အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း ၁၈၁ ရလဒ်များ ထွက်ပေါ်လာခြင်း
ထို့နောက်တွင် ကျန်းကျောက်တိက ထွက်ခွာမည့် အရိပ်အယောင် လုံးဝ မပြသေးဘဲ တံခါးဝဆီသို့ ဆက်လက် မျှော်ကြည့်နေဆဲ ဖြစ်သည်။
ကျိုးဝမ်ရှူက လှမ်းမေးလိုက်သည်။
“အမေ... ဘာတွေကို ဒီလောက်တောင် လိုက်ရှာနေတာလဲ”
“အမေက ငါ့ရဲ့ တခြား မွေးစားသားတွေကို စောင့်နေတာလေ၊ သူတို့အားလုံး စာမေးပွဲခန်းမထဲ ဝင်သွားကြတာပဲ၊ အခု ထွက်လာပြီဆိုတော့ အတူတူ ဆင်နွှဲကြရမှာပေါ့။ ဟော... လာကြပြီ၊ လာကြပြီ၊ သူတို့ကို အမြန်လှမ်းခေါ်လိုက်ဦး”
စူးယောင်ကွမ်းကတော့ ဘာမှ မတတ်နိုင်ဘူးဟူသော အမူအရာဖြင့် ပခုံးလေးတွန့်ပြကာ သက်ပြင်းချလိုက်သည်။
အခြားသော ကျောင်းသားများကလည်း ကျန်းကျောက်တိ၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့၏ မိသားစုဝင်များနှင့် အရင် တိုင်ပင်လိုက်ကြပြီး သူတို့၏မိဘများက သဘောတူခွင့်ပြုသဖြင့် ကျန်းကျောက်တိနှင့်အတူ စားသောက်ပွဲသို့ လိုက်ပါမည်ဟု သဘောတူလိုက်ကြသည်။ ထိုကျောင်းသားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီးနောက်တွင်လည်း ကျန်းကျောက်တိက ဘာမှ ထပ်မပြောတော့ဘဲ အားလုံးကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့သည်။ မူလက စားပွဲနှစ်ဝိုင်းစာသာ ပြင်ဆင်ထားသော်လည်း ယခု စားပွဲလေးဝိုင်းအထိ ခင်းကျင်းလိုက်ရပြီး အလွန် စည်ကားသိုက်မြိုက်စွာ စားသောက်ခဲ့ကြသည်။
ကျန်းကျောက်တိ၏ သဘောထားကြီးမှုနှင့် ရက်ရောမှုများက ရိုးရာပုံပြင်များထဲမှ သစ္စာရှိ သူရဲကောင်းအမျိုးသမီးများအတိုင်း ဖြစ်နေလေသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်တွင် သူမက ကြက်သွန်မြိတ်အနည်းငယ်အတွက်နှင့် ရွာထဲတွင် သူတစ်ပါးနှင့် ဒေါသတကြီး ရန်ဖြစ်နေခဲ့သူတစ်ဦး ဖြစ်သည်ဟု မည်သူကမျှ ထင်မှတ်မည်မဟုတ်တော့ချေ။
ကျိုးဝမ်ရှူတို့ဘက်တွင် ပျော်ရွှင်သံများဖြင့် ဆူညံနေသော်လည်း ဖုန်းဟွာကော့တွင်တော့ မှိုင်းအုံ့လျက် ပရမ်းပတာ ဖြစ်နေခဲ့ချေပြီ။
ကျန်းရိဟွမ်းက ရှောင်းယန်ချီကို မခေါ်ဆောင်လာမီ အချိန်အထိ ကျုံးလန်ဟွာက သူမ၏ သမက်ဖြစ်သူက မည်မျှအထိ အရည်အချင်းရှိကြောင်း၊ သာမန်ပညာရှိတစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ကြောင်း အမျိုးသမီးအချို့အား ကြွားလုံးထုတ်ပြောဆိုနေခဲ့သည်။
သူမ ပြော၍ မဆုံးသေးမီမှာပင် ကျန်းရိဟွမ်းက သန်မာသော အမျိုးသားနှစ်ဦးကို ခေါ်ကာ ရှောင်းယန်ချီကို ထမ်းခိုင်းပြီး ပြန်ရောက်ရှိလာခဲ့သည်။ သူတို့ အနီးသို့ပင် မကပ်ရသေးခင် ထိုအမျိုးသမီးများက အော့အန်ချင်စရာကောင်းသော အနံ့ဆိုးကြီးကို ရရှိလိုက်ကြသည်။
“ဘာတွေ လုပ်နေတာလဲ၊ သူတို့ ဘာကြီးကို ထမ်းလာကြတာလဲ... နံစော်နေတာပဲ။ ဘယ်က ရောက်လာတဲ့ သူတောင်းစားဆီက အညစ်အကြေးတွေလဲ”
ထမ်းပိုးခံထားရသော ရှောင်းယန်ချီ၏ မျက်နှာက ကွယ်နေသဖြင့် ကျုံးလန်ဟွာက သူ့ကို မမှတ်မိခဲ့ချေ။
“အမေ...”
ကျန်းရိဟွမ်းက ညိုမှိုင်းသော မျက်နှာအမူအရာဖြင့် ချဉ်းကပ်လာခဲ့သည်။
“သူတို့ကို မတားပါနဲ့၊ အထဲကို အရင် ထမ်းသွားခိုင်းလိုက်ပါဦး”
“ဒါ... ဒါ ဘယ်သူလဲ... အလိုလေး... ရှောင်းချီ၊ သူ ဘာဖြစ်လာတာလဲ”
ထိုအချိန်မှသာ ကျုံးလန်ဟွာက ရှောင်းယန်ချီကို မှတ်မိသွားပြီး သူမ၏ မျက်နှာကြီး တွန့်ရှုံ့သွားတော့သည်။
ရှောင်းယန်ချီက မကြာသေးမီကပင် လူတကာအလယ်တွင် အရှက်ကွဲစေမည့် အပြုအမူများကို ပြုလုပ်ခဲ့သဖြင့် သူမတို့မိသားစု၏ မျက်နှာကို ပျက်စီးစေခဲ့ပြီး ဖြစ်သည်။ သူမက သူ စာမေးပွဲတွင် ကောင်းမွန်စွာ ဖြေဆိုနိုင်ပြီး မိသားစု၏သိက္ခာကို ပြန်ဆယ်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုအခါတွင် ဤကဲ့သို့ အခြေအနေမျိုး ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
“စကားတွေ အများကြီး မပြောပါနဲ့တော့၊ သူ့ကို အထဲ အရင်ဝင်ခွင့်ပေးလိုက်ပါ”
ကျန်းရိဟွမ်းက ပြောပြောဆိုဆိုဖြင့် သန်မာသော အမျိုးသားနှစ်ဦးကို ဦးဆောင်ကာ ရှောင်းယန်ချီကို အခန်းထဲသို့ ထမ်းသွင်းခိုင်းလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသည့် အနားရှိ အမျိုးသမီးများက တစ်ယောက်နှင့် တစ်ယောက် မျက်စိမှိတ်ပြကာ လှောင်ပြောင်ရယ်မောလျက် အားရပါးရ ကြည့်ရှုနေကြသည်။
“အိုက်ယား... ဆိုင်ရှင်အစ်မကြီးရယ်... ရှင့်သမက်ရဲ့ ကျန်းမာရေးက တော်တော်လေး အားနည်းပုံရတယ်နော်။ သာမန် စာမေးပွဲလေး ဖြေတာတောင် ဒီလောက်အထိ အားအင်ချိနဲ့သွားရတယ်လို့။ သူ့ကို အားရှိမယ့် အစားအစာတွေ ပိုကျွေးသင့်တယ်”
“ကျွန်မ ထင်တာတော့ သူ အလုပ်တွေ အလွန်အကျွံ လုပ်နေလို့ ထင်တယ်။ လင်မယားအသစ်စက်စက်တွေဆိုတော့လေ.. အသက်အရွယ်ကလည်း အကောင်းဆုံးအချိန်ဆိုတော့ နေ့တိုင်း အားသွန်ခွန်စိုက် ကြိုးစားနေကြလို့ အားနည်းသွားတာ ဖြစ်မှာပါ”
“ဆိုင်ရှင်ရေ... ရှင့်သမီးနဲ့ သမက်ကို နည်းနည်းလောက် လျှော့ခိုင်းပါဦး။ သူက စာပေသမားဆိုတော့ ကျန်းမာရေးက သိပ်ကောင်းမှာ မဟုတ်ဘူး၊ အဲ့တော့ ဒီလိုမျိုး ဒဏ်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ”
"သွားကြစမ်း၊ သွားကြစမ်း။ ဒီမှာ လာပြီး အတင်းအဖျင်းတွေ မပြောကြနဲ့"
ကျုံးလန်ဟွာတစ်ယောက် အရှက်တကွဲ ဖြစ်သွားရသဖြင့် ထိုအမျိုးသမီးများကို အေးစက်စက် နှင်လွှတ်လိုက်တော့သည်။
"ငါ့မှာ စာတတ်ပေတတ် သမက်တစ်ယောက် ရှိနေတာကို နင်တို့က မနာလို ဖြစ်နေကြတာမလား"
"ဟုတ်ပါ့ရှင်... ကျွန်မတို့က သိပ်မနာလို ဖြစ်နေတာပါ။ စာမေးပွဲဖြေရင်း ဘောင်းဘီထဲ မစင်ထွက်ကျခဲ့တဲ့ သမက်မျိုး ရှိလို့ မနာလို ဖြစ်နေတာလေ။ စောစောက အနံ့ရလိုက်တယ် မဟုတ်လား... နံစော်နေတာပဲ"
"ဟုတ်တယ်... ကျွန်မတို့လည်း အနံရလိုက်တယ်။ အဲ့ဒါ ဘာအနံ့ကြီးလဲ မသိဘူး၊ ကျွန်မတို့ နှာခေါင်းက ကောင်းပါသေးတယ်။ ဘယ်လိုလုပ်ပြီး အနံ့မရဘဲ နေမှာလဲ"
ကျုံးလန်ဟွာက ထိုအမျိုးသမီးများကို အတင်းတွန်းထုတ်ပြီး ဆိုင်တံခါးကို ပိတ်ပစ်လိုက်သည်။
မကြာသေးမီက ဆိုင်၌ အရောင်းအဝယ် သိပ်မကောင်းဘဲ ယနေ့တွင်လည်း ဖောက်သည် သိပ်မရှိချေ။ သူတပါး၏ လှောင်ပြောင်စရာ ဖြစ်နေမည့်အစား တံခါးပိတ်ထားလိုက်ခြင်းက ပိုကောင်းမွန်လိမ့်မည်ဟု သူမ သတ်မှတ်လိုက်သည်။
ကျန်းရိဟွမ်းက ယန်ချွမ်၏ အခန်းတံခါးကို ခေါက်လိုက်ရာ ယန်ချွမ်က တံခါးဖွင့်ပေးပြီး ကျန်းရိဟွမ်းကို ကြည့်ကာ လှမ်းမေးလိုက်သည်။
"သခင်မလေး... ဘာကိစ္စရှိလို့လဲခင်ဗျာ"
"ကျွန်မရဲ့ ခင်ပွန်းက နေမကောင်းဖြစ်နေလို့ပါ၊ သူ့ကို ရေချိုးပေးပြီး အဝတ်အစားလဲပေးမယ့်လူ လိုနေတယ်။ ကျွန်မမှာလည်း တကယ်ကို အားမရှိတော့လို့ပါ။ ရှင် ကူညီပေးလို့ ရမလားဟင်"
"သခင်မလေးက အမိန့်ပေးရုံပါပဲ၊ လုပ်ချင်တာကို ကျွန်တော့်ကို ပြောပါ"
"ကျေးဇူးတင်ပါတယ်"
ကျန်းရိဟွမ်းက သူ့ကို ကျေးဇူးတင်နေသော မျက်လုံးများဖြင့် ကြည့်ရင်း ထပ်ပြောလိုက်သေးသည်။
"ရှင်က တကယ်ကို စိတ်သဘောထားကောင်းတာပဲ"
ထိုစကားက ယန်ချွမ်၏ ရင်ထဲသို့ အနွေးဓာတ်လေးတစ်ခု ဖြတ်သန်းသွားစေခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ကျန်းရိဟွမ်းအပေါ် မြတ်နိုးတွယ်တာမှုများ ပြည့်နှက်လျက် သူမကို ငေးကြည့်နေလေသည်။
.....။.....။.....
စူးယောင်ကွမ်းတို့၏ စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက် လူတိုင်းက အနားယူရန် သူတို့၏ သက်ဆိုင်ရာအိမ်သို့ ပြန်သွားကြသည်။
ကျိုးဝမ်ရှူက အသစ်လဲလှယ်ထားသော စောင်ကို ကိုင်ရင်း အထည်သားကို ထိကြည့်နေသည်။ စောင်က နွေးထွေးနေဆဲ ဖြစ်သည်ကို သိလိုက်ရသဖြင့် နေပူလှန်းပြီးကာစ ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ထိုအချိန်တွင် စူးယောင်ကွမ်းက အသစ်ချုပ်လုပ်ထားသော အဝတ်အစားများကို ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်လာသည်။
"ဒါက ငါ့ရဲ့ ဒုတိယအဒေါ် ချုပ်ပေးထားတာလေ။ အဆင်ပြေ မပြေ တစ်ချက်လောက် ဝတ်ကြည့်ဦး၊ တကယ်လို့ အဆင်မပြေရင် ပြန်ပြင်ပေးမယ်လို့ ဒေါ်လေးက ပြောထားသေးတယ်"
ကျိုးဝမ်ရှူက အဝတ်အစားများကို လှမ်းယူကာ အသာအယာ ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။
"ဒေါ်လေးရဲ့ မျက်လုံးတွေက ကျွန်တော့်အတွက်တော့ ပေတံပါပဲ၊ အဆင်ပြေမှာ သေချာပါတယ်"
"ငါလည်း အဲ့လိုပဲ ပြောခဲ့တာ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ရေနွေး အဆင်သင့်ဖြစ်ပြီနော်။ ရေချိုး၊ အဝတ်အစားလဲပြီး အေးအေးဆေးဆေး အနားယူလိုက်ဦး"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို စိုက်ကြည့်ရင်း လှမ်းမေးလိုက်သည်။
"စာမေးပွဲ အခြေအနေ ဘယ်လိုရှိလဲဆိုတာ မမေးတော့ဘူးလား"
"နင်ကတော့လေ... ငါ မေးလိုက်ရင်ရော ရလဒ်က ပြောင်းလဲသွားမှာမို့လို့လား။ နင် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နိုင်ရင် ရပြီ၊ မေးခွန်းတွေရဲ့ အခြေအနေကို ငါ မသိလည်း ကိစ္စမရှိဘူးလို့ ငါတို့ အရင်ကတည်းက သဘောတူထားကြတယ် မဟုတ်ဘူးလား"
ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ စာမေးပွဲခန်းမတစ်ခုလုံးမှာ ကျွန်တော်က အကောင်းဆုံး စားနိုင်ပြီး အကောင်းဆုံး အိပ်နိုင်ခဲ့တဲ့လူ ဖြစ်မှာ အသေအချာပဲ"
"ဒါမှ ငါ့မောင်လေးပေါ့"
စူးယောင်ကွမ်းက သူ့ပခုံးကို အသာပုတ်ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဒီတစ်ခေါက် ခရီးက မရှုံးပါဘူး"
"ရှောင်းယန်ချီက ဒုတိယမြောက်နေ့ကတည်းက ဝမ်းလျှောနေတာ"
ကျိုးဝမ်ရှူက ထိုအကြောင်းကို စပြောလိုက်သည်။
"အဲ့ဒီ 'ရေအိမ် သွားပြီးကြောင်း တံဆိပ်တုံး' အနှိပ်မခံရစေဖို့အတွက်နဲ့ သူ ဒီလောက်အထိ ဒုက္ခခံပြီး အောင့်အည်းထားလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။ တကယ်လို့ ဒီလူသာ ရာထူးတက်လှမ်းနိုင်ခဲ့ရင် တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့လူ ဖြစ်လာလိမ့်မယ်"
"ကျန်းရိဟွမ်း သူ့ကို ပေးလိုက်တဲ့ စွပ်ပြုတ်က အဆီတွေ အရမ်းများလွန်းတယ်၊ ဒီလို ရာသီဥတုမျိုးမှာက အစားအစာတွေက သိုးလွယ်တယ်လေ။ စွပ်ပြုတ်က သိုးသွားတော့ သူ ဝမ်းမလျှောဘဲ နေမလား။ သူ အခုလို အခြေအနေမျိုး ရောက်သွားရတာကတော့... သူ့ရဲ့ အရည်အချင်းရှိတဲ့ ဇနီးသည် ကျန်းရိဟွမ်းကြောင့်လည်း တစ်ဝက်လောက် ပါတာပေါ့"
စူးယောင်ကွမ်းက မှတ်ချက်ပြန်ပေးလိုက်သည်။
“သူက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ အရင်ကတည်းက သိထားပေမဲ့... ဒီတစ်ခါ သူ ဒီလောက်အခိ လုပ်လိမ့်မယ်လို့တော့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့မိဘူး”
သူမ သူ့အကြောင်းကို ကောင်းကောင်းသိနေသည်ဟု ထင်ထားခဲ့သော်လည်း ယခုဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် သူမ သိခဲ့သည်မှာ အပေါ်ယံမျှသာဖြစ်ကြောင်း စူးယောင်ကွမ်း သတိပြုမိသွားရသည်။ သူက သူမ စိတ်ကူးထားသည်ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသူ ဖြစ်နေပေသည်။
"ဒီအကြောင်းတွေကို ဆက်မပြောနေပါနဲ့တော့။ ရေချိုးပြီး အနားယူလိုက်ဦး"
စူးယောင်ကွမ်းက သူ့ကို ထပ်မေးလိုက်သည်။
"အနားယူပြီးရင် ညဘက် ဘာစားချင်လဲဆိုတာ ပြောဦးနော်"
လမ်းတစ်ဖက်ရှိ ဖုန်းဟွာကော့ကတော့ ရက်အနည်းငယ်မျှ တံခါးပိတ်ထားခဲ့သည်။ သူတို့၏ အရောင်းအဝယ်က ယခင်ကတည်းက မကောင်းလှသည့်အပြင် ယခုအခါ လှောင်ပြောင်သူများ ပိုမိုများပြားလာသဖြင့် ဖောက်သည် ဟူ၍လည်း အလွန်နည်းပါးသွားပြီဟု ဆိုနိုင်သည်။ ကျုံးလန်ဟွာကလည်း သူတစ်ပါးနှင့် အမြဲတစေ ရန်ဖြစ်နေခဲ့ရာ ပတ်ဝန်းကျင်အတွက် ဆက်တိုက်ဆိုသလို ရယ်စရာတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကျန်းရိဟွမ်းက ကုန်ပစ္စည်းအသစ်များ ပြင်ဆင်ရန် အချိန်လိုသည်ဟု အကြောင်းပြကာ ဆိုင်ကို ပိတ်ပစ်လိုက်ပြီး အဆင်သင့်ဖြစ်မှ ပြန်ဖွင့်မည်ဟု ကြေငြာထားခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ ခရိုင်အစိုးရရုံးမှ အသိပေးချက်တစ်ခု ထုတ်ပြန်လာခဲ့သည်။
ကျန်းကျောက်တိက နေရာကောင်းတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် နံနက်စောစောကတည်းက သွားရောက်တန်းစီနေခဲ့သည်။
သူမက အမှားအယွင်း ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မိသားစုထဲတွင် စာအတတ်ဆုံးဖြစ်သည့် ကျန်းကျင့်နှင့် ကျန်းယင်းတိတို့ကိုပါ တစ်ပါတည်း ဆွဲခေါ်လာခဲ့သေးသည်။
"ဘာလို့ တွန်းနေတာလဲ၊ မတွန်းကြနဲ့ဦး"
ကျန်းကျောက်တိက လူတစ်ဦးနှင့် တိုက်မိသွားပြီး သူမ လှည့်ကြည့်လိုက်ရာ အမှန်တကယ် ကံကြမ္မာအရ ဆုံစည်းကြခြင်း ဖြစ်နေမှန်း နားလည်လိုက်သည်။ ထိုသူက အခြားသူမဟုတ်ဘဲ ကျုံးလန်ဟွာ ဖြစ်နေခဲ့သည်။
ကျုံးလန်ဟွာက စာလုံး များများစားစား မသိသော်လည်း ကျန်းရိဟွမ်းကတော့ ရှောင်းယန်ချီထံမှ စာလုံးအချို့ကို သင်ယူထားခဲ့ဖူးသည်။
သူမ ဤသို့ လုပ်ဆောင်ခြင်းက ရှောင်းယန်ချီ၏ အလိုကို လိုက်လုပ်ပေးခြင်း မဟုတ်ဘဲ သူမ ပင်ပန်းခံ ရှာဖွေထားသော ငွေကြေးများကို မည်သူမျှ ခိုးယူခြင်းမပြုနိုင်စေရန် စာရင်းဇယားများကို နားလည်ချင်သောကြောင့် ဖြစ်သည်။
ကျုံးလန်ဟွာက နာမည်စာရင်းတွင် ရှောင်းယန်ချီ၏ အမည်ကို တွေ့မြင်ရန်နှင့် သူမ၏ ယခင် ဂုဏ်သိက္ခာများကို ပြန်လည်ဆယ်တင်နိုင်ရန် မျှော်လင့်လျက် ကျန်းရိဟွမ်းကို ဆွဲခေါ်ကာ လာရောက်တန်းစီနေခဲ့ခြင်း ဖြစ်သည်။
ရှောင်းယန်ချီနှင့် လက်ထပ်ပြီးနောက်တွင် ကျန်းရိဟွမ်း ယခင်က မျှားထားခဲ့ဖူးသော ငါးအားလုံးက ငါးမျှားချိတ်များကို ထွေးထုတ်သွားကြပြီ ဖြစ်သည်။ ယခုအခါ သူမ၏ ရေကန်တစ်ခုလုံးတွင် ငါးဟူ၍တစ်ကောင်ပင် မကျန်တော့ချေ။
သူမက ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကို လက်မခံနိုင်သဖြင့် ရှောင်းယန်ချီက သူမ၏ တန်ဖိုးကို သက်သေပြပေးရန်၊ သူတစ်ပါး မနာလိုငြူစူလာအောင် ထပ်မံပြုလုပ်ပေးရန်နှင့် လူကောင်းတစ်ယောက်နှင့် လက်ထပ်မိသဖြင့် အမြင်စူးရှသည်ဟု သူမကို ချီးကျူးလာကြစေရန် အလွန်မျှော်လင့်နေခဲ့သည်။
(T/N: နန်းတွင်းစာမေးပွဲတွေနဲ့ ပတ်သတ်ပြီး သိပ်မသိသေးတဲ့ သူတွေအတွက် နည်းနည်းလေး ပြောပြပါ့မယ်နော်။
ရှေးခေတ်တရုတ်အင်ပါယာရဲ့ နန်းတွင်းစာမေးပွဲ (Imperial Examination) စနစ်ကို ကော်ကျု (Keju - 科举) လို့ ခေါ်ပါတယ်။ ဒီစနစ်က ဆင်းရဲသားတောင်သူလယ်သမားဘဝကနေ အမတ်မင်းဘဝကို တက်လှမ်းနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်လို့ အရမ်းခက်ခဲသလို အဆင့်အတန်းလည်း မြင့်မားပါတယ်။
အဓိက အဆင့် (၃) ဆင့် ရှိပါတယ်။
၁။ ထုံစစ် (Tóngshì - 童试) - အခြေခံအဆင့်
ဒါကတော့ ကိုယ်နေထိုင်ရာ ခရိုင်နဲ့ မြို့နယ်အဆင့် စာမေးပွဲပါ။
အောင်မြင်သူကိုခေါ်သောအမည်: ရှို့ချိုင် (Xiùcái - 秀才)။
အဆင့်အတန်း: ပညာတတ်အဖြစ် အသိအမှတ်ပြုခံရပေမယ့် အစိုးရအရာရှိ (အမတ်) အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း မခံရသေးပါဘူး။ အခွန်ကင်းလွတ်ခွင့်နဲ့ ထောင်ဒဏ်ကျရင် ရိုက်နှက်မခံရတဲ့ အခွင့်အရေးမျိုးပဲ ရပါတယ်။
၂။ ရှန်းစစ် (Xiāngshì - 乡试) - ပြည်နယ်အဆင့်
၃ နှစ်မှ တစ်ကြိမ်သာ ကျင်းပပြီး ပြည်နယ်မြို့တော်တွေမှာ ဖြေဆိုရပါတယ်။
အောင်မြင်သူကိုခေါ်သောအမည်: ကျွီရန် (Jǔrén - 举人)။
အဆင့်အတန်း: ဒါက တကယ့် "အမတ်လောင်း" အဆင့်ပါ။ အစိုးရအရာရှိငယ်လေးတွေအဖြစ် စတင်ခန့်အပ်ခံရနိုင်ပြီး နောက်ဆုံးအဆင့် စာမေးပွဲကို ဖြေဆိုခွင့် ရရှိသွားပါပြီ။
၃။ ဟွေ့စစ် နှင့် တျန့်စစ် (Huìshì & Diànshì) - မြို့တော်နှင့် နန်းတွင်းအဆင့်
ဒါက အမြင့်ဆုံးအဆင့်ဖြစ်ပြီး မြို့တော် (နန်းတော်) ထဲမှာ ဖြေရတာပါ။
အောင်မြင်သူကိုခေါ်သောအမည်: ကျင့်ရှီ (Jìnshì - 进士)။
အဆင့်အတန်း: အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ပါ။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စစ်ဆေးတဲ့ "နန်းတွင်းစာမေးပွဲ" (တျန့်စစ်) ကို ဆက်ဖြေရပါတယ်။
ကျင့်ရှီ (Jìnshì) ထဲက ထိပ်ဆုံး (၃) ယောက်
နန်းတွင်းစာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး ၃ ယောက်ကို အခုလို ထူးထူးခြားခြား ခေါ်ဝေါ်ပါတယ် -
ကျမ့်ယွမ် (Zhàngyuán - 状元): တစ်နိုင်ငံလုံးမှာ အဆင့် ၁ ရသူ (ပထမကျော်)။
ပန်းယန် (Bàngyǎn - 榜眼): ဒုတိယရသူ။
ထန်ဟွား (Tànhuā - 探花): တတိယရသူ။
နောက်ပြီး တုံကျင့်ရှီဆိုတာလည်း ရှိပါသေးတယ်။ တုံကျင့်ရှီ ဆိုတာကတော့ ကျင့်ရှီအဆင့်အောင်ပေမယ့် အမှတ်နည်းလို့ "ကျင့်ရှီနှင့် အဆင့်တူ" လို့ သတ်မှတ်ခံရသူတွေပါ။ သူတို့က တကယ့် ကျင့်ရှီအစစ်တွေလောက် မျက်နှာမပွင့်သလို ရာထူးတက်ရာမှာလည်း အကန့်အသတ် ရှိတတ်ပါတယ်။
ပြီးတော့ စာမေးပွဲဖြေရတာ ငရဲခန်းထဲ ဝင်ရတာလို့တောင် တင်စားကြပါတယ်။
၁။ စာမေးပွဲခန်းတွင်း ဖွဲ့စည်းပုံ
စာမေးပွဲဖြေရမယ့်နေရာက အထဲမှာ တစ်ယောက်စာ သီးသန့်အခန်းငယ်လေးတွေ ထောင်ပေါင်းများစွာ တန်းစီရှိနေပါတယ်။
ဒီအခန်းငယ်လေးတွေမှာ အမိုးနဲ့ နံရံသုံးဖက်ပဲရှိပြီး ရှေ့မှာ တံခါးမရှိပါဘူး (စာခိုးချမှာ စိုးလို့ စောင့်ကြည့်ရလွယ်အောင်ပါ)။
အခန်းရဲ့ အကျယ်အဝန်းက တကယ့်ကို ကျဉ်းမြောင်းပါတယ်။ အလျား ၅ ပေ၊ အနံ ၄ ပေခန့်လောက်ပဲ ရှိပြီး မတ်တပ်ရပ်ရင် ခေါင်းလွတ်ရုံပါပဲ၊ ခြေဆန့်လက်ဆန့်လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၂။ အိပ်ရပုံ(ဆန့်ဆန့်တောင် မအိပ်ရတဲ့ဘဝ)
စာမေးပွဲတွေက တစ်ခါဖြေရင် ၃ ရက်ကနေ ၉ ရက်အထိ ကြာတတ်ပြီး အခန်းထဲကနေ လုံးဝထွက်ခွင့်မရှိပါဘူး။
အခန်းထဲမှာ သစ်သားပြားနှစ်ပြားပဲ ပေးထားပါတယ်။ တစ်ပြားကို အပေါ်မြှင့်ပြီး စာရေးခုံလုပ်ရပြီး၊ ကျန်တစ်ပြားကို အောက်ချပြီး ထိုင်ခုံလုပ်ရပါတယ်။
ညဘက် အိပ်ချင်တဲ့အခါ အဲဒီသစ်သားပြားနှစ်ပြားကို အောက်ခြေတူညီတဲ့ အဆင့်တစ်ခုမှာ ကပ်ပြီး ခင်းလိုက်ရပါတယ်။
ဒါပေမဲ့ အခန်းအလျားက ၅ ပေပဲ ရှိတော့ အရပ်ရှည်တဲ့သူတွေဆိုရင် ခြေထောက်ကို ဆန့်ပြီး အိပ်လို့မရပါဘူး။ ဒူးကို ကွေးပြီး ခွေခွေလေး အိပ်ရတာမျိုး ဒါမှမဟုတ် ထိုင်လျက်ပဲ မှေးစက်ရတာမျိုး လုပ်ရပါတယ်။ ညဘက် လေတိုက်ရင်လည်း တံခါးမရှိလို့ အေးခဲနေမှာ အသေအချာပါပဲ။
၃။ အစားအသေက် (ကိုယ်တိုင်ချက်၊ ကိုယ်တိုင်စား)
စာမေးပွဲဖြေသူတွေက စာမေးပွဲခန်းထဲမဝင်ခင်မှာ ရိက္ခာခြောက်၊ ဆန်၊ မီးသွေးနဲ့ အိုးခွက်အသေးစားလေးတွေကို ကိုယ်တိုင် သယ်ဆောင်လာရပါတယ်။
အခန်းထဲမှာပဲ မီးသွေးအိုးလေးနဲ့ မီးမွှေးပြီး ဆန်ပြုတ်ချက်စားတာ၊ ရေနွေးကျိုတာတွေ ကိုယ်တိုင်လုပ်ရပါတယ်။
မိုးရွာတဲ့နေ့တွေ ဒါမှမဟုတ် လေပြင်းတိုက်တဲ့နေ့တွေဆိုရင် မီးမွှေးရတာ ငရဲကျသလိုပါပဲ။ စာမေးပွဲဖြေရင်း တစ်ဖက်ကလည်း စာရွက်တွေ မီးမလောင်အောင်၊ တစ်ဖက်ကလည်း မီးမငြိမ်းအောင် သတိထားရပါတယ်။
တစ်ခါတလေ ဟင်းချက်ရင်း စာရွက်ပေါ် ဟင်းရည်မှောက်တာမျိုး ဖြစ်သွားရင် အမှတ်မရတော့ဘဲ တစ်ဘဝလုံး ပျက်စီးသွားတတ်ပါတယ်။
အဲ့ဒါကြောင့် ရိက္ခာခြောက်ကိုပဲ ယူသွားကြတာများပါတယ်၊ တစ်ခါတလေ စာမေးပွဲခန်းက ဟင်းရည်ဝေပေးတာတို့ လာတို့ရှိပြီး ကိုယ်ယူလာတဲ့ မုန့်ခြောက်တွေနဲ့ တို့စားကြတာပါ
၄။ အိမ်သာကိစ္စ - အဆိုးဝါးဆုံး ငရဲခန်း
ဒါကတော့ စာမေးပွဲဖြေသူတိုင်း အကြောက်ဆုံးအရာပါ။ အခန်းထဲက ထွက်ခွင့်မရှိတဲ့အတွက် အပေါ့အလေးကိစ္စကိုည်း စာမေးပွဲခန်းမှာပဲ ဖြေရှင်းရပါတယ်။
ဖြေဆိုသူတိုင်းကို ပြာပုံး ဒါမှမဟုတ် အိမ်သာပုံးတစ်လုံးစီ ပေးထားပါတယ်။ အခန်းကျဥ်းလေးထဲမှာပဲ အပေါ့သွားပြီးရင် အနံ့မထွက်အောင် ပြာတွေနဲ့ ဖုံးအုပ်ထားရတာပါ။
အဆိုးဆုံးကတော့ အလေးကိစ္စပါပဲ။ အခန်းတွေ တန်းစီနေတဲ့အထဲက အတန်းရှည်ရဲ့ အဆုံး သတ်မှာတော့ အများသုံး အိမ်သာကျင်းကြီး ရှိပါတယ်။ အဲ့နေရာကို သွားဖို့ တံဆိပ်ပြားနဲ့ သွားရတာပါ။ ပြီးရင်း အဖြေစာရွက်မှာ အိမ်သာသွားခဲ့ကြောင်း တံဆိပ်ထုပါတယ်။ အဲ့အတွက် အမှတ်လျော့ခံရတာတို့ အဆင့်မကောင်းတာတို့ ရှိတော့ အများစုက အိမ်သာကျင်းကြီးဆီမသွားပဲ အခန်းကျင်းလေးထဲမှာ ဖြေရှင်းကြပါတယ်တဲ့။
နောက်တစ်ခုက ကံဆိုးပြီး အဲဒီအိမ်သာကျင်းနဲ့ နီးတဲ့အခန်းမှာ စာမေးပွဲခုံ ကျတဲ့သူတွေဟာ တချိန်လုံး အနံ့ဆိုးကို အလူးအလဲ ခံရပါတယ်။
သမိုင်းမှတ်တမ်းတွေအရ တချို့စာဖြေသူတွေက အဲဒီအိမ်သာနားက အနံ့ဆိုးဒဏ်ကို မခံနိုင်ဘဲ စာမေးပွဲဖြေရင်း သတိလစ်မူးလဲတာ၊ အော့အန်တာတွေ ဖြစ်ဖူးသလို၊ စာမေးပွဲကျရှုံးရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
မျက်လုံးထဲကွက်ကွက်ကွင်းကွင်း မြင်ချင်ရင်လည်း telegram channel နဲ့ tt မှာ vd အတိုးလေးတွေ ရှာပြီး ဘာသာပြန်ပေးထားပါတယ်၊ သွားကြည့်လိုက်နော်)