အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း ၁၈၂ ရလဒ်စာရင်း
အရာရှိများက ရလဒ်စာရင်းကို ကပ်လိုက်ကြသည်။
လူတိုင်းကလည်း စာရင်းပေါ်ရှိ အမည်များကို မြင်တွေ့နိုင်ရန် အလုအယက် ခေါင်းပြူပြီး တိုးဝှေ့ကြည့်နေကြသည်။
ကျုံးလန်ဟွာနှင့် ကျန်းကျောက်တိတို့ကတော့ တစ်ယောက်ကို တစ်ယောက် တွန်းတိုက်နေကြပြီး မည်သူမျှ အလျှော့မပေးကြသေးချေ။
"ဒီမှာ လာကြည့်နေလည်း အပိုပဲ။ နင့်ရဲ့ အသုံးမကျတဲ့သားမက်က ဘယ်လိုလုပ်ပြီး တော်ဝင်စာမေးပွဲ အောင်နိုင်မှာမို့လို့လဲ။ တော်ဝင်စာမေးပွဲ အောင်ဖို့ ဒီလောက် လွယ်နေရင် လူတိုင်း သွားဖြေကြမှာပေါ့"
ကျုံးလန်ဟွာက ရွဲ့စောင်းစောင်းလေသံဖြင့် လှောင်ပြောင်လိုက်သည်။
"အမလေး... နင့်ရဲ့ အားနည်းပြီး စုတ်ပြတ်တဲ့ သားမက်တောင် တော်ဝင်စာမေးပွဲ အောင်နိုင်သေးရင် ငါ့ရဲ့ သပ်သပ်ရပ်ရပ်နဲ့ ရုပ်ချောတဲ့ သမက်လေးက ဘာလို့ မအောင်နိုင်ရမှာလဲ။ ကောင်းကင်ကြီးမှာ မျက်စိရှိတယ်ဟဲ့"
"ကဲပါ... တော်ကြပါတော့၊ ရန်ဖြစ်မနေကြနဲ့ဦး။ သူတို့နာမည်တွေ စာရင်းထဲမှာ ပါမပါ အရင် သေသေချာချာ ကြည့်ကြပါဦး"
ဘေးနားရှိ လူတစ်ဦးက ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။
ကျုံးလန်ဟွာနှင့် ကျန်းကျောက်တိတို့က တစ်ယောက်ကိုတစ်ယောက် နှာခေါင်းရှုံ့လိုက်ကြပြီး စာရင်းပေါ်ရှိ နာမည်များကို အာရုံစိုက် ရှာဖွေလိုက်ကြသည်။
ကျန်းရိဟွမ်းကတော့ အစကတည်းက သူမတို့၏ ငြင်းခုံသံများကို စိတ်မဝင်စားဘဲ ရှောင်းယန်ချီ၏ အမည်ကိုသာ အသည်းအသန် လိုက်ရှာနေခဲ့သည်။ သူမက ပထမဆုံး နာမည်မှစပြီး အောက်သို့ တောက်လျှောက် ကြည့်ရှုလာခဲ့ရာ သူမ၏ မျက်နှာက တဖြည်းဖြည်းနှင့် ပို၍ ညိုမှောင်လာခဲ့သည်။
ကျုံးလန်ဟွာကတော့ မူလကတည်းက စာအများကြီးတတ်သူ မဟုတ်သဖြင့် စာရင်းကို ကြည့်ရင်း ပို၍ပင် ခေါင်းမူးလာကာ ဘေးနားရှိ ကျန်းရိဟွမ်းကို ဆွဲကိုင်လျက် မေးမြန်းလိုက်သည်။
"တွေ့ပြီလား... နင် သူ့နာမည်ကို တွေ့ပြီလား"
ကျန်းကျောက်တိကလည်း ကျန်းကျင့်နှင့် ကျန်းယင်းတိတို့ကို လှမ်းမေးရန် ပြင်လိုက်စဉ်မှာပင် ကျန်းယင်းတိက စာရင်း၏ အလယ်ဗဟိုဆီသို့ လက်ညှိုးထိုးပြရင်း အော်ပြောလိုက်သည်။
"ဟိုမှာ... ဝမ်ရှူရဲ့ နာမည်က... ဟိုမှာ ရှိနေတယ်"
"ဝမ်ရှူက စာရင်းထဲမှာ ပါတယ်ဟုတ်လား"
ကျန်းကျောက်တိက အံ့အားတကြီး ထပ်မံမေးမြန်းလိုက်သည်။
"သေသေချာချာ ပြန်ကြည့်စမ်းပါဦး၊ အဲ့ဒါ တကယ်ပဲလား"
ကျန်းကျင့်က ဝင်ရောက်ထောက်ခံပေးလိုက်သည်။
"ဒါ ကျွန်မရဲ့ ခဲအိုရဲ့ နာမည် အမှန်ပဲ"
"ပြီးတော့ ကျုံးချူရှန်းနဲ့ ချန်ပုယွိတို့ရဲ့ နာမည်တွေလည်း ပါတယ်"
ကျန်းယင်းတိက ထပ်ပြောပြနေသည်။
"ဒါပေမဲ့ သူတို့နာမည်တွေက နောက်နားမှာ။ ကျွန်မတို့ ဝမ်ရှူရဲ့ နာမည်ကတော့ အဆင့် သုံးဆယ်ကျော်မှာ ရှိနေတာ"
"ဘာပဲဖြစ်ဖြစ် စာရင်းထဲမှာ ပါတယ်ဆိုကတည်းက အကုန် အောင်တာပဲ၊ တူတူပဲ"
ကျန်းကျောက်တိက ဝမ်းသာအားရ ပြန်ပြောနေသည်။
"မတူဘူးလေ..."
ဘေးနားရှိ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်သည်။
"အဆင့်က ပိုမြင့်လေလေ၊ ပိုထူးချွန်လေလေပဲ။ အဒေါ်သမက်က အဆင့်သုံးဆယ်ကျော်မှာ ရှိနေတာဆိုတော့ သူက တကယ်ကို တော်တဲ့လူ ဖြစ်ရမယ်"
"ကျေးဇူးတင်ပါတယ်ရှင်၊ ကျေးဇူးတင်ပါတယ်၊ လူတိုင်းက တော်ကြပါတယ်"
ကျန်းကျောက်တိတစ်ယောက် ပါးစပ်ပင် မစိနိုင်အောင် ပြုံးပျော်နေရှာသည်။
သူမ ကိုယ်တိုင် ပျော်ရွှင်နေရုံသာမက ဘေးနားရှိ ကျုံးလန်ဟွာ၏ ပုပ်သိုးနေသော မျက်နှာကြီးကို မြင်နေရသဖြင့် သူ ပို၍ပင် စိတ်ချမ်းသာနေရသည်။
"နင့်သားမက်က စာမေးပွဲ မအောင်ဘူးလား။ စိတ်မပျက်ပါနဲ့ဟယ်၊ နောက်တစ်ခေါက်ကျရင် ပြန်ဖြေလို့ ရတာပဲ။ နင့်သားမက် စာမေးပွဲခန်းမထဲက ထွက်လာတုန်းက တစ်ကိုယ်လုံး နွမ်းလျနေပြီး သေလုမတတ် ဖြစ်နေတာလေ၊ အခုလို အသက်ရှင်လျက် ရှိနေတာကိုပဲ ကံကောင်းလှပြီ"
"ကျွန်မတို့ အစ်ကိုရှောင်းက မအောင်ဘူးလို့ ဘယ်သူပြောလဲ"
ကျန်းရိဟွမ်းက စာရင်းပေါ်ရှိ နာမည်တစ်ခုကို လက်ညှိုးထိုးပြလိုက်ရင်း ပြန်ချေပလိုက်သည်။
"သူ့နာမည်က ဟိုးအောက်နားမှာ ရှိနေတာလေ"
ကျန်းကျောက်တိက သူမ ညွှန်ပြရာ နေရာဆီသို့ လှမ်းကြည့်လိုက်သော်လည်း သူမက စာလုံးများကို မမှတ်မိသဖြင့် ဘေးနားရှိ ကျန်းယင်းတိကို ပြန်မေးလိုက်သည်။
"ကြည့်စမ်း... အဲ့ဒါ ရှောင်းချီရဲ့ နာမည် ဟုတ်လား"
"သူ့နာမည်ကတော့ ဟုတ်တယ်၊ ဒါပေမဲ့ သူက နောက်ဆုံးကနေ အောင်တာ"
"နောက်ဆုံးက ဟုတ်လား... ဟား ဟား... အရင်တုန်းကတော့ ကြွားလုံးထုတ်ခဲ့တာက သူက အနာဂတ်ရဲ့ ထိပ်တန်းပညာရှင်ကြီး ဖြစ်လာမယ့်လူဆိုလားပဲ၊ ပါရမီရှင်ကြီးဆို... အခုတော့ နောက်ဆုံးကနေ အောင်လာတာတဲ့"
ကျန်းကျောက်တိက တဟားဟားနှင့် ရယ်မောရင်း အလွန်အမင်း လှောင်ပြောင်နေပြန်သည်။
ကျုံးလန်ဟွာကတော့ အလွန်အမင်း ဒေါသထွက်သွားခဲ့ချေပြီ။
သူမက ရဲမက်များရှိရာသို့ အပြေးအလွှား သွားရောက်ပြီး မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီစာရင်းက တစ်ခုခု မှားယွင်းနေတယ်။ မရိုးသားမှုတွေ ရှိနေတာပဲ။ ရှင်တို့ မသမာမှုတွေ လုပ်ထားကြတာမလား"
ကျုံးလန်ဟွာက ဤမျှအထိ သတ္တိကောင်းကာ အစိုးရရုံးတော်ကိုပင် ရဲရဲတင်းတင်း သွားရောက်မေးမြန်းလိမ့်မည်ဟု ကျန်းရိဟွမ်းပင် မမျှော်လင့်ထားခဲ့ချေ။
သူမက အမြန် ရှေ့သို့ တက်သွားကာ ကျုံးလန်ဟွာကို ဆွဲကိုင်ရင်း တားဆီးလိုက်သည်။
"အမေ... လျှောက်မပြောပါနဲ့"
"ကျွန်တော်လည်း မေးပါရစေဦး၊ ဘာလို့ ရလဒ်စာရင်းက ဒီလိုမျိုး ဖြစ်နေရတာလဲ"
ရှောင်းယန်ချီကလည်း မလှမ်းမကမ်းတွင် ရပ်နေခဲ့ပြီး စာရင်းပေါ်ရှိ နာမည်များကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
'အရင်ဘဝတုန်းက ငါက ပထမအဆင့်နဲ့ အောင်မြင်ခဲ့တာလေ... အခုကျမှ ဘာလို့ နောက်ဆုံး ဖြစ်သွားရတာလဲ'
စာမေးပွဲမေးခွန်းများက ယခင်ဘဝကအတိုင်း ထပ်တူထပ်မျှ တူညီနေခဲ့ပြီး သူ၏ ဖြေဆိုမှုကလည်း ယခင်ကထက်ပင် ပိုမိုကောင်းမွန်ခဲ့သေးသည်။ ကျိုးဝမ်ရှူနှင့် ပတ်သက်သည့် မမျှော်လင့်ထားသော အချိုးအကွေ့များ ရှိခဲ့လျှင်ပင် ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာစရာ အကြောင်းရင်း မရှိချေ။
ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။ ဤစာရင်းတွင် ချို့ယွင်းချက် ရှိနေခြင်းပင်။
ရှောင်းယန်ချီက ရှေ့သို့ တက်လှမ်းကာ စာမေးပွဲဖြေဆိုသူများကို စတင် မေးခွန်းထုတ်လိုက်ရာ စာရင်းထဲတွင် နာမည်မပါဝင်ခဲ့သည့် ကျောင်းသားများကလည်း စာမေးပွဲအဖြေလွှာ စစ်ဆေးမှု လုပ်ငန်းစဉ်၏ တရားမျှတမှုအပေါ် သံသယများ စတင် ဝင်လာကြတော့သည်။
ဤအခြေအနေကို မြင်နေရသည့် ရဲမက်များကလည်း အလွန်အမင်း ဒေါသထွက်သွားကြသည်။
"မင်းတို့ကိုယ်မင်းတို့ ပညာရှင်တွေလို့ ပြောနေပြီးတော့ တကယ့်ကို အသိပညာကင်းမဲ့ပြီး အသုံးမကျတဲ့လူတွေပဲ။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကို ပြန်သုံးသပ်ရမယ့်အစား ခရိုင်အမတ်မင်းကိုတောင် မဟုတ်မမှန် စွပ်စွဲရဲကြတယ်ပေါ့လေ"
"တကယ်လို့ စစ်ဆေးမှုကသာ မျှတပြီး သန့်ရှင်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ဘာလို့ အသိမပေးနိုင်ရမှာလဲ"
ရှောင်းယန်ချီက စကားဝင်ထောက်လိုက်သည်။
"ကျွန်တော်တို့ရဲ့ စာမေးပွဲအဖြေလွှာတွေကို လူသိရှင်ကြား ထုတ်ပြပေးဖို့ တောင်းဆိုပါတယ်"
"ဟုတ်ပါတယ်၊ တခြားသူတွေကို ထားဦးတော့... ကျုံးချူရှန်းနဲ့ ချန်ပုယွိတို့လို လူမျိုးတွေတောင် စာရင်းထဲမှာ ပါနေတာက စာမေးပွဲရဲ့ တရားမျှတမှုကို သံသယဖြစ်စရာ ဖြစ်နေစေပါတယ်"
ကျောင်းသားတစ်ဦးကလည်း ဝင်ရောက် ပြောဆိုလာခဲ့သည်။
"ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ အဖြေလွှာတွေကို လူသိရှင်ကြား ထုတ်ပြပေးဖို့ တောင်းဆိုပါတယ်။ တကယ်လို့ ကျွန်တော်တို့က အရည်အချင်း ညံ့ဖျင်းခဲ့တယ်ဆိုရင်တောင် အနည်းဆုံးတော့ အမှန်တရားကို သိခွင့်ရှိသင့်ပါတယ်"
ထိုအချိန်တွင် ခရိုင်အမတ်မင်းချန်က ခရိုင်အစိုးရရုံးအတွင်းမှ ထွက်ပေါ်လာသည်။
လူတိုင်းက စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး ခရိုင်အမတ်မင်းချန် ရှိရာဘက်သို့ ဦးညွတ်ကာ ဂါရဝပြုလိုက်ကြသည်။
"မင်းတို့က စာမေးပွဲအဖြေလွှာတွေကို လူသိရှင်ကြား ထုတ်ပြစေချင်တာလား။ ငါက ဖြောင့်မတ်မှန်ကန်တဲ့လူမို့လို့ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဖြေဆိုသူအားလုံးရဲ့ စာမေးပွဲအဖြေလွှာတွေကို ထုတ်ယူခဲ့လိုက်ပါ"
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ရောက်ရှိလာချိန်တွင် ခရိုင်အစိုးရရုံးတော်၌ ဆူညံပွက်လောရိုက်နေခဲ့ပြီး စာမေးပွဲအဖြေလွှာများကိုလည်း လူသိရှင်ကြား ချပြထားပြီး ဖြစ်သည်။
အခြားကျောင်းသားများက အထင်သေးခဲ့ကြသည့် ကျုံးချူရှန်းနှင့် ချန်ပုယွိတို့၏ စာမေးပွဲအဖြေလွှာများက လူအများ အာရုံစိုက်ရာ နေရာ ဖြစ်လာခဲ့သည်။ သူတို့၏ အဖြေလွှာများကို မြင်တွေ့လိုက်ရချိန်တွင်တော့ အခြားသူများအနေဖြင့် သူတို့၏ ရှုံးနိမ့်မှုကို ကျေကျေနပ်နပ် ဝန်ခံလိုက်ကြရသည်။
၎င်းက အခြားသူများ မသိလိုက်ဘဲ အသုံးမကျဟု ထင်ရသော ထိုကျောင်းသားများက သိသိသာသာ တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သူတို့၏ အဖြေများက ပိုမိုနက်နဲ လေးနက်ရုံသာမက လက်ရေးကလည်း လှပလွန်းနေကာ သူတို့၏ လက်ရေးလက်သားများကို ကြည့်ရုံဖြင့် သူတို့ အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ကြကြောင်း ထင်ရှားပေါ်လွင်နေသည်။
စာရင်းထဲတွင် ပါဝင်သော ရာဂဏန်းမျှရှိသည့် ကျောင်းသားများက သူတို့၏ အရည်အချင်းကို သက်သေပြနိုင်ခဲ့ကြပြီး ရှောင်းယန်ချီတစ်ယောက်သာလျှင် ချွင်းချက် ဖြစ်နေခဲ့သည်။ သူ၏ စာမေးပွဲအဖြေလွှာက တော်တော်လေး ကောင်းမွန်နေပြီး ပထမအဆင့်ပင် ရနိုင်သော်လည်း သူ၏ လက်ရေးလက်သားကတော့ တစ်ချက်တစ်ချက်တွင် ကြီးလိုက်၊ ရံဖန်ရံခါ သေးလိုက်၊ တစ်ခါတရံ ထူလိုက်၊ ပါးလိုက်နှင့် ရှုပ်ပွနေခဲ့သည့်အပြင် အဖြေလွှာစာရွက်ဆီမှ ထူးဆန်းသော အနံ့အသက်တစ်ခု ထွက်ပေါ်နေသဖြင့် စာစစ်သူအရာရှိများအား အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
"စာမေးပွဲဖြေဆိုတဲ့ရက်တွေတုန်းက မင်း နေမကောင်းဖြစ်နေခဲ့တယ်လို့ ငါ ကြားတယ်။ ပြီးတော့ အမှတ်အသား မကျန်ခဲ့စေဖို့အတွက် မင်းက အိမ်သာကိုတောင် မသွားဘဲ အဲ့ဒီနေရာမှာတင် မစင်စွန့်ခဲ့တယ်ဆို။ မင်းရဲ့ စိတ်ဓာတ်ကတော့ ချီးကျူးဖို့ကောင်းပေမယ့် မင်းရဲ့ အပြုအမူကတော့ တကယ့်ကို အရှက်ရစရာပဲ။ မင်းရဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးခဲ့ရတဲ့ အစေခံတွေဆိုရင် ရွံလွန်းလို့ ရက်ပေါင်းများစွာ ထမင်းတောင်မစားနိုင်ခဲ့ကြဘူးဆိုတာ မင်း သိရဲ့လား။ တကယ်လို့ မင်းရဲ့ စာမေးပွဲအဖြေလွှာမှာသာ ဒီလောက်အထိ ကောင်းကောင်းမဖြေဆိုနိုင်ခဲ့ရင် မင်း နောက်ဆုံးအဆင့်ကနေတောင် အောင်မြင်မှာ မဟုတ်ဘူး"
ခရိုင်အမတ်မင်းချန်က ပြဿနာရှာတတ်သော ရှောင်းယန်ချီကို သဘောမကျသဖြင့် လုံးဝ ငဲ့ညှာခြင်းမရှိဘဲ လူတိုင်း၏ရှေ့တွင် သူ၏ အရှက်ရဖွယ် ကိစ္စရပ်ကို တိုက်ရိုက် ဖွင့်ချလိုက်သည်။
ရှောင်းယန်ချီ၏ မျက်နှာကြီးက အလွန်အမင်း မည်းမှောင်သွားခဲ့သည်။
သူ လွန်ခဲ့သော ရက်အနည်းငယ်က ထိုကိစ္စကို မေ့ပျောက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ယခုအခါတွင် ထိုအရာက တစ်ဖန် ပြန်လည် တူးဆွခြင်း ခံလိုက်ရချေပြီ။ ၎င်းက သေဆုံးသွားသောလူကို အုတ်ဂူထဲမှ ပြန်လည် တူးဖော်နေသကဲ့သို့ ခံစားရစေပြီ ဤကိစ္စကတော့ အထူးသဖြင့် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေလေသည်။
ရှောင်းယန်ချီက ကျိုးဝမ်ရှူ၏ စာမေးပွဲအဖြေလွှာကို အထူးတလည် လှမ်းကြည့်လိုက်သေးသည်။
ထိုအခါမှသာ သူ ကျိုးဝမ်ရှူကို အထင်သေးခဲ့မိကြောင်း သတိပြုမိသွားရသည်။
ကျိုးဝမ်ရှူ၏ စာမေးပွဲအဖြေလွှာက အလွန်အမင်း ထူးခြားပြောင်မြောက်ခြင်းမျိုး မရှိဘဲ သင့်တင့်ရုံမျှသာ ရှိသော်လည်း ဤကဲ့သို့သော သာမန်အဆင့်မျိုး ရှိနေခြင်းကပင် တော်တော်လေး ရှားပါးလှချေပြီဖြစ်ရာ သူ့အနေဖြင့် ရှို့ချိုင်ဘွဲ့အမည်ကို ရရှိရန်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
(T/n: ရှို့ချိုင်ခရိုင်အဆင့် စာမေးပွဲအောင်မြင်သူ)
သို့သော် သူလည်း လုံးဝ ရှုံးနိမ့်သွားခဲ့ခြင်း မဟုတ်ဘဲ ယခုတစ်ကြိမ်တွင် သူ ကံမကောင်းခဲ့ရုံမျှသာ ဖြစ်သည်။
နောက်တစ်ကြိမ်ဆိုလျှင်တော့ သူ၏ ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်မည်ဖြစ်ပြီး တစ်ဖက်လူကို ဤမျှအထိ မောက်မာနိုင်မည့် အခွင့်အရေးကို လုံးဝ ပေးတော့မည်မဟုတ်ချေ။
ရှောင်းယန်ချီအနေဖြင့် ဤရလဒ်ကို မတတ်သာဘဲ လက်ခံလိုက်ရသည်။
ရှောင်းယန်ချီတစ်ယောက် ဆက်လက်ဆူညံပွက်လောရိုက်ခြင်း မရှိတော့သည်ကို မြင်လိုက်ရသည်နှင့် ကျန်းကျောက်တိက ကိစ္စအဝဝ ပြေလည်သွားခဲ့ပြီမှန်း သိသွားခဲ့သည်။
သူမက ကျိုးဝမ်ရှူဘက်သို့ လှည့်ပြောလိုက်သည်။
"ငါ့ရဲ့ သမက်လေးနဲ့ မွေးစားသားနှစ်ယောက်က တကယ့်ကို တော်လွန်းတာပဲ။ ခါတိုင်းတော့ အေးအေးဆေးဆေး နေတတ်ပြီးတော့ အခုလိုမျိုး တကယ့်ကို အားကိုးရမယ့်လူ ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး”