အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း ၁၈၅ ရွေးချယ်မှု
ကျိုးဝမ်ရှူ သူ့၏ စာအုပ်သေတ္တာကို ထမ်းကာ ပြန်ရောက်လာချိန်တွင် စူးယောင်ကွမ်းတစ်ယောက် အိမ်ထဲသို့ မဝင်ဘဲ တံခါးဝတွင် ရပ်နေကာ လမ်းတစ်ဖက်ခြမ်းဆီသို့ ချောင်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ကျိုးဝမ်ရှူက သူမ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်ရင်း သူမကို တိုးတိုးလေး ကပ်မေးလိုက်သည်။
"ဘာကြည့်နေတာလဲ"
"ရှူး..."
စူးယောင်ကွမ်းက သူမ၏နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အမူအရာ ပြလိုက်သည်။
"ပွဲကြည့်နေတာ"
ထိုအချိန်တွင် ဖုန်းဟွာကော့၏ အရှေ့၌ ရှောင်းယန်ချီက မြေပိုင်ဆိုင်မှုစာချုပ်နှင့် စာရွက်စာတမ်းများပေါ်မှ မည်သူ့ကို မေးမြန်းနေပြီး ကျန်းရိဟွမ်း၏ မျက်နှာက သူ့မေးခွန်းကြောင့် ပိုဖြူဖျော့သွားတော့သည်။
ရှောင်းယန်ချီအနေဖြင့် သူမ၏ အဖြေကို နားထောင်နေစရာမလိုဘဲ ရလဒ်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ကျန်းမိသားစုက ကျန်းယီဟွေ့ကို အထွတ်အမြတ်ထားကြပြီး ကျုံးလန်ဟွာကလည်း သူ့ကိုသာ အလိုလိုက်ခဲ့သည်။ ကျန်းရိဟွမ်းက အနည်းငယ် ပါးနပ်လိမ္မာသည်ဆိုသော်လည်း စည်းရုံးရလွယ်ကူပြီး မိဘအပေါ် အလွန်သိတတ်သည့် သမီးတစ်ဦး ဖြစ်သည်။ ကျုံးလန်ဟွာ၏ တိုက်တွန်းမှုကြောင့် ဤဆိုင်ကို ကျန်းယီဟွေ့၏ နာမည်ဖြင့်သာ မှတ်ပုံတင်ထားခဲ့ခြင်း ဖြစ်နိုင်ချေ များနေလေသည်။ ဆိုင်၏ အတွင်းအပြင် ကိစ္စရပ်အားလုံးတွင် ကျန်းရိဟွမ်းကသာ အများဆုံး အလုပ်လုပ်ရသူ ဖြစ်ပြီး စိုးရိမ်ပူပန်စရာအားလုံးကို တာဝန်ယူထားခဲ့သည်။ ကျန်းရိဟွမ်းသာ မရှိပါက ဤဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့မည် မဟုတ်သလို ငွေကြေးလည်း ရှာဖွေနိုင်ခဲ့မည် မဟုတ်ချေ။ သို့သော် ယခုတွင်တော့ သူမ မည်သည့်အရာကိုမျှ မရနိုင်တော့ချေ။
ရှောင်းယန်ချီအနေဖြင့် မကျေမနပ် ဖြစ်နေသော်လည်း လက်ရှိအချိန်တွင် သူ ဘာမျှ မတတ်နိုင်တော့ပေ။
သူက ဝမ်းနည်းပလက် ဖြစ်နေသော ကျန်းရိဟွမ်းကို တွဲထူပေးလိုက်ပြီး ကျုံးလန်ဟွာကို လှမ်းပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဟွမ်းအာ ဒီနှစ်တွေတစ်လျှောက် ရှာဖွေခဲ့သမျှ ငွေတွေကို အမေတို့ဆီ အကုန်အပ်ခဲ့တာပဲလေ။ ကျွန်တော်တို့ကို လက်ဗလာနဲ့တော့ ထွက်သွားခွင့် မပြုသင့်ဘူး။ မိသားစုစည်းစိမ်ကို ခွဲဝေမယ်ဆိုရင်တောင် ကျွန်တော်တို့လည်း ဝေစုတစ်စု ရသင့်တာပေါ့။ ကျွန်တော် နန်းတွင်းစာမေးပွဲ အောင်မြင်တဲ့အခါ ယောက္ခမဖြစ်တဲ့ အမေ့ရဲ့ ကျေးဇူးကို သေချာပေါက် မေ့မှာ မဟုတ်သလို အမေတို့အပေါ် တင်ရှိသမျှ အကြွေးတွေကိုလည်း တစ်ပြားမကျန် ပြန်ဆပ်ပါ့မယ်"
"သူ အိမ်ထောင်မပြုခင်တုန်းက ရှာခဲ့တဲ့ ပိုက်ဆံမှန်သမျှက မိသားစုပိုင်တာပဲ။ သူ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ဒီဆိုင်က ငါ့ဆိုင်ဖြစ်သွားပြီဆိုတော့ သူ ရှာတဲ့ ပိုက်ဆံကလည်း ငါ့ပိုက်ဆံပဲပေါ့"
ကျန်းယီဟွေ့က ရှောင်းယန်ချီကို ကြည့်ကာ မောက်မာဝါကြွားစွာ ပြန်ပြောလိုက်သည်။
"မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ မင်းက ငါ့ညီမနဲ့ လက်ထပ်ခဲ့တယ်ဆိုပြီး ဒီဆိုင်ကို လုယူချင်နေတာ။ ငါ့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ချင်လို့ပဲ မဟုတ်ဘူးလား"
"အစ်ကို... ကျွန်မနဲ့ အစ်ကိုရှောင်းတို့ကျတော့ရော"
ကျန်းရိဟွမ်းက ဝမ်းနည်းပက်လက် ဝင်ပြောနေရှာသည်။
"ကျွန်မတို့ကို ဒီအတိုင်း ငတ်ပြီး သေခိုင်းတော့မှာလား"
ကျုံးလန်ဟွာကတော့ သမီးဖြစ်သူအတွက် အနည်ငယ် သနားစိတ် ဝင်သွားခဲ့သည်။
သူမက သားဖြစ်သူကို အလိုလိုက်သည်ဆိုသော်လည်း ကျန်းရိဟွမ်းကလည်း သူမ၏ သမီးအရင်း ဖြစ်သည့်အပြင် နှစ်ပေါင်းများစွာအတွင်း ကျန်းရိဟွမ်းကသာ သူမအတွက် ဆုံးဖြတ်ချက်များ ချပေးခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် သမီးဖြစ်သူ၏ စီစဥ်မှုများအတိုင်း နေသားကျနေခဲ့ပြီ ဖြစ်သည်။
"ဟွေ့အာ... ဘာပဲပြောပြော မင်းညီမက ဒီမိသားစုအတွက် အများကြီး ပေးဆပ်ခဲ့တာပဲ။ ငါတို့တွေ အရမ်း ရက်စက်လို့ မရဘူး။ ဒီလိုလုပ်ရင်ရော... သူတို့ အိမ်ငှားနေဖို့အတွက် လျန်ငါးဆယ်လောက် ပေးလိုက်ကြမယ်လေ"
"အမေ အသက်ကြီးလာရင် ကျွန်တော်ကို အားကိုးချင်သေးလား"
ကျန်းယီဟွေ့က ကျုံးလန်ဟွာကို စူးစိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
ကျုံးလန်ဟွာက အကြည့်လွှဲသွားခဲ့ပြီး ကျန်းရိဟွမ်းကို ဆက်မကြည့်တော့ချေ။
ကျန်းရိဟွမ်းကတော့ ဒေါသထွက်ရုံသာ တတ်နိုင်တော့သည်။
သူမ၏ စိတ်ဒဏ်ရာ ပြင်းထန်သွားသဖြင့် သူမ တစ်ကိုယ်လုံး ပျော့ခွေသွားကာ ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ လဲကျသွားခဲ့သည်။
ရှောင်းယန်ချီက သူမကို အလျင်အမြန် ဖမ်းထိန်းလိုက်ပြီး ကျုံးလန်ဟွာနှင့် ကျန်းယီဟွေ့တို့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်တော့ နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေလေသည်။
"မြစ်ရဲ့အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်ရဲ့ အနောက်ဘက်မှာ အနှစ်သုံးဆယ်ပဲ။ ဒီနေ့ ခင်ဗျားတို့ ကျုပ်တို့ကို အထင်သေးခဲ့ပေမယ့် တစ်နေ့ကျရင် ကျုပ်တို့ ပြန်လာဖို့ ဒူးထောက်တောင်းပန်ရစေရမယ်"
ရှောင်းယန်ချီက အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး ကျန်းရိဟွမ်းကို ပွေ့ချီကာ ထွက်ခွာလာခဲ့သည်။
သို့သော် သူ လှည့်ထွက်လိုက်ချိန်တွင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို မြင်လိုက်ရသည်။
စူးယောင်ကွမ်းက တစ်ရက်ထက်တစ်ရက် ပိုလှပချောမောလာပြီး ဆွဲဆောင်မှု ပိုရှိလာသည်။ ကျိုးဝမ်ရှူက သူမဘေးတွင် ရပ်နေပြီး သူမက သူ့အပေါ် လုံးဝယုံကြည်အားကိုးသည့်ဟန်ဖြင့် မှီတွယ်ထားရာ ကြည့်ရသည်မှာ ငှက်ငယ်လေးတစ်ကောင် နားခိုနေသည့်အလားပင်။
ကျိုးဝမ်ရှူက ခန့်ညားပြီး စူးယောင်ကွမ်းကလည်း အလှပိုင်ရှင်တစ်ဦး ဖြစ်သဖြင့် သူတို့နှစ်ဦးက အမှန်တကယ် လိုက်ဖက်ညီလှသော ဇနီးမောင်နှံနှင့် တူနေခဲ့သည်။
ရှောင်းယန်ချီအတွက်လည်း စူးယောင်ကွမ်း၏ ရှေ့တွင် အမြဲတမ်း အရှက်ရစရာများနှင့်သာ ကြုံတွေ့နေရသဖြင့် အတိတ်ဘဝမှ မှတ်ဉာဏ်များ ရှိနေသော သူ့အဖို့ ယခုအခြေအနေက အလွန်ပင် သိက္ခာကျစရာ ဖြစ်နေပြန်သည်။ သို့သော်လည်း စူးယောင်ကွမ်းတွင် ထိုမှတ်ဉာဏ်များ မရှိသည်ကို သူ သတိရမိသွားပြန်သည်။ သူမ၏မျက်လုံးထဲတွင် သူက သူမတို့၏ ကမ္ဘာမကြေရန်သူ၏ သမက်တစ်ဦးမျှသာ ဖြစ်ပြီး သူ၏ အရှက်ရမှုများက သူမနှင့် မသက်ဆိုင်ချေ။ ထို့ကြောင့် သူ ဘာမျှမဖြစ်သလို ဟန်ဆောင်ပြီး သူမတို့ဘေးမှ မောက်မာစွာ ဖြတ်လျှောက်သွားခဲ့သည်။
သူ၏ ခြေထောက်များ မည်မျှ တောင့်တင်းနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး မည်မျှအေးစက်နေသည်ကိုတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
စူးယောင်ကွမ်းမရှိဘဲ သူ ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက သူမ မရှိလျှင် သူ၏ဘဝက မည်မျှရှုပ်ထွေးဆိုးဝါးနေမည်ကို သက်သေပြနေခဲ့သည်။ သူ အမြဲတမ်း တမ်းတခဲ့ရသည့် အမျိုးသမီးဖြစ်သော ကျန်းရိဟွမ်းနှင့် လက်ထပ်ခဲ့ရခြင်းကပင် အဓိပ္ပာယ်မရှိသလို ခံစားရစေသည်။
ကျန်းရိဟွမ်းနှင့် လက်ထပ်ခဲ့ရသည့် သူ၏ ပျော်ရွှင်မှုများက ကြာရှည်မခံခဲ့ပေ။ မင်္ဂလာဦးညတွင်ပင် သူက စူးယောင်ကွမ်းကို သတိရမိနေခဲ့ပြီး ကျန်းရိဟွမ်းကို ပစ်ထားကာ သူမဆီသို့ ပြေးသွားချင်စိတ်များပင် ပေါက်ခဲ့မိသေးသည်။
"ဘာတွေ ကြည့်နေကြတာလဲ"
ကျန်းကျောက်တိက အထဲမှ ထွက်လာရင်း လှမ်းမေးလိုက်သည်။
"နင်တို့ ဒီနားမှာ ရပ်နေတာ ကြာလှပြီ။ တံခါးစောင့်နတ်ရုပ်တွေများ ဖြစ်သွားကြပြီလား"
"အမေ... ဟိုဘက်မှာ တကယ့်ကို ပွဲကောင်းကြီး ဖြစ်သွားတာ။ အမေတော့ လွတ်သွားပြီ"
စူးယောင်ကွမ်းက စတင် ဖောက်သည်ချနေပြီ ဖြစ်သည်။
"စောစောကလေ..."
စူးယောင်ကွမ်းတစ်ယောက် တတွတ်တွတ်နှင့် စောစောက သူမ မြင်တွေ့ခဲ့ရသည့် ဇာတ်လမ်းကို ကျန်းကျောက်တိအား အစအဆုံး ပြန်ပြောပြနေသည်။
ကျန်းကျောက်တိက စူးယောင်ကွမ်းကို အံ့ဩမှင်တက်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ငါက အရင်တုန်းက ကျုံးလန်ဟွာကို တော်တော် ပါးနပ်တယ်လို့ ထင်ထားခဲ့တာ။ ငါ သူနဲ့ ရန်ဖြစ်ဖို့ နည်းလမ်းအမျိုးမျိုး သုံးခဲ့ပေမယ့် ငါက အနိုင်နည်းပြီး အရှုံးများခဲ့တာလေ။ အခုမှပဲ သူ့ရဲ့ ဦးနှောက်က မကောင်းဘူးဆိုတာ သိတော့တယ်။ အဲ့လိုလူမျိုးကို ရှုံးခဲ့ရတယ်ဆိုတော့ ငါက သူထက်တောင် ပိုပြီး တုံးအနေခဲ့တာလား"
"သူ့ရဲ့ ဦးနှောက်က မကောင်းလို့ပဲ သမီးတို့လို လူတွေရဲ့ ပုံမှန်အတွေးအခေါ်က သူ့အတွေးကို လိုက်မမီနိုင်တာပေါ့။ အမေ သူ့ကို ရှုံးခဲ့တာ မဆန်းပါဘူး၊ ပုံမှန်လူက အရူးကို ဘယ်လိုလုပ် အနိုင်ရမှာလဲ"
"အေး... နင်ပြောတာလည်း ဟုတ်တာပဲ"
ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။
"ဝမ်ရှူ... မင်း စိတ်မပူနဲ့နော်၊ အမေ့မှာ သမီးဆိုလို့ ယောင်ကွမ်းတစ်ယောက်တည်း ရှိတာ။ အမေပိုင်သမျှ အရာအားလုံးက မင်းတို့နှစ်ယောက်လုံးရဲ့ အပိုင်ပဲ"
ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အမေက ကျုံးလန်ဟွာမှ မဟုတ်တာ။ အမေ့မှာ သားတစ်ယောက် ရှိလာရင်တောင် အမေက သူ လုပ်သလိုမျိုး ကျွန်တော့်တို့အပေါ် ရက်ရက်စက်စက် ဆက်ဆံမှာ မဟုတ်ပါဘူး"
"မင်းက တကယ်ကို ငါ့ရဲ့ သမက်ကောင်းလေးပဲ။ အမေ မင်းကို အလကား အလိုလိုက်ခဲ့တာ မဟုတ်ဘူးပဲ"
ကျန်းကျောက်တိက ကျိုးဝမ်ရှူကို ပိုပိုပြီး သဘောကျလာတော့သည်။
"တော်သေးတာပေါ့... အဲ့ဒီတုန်းက ယောင်ကွမ်းက မင်းကို ရွေးခဲ့လို့ပဲ"
"အမေ... အိမ်ထဲဝင်ရအောင်"
ကျန်းကျောက်တိက သူတို့နှစ်ဦး၏ ဘေးမှ လိုက်ပါလာရင်း စပ်စပ်စုစု မေးမြန်းနေသေးသည်။
"သူတို့ ဒီည ဘယ်မှာ အိပ်ကြမလဲ မသိဘူးနော်။ ကျုံးလန်ဟွာကတော့ တကယ့်ကို ရက်စက်တာပဲ။ တည်းခိုဖို့ နေရာလေးတောင် စီစဥ်မပေးဘူး"
"မြို့ထဲမှာ စုတ်ပြတ်နေတဲ့ ဘုရားကျောင်းပျက်တွေ ရှိတာပဲ။ ဒီညတော့ အဲ့ဒီမှာပဲ ဖြစ်သလို အိပ်ကြမှာပေါ့... မနက်ဖြန်အတွက်ကတော့ ဘယ်သူသိမလဲ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သေးသည်။
"ဘာပဲဖြစ်ဖြစ် သူတို့မှာ ခြေရော လက်ရော ရှိနေတာပဲ။ အလုပ်လုပ်ဖို့ အတွေးရှိရင်တော့ ငတ်ပြတ်အေးခဲပြီး သေဆုံးမှာ မဟုတ်ပါဘူး"
"ကျုံးလန်ဟွာကတော့ တစ်နေ့နေ့ နောင်တ ရရလိမ့်မယ်။ သူ့ရဲ့ဆိုင်က ပုံမှန်ဆို ကျန်းရိဟွမ်းကိုပဲ အမှီပြုပြီး လည်ပတ်နေရတာ။ ကျန်းရိဟွမ်းသာ မရှိရင် အဲ့ဒီဆိုင်က ရက်အနည်းငယ်ထက် ပိုခံမှာ မဟုတ်ဘူး"
"အရေးကြီးဆုံးက ကျန်းယီဟွေ့က လူကောင်းမဟုတ်တာပဲ။ ဒါပေမဲ့ သူတို့မိသားစုထဲမှာလည်း လူကောင်းဆိုလို့ တစ်ယောက်မှ မရှိပါဘူးလေ။ သူတို့နဲ့ ယှဥ်လိုက်ရင် ဒီကျန်းယီဟွေ့က လူကောင်း မဟုတ်ရုံတင်မကဘူး။ လူလေလူလွင့်တစ်ယောက်ပဲ"
စူးယောင်ကွမ်းက ထပ်ရှင်းပြနေသေးသည်။
"သူ ပြည့်တန်ဆာအိမ်တွေနဲ့ လောင်းကစားအိမ်တွေထဲကနေ ထွက်လာတာကို သမီးကိုယ်တိုင် မြင်ဖူးတယ်"
ကျိုးဝမ်ရှူက သူ့နှာခေါင်းကို သာသာလေး ပွတ်သပ်နေလေသည်။
ကျန်းယီဟွေ့ လောင်းကစားအိမ်များသို့ ရောက်သွားရခြင်းက သူနှင့် အပြည့်အဝ သက်ဆိုင်နေချေသည်။
သို့သော်လည်း သူက ထိုလူ လမ်းမှားရောက်အောင် အနည်းငယ်မျှသာ မြှူဆွယ်ခဲ့ခြင်းဖြစ်ပြီး ကျန်းယီဟွေ့က ထိုထောင်ချောက်ထဲသို့ တကယ်ကြီး သက်ဆင်းသွားကာ ယခုအခါ ထိုနေရာ၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အကယ်၍ ကျုံးလန်ဟွာသာ အသိဉာဏ် အနည်းငယ်ရှိပါက ကျန်းယီဟွေ့ လောင်းကစားရန်အတွက် ငွေများကို ခဏခဏ ခိုးယူနေသည်ကို ရိပ်မိနေလောက်ပြီ ဖြစ်သည်။ နှမြောစရာကောင်းလှသည်က ကျုံးလန်ဟွာထံတွင် ထိုကဲ့သို့ အသိတရားမျိုး မရှိဘဲ အသိတရားရှိသည့် တစ်ဦးတည်းသောသူ ကျန်းရိဟွမ်းကိုလည်း သူမကိုယ်တိုင် မောင်းထုတ်ပစ်ခဲ့ပြီး ဖြစ်သည်။
ထောင်ယောင်ဖန့်၏ ကံကြမ္မာက သူတို့နှင့် မသက်ဆိုင်သော်လည်း ကျန်းမိသားစု ပိုဆင်းရဲမွဲတေလေလေ ကျန်းကျောက်တိက ပို၍ ပျော်ရွှင်လေလေ ဖြစ်သည်။
ကျန်းကျောက်တိက သူမကိုယ်သူမ သဘောထားသေးသိမ်ပြီး အမြင်ကျဥ်းမြောင်းသူတစ်ဦး ဖြစ်ကြောင်း ပွင့်လင်းစွာ ဝန်ခံနိုင်သည်။ သူမ၏ ရန်သူများ ဒုက္ခရောက်သည်ကို မြင်ရလျှင် သူမအတွက် ထမင်းသုံးပန်းကန် ပိုစားနိုင်သည်ဟု ရယ်မောကာ ပြောလေ့ရှိသူ ဖြစ်သည်။
"အမေ... တော်ပြီ၊ ဆက်မစားနဲ့တော့"
စူးယောင်ကွမ်းက ကျန်းကျောက်တိကို လှမ်းတားလိုက်သည်။
"ဒီနေ့ စိတ်အခြေအနေ ဘယ်လောက်ပဲ ကောင်းနေပါစေ။ ဒီလောက်အများကြီး မစားသင့်ဘူးလေ။ အစာမကြေဖြစ်ရင် နေရထိုင်ရ ခက်လိမ့်မယ်"
"ကိစ္စမရှိပါဘူး။ မွေးစားအမေက အစားအသောက် ပျက်တာမှ မဟုတ်တာ... ပိုစားပါစေ။ ကျွန်မဆီမှာ အစာကြေဆေးတွေ ရှိပါတယ်"
ကျန်းကျင့်က ဝင်ပြောလိုက်သည်။
"မွေးစားအမေ... ကြိုက်သလောက် စားပါ၊ နေမကောင်းမဖြစ်အောင် ကျွန်မ သေချာ ဂရုစိုက်ပေးပါ့မယ်"
"ငါက ကံကောင်းတယ်လို့ပဲ ပြောရတော့မယ်။ ငါ့သမီးနဲ့ သမက်ကလည်း သိတတ်တယ်၊ မွေးစားသမီးကလည်း လိမ္မာတယ်၊ အပြင်က မွေးစားသားတွေကလည်း ငါ့အပေါ် အရမ်းရိုသေကြတယ်။ ငါဘဝက ကျုံးလန်ဟွာထက် အဆပေါင်းများစွာ ပိုပြီး ပျော်စရာ ကောင်းတယ်"
ကျန်းကျောက်တိက ထိုသို့ ပြောလိုက်သော်လည်း ထပ်မစားတော့ချေ။
"ခဏနေရင် ပြဇာတ်သွားကြည့်ကြမယ်။ ဒီည ပြဇာတ်အသစ် ကပြမှာ... ငါတို့လည်း တခြားလုပ်စရာ ကိစ္စမရှိတဲ့ အတူတူ ပြဇာတ် သွားကြည့်ပြီး စိတ်အပန်းဖြေကြတာပေါ့"