်း ရဲမက်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်တော့ အကြောင်းရင်းကို သိရှိသွားပြီး သူ့ကို ထပ်မထိရဲတော့ချေ။
"အရာရှိမင်း... ကျွန်မက အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ဆိုတော့ သူ့ကို မထမ်းနိုင်လို့ပါ။ သူ့ကို အိမ်အထိ လိုက်ပို့ပေးဖို့ ကူညီပေးလို့ ရမလားဟင်"
ကျန်းရိဟွမ်းက သူမ၏ ရင်ဘတ်ကြားထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ ကြေးပြားဆယ်ပြား နှိုက်ယူပြီး ထိုရဲမက်၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
ရဲမက်ကတော့ နှာခေါင်းရှုံ့လျက် ရှောင်းယန်ချီကို ကြမ်းတမ်းစွာ ပစ်ချထားခဲ့ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ ပြန်ထွက်ခွာသွားတော့သည်။
'ကြေးပြား ဆယ်ပြားတည်းလား... မင်းက ငါတို့ကို သူတောင်းစားလို့ ထင်နေတာလား'
ရှောင်းယန်ချီတစ်ယောက် ကြမ်းတမ်းစွာ ပစ်ချခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်နေသည်။ သူက သူ့ဗိုက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မြေပြင်မှ အသည်းအသန် လူးလဲထရန် ကြိုးစားလိုက်သော်လည်း သူ အားစိုက်လေလေ၊ သူ့ဗိုက်ကို ပိုညှစ်မိလေလေ ဖြစ်နေခဲ့သည်။
“ဖလူး... ဗြစ်...”
အသံနှင့်အတူ အနံ့ဆိုးကြီးက နှာခေါင်းထဲသို့ တည့်တည့် တိုးဝင်လာသောကြောင့် ကျန်းရိဟွမ်းက သူမ၏နှာခေါင်းကို အတင်းပိတ်ထားလိုက်သည်။
'ဘုရားရေ... သူ လူဘယ်နှစ်ယောက်အလယ်မှာ အရှက်ခွဲနေတာလဲ'
'ငါ တကယ်ပဲ သေသေချာချာ ရွေးချယ်ပြီးမှ ဒီလိုယောက်ျားမျိုးကို ရွေးမိခဲ့တာလား'
စူးယောင်ကွမ်းကတော့ ကျန်းကျောက်တိနှင့် အခြားသူများကို အလျင်အမြန် ဆွဲခေါ်ကာ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
"အော့..."
ဘေးနားရှိလူအချို့ကတော့ အန်ပင် အန်ကုန်ကြတော့သည်။
"ဒီလူက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ သွားစမ်း... အဝေးကို သွားစမ်း၊ တကယ့်ကို အရှက်မဲ့တာပဲ"
"ရွံစရာကောင်းလိုက်တာ။ သူက အထဲမှာ ဒီလိုမျိုး ကိစ္စရှင်းပစ်ခဲ့တာလား။ သူ့နားမှာ စာမေးပွဲထိုင်ဖြေရတဲ့ တခြားသူတွေဆိုရင် ဘယ်လောက်တောင် ကံဆိုးမိုးမှောင်ကျလိုက်မလဲ"
လူတိုင်းက ရှောင်းယန်ချီကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့၏ မိသားစုဝင်များသာ ထိုကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရပြီး စာမေးပွဲရလဒ် ထိခိုက်သွားခဲ့လျှင် ဤလူကို အပိုင်းပိုင်း အစစဖြစ်အောင် ဆုတ်ဖြဲပစ်ချင်ကြမည်မှာ အသေအချာပင်။
သာမန်မိသားစုများအတွက်တော့ ပညာရှိတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ရသည်က အိမ်ရှိသမျှ ပစ္စည်းအကုန် ရောင်းချရလုနီးပါး ဖြစ်သည်။ အကယ်၍ ပထမတစ်ကြိမ်တွင် စာမေးပွဲကျရှုံးသွားခဲ့ပါက နောက်ထပ်နှစ်ပေါင်းများစွာ ထပ်မံစာကျက်ရမည်ဖြစ်ရာ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲရဦးမည်ဟု ဆိုလိုခြင်းပင်။
ကျန်းရိဟွမ်းလည်း သူ့ကို ပစ်ထားခဲ့ချင်သော်လည်း အမှန်တကယ် ထိုသို့ လုပ်ရန်မဖြစ်နိုင်ချေ။ သို့တိုင်အောင် သူမလိုမျိုး အားနွဲ့သော မိန်းကလေးတစ်ယောက်အနေဖြင့် သူ့ကို မထမ်းနိုင်ရုံသာမက ထမ်းနိုင်လျှင်ပင် ထိုသို့လုပ်ရန် စိတ်ကူးရှိမည်မဟုတ်ပေ။
ရှောင်းယန်ချီကတော့ တစ်ကိုယ်လုံး အားအင်ချိနဲ့နေပြီး ယခုကဲ့သို့ လူပုံအလယ်တွင် အရှက်တကွဲ ဖြစ်သွားရသဖြင့် မြေကြီးထဲသို့သာ တိုးဝင် ပျောက်ကွယ်သွားချင်နေမိသည်။
သူ ကျန်းရိဟွမ်းကို လှမ်းကြည့်လိုက်ချိန်တွင် သူမ၏မျက်နှာပေါ်ရှိ ဖုံးကွယ်မထားသော စက်ဆုပ်ရွံရှာမှုများကို မြင်လိုက်ရသည်။ ထိုခဏ၌ သူ၏ ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားရသည်။
'တကယ်လို့သာ စူးယောင်ကွမ်းဆိုရင်... သူမက ငါ့ကို ချက်ချင်း အဝေးကို ခေါ်သွားပြီး ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေး၊ အဝတ်အစားလဲပေးပြီး ဆေးကုသပေးဖို့ သမားတော် ရှာပေးမှာပဲ'
'သူမရဲ့ မျက်ဝန်းတွေထဲမှာ ရွံရှာမှုတွေ ရှိမှာမဟုတ်ဘဲ စိတ်မကောင်းဖြစ်နေတဲ့ သနားဂရုဏာသက်တဲ့ အကြည့်တွေပဲ ရှိနေမှာ သေချာတယ်'
ထိုအတွေးနှင့်အတူ ရှောင်းယန်ချီက မလှမ်းမကမ်းရှိ စူးယောင်ကွမ်းကို လှမ်းကြည့်လိုက်သည်။
စူးယောင်ကွမ်းကတော့ နှာခေါင်းကို ပိတ်ထားပြီး သူမ၏အကြည့်များကို တံခါးဝဆီသို့သာ အခြေချထားခဲ့သည်။
ထိုအချိန်တွင် စာမေးပွဲဖြေဆိုသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြချေပြီ။
"အမေ... ဘေးကလူက တကယ့်ကို ရွံစရာကောင်းတာပဲ၊ အထဲမှာ ဝမ်းလျှောနေတာ။ ကျွန်တော် အဲ့ဒီအနံ့ဆိုးကြောင့် ခေါင်းတွေ မူးဝေလာပြီး အခြေအနေ တော်တော်ဆိုးသွားတယ်"
ထိုစာမေးပွဲဖြေဆိုသူ၏ မိခင်ဖြစ်သူက ရှောင်းယန်ချီတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အခြားသူများကလည်း သူတို့နှစ်ဦးကို ရန်လိုသော အမူအရာဖြင့် ဝိုင်းကြည့်နေကြသည်။
အခြေအနေမဟန်တော့သည်ကို မြင်ရသဖြင့် ကျန်းရိဟွမ်းက ငွေစအချို့ကို အလျင်အမြန် ထုတ်ကာ လူအုပ်ထဲမှ သန်မာသော အမျိုးသားနှစ်ဦးကို ရှောင်းယန်ချီအား ထမ်းသွားပေးရန် ငှားရမ်းလိုက်သည်။
ထိုသန်မာသော အမျိုးသားနှစ်ဦးကလည်း အနံ့ဆိုးကို မခံနိုင်ကြသော်လည်း ကျန်းရိဟွမ်းပေးသော လုပ်အားခက အလွန် ဆွဲဆောင်မှု ရှိနေခဲ့သည်။ ခဏတဖြုတ်မျှ အောင့်အီးသည်းခံရုံဖြင့် ငွေတစ်လျန် ရရှိမည်ဖြစ်ရာ ဤအလုပ်က ငွေရလွယ်ကူလှပြီး ခဏလောက် သည်းခံလိုက်ရုံဖြင့်လည်း အသက်သေဆုံးသွားမည် မဟုတ်ချေ။
"ဝမ်ရှူ ထွက်လာပြီ..."
စူးယောင်ကွမ်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ရှောင်းယန်ချီက ထမ်းထုတ်ခံနေရသော်လည်း အသံကြောင့် နောက်သို့ လှည့်ကြည့်လိုက်ရာ စူးယောင်ကွမ်းတစ်ယောက် ကျိုးဝမ်ရှူထံသို့ အပြေးအလွှား သွားနေသည်ကို မြင်လိုက်ရသည်။ သူမက လက်ထဲတွင် ရေဗူးတစ်ဗူး ကိုင်ဆောင်ထားပြီး ကျိုးဝမ်ရှူထံသို့ ကမ်းပေးနေသည်။
ကျန်းကျောက်တိနှင့် အခြားသူများကလည်း ကျိုးဝမ်ရှူနားသို့ ဝိုင်းအုံသွားကြသည်။
ကျိုးဝမ်ရှူက လူအများ၏ အလယ်ဗဟို အာရုံစိုက်စရာ ဖြစ်နေပြီး အားလုံးက သူ့ကို ဂရုတစိုက်နှင့် မေးမြန်းနေကြသည်။
'ဒီအရာအားလုံးက ငါ့အပိုင် ဖြစ်သင့်တာ'
'အတိတ်ဘဝတုန်းက ငါ အဲ့ဒီလောက်တောင် အထင်သေး ရွံရှာခဲ့တဲ့အရာတွေကို အခုကျမှ ဘာလို့ ဒီလောက်အထိ တမ်းတမိနေရတာလဲ'
သူ၏ ယခင်ဘဝတွင်လည်း စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့က သူ့ကို စာမေးပွဲခန်းမအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။ သို့သော်လည်း သူကတော့ သူမတို့က ဆင်းရဲပြီး အရှက်ရစရာကောင်းသည်ဟု အထင်သေးကာ သူ့ကို စကားမပြောရန်၊ တိတ်တဆိတ်သာ လိုက်ပို့ပေးရန်နှင့် သူ့ကို မသိသလို နေကြရန် ပြောဆိုခဲ့ဖူးသည်။
"ဝမ်ရှူ... အထဲမှာ တစ်ယောက်ယောက်က ဝမ်းလျှောနေလို့ အနံ့ဆိုးကြီးက စာမေးပွဲဖြေတာကို တော်တော်လေး ထိခိုက်စေတယ်လို့ ကြားတယ်၊ မင်းရော ထိခိုက်သွားသေးလား"
ကျန်းကျောက်တိက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အမေ.. အမေက စာမေးပွဲအောင်တာ မအောင်တာက အရေးမကြီးဘူးလို့ ပြောထားဖူးတယ် မဟုတ်ဘူးလား"
"ငါ အဲ့လိုပြောခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် မအောင်တာက ကိစ္စမရှိပေမဲ့ သူများကြောင့် ပျက်စီးပြီး ကျရှုံးသွားရတာကျတော့ ငါ ရင်ထဲ မကောင်းနိုင်ဘူးလေ"
ကျန်းကျောက်တိက ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ အမေ၊ ကျွန်တော်က နည်းနည်းလှမ်းတဲ့နေရာမှာမို့လို့ အနံ့ သိပ်မရပါဘူး"
"အေး... ဒါဆိုရင် တော်သေးတာပေါ့"
ကျန်းကျောက်တိက သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"မဟုတ်ရင်တော့ ငါ တကယ်ကြီး ပြေးသွားပြီး အဲ့ဒီလူရဲ့ မျက်နှာကို ကုတ်ဖဲ့ပစ်မှာ"
ထိုအချိန်တွင် ကျုံးချူရှန်းနှင့် ချန်ပုယွိတို့လည်း ထွက်လာကြသည်။
သို့သော်လည်း သူတို့နှစ်ဦး၏ မိသားစုများကတော့ အိမ်စေများကိုသာ လာရောက်ကြိုဆိုခိုင်းခဲ့ပြီး မိဘများကိုယ်တိုင် မလာခဲ့ကြချေ။
"ချူရှန်း... ပုယွိ... အဒေါ်တို့ ကျန်းမိသားစုဆိုင်မှာ ဟင်းကောင်းတွေ၊ အရက်ကောင်းတွေ ပြင်ဆင်ထားတယ်။ တခြားသွားစရာ အစီအစဉ်မရှိရင် အတူတူ သွားပြီး အောင်ပွဲခံကြစို့လား"
"မွေးစားအမေကလည်း... ကျွန်တော်တို့က လူအင်အား သွားဖြည့်ပေးရုံ သက်သက်ပါဗျာ၊ စာမေးပွဲတောင် အောင်မှာ မဟုတ်တာ ဘာကို အောင်ပွဲခံရမှာလဲ"
ကျုံးချူရှန်းက ရယ်မောကာ ပြန်ပြောလိုက်သည်။
"စာမေးပွဲအောင်တဲ့အခါကျရင် သီးသန့် အောင်ပွဲခံကြတာပေါ့။ အခုဟာက မင်းတို့ စာမေးပွဲကြီးကို ကောင်းကောင်းမွန်မွန် ဖြေဆိုပြီးစီးသွားတဲ့အတွက်၊ ဘဝရဲ့ ခြေလှမ်းသစ်တစ်ရပ်ကို လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတာလေ။ ဘာလဲ... မင်းတို့က မွေးစားအမေကို အထင်သေးလို့ အတူတူ ထမင်းမစားချင်ကြတာလား"
"ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲဗျာ။ အထဲမှာ ကျွန်တော်တို့ တကယ်ကို ဒုက္ခရောက်ခဲ့တာပါ။ မွေးစားအမေ... ကျွန်တော်တို့ ဆီပါတာလေးတွေ၊ အချိုလေးတွေ မစားရတာ အရမ်းကြာသွားပြီ၊ ဒီတစ်ခါတော့ တကယ်ကြီးကို အားပြန်ဖြည့်ရမယ်။ ကြည့်ပါဦး... ကျွန်တော့်မျက်နှာလေး တော်တော် ပိန်ကျသွားပြီ"
ချန်ပုယွိက သူ၏ပါးကို ဆွဲပြလျက် အလွန်တရာ သနားစရာကောင်းအောင် ဟန်ဆောင်ပြနေသေးသည်။
ကျန်းကျောက်တိကတော့ သူ၏ အမူအရာကြောင့် သဘောကျကာ တဟားဟား ရယ်မောလိုက်သည်။
သူမ၏ အမြင်တွင် ကျိုးဝမ်ရှူ၏ သူငယ်ချင်းများက အလွန် ချစ်စရာကောင်းပြီး ဖော်ရွေပွင့်လင်းကြသူများ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သောက်စားကြပြီးကတည်းက သူတို့က ကျန်းကျောက်တိကို 'မွေးစားအမေ' ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုခဲ့ကြရာမှ ယခုထက်တိုင် ထိုအတိုင်းပင် ခေါ်နေကြဆဲ ဖြစ်သည်။ အစပိုင်းတွင် ကျန်းကျောက်တိက ပြန်ထူးရန် အနည်းငယ် ရှက်ရွံ့နေခဲ့သော်လည်း အခေါ်များလာသည့်အခါတွင်တော့ အလိုက်သင့် ပြန်ထူးတတ်သွားပြီး ယခုဆိုလျှင် သူမထံ၌ ထိုကဲ့သို့သော သွေးသားမတော်သည့် သား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ပင် ရှိနေချေပြီ။