← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃ အောင်ပွဲခံခြင်း

ထိုအချိန်တွင် ကျုံးမိသားစုနှင့် ချန်မိသားစုနှစ်ခုလုံးကလည်း တူညီသောအတွေးတစ်ခုကို တပြိင်တည်း တွေးမိနေကြသည်။

စာမေးပွဲအောင်စာရင်း ထွက်ပေါ်လာပြီးနောက် အစိုးရအရာရှိများက အောင်မြင်သူများ၏ မိသားစုများနှင့် မိတ်ဆွေများထံသို့ သတင်းကောင်းပါးရန် အိမ်တိုင်ရာရောက် လိုက်လံအကြောင်းကြားကြလေ့ရှိသည်။

ကျူံးမိသားစုရော၊ ချန်မိသားစုပါ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသည့်အတွက် အရာရှိများက ထိုမိသားစုနှစ်ခုထံသို့ သတင်းကောင်းသွားပြောရန် အလုအယက် ဖြစ်နေကြသည်။ ထို့ကြောင့် မိသားစုနှစ်စုလုံးက သူတို့၏သားများမှာ စာမေးပွဲ အောင်မြင်ခဲ့ပြီး ရှို့ချိုင်များ ဖြစ်လာသည့် သတင်းကို အလျင်အမြန် ရရှိလိုက်ကြသည်။

ကျုံးမိသားစု၏ အကြီးအကဲ လောင်းကစားဝိုင်း၌ ကဒ်ကစားနေချိန်တွင် ရဲမက်များက သတင်းကောင်းပြောရန် ရောက်ရှိလာကြသည်။ သူ လောင်းကြေးထပ်ရန် ပြင်နေစဉ်မှာပင် ထိုသတင်းကို ကြားလိုက်ရသောကြောင့် ကစားနေသည်ကို ချက်ချင်း ရပ်လိုက်ပြီး အခြားလောင်းကစားသမားများကိုလည်း မောင်းထုတ်လိုက်သည်။ သူက အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး လောင်းကစားရုံကို ပိတ်ကာ အိမ်သို့ အမြန်ပြန်ပြေးတော့သည်။ ထို့နောက် သူ့၏ချစ်လှစွာသောသားအတွက် အောင်ပွဲခံပွဲတစ်ခုကို ကျင်းပပေးရန် ကျုံးမိသားစုဝင်အားလုံးကို စုစည်းလိုက်သည်။

ချန်မိသားစု၏ အခြေအနေကလည်း အလားတူ ဖြစ်သည်။ သူတို့က ယခင်ကတည်းက ငွေကို ဖြုန်းတီးတတ်ပြီး အလွန်အကျွံ ပျော်ပါးတတ်သူများ ဖြစ်သော်လည်း ထိုသတင်းကို ကြားလိုက်သည်နှင့် သူတို့၏ ကပွဲခန်းမကို ပိတ်လိုက်ပြီး ဂုဏ်ပြုပွဲကျင်းပရန် ဆွေမျိုးများနှင့် မိတ်ဆွေများထံ ဖိတ်စာများ ပေးပို့လိုက်သည်။

ကျန်းကျောက်တိဘက်တွင်လည်း စူးမိသားစုဝင်အားလုံး၏ မျက်နှာထက်တွင် ပီတိအပြုံးများ ဝေဆာနေလေသည်။ အမျိုးသမီးများက မီးဖိုချောင်အတွင်းသို့ စုပြုံဝင်ရောက်သွားကြပြီး ကျိုးဝမ်ရှူ၏ ခရိုင်အဆင့်စာမေးပွဲ အောင်မြင်မှုကို ဂုဏ်ပြုရန်အတွက် အရသာရှိသော စားသောက်ဖွယ်ရာများကို အစွမ်းကုန် ကြိုးစားအားထုတ် ပြင်ဆင်နေကြသည်။

"ဝမ်ရှူက တကယ့်ကို တော်လွန်းတာပဲ။ ငါ့ရဲ့ ဝမ်ရှူလေးကို အသုံးမကျတဲ့လူလို့ ဘယ်သူက ပြောရဲသေးလဲဆိုတာ ကြည့်ချင်သေးတယ်။ တကယ်လို့ ငါတို့ ဝမ်ရှူလေးသာ အသုံးမကျဘူးဆိုရင် အဲ့ဒီ ရှောင်းမျိုးရိုးကောင်က ပိုလို့တောင် အသုံးမကျသေးတယ်"

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို အားရပါးရ ချီးမွန်းပြီး တစ်ဖက်လူကို ဝေဖန်ကဲ့ရဲ့နေခဲ့သည်။

"ကျုံးလန်ဟွာရဲ့ စောစောက မျက်နှာအမူအရာကို ကြည့်ရတာ တကယ့်ကို ရယ်ချင်စရာပဲ။ သူက သူ့သမက်က ဘယ်လောက်တောင် တော်တယ်၊ သူ့သားမက်က သေချာပေါက် ထိပ်တန်းပညာရှင် ဖြစ်လာမယ်ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်နေခဲ့တာလေ။ အခုကျတော့ ခရိုင်အဆင့် စာမေးပွဲမှာတောင် နောက်ဆုံးအဆင့်က ဖြစ်သွားရတယ်။ တကယ့်ကို မျက်နှာဖြတ်ရိုက်ခံလိုက်ရတာပဲ။ ဟား ဟား ဟား..."

"အမေ... ရှောင်းချီမှာ အရည်အချင်း နည်းနည်းတော့ ရှိတယ်။ တကယ်လို့ သူသာ ဝမ်းလျောမနေခဲ့ရင် ဒီလောက်အထိ နိမ့်ပါးတဲ့ အဆင့်မျိုးကို ရောက်သွားမှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက ဘေးမှ ဝင်ပြောလိုက်သည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းအိမ်များက နက်ရှိုင်းနေကာ အပြုံးတို့ကလည်း မျက်ဝန်းဆီသို့ ရောက်ရှိမနေခဲ့ချေ။

"ယောင်ကွမ်းက သူ့ကို တော်တော်လေး အထင်ကြီး လေးစားနေပုံပဲနော်"

"ဟက်... နင် စကားကို ကောင်းကောင်းမပြောတတ်ရင်လည်း လုံးဝ မပြောနဲ့။ ငါ ဆိုလိုတာက ဒီလူကို အထင်မသေးကြဖို့ပဲ။ သူက သဘောထား သေးသိမ်တဲ့လူ။ နင် သူ့ကို အရမ်း စော်ကားမိသွားရင် နောက်ကျရင် သူ နင့်အပေါ် ကလဲ့စားချေလာမှာကို သတိထားရမယ်"

"ကျွန်‌တော်က သူ့ကို ဘာမှ မလုပ်ခဲ့ဘူး၊ သူက ဘာလို့ ကျွန်တော့်ကို ကလဲ့စားချေရမှာလဲ"

"နင်က သူ့ကို လှောင်ပြောင်ခဲ့တယ်လေ၊ သူ့အတွက်တော့ အဲ့ဒါက စော်ကားခံရတာပဲ၊ အဲ့ဒီအချက်ကတင် သူ နင့်ကို ကလဲ့စားချေဖို့အတွက် လုံလောက်နေပြီ"

စူးယောင်ကွမ်းက ထပ်သတိပေးနေသေးသည်။

"ငါ ပြောပြမယ်၊ အဲ့ဒီလူရဲ့ နှလုံးသားက အပ်နဖားထက်တောင် ပိုသေးငယ်နေသေးတယ်၊ သူ့အနားကို မကပ်တာက အကောင်းဆုံးပဲ"

"ကောင်းပါပြီ၊ ကျွန်တော် သိပါပြီ"

မည်သို့ပင်ဖြစ်စေ စူးယောင်ကွမ်းက ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ကိုသာ ဒေါသထွက်စေချင်ခဲ့ခြင်းဖြစ်ပြီး ရှောင်းအမည်ရှိသော ထိုလူကိုတော့ လုံးဝ ဂရုမစိုက်တော့ချေ။

“ဒုန်း... ဝုန်း... ဒုန်း... ဒိုင်း...”

ကျုံးလန်ဟွာက အခန်းထောင့်ရှိ စားပွဲနှင့် ကုလားထိုင်အားလုံးကို ကန်ကျောက် ပစ်နေခဲ့သည်။

သူမက သူမ၏ ဒေါသများကို အပြင်းအထန် ဖွင့်ချနေခဲ့ပြီး အသက်ပင် မရှူနိုင်လောက်အောင် ဒေါသထွက်နေခဲ့သည်။

ကျန်းရိဟွမ်းကတော့ သူမ၏ ဘေးနားတွင် သတိကြီးစွာ ရပ်နေခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်စများက တွဲခိုနေရှာသည်။

ရှောင်းယန်ချီလည်း ဘာမှမတတ်နိုင်တော့ဘဲ သူမ၏လက်ကို ဆုပ်ကိုင်ကာ ရင်နာနာဖြင့် ဒီအတိုင်း ကြည့်နေခဲ့ရသည်။

ကျုံးလန်ဟွာက မိုးလင်းကတည်းက ယခုအချိန်အထိ တတွတ်တွတ် ဆဲဆိုနေခဲ့ပြီး ဒေါသများ ပေါက်ကွဲလာသည့်အခါ ပစ္စည်းများကို စတင်ရိုက်ခွဲနေခဲ့သည်။ ဈေးကြီးသောပစ္စည်းများ ကွဲကြေပျက်စီးသွားပါက နှမြောစရာ ဖြစ်မည်ကို သူမ သိထားသဖြင့် စားပွဲနှင့် ကုလားထိုင်များကိုသာ သီးသန့် ရွေးချယ်ကန်ကျောက်နေခြင်းပင်။ ထိုဆူညံသံများကြောင့် ကျန်းရိဟွမ်းက တုန်လှုပ်ခြောက်ခြားနေပြီး ထိတ်လန့်နေသော ယုန်သူငယ်လေးကဲ့သို့ မလှုပ်ရဲဘဲ ဖြစ်နေရှာသဖြင့် အမှန်တကယ်သနားစရာ ဖြစ်‌နေခဲ့သည်။

"ဘာပဲဖြစ်ဖြစ်... အနည်းဆုံးတော့ အခု ကျွန်တော်က ရှို့ချိုင်ဖြစ်သွားပြီပဲ။ ရှို့ချိုင် ဖြစ်လာတဲ့သူတိုင်း နောက်တစ်ကြိမ်ကျရင် ကျွီရန်အဆင့်ကို ဆက်ပြီး ဖြေဆိုနိုင်တယ်"

ရှောင်းယန်ချီက ဆက်ပြောနေသည်။

"အခုတစ်ကြိမ်က ကျွန်တော် နေမကောင်းဖြစ်သွားခဲ့လို့ပါ။ ကျွန်တော် နေပြန်ကောင်းလာတာနဲ့ ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး"

"နောက်တစ်ကြိမ် ဟုတ်လား။ နင်ကတော့ ပြောရတာ လွယ်တာပေါ့။ ငါ့အထင်တော့ နင်က အလကား သက်သက် ကတိတွေပေးနေတာပဲ။ တကယ်လို့ နင်သာ တစ်ခုခု ထပ်လုပ်ရင် ဘယ်လို အရှက်ရစရာမျိုးတွေ ထပ်ဖြစ်ဦးမလဲ မသိဘူး။ ငါ ပြောမယ် ရှောင်းမျိုးရိုး... နင်က တဖက်အိမ်ကလူတွေ ငါနဲ့ ငါ့သမီးကို ဒုက္ခပေးဖို့ လွှတ်လိုက်တဲ့လူလား။ မဟုတ်ရင် နင်က ဘာလို့ လမ်းတစ်ဖက်က အဲ့ဒီ သားအမိတွေကိုပဲ အမြဲတမ်း ကူညီပြီး ငါတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေရတာလဲ။ နင်က သူတို့ ငါတို့ကို တိုက်ခိုက်ဖို့ သုံးတဲ့ လက်နက်တစ်ခုလို ဖြစ်နေပြီ။ သူတို့ တစ်ချက်လောက် ရိုက်လိုက်တာနဲ့ ငါမှာ ရူးမတတ် ဖြစ်နေရပြီ"

"အမေ... ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပဲ၊ ကျွန်တော် အမေနဲ့ ဟွမ်းအာတို့ကို သေချာပေါက် ကောင်းမွန်တဲ့ ဘဝမျိုး ရအောင် လုပ်ပေးမှာပါ။ တခြားအရာတွေကို ခဏဖယ်ထားရင်တောင် အနည်းဆုံးတော့ အခု ကျွန်တော်က ရှို့ချိုင် ဖြစ်နေပြီပဲ"

ကျုံးလန်ဟွာက သူမ၏နှုတ်ခမ်းကို မဲ့လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည့် မျက်နှာအမူအရာမျိုး လုပ်ပြလိုက်သည်။

‘ဒီရှို့ချိုင်ဘွဲ့အကြောင်းတောင် စကားတောင် မဟစမ်းနဲ့။ ဒီအကြောင်း ပြောရုံနဲ့ ငါ ခေါင်း မဖော်ရဲဘူးဟဲ့’

ယခုအခါ မြို့ထဲရှိ လူတိုင်းက စာမေးပွဲဖြေဆိုသည့်ရက်များတွင် ရှောင်းယန်ချီက စာမေးပွဲခန်းမ၌ မစင်စွန့်ခဲ့ကြောင်း သိရှိသွားကြပြီဖြစ်ရာ လူများက သူ့ကို 'မစင်ရှို့ချိုင်' ဟုပင် နောက်ပြောင် သရော်နေကြချေပြီ။

အကယ်၍ သူမသာ တခြားသော အစ်မကြီးများ၏ ရှေ့၌ ကြွားဝါမိပါက သူတို့က သူမကို လှောင်ရယ်ကြပေလိမ့်မည်။ သူမ ပြန်ကြားရမည့်စကားက ဤသို့ ဖြစ်နေနိုင်သည်။

“ငါတို့ သိပါတယ်၊ နင့်သမက်က တကယ့်ကို ထူးခြားတဲ့လူပဲလေ။ သူက တော်ဝင်စာမေးပွဲဖြေတုန်းက မစင်စွန့်ခဲ့လို့ လူတိုင်းက သူ့ကို 'မစင်ရှို့ချိုင်' လို့ ခေါ်နေကြတာလေ"

ကျိုးဝမ်ရှူက အမိုးပေါ်တွင် ထိုင်နေရင်း အတွင်းမှ ထွက်ပေါ်လာသော ရယ်မောသံများနှင့် ခွက်ချင်းတိုက်သံများကို နားစွင့်နေခဲ့သည်။

ယနေ့က သူ့အတွက် နေ့ထူးနေ့မြတ် ဖြစ်သည်။ ကျန်းမိသားစုဝင် အစ်မကြီးများက သူက အရက်သောက်ရန် အရွယ်ငယ်လွန်းသေးသည်ဟု ဆိုကြသော်လည်း သူမတို့ကိုယ်တိုင်ကတော့ ပျော်ရွှင်စွာဖြင့် သောက်စားရယ်မောနေကြသည်။

စူးယောင်ကွမ်းကလည်း အမိုးပေါ်သို့ လှေကားမှတစ်ဆင့် တက်လာခဲ့သည်။

"သတိထားဦး"

ကျိုးဝမ်ရှူက မတ်တတ်ထရပ်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ သူမကို ဆွဲခေါ်လိုက်သည်။

"ခင်ဗျား အပေါ်ကို ဘာလိုက်လုပ်တာလဲ"

"နင်က ဒီနေရာမှာ အမြဲတမ်း ထိုင်ပြီး ကောင်းကင်ကြီးကို ကြည့်ရတာ သဘောကျနေတတ်မှန်း ငါ သိတယ်။ ဒီနေရာက ရှုခင်းက တကယ့်ကို လှလွန်းလို့ နင် ဘယ်တော့မှ ရိုးမသွားတာလို့ ငါ တွေးနေတာ။ ဒီလောက် ကောင်းမွန်တဲ့ ရှုခင်းမျိုး ရှိနေမှတော့ ငါလည်း သေချာပေါက် မျှဝေခံစားစေရမှာပေါ့"

စူးယောင်ကွမ်းက သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး အရက်အိုးလေးတစ်လုံးကို ကမ်းပေးလိုက်သည်။

"ရော့... ဒါက သစ်သီးအရက်လေ၊ သိပ်မပြင်းဘူး။ ငါ နင့်အတွက် တိတ်တိတ်လေး ယူလာခဲ့တာ၊ အမေ့ကို သွားမပြောနဲ့ဦး"

"ခင်ဗျားပဲ ကျွန်တော့်ကို အရက်မသောက်ရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ဒီနေ့က ထူးခြားတဲ့နေ့လေ။ နင် သောက်ချင်ရင် သောက်လို့ ရတယ်၊ ဒါပေမယ့် အများကြီးတော့ မသောက်နဲ့နော်"

စူးယောင်ကွမ်းက သူနှင့် ခွက်ချင်းတိုက်လိုက်ရင်း ထပ်ပြောလိုက်သည်။

"နင် စာမေးပွဲ အောင်ပြီးပြီဆိုတော့ ရှို့ချိုင် ဖြစ်လာပြီ၊ ငါတို့ အားလုံး တကယ့်ကို ဝမ်းသာနေကြတာ"

"အားလုံးက ကျွန်တော် စာမေးပွဲအောင်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးဖူးကြမှာ မဟုတ်ဘူးမလား"

ကျိုးဝမ်ရှူက ထပ်ပြောနေသေးသည်။

"ကျောင်းအုပ်ကြီးနဲ့ ဆရာတွေလည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားကြဘူး။ အစ်ကိုကျုံးနဲ့ အစ်ကိုချန်တို့ပါ စာမေးပွဲအောင်သွားတာကို မြင်တော့ သူတို့ ပိုပြီးတောင် အံ့အားသင့်နေကြသေးတယ်"

"အဲ့ဒီနှစ်ယောက်အပြင် ပြီးခဲ့တဲ့တစ်ခေါက်က နင်နဲ့အတူ ကျိကျူကစားခဲ့တဲ့ တခြားနှစ်ယောက်လည်း အောင်ကြတယ်မလား၊ နင်က ဒီရက်ပိုင်းအတွင်း အိမ်ပြန်မလာနိုင်လောက်အောင် စာကြိုးစားနေခဲ့တာလေ၊ အစားလည်း ကောင်းကောင်းမစား၊ အိပ်လည်း ကောင်းကောင်းမအိပ်ဘဲနဲ့ တကယ့်ကို ပင်ပန်းခံခဲ့တာပါ။ အရင်ကတော့ နင် ဟန်ဆောင်နေတာလို့ ငါ ထင်ခဲ့မိတာ။ ဒါပေမယ့် အခုမှပဲ နင် တကယ်ကို သေသေချာချာ ကြိုးစားခဲ့မှန်း သိရတော့တယ်"

"ကျွန်တော် စာမေးပွဲ အောင်မြင်ခဲ့တာတောင် ဘာလက်ဆောင်မှ မရဘူးလား"

ကျိုးဝမ်ရှူက သူ့လက်ဝါးကို ဖြန့်ပြရင်း ပြောလာသောကြောင့် စူးယောင်ကွမ်းက စိတ်မရှည်သလို မျက်နှာအမူအရာဖြင့် ပြန်ပြောလာသည်။

"လက်ဆောင်ကို အတင်းအကျပ် လာတောင်းတဲ့လူမျိုး ဘယ်သူရှိလို့လဲ"

"ကျွန်တော် ဂရုမစိုက်ဘူး၊ ခင်ဗျား ကျွန်တော့်ကို လက်ဆောင်ပေးရမယ်။ တကယ်လို့ ဒီနေ့ လက်ဆောင် မပြင်ဆင်ထားရသေးရင်လည်း မနက်ဖြန်ကျရင် အမှီပြင်ဆင်ပေးရမယ်"

ကျိုးဝမ်ရှူက မာန်ဝင့်သော အမူအရာဖြင့် ပြောလိုက်သည်။

စူးယောင်ကွမ်းက သူမ၏ အင်္ကျီလက်အထဲမှ သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်ရင်း ပြန်ပြောလိုက်သည်။

"ကျွန်မက မပြည့်စုံအောင် လုပ်ရဲပါ့မလား၊ သခင်လေးကျိုးရယ်... ရှင်က ဒီရက်ပိုင်းအတွင်း လူတိုင်းရဲ့ အသည်းကျော်‌လေး ဖြစ်နေတာလေ"

ကျိုးဝမ်ရှူက သေတ္တာလေးကို လှမ်းယူလိုက်ပြီး မျက်နှာပြင်ကို အသာအယာ ပွတ်သပ်ကြည့်နေလေသည်။

"ဖွင့်ပြီးတော့ ကြည့်လိုက်ဦးလေ"

စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။

"ငါ အကြာကြီး ရှာဖွေခဲ့ရတာ၊ ဒါပေမယ့် နင် ကြိုက်၊ မကြိုက်တော့ မသိဘူး။ တကယ်လို့ နင် မကြိုက်ဘူးဆိုရင်လည်း ငါ ပြန်ယူသွားပြီး တခြားတစ်ခုခုနဲ့ လဲပေးမယ်လေ"

ကျိုးဝမ်ရှူ သေတ္တာလေးကို ဖွင့်လိုက်ရာ အတွင်း၌ လက်မတွင် ဝတ်ဆင်ရသည့် ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။

ထိုကြက်သွေးရောင်ကျောက်စိမ်း လက်စွပ်က လတ်ဆတ်သော သွေးစက်အလား နီရဲတောက်ပနေပြီး အလွန် ထင်ရှားလွန်းကာ ဆွဲဆောင်မှုအပြည့် ရှိနေလေသည်။

အမျိုးသားအတော်များများက သူတို့၏ လက်မတွင် ကျောက်စိမ်းလက်စွပ်များ ဝတ်ဆင်လေ့ရှိကြသော်လည်း ကျောက်စိမ်းနီဖြင့် ပြုလုပ်ထားသည်ကိုတော့ သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အသက်ကြီးသော အမျိုးသားများက ကျောက်စိမ်းနက်ကို ပိုနှစ်သက်ကြပြီး လူငယ်များကတော့ ကျောက်စိမ်းဖြူကို ပိုသဘောကျတတ်ကြသည်။ ကျောက်စိမ်းနီကို ဝတ်ဆင်ရန်ကတော့ ထင်သလောက် မလွယ်ကူလှချေ။

ကျိုးဝမ်ရှူက ထိုလက်စွပ်ကို သူ၏ လက်မတွင် ချက်ချင်း စွပ်လိုက်သည်။

"တကယ့်ကိုပဲ... ဒီကျောက်စိမ်း လက်စွပ်က နင်နဲ့ အလွန် လိုက်ဖက်တာပဲ။ ငါ ဒါကို စမြင်လိုက်ကတည်းက နင့်ရဲ့ လက်မှာ ဝတ်ဆင်ထားရင် တကယ့်ကို လှပနေမှာပဲလို့ ငါ တွေးခဲ့တာ"

စူးယောင်ကွမ်းက ချီးကျူးလိုက်သည်။

ကျိုးဝမ်ရှူက ထိုလက်စွပ်ကို ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်တော် အရမ်း သဘောကျတယ်၊ ကျေးဇူးပါပဲ"

All Chapters