အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း ၁၈၄ ကျောင်းထုတ်ခံရခြင်း
ကျိုးဝမ်ရှူတစ်ယောက် စာသင်ခန်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာပင် အခြေအနေက တစ်ခုခု မမှန်မကန်ဖြစ်နေကြောင်း ချက်ချင်း ရိပ်မိသွားပြီး သူ့နောက်တွင် ရှိနေသည့် ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကို သံသယစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
ကျုံးချူရှန်းက သူ့အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ကပ်ပြောနေသည်။
"ကျောင်းအုပ်ကြီးက ရှောင်းယန်ချီကို ခေါ်ပြီး အကြီးအကျယ် ကြိမ်းမောင်းလိုက်တာလေ။ လူတွေ အများကြီး ကြားလိုက်ကြတယ်။ ရှောင်းယန်ချီကလည်း ဒေါသတကြီးနဲ့ စာသင်ကျောင်းကို နောက်တစ်ခါမလာတော့ဘူးလို့ ပြောသွားတယ်။ အခု သူက သူ့အဆောင်မှာ အဝတ်အစားတွေ သိမ်းနေလောက်ပြီ"
"အစ်ကိုကျန်း... ဒီရှောင်းယန်ချီက တကယ်ကို မောက်မာတာပဲ။ စာသင်ကျောင်းကို တကယ်ကြီး မလာတော့ဘူးတဲ့လား။ သူ့ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ဆိုရင် ကျုံးချူရှန်းနဲ့ ချန်ပုယွိတို့ကိုတောင် မမီဘူး။ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက သူ့ကို အတင်းဆွဲထားမယ်လို့ သူ ထင်နေတာလား။ ဒါပေမဲ့ အစ်ကိုကျန်း... ခင်ဗျားတို့ မိသားစုက ကျောင်းသားနှစ်ယောက်ကို ထောက်ပံ့နေရတာလေ။ တကယ်လို့ သူက စာမေးပွဲအောင်ပြီး ခင်ဗျားက မအောင်ရင် ခင်ဗျားက သူ့မျက်နှာ ကြည့်နေရတော့မှာ မဟုတ်ဘူးလား။ အခု သူက ခင်ဗျားညီမနဲ့ လက်ထပ်ထားတာဆိုတော့ ခင်ဗျားတို့ရဲ့ အစေခံလည်း မဟုတ်တော့ဘူး၊ မိသားစုဝင် ဖြစ်သွားပြီ။ ခင်ဗျားအမေ ရှာသမျှ ပိုက်ဆံတွေလည်း သူ့အတွက်ပဲ ကုန်သွားတော့မှာ။ ခင်ဗျား သတိထားမှဖြစ်မယ်၊ မဟုတ်ရင် မိသားစုစည်းစိမ်တွေ အလုခံရလိမ့်မယ်နော်"
ကျောင်းသားတစ်ဦးက ကျန်းယီဟွေ့ကို သွေးထိုးပေးလိုက်သည်။
ကျန်းယီဟွေ့က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"ငါက ကျန်းမျိုးရိုးပဲ။ သူက အိမ်ပါသမက် ဖြစ်လာရင်တောင် ငါ့ကို ကျော်တက်နိုင်ပါ့မလား။ ငါ့အမေက အခု သူ့ကို ရွံရှာနေပြီ၊ မိသားစုစည်းစိမ်ကို သူ့လက်ထဲ ဘယ်လိုလုပ် အပ်မှာလဲ။ အမှန်အတိုင်း ပြောရရင် ငါ စာမေးပွဲ မအောင်ရင်တောင် သူကတော့ မိသားစုရဲ့ ကြွယ်ဝမှုကို ဆက်ခံနိုင်မှာ မဟုတ်ဘူး"
"ဒါကတော့ ဟုတ်ပါတယ်။ ခင်ဗျားတို့ မိသားစုမှာ သားရှိတာပဲ၊ သမက်ဆိုတာ ဘာမို့လို့လဲ။ တချို့လူတွေက တော်ဝင်စာမေးပွဲ အောင်မြင်ရင်တောင် သွေးသားရင်းချာကိုတော့ ဘယ်ကျော်လွန်နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ်ကိုကျိုးကတော့ မတူဘူးပေါ့။ အစ်ကိုကျိုး... ခင်ဗျားရဲ့ဇနီးမှာ မောင်နှမ မရှိတော့ ခင်ဗျားကပဲ အဲ့ဒီမိသားစုရဲ့ ဒေါက်တိုင် ဖြစ်လာမှာပေါ့။ အဲ့ဒါအပြင် လူတိုင်းက ခင်ဗျားကို အရေးကြီးတဲ့ အချိန်ကျမှ အရည်အချင်းတွေ ထုတ်ပြလာတဲ့ မြင်းနက်တစ်ကောင်လို့ ပြောနေကြပြီ"
ကျိုးဝမ်ရှူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကျွန်တော်က ဘာမို့လို့လဲ။ အစ်ကိုယန် အဆင့်ဆယ့်နှစ်ရခဲ့တာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်က အထင်ကြီးစရာ ကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ အစ်ကိုယန်ပဲ ဖြစ်ရမယ်"
သူတို့ စာသင်ကျောင်းမှ ကျောင်းသား အများအပြား အောင်စာရင်းတွင် ပါဝင်ခဲ့ကြသော်လည်း အဆင့်အမြင့်ဆုံးမှာ ဘေးနားရှိ ဒုတိယတန်းခွဲမှ ယန်မျိုးရိုးရှိသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုသူက စကားနည်းပြီး မိတ်ဆွေသူငယ်ချင်း သိပ်မရှိသော်လည်း ဤတစ်ကြိမ်တွင် အထူးချွန်ဆုံး ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အဆင့်ရရှိခဲ့ခြင်းကြောင့် ကျောင်းတော်က သူ့အတွက် ကျောင်းလခကိုပင် ကင်းလွတ်ခွင့် ပေးလိုက်ပြီဟု ဆိုကြသည်။
သူတို့လူအနည်းငယ်အပြင် ကျောင်းတော်မှ တခြားလူ အယောက်နှစ်ဆယ်ခန့်လည်း အောင်စာရင်းတွင် ပါဝင်ခဲ့ကြသည်။ ဤအချက်ကပင် လူတိုင်းက ရှောင်းယန်ချီကို ဝိုင်းလှောင်ပြောင်နေကြသည့် အကြောင်းရင်း ဖြစ်နေခဲ့သည်။ အစပိုင်းတွင် လူတိုင်းက သူ စာမေးပွဲတွင် အမှန်တကယ် ထူးထူးချွန်ချွန် အောင်မြင်လိမ့်မည်ဟု ထင်မှတ်ပြီး မြှောက်ပင့်ခဲ့ကြသော်လည်း အဆုံးသတ်တွင်တော့ သူ့ကို မြှောက်ပင့်ခဲ့ကြသူများကပင် သူ့ထက် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိခဲ့ကြသည်။ ဤမျှကြီးမားသော ကွာခြားချက်ကြောင့် လူအများက သူ့ကို အရေးမပါသလို ဆက်ဆံကြသည်မှာ မဆန်းတော့ချေ။
"အစ်ကိုကျုံး... အစ်ကိုချန်... ကျွန်တော်တို့ တကယ် သိချင်လို့ပါ။ အရင်တုန်းက ခင်ဗျားတို့ရဲ့ စာပေလေ့လာမှုက ပုံမှန်အဆင့်ပဲ ရှိခဲ့တာလေ၊ အခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကောင်းကောင်း ဖြေဆိုနိုင်ခဲ့ကြတာလဲ"
လူတိုင်းက ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကို လှမ်းကြည့်လိုက်ကြသည်။
ကျုံးချူရှန်းနှင့် ချန်ပုယွိတို့က တစ်ယောက်နှင့် တစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ အကြည့်များက ရှေ့တွင် ရှိနေသည့် ကျိုးဝမ်ရှူထံတွင် ခဏမျှ ဝဲပျံသွားခဲ့သည်။
တော်ဝင်စာမေးပွဲမတိုင်မီ ကြုံတွေ့ခဲ့ရသည့် ပြင်းထန်လွန်းသော လေ့ကျင့်မှုများက ထိုညီအစ်ကိုနှစ်ယောက်၏ စိတ်ထဲတွင် စိတ္တဇဒဏ်ရာတစ်ခုလို စွဲကျန်ရစ်စေခဲ့သည်။ သူတို့လည်း သူတို့ အမှန်တကယ် အောင်မြင်လိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ကြချေ။ အစပိုင်းတွင် ကျိုးဝမ်ရှူက သူတို့ကို စာဖတ်ရန် အတင်းဖိအားပေးခဲ့ပြီး သူတို့ကလည်း ကျိုးဝမ်ရှူကို သွေးသစ္စာဆိုထားသည့် ညီအစ်ကိုရင်းချာဟု သတ်မှတ်ထားသဖြင့် သူတို့ ဒူးထောက်ကျသွားလျှင်ပင် သူ ပေးအပ်သည့် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဟု တွေးခဲ့ခြင်း ဖြစ်သည်။ သူတို့က ကျိုးဝမ်ရှူ၏ စေတနာကို မစော်ကားချင်ရုံသက်သက်သာ ဖြစ်သည်။ စာမေးပွဲဖြေဆိုပြီး အောင်စာရင်းထွက်လာလျှင်တော့ သူတို့က စာပေလေ့လာရန် အရည်အချင်းမရှိသူများဖြစ်ကြောင်း ကျိုးဝမ်ရှူ နားလည်သွားပြီး သူတို့လည်း လွတ်လပ်သွားလိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော် ယခု အောင်စာရင်း ထွက်လာချိန်တွင်မှသာ သူတို့၏ ငရဲခန်းအစစ်အမှန် စတင်လာခဲ့ခြင်းပင်။
မနေ့က သူတို့၏ မိသားစုများက အလားတူစကားမျိုးကို မှာကြားခဲ့ကြသည်။ ကျိုးဝမ်ရှူပြောသမျှကို နားထောင်ရန်၊ သူ ခိုင်းသမျှကို လုပ်ရန်နှင့် မနာခံပါက ခြေထောက်ရိုက်ချိုးခံရမည်ဟု ရာဇသံပေးလိုက်ကြသည်။
"စာမေးပွဲမဖြေခင်တုန်းက ငါတို့ လင်ယင်ဘုရားကျောင်းက မန်ကျူသျှီဗုဒ္ဓဆီမှာ ဆုတောင်းခဲ့ကြတာလေ"
ကျုံးချူရှန်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။
"အဲ့ဒီက မန်ကျူသျှီဗုဒ္ဓက ဆုတောင်း အရမ်းပြည့်တယ်လို့ ငါ ကြားဖူးခဲ့တာ။ အခုကြည့်ရတာတော့ တကယ်ပဲ ထင်ပါရဲ့။ ငါတို့ အချိန်ရရင် လင်ယင်ဘုရားကျောင်းကို ထပ်သွားပြီး ဒါနပြုရဦးမယ်"
"ဒါကြောင့်ကိုး... အိုက်ယား... ငါလည်း ဆုတောင်းခဲ့ရမှာ။ အရင်က သွားချင်ခဲ့ပေမဲ့ နေမကောင်းလို့ မသွားဖြစ်ခဲ့ဘူး"
တခြားသူများကလည်း အလွန် စိတ်ပျက်နေကြပြီး အားမလိုအားမရ ဖြစ်နေကြသည်။
ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကတော့ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။
'ဒီလူတွေက ငါတို့ရဲ့ အရည်အချင်းက သူတို့ထက် သာလွန်တယ်ဆိုတာကို ယုံကြည်ဖို့ထက် ဗုဒ္ဓဆီမှာ ဆုတောင်းခဲ့တာကြောင့်လို့ ယုံကြည်ချင်နေကြတာပဲ'
ဆရာများ စာသင်ခန်းထဲသို့ ရောက်လာပြီးနောက် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ ရှောင်းယန်ချီက ကျောင်းတော်၏ စာသင်သားတစ်ဦး မဟုတ်တော့ကြောင်း ကြေညာခြင်း ဖြစ်သည်။ ထို့အပြင် စာသင်သားများအနေဖြင့် ကျောင်းတော်၏ သင်ကြားမှုဆိုင်ရာ အကြောင်းအရာများကို သူ့ထံသို့ မပေါက်ကြားစေရန်နှင့် ကျောင်းတော်အတွင်းသို့လည်း ခေါ်မလာရန် ညွှန်ကြားခဲ့ကြသည်။
ထို့နောက်တွင်တော့ ဆရာများက အောင်စာရင်းတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားများကို ချီးမွမ်းစကား ဆိုကြပြီး အထူးသဖြင့် ကျိုးဝမ်ရှူနှင့် ကျုံးချူရှန်းတို့ကို ထည့်သွင်းချီးကျူးခဲ့ကြသည်။
ထိုအချိန်တွင် ထောင်ယောင်ဖန့်၌ စူးယောင်ကွမ်းက ဆိုင်တွင် ဝယ်သူအနည်းငယ်သာ ကျန်တော့သဖြင့် ဆိုင်ပိတ်ရန် ပြင်ဆင်နေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် လမ်းတစ်ဖက်ခြမ်းမှ ရန်ဖြစ်သံများကို ကြားလိုက်ရသဖြင့် သူမက လှုပ်ရှားမှုများကို ရပ်တန့်ကာ ခဏမျှ လှမ်းကြည့်လိုက်ရာ ကျန်းယီဟွေ့က ရှောင်းယန်ချီကို အပြင်သို့ တွန်းထုတ်ပြီး တတွတ်တွတ် ဆဲဆိုနေသည်ကို မြင်လိုက်ရသည်။
"မင်း... ရှောင်းမျိုးရိုး၊ ဒီကနေ ထွက်သွားစမ်း။ ဒီနေရာက မင်းကို မကြိုဆိုဘူး"
"ဒါက ငါ့အိမ်လည်း ဟုတ်တယ်လေ။ မင်းက ဘာလို့ ငါ့ကို နှင်ထုတ်ရတာလဲ"
ရှောင်းယန်ချီကလည်း ဒေါသတကြီး ပြောအော်နေသည်။
"မင်းအိမ် ဟုတ်လား။ ဟား ဟား... မင်းက ကျွန်တစ်ယောက်ပဲ။ မင်းရဲ့ ရုပ်ချောချောနဲ့ နှုတ်ချိုချိုကို သုံးပြီး ငါ့အမေကို လှည့်စားပြီးတော့ ငါ့ညီမနဲ့ လက်ထပ်ခဲ့တာ။ အခုတော့ ငါ့နေရာကိုပါ လုဖို့ ကြံစည်နေသေးတယ်ပေါ့"
ကျန်းယီဟွေ့က အထင်သေးသော မျက်နှာအမူအရာဖြင့် ထပ်ပြောလိုက်သည်။
"ငါတို့ ကျန်းမိသားစုမှာ ကျန်းမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆက်ခံဖို့ သားယောက်ျားလေး ရှိပြီးသား။ မင်းလို အပြင်လူတစ်ယောက်က ငါတို့ရဲ့ အမွေအနှစ်ကို လောဘတက်နေဖို့ မလိုဘူး"
"အမေ... အမေကရော အဲ့ဒီလိုပဲ တွေးနေတာလား"
ရှောင်းယန်ချီက ကျုံးလန်ဟွာကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
ကျုံးလန်ဟွာက ခဏတာ တွေဝေသွားပြီးနောက် ဘေးတွင်ရပ်နေသော ကျန်းယီဟွေ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သွားကို တင်းတင်းစေ့ကာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါ့မှာ သားတစ်ယောက် ရှိပြီးသားပဲ။ မိသားစုရဲ့ ပိုင်ဆိုင်မှုူအားလုံးက သူ့အတွက်ပဲ။ တခြားသူတွေကမှ သားယောက်ျားမရှိလို့ အိမ်ပါသမက်ကို ခေါ်ကြတာ၊ ငါ့မှာ သားရှိနေတာပဲ။ မင်းတို့ ဒီမှာ ဆက်နေတာက မဖြစ်သင့်တော့ဘူး။ အရင်တုန်းက မင်းတို့နှစ်ယောက် အိမ်ထောင်ပြုခါစဖြစ်နေလို့ ငါက မင်းတို့ အိမ်တစ်အိမ် ပြင်ဆင်ဖို့ အချိန်ပေးတာ၊ ဒါပေမယ့် အခုတော့ အချိန်တော်တော် ကြာနေပြီ။ အခု အပြင်ကို ပြောင်းနေဖို့ အချိန်တန်ပြီ"
ကုန်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်ရောက်လာသည့် ကျန်းရိဟွမ်းက သူတို့ စကားများနေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ကြားဝင်ဖျန်ဖြေပေးလိုက်သည်။
"အမေ... အစ်ကို... ကျွန်မတို့ စိတ်အေးအေးနဲ့ တိုင်ပင်ကြမယ်လေ။ အားလုံးက မိသားစုဝင်တွေလေ၊ သူများတွေ ဝိုင်းရယ်နေကြပါဦးမယ်"
"ဟွမ်းအာ... မင်းနဲ့ ရှောင်းချီ လက်ထပ်ထားတာ ကြာပြီ။ မင်းတို့ ပြောင်းသွားသင့်ပြီ"
ကျုံးလန်ဟွာက လုံးဝ အလျော့မပေးဘဲ ဆက်ပြောလိုက်သည်။
"ဒီနေ့ ဒီမှာ ပြောတာက အတည်ပဲ၊ အခုကစပြီး ပြင်ဆင်ထားကြတော့"
"အမေ... ဒါက ကျွန်မတို့အိမ်လေ၊ အမေက ဘယ်ကို ပြောင်းခိုင်းချင်တာလဲ"
ကျန်းရိဟွမ်းက မယုံနိုင်သည့်အကြည့်ဖြင့် ပြန်မေးလိုက်သည်။
"ကျွန်မသာ မရှိရင် ဒီဆိုင်ကရော ဖွင့်နိုင်ပါ့မလား"
ဆိုင်ဖွင့်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများ၊ ဆိုင်ကို ပြုပြင်မွမ်းမံပေးသည့် အလုပ်သမားများနှင့် ပါးနီမှုန့်နှင့် မျက်နှာချေမှုန့်များ ထုတ်လုပ်ရန် တာဝန်ယူပေးထားသည့် ယန်ချွမ်းတို့အားလုံးက ကျန်းရိဟွမ်း၏ အဆက်အသွယ်များသာ ဖြစ်သည်။ ပို၍တိတိကျကျ ပြောရလျှင် ဤဆိုင်က ကျန်းရိဟွမ်း၏ ကိုယ်ပိုင်ဆွဲဆောင်မှုကြောင့်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤနေရာရှိ အရာအားလုံးက သူမကို ကူညီပေးချင်ကြသည့် လူငယ်လေးများ၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ကျုံးလန်ဟွာက ငွေတစ်ပြားမျှ စိုက်ထုတ်ပေးခြင်း မရှိသလို အလုပ်ပင်ပင်ပန်းပန်း လုပ်ပေးခဲ့ခြင်းလည်း မရှိခဲ့ပေ။ သို့သော် သူမက ဆိုင်ရှင်အဖြစ် ဂုဏ်ပုဒ်ကို အလကားရယူထားပြီး ယခုတွင်တော့ သူမကိုပါ အပြင်သို့ နှင်ထုတ်ရန် ကြံစည်နေခဲ့သည်။ ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို ပထမဆုံးအကြိမ် မြင်ဖူးသလို ခံစားလိုက်ရပြီး သူမ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေရှာသည်။ သူမ၏အမေက တခြားမိခင်များနှင့် မတူဟု သူမ ထင်မှတ်ထားခဲ့သည်။ မိခင်ဖြစ်သူက သူမ၏အစ်ကိုကို ပိုချစ်သည်ဆိုလျှင်တောင် သူမအပေါ်တွင်လည်း မဆိုးဝါးဟု ထင်ထားမိခဲ့သည်။ အနည်းဆုံးတော့ အစ်ကိုဖြစ်သူကဲ့သို့ တန်းတူအခွင့်အရေး မရလျှင်ပင် တစ်ဝက်တစ်ပျက်တော့ ရလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိသည်။
"မင်း ဘာပြောလိုက်တာလဲ"
ကျန်းယီဟွေ့က မောက်မာစွာ ဝင်ပြောလိုက်သည်။
"ငါတို့သားအမိက မင်းကို မှီခိုနေရတယ်လို့ ပြောချင်တာလား၊ မင်း မရှိရင် ငါတို့ မလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ကောင်းပြီလေ... အခုကစပြီး ဒီဆိုင်မှာ မင်းကို မလိုအပ်တော့ဘူး"
ကျန်းရိဟွမ်းတစ်ယောက် ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ်ပင် ဖြစ်သွားရသည်။
ရှောင်းယန်ချီက ကျန်းရိဟွမ်းကို တွဲထိန်းပေးလိုက်ပြီးနောက် သူမကို ခပ်တိုးတိုးမေးလိုက်သည်။
"ဟွမ်းအာ... ဒီဆိုင်ရဲ့ မြေပိုင်ဆိုင်မှုစာချုပ်နဲ့ စာရွက်စာတမ်းတွေမှာ ဘယ်သူ့နာမည်ကို ရေးထားတာလဲ"