← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆ ဝယ်ယူရေးအရာရှိ

စူးယောင်ကွမ်း နောက်ဖေးခြံဝင်းထဲတွင် ကုန်ပစ္စည်းအသစ်များကို စမ်းသပ်ဖော်စပ်နေစဥ် ကျန်းကျင့်က အထဲသို့ ဝင်လာခဲ့သည်။ သူမက ကျန်းကျင့်ကို လှမ်းခေါ်လိုက်ပြီး ပြောပြလိုက်သည်။

"မြန်မြန်လာပါဦး... ငါ အသစ်လုပ်ထားတဲ့ နှုတ်ခမ်းနီအသစ်ရဲ့ အရောင်လေးကို လာကြည့်ပေးပါဦး"

ကျန်းကျင့်ကတော့ စိုးရိမ်တကြီး ဖြစ်နေဟန်ဖြင့် သူမကို အပြင်သို့ ဆွဲခေါ်ရင်း ပြောပြနေသည်။

"ဆိုင်ထဲကို တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတဲ့လူတွေ ရောက်နေတယ်၊ ဘယ်သူမှလည်း သူတို့ကို အဆင်ပြေအောင် မကိုင်တွယ်နိုင်ကြဘူး။ အစ်မကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်"

စူးယောင်ကွမ်းက နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် ပြန်မေးလိုက်သည်။

"သူတို့က ဘယ်သူတွေမို့လို့လဲ"

"ကျွန်မလည်း သေသေချာချာတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ သူတို့ကို ကျင်းလဲ့ဖုန့်ရဲ့ သခင်လေး စွေ့ရုန်က ခေါ်လာတာ။ ကြည့်ရတာတော့ တော်တော်လေး ကိုင်တွယ်ရခက်မယ့်ပုံပဲ"

ကျန်းကျင့်က ပြန်ရှင်းပြနေသည်။ သူမတို့ စကားပြောနေရင်း စူးယောင်ကွမ်းလည်း ဆိုင်၏ အရှေ့ခန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမက နှုတ်ခမ်းနီနှင့် မျက်နှာချေမှုန့်များကို လုပ်နေခဲ့သဖြင့် သူမ၏ အဝတ်အစားများက ရိုးရိုးရှင်းရှင်းနှင့် အလုပ်လုပ်ရန် သက်သောင့်သက်သာရှိသော ပုံစံမျိုး ဖြစ်နေခဲ့သည်။

သူမ ဆိုင်၏ ပင်မခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် အလွန်တရာ လှပချောမောသော သခင်လေးစွေ့ရုန်ကို မြင်တွေ့လိုက်ရသည်။

သူ့ကို 'အလွန်တရာ လှပချောမောသည်' ဟု တင်စားရခြင်းမှာ သူက နုပျိုပြီး စိုပြည်သော အသားအရေ၊ ဖြူစင်ဝင်းပပြီး နုနယ်သော ရုပ်အဆင်းနှင့် စကားပြောနေသည့်အလား ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ သူက အဝတ်အစား ဆင်ယင်မှုကိုလည်း အလွန်ဝါသနာပါပုံရပြီး အမြဲတမ်း တန်ဖိုးကြီး အဝတ်အထည်များကိုသာ ဝတ်ဆင်လေ့ရှိရာ သူ့ကို ကြည့်ရသည်က အပြစ်ဆိုဖွယ်မရှိသော ကျောက်စိမ်းဖြူတုံးတစ်တုံးကဲ့သို့ ပြီးပြည့်စုံမှုကို အစဥ်အမြဲ ရှာဖွေနေသူတစ်ဦးမှန်း သိသာနေသည်။

ထိုကဲ့သို့သော လူမျိုးများက စူးယောင်ကွမ်းကဲ့သို့ 'ပေစုတ်စုတ်' နေတတ်သူများကို အမုန်းဆုံး ဖြစ်သည်။ အထူးသဖြင့် ကျင်းလဲ့ဖုန့်က စူးယောင်ကွမ်း၏ လက်ချက်ကြောင့် ဆုံးရှုံးမှုအကြီးအကျယ် ကြုံတွေ့ခဲ့ရဖူးသဖြင့် သူက သူမကို ပို၍မုန်းတီးနေခဲ့သည်။

စူးယောင်ကွမ်း၏ အကြည့်များက စွေ့ရုန်၏ဘေးတွင် ရပ်နေသော လူငယ်များဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုလူငယ်များကလည်း အတော်လေး ရုပ်ရည်ချောမောကြသော်လည်း အနည်းငယ် မိန်းမဆန်သော အမူအရာ ရှိနေကြသည်။

"မွန်မြတ်တဲ့ ဧည့်သည်တော်တွေ ရောက်လာတာကိုစောစောစီးစီး မနှုတ်ဆက်မိတာ တောင်းပန်ပါတယ်၊ ပျက်ကွက်မှုရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါရှင်"

စူးယောင်ကွမ်းက အပြုံးလေးဖြင့် စတင်နှုတ်ဆက်လိုက်သည်။

"သခင်လေးစွေ့... ကျွန်မကို ဒီမွန်မြတ်တဲ့ ဧည့်သည်တော်တွေနဲ့ မိတ်ဆက်ပေးမလို့လားဟင်"

စွေ့ရုန်က အထင်သေးသော မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"မွန်မြတ်တဲ့ ဧည့်သည်တော်တွေတော့ ရောက်လာပြီ၊ ဒါပေမဲ့ သူတို့ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မလား ဆိုတာကတော့ ဆိုင်ရှင်စူးရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"

စွေ့ရုန်က စူးယောင်ကွမ်းကို ခနဲ့လိုက်ပြီးနောက် သူ့ဘေးမှ လူများကိုတော့ ယဥ်ကျေးပျူငှာစွာ လှမ်းပြောနေလေသည်။

"လေးစားရတဲ့ ဝယ်ယူရေးအရာရှိမင်းတို့ခင်ဗျာ... ထောင်ယောင်ဖန့်က ကျွန်တော်တို့ ဒေသမှာ အကျော်ကြားဆုံး မျက်နှာချေဆိုင်ပါ။ ဆိုင်ရှင်စူးကလည်း လက်ရာကောင်းတယ်လို့ နာမည်ကြီးတာမို့လို့ သူက အရာရှိမင်းတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဝယ်ယူရေးအရာရှိ ဟုတ်လား"

စူးယောင်ကွမ်းက ဘေးမှလူများကို လှည့်မေးလိုက်သည်။

"ဝယ်ယူရေးအရာရှိဆိုတာ ဘာလဲဟင်"

ကျန်သူများက ခေါင်းခါပြနေကြသည်။

"မင်းက တကယ့် တောကျတာပဲ၊ ဝယ်ယူရေးအရာရှိဆိုတာ ဘာလဲတောင် မသိဘူး"

စွေ့ရုန်က အထင်သေးနေသည့် မျက်လုံးများဖြင့် ပြောပြနေသည်။

"ဝယ်ယူရေးအရာရှိဆိုတာ နန်းတွင်းက တော်ဝင်မိသားစုနဲ့ မင်းမျိုးမင်းနွယ်တွေအတွက် ကုန်ပစ္စည်းတွေ ရှာဖွေပေးရတဲ့ အရာရှိကြီးတွေပဲ။ တစ်ခါတရံမှာ တော်ဝင်မျိုးနွယ်တွေက နန်းတွင်းက ပစ္စည်းတွေကို ငြီးငွေ့လာတဲ့အခါ အပြင်က ရှားပါးတဲ့ ပစ္စည်းအသစ်အဆန်းတွေကို ရှာခိုင်းတတ်ကြတယ်။ အခု ဝယ်ယူရေးအရာရှိမင်းတွေက နန်းတွင်းက သခင်တွေအတွက် ထူးခြားဆန်းသစ်တဲ့ ပါးနီမှုန့်နဲ့ မျက်နှာချေမှုန့် အမြောက်အမြားကို ဝယ်ယူချင်လို့တဲ့လေ။ ထောင်ယောင်ဖန့်က ဒီက ဒေသခံတွေကို အားရကျေနပ်အောင် လုပ်ပေးနိုင်တယ်ဆိုတော့ ငါက ဝယ်ယူရေးအရာရှိမင်းကို နင့်ဆိုင်ဆီ ခေါ်လာပေးတာ။ ဆိုင်ရှင်စူး... ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲနော်၊ မင်း ဘယ်လို ဆုပ်ကိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

"ဪ... ဒီလိုကိုး"

ထိုလူများက နန်းတွင်းအတွက်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ စူးယောင်ကွမ်းက အခြေအနေကို သဘောပေါက်သွားပြီး ထိုလူများကိုလည်း သေသေချာချာ အကဲခတ်လိုက်သည်။

သူတို့က မိန်းမဆန်သည်ဟု သူမ ထင်ခဲ့မိခြင်းမှာ သူတို့အားလုံးက နန်းတွင်းမှ မိန်းမစိုးများ ဖြစ်နေကြသောကြောင့်ပင်။

ဝယ်ယူရေးအရာရှိများထဲမှ တစ်ဦးက သူ၏ နုနယ်သော လက်ချောင်းလေးများကို ကော့ပြရင်း စပြောလိုက်သည်။

"ဒါက ဒီဒေသမှာ အကောင်းဆုံး ပါးနီးမှုန်နဲ့ မျက်နှာချေမှုန့်ဆိုင်ဆိုမှတော့... ငါတို့ စစ်ဆေးရအောင် အကောင်းဆုံးပစ္စည်းတွေကို ထုတ်ပြစမ်း"

ကျန်းကျောက်တိနှင့် ကျန်းယင်းတိတို့က ဆိုင်တွင် အရောင်းရဆုံးဖြစ်သော ပါးနီးမှုန်နှင့် မျက်နှာချေမှုန့်အစုံအလင်ကို ထုတ်ယူလာကြသည်။

ဝယ်ယူရေးအရာရှိများကလည်း ထိုနေရာတွင်ပင် ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေကြသည်။

"နေရာသေးသေးလေးကတော့ နေရာသေးသေးလေးအတိုင်းပဲ။ ဒီလို သာမန်အလှကုန်တွေကိုများ အမွှမ်းတင်ပြီး ချီးမွမ်းနေကြသေးတယ်။ တကယ့်ပဲ ငါတို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေကြတာပဲ"

ခေါင်းဆောင်ဖြစ်သူ ဝမ်ကွေ့က သူ ကိုင်ထားသည့် ပစ္စည်းကို အထင်သေးဟန်ဖြင့် ပြန်ချလိုက်သည်။

ကျန်းကျောက်တိက စိတ်ထဲမှ မကျေမနပ်ဖြစ်သွားသော်လည်း ထိုလူများက နန်းတွင်းမှလာသူများ ဖြစ်နေသဖြင့် ဘာတစ်ခွန်းမှ ထုတ်မပြောရဲချေ။

စူးယောင်ကွမ်းကတော့ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မတို့ရဲ့ ဆိုင်က သေးသေးလေးဆိုတော့ မြို့တော်က ကျွမ်းကျင်ပညာရှင်တွေ လုပ်တဲ့ ပါးနီးမှုန်၊ မျက်နှာချေမှုန်တွေနဲ့တော့ ဘယ်နှိုင်းယှဥ်လို့ ရပါ့မလဲရှင်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ သင်းပျံ့တဲ့ အမွှေးနံ့သာတချို့ကို ဖော်စပ်ထားတာတော့ ရှိပါတယ်။ အရာရှိမင်းတို့အနေနဲ့ စိတ်အပန်းပြေစေဖို့ အဝတ်အစားတွေမှာ အမွှေးနံ့စွဲအောင် သုံးကြည့်လို့ ရပါတယ်ရှင့်"

စူးယောင်ကွမ်းက စကားပြောရင်း ကျားချွန်းနီကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ကျားချွန်းနီက ဆိုင်တွင် အရောင်းရဆုံးဖြစ်သော အမွှေးနံသာများကို ချက်ချင်း ယူဆောင်လာခဲ့သည်။

ထို့နောက် စူးယောင်ကွမ်းက ကျန်းကျောက်တိကို အလှပြင်ပစ္စည်း အစုံအချို့ အမြန်သွားယူခိုင်းလိုက်ပြီး ဝယ်ယူရေးအရာရှိများအား မြို့တော်သို့ ပြန်ယူသွားကာ စဥ်းစားနိုင်ရန်အတွက်ဟု ပြောကာ လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။

ဝယ်ယူရေးအရာရှိများကို လိုက်လံပို့ဆောင်ပြီးနောက် ကျန်းကျောက်တိက နှမြောတသသော မျက်နှာအမူအရာဖြင့် ညည်းတွားလိုက်သည်။

"သူတို့က ဘာမှလည်း မဝယ်ဘဲနဲ့... ငါတို့ရဲ့ အကောင်းဆုံး ပစ္စည်းတွေကို အလကား ဖြုန်းတီးပစ်လိုက်ရတယ်"

"သူတို့က နန်းတွင်းအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေလေ။ သူတို့ သဘောကျရင်တောင် တကယ် ပိုက်ဆံပေးပြီး ဝယ်မယ်လို့ အမေ ထင်လို့လား"

စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။

"သူတို့ သဘောကျမသွားတာကမှ ပိုကောင်းသေးတယ်။ သမီးတို့က ဆိုင်သေးသေးလေးနဲ့ လုပ်ကိုင်စားသောက်နေတာ။ အဲ့ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ မပတ်သက်ချင်ပါဘူး။ အခုတော့ ကုန်ပစ္စည်းအနည်းငယ်ပဲ ဆုံးရှုံးလိုက်ရတာလေ။ အခုက ငွေကုန်ကြေးကျခံပြီး ဘေးဆိုးကြီးတစ်ခုကို ရှောင်ကွင်းနိုင်ခဲ့တာပဲ မဟုတ်ဘူးလား"

"ကျင်းလဲ့ဖုန့်က သခင်လေးက စိတ်ကောင်းဝင်ပြီး ငါတို့ကို အလုပ်လာမိတ်ဆက်ပေးတာလို့ ငါ ထင်ခဲ့တာ။ တကယ်တော့ သူက ငါတို့ဆီကို ပြဿနာတွေ သယ်လာပေးတာပဲ"

"ဒီနန်းတွင်းကလူတွေသာ တစ်ခုခုကို သဘောကျသွားရင် နောက်ဆို အလကားလာယူဖို့ ဒီဆိုင်ကို ခဏခဏ လာကြလိမ့်မယ်။ သခင်လေးစွေ့က ဘယ်တုန်းက စိတ်ကောင်းရှိဖူးလို့လဲ။ သူက တခြားသူဆီ အကုန်လွှဲပေးဖို့ ကြံစည်နေတာပဲ"

"ဒါဆိုရင်လည်း သူတို့ကို ဘာလို့ အဲ့ဒီလောက် အများကြီး ပေးလိုက်ရတာလဲ"

ကျန်းကျောက်တိက ထပ်မေးလိုက်သည်။

"သူတို့ ကြိုက်သွားရင်တောင် ပိုက်ဆံပေးမှာမဟုတ်ဘူးဆိုတာ သိနေရက်နဲ့... ပိုပြီး အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကိုပဲ ပေးလိုက်ရမှာပေါ့"

"သမီးတို့ အလကားပေးလိုက်တဲ့ ပစ္စည်းတွေက ဆိုင်မှာ အရောင်းရဆုံးပစ္စည်းတွေချည်းပဲ၊ ဒါက သာမန်အရပ်သူအရပ်သားတွေ ကြိုက်နှစ်သက်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နန်းတွင်းကလူတွေဆိုတာ အမြဲတမ်း မျက်နှာကြီးကြောတင်းပြီး မောက်မာတတ်ကြတယ်၊ အရပ်သားတွေ သုံးတဲ့ပစ္စည်းမျိုးကို သူတို့က ဘယ်လိုလုပ် စိတ်ပါလက်ပါ သုံးပါ့မလဲ။ သမီးက သူတို့ပါးစပ် ပိတ်သွားအောင်နဲ့ သမီးတို့ဆိုင်ကို လာပြီး ပြဿနာမရှာနိုင်အောင်လို့ ဟန်ပြသက်သက်ပဲ ပေးလိုက်တာပါ။ ကဲ... အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ၊ မလန့်ကြပါနဲ့"

ဝယ်ယူရေးအရာရှိများ ထွက်ခွာသွားပြီးနောက် စူးယောင်ကွမ်းက ကုန်ပစ္စည်းအသစ်များကို စမ်းသပ်ဖော်စပ်ရန် နောက်ဖေးခြံဝင်းသို့ ပြန်ဝင်သွားခဲ့သည်။

ဆိုင်၏ အရှေ့ခန်းတွင်တော့ ကျန်းကျောက်တိက ဝယ်သူတစ်ဦးနှင့် အားရပါးရ စကားလက်ဆုံကျနေခဲ့သည်။

"ဆိုင်ရှင်အစ်မကြီး... ဟိုဘက်လမ်းက မိန်းမကြီးကျုံးလန်ဟွာက သူ့သမီးနဲ့ သမက်ကို အိမ်ပေါ်က မောင်းချလိုက်တဲ့ကိစ္စကို အစ်မကြီး ကြားပြီးပြီလား"

ကုန်ပစ္စည်းများကို ရွေးချယ်နေသည့် ဘေးမှ အမျိုးသမီးတစ်ဦးက လှမ်းမေးလိုက်သည်။

ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။

"သိတာပေါ့... အစ်မဝမ်ရဲ့။ ငါတို့က မျက်နှာချင်းဆိုင်မှာ နေတာဆိုတော့ ဟိုဘက်မှာ ဘာဖြစ်ပျက်နေလဲဆိုတာ အကုန်သိတာပေါ့။ ဒါနဲ့ အစ်မဝမ်က ဘာလို့ ရုတ်တရက်ကြီး ဟိုဘက်လမ်းကဆိုင်အကြောင်းကို ပြောလာရတာလဲ"

"မနေ့က ငါ အဲ့ဒီဘုရားပျက်နားက ဖြတ်သွားတော့ အဲ့ဒီလူငယ်ဇနီးမောင်နှံလေးတွေ ကြမ်းပြင်မှာ အိပ်နေကြတုန်းပဲ။ ညသန်းခေါင်လောက်မှာ သူတောင်းစားတချို့ ဝင်လာလို့ ကောင်မလေးက လန့်ပြီး ငိုတောင်ငိုနေရှာတယ်လို့ ကြားခဲ့သေးတယ်"

အဒေါ်ဝမ်က သူမ သိလာသမျှကို ပြန်ပြောပြနေသည်။

"အိုက်ယား... သနားစရာကောင်းလိုက်တာ။ အိမ်ပေါ်က မောင်းချခံရတာ ရက်အတော်ကြာနေပြီကို ဘာလို့ အဲ့ဒီဘုရားပျက်ထဲမှာပဲ နေနေကြတာလဲ။ သူတို့က ကလေးတွေလည်း မဟုတ်တော့ဘူး၊ လက်ရော ခြေရော အကောင်းပကတိ ရှိနေကြတာပဲ။ အလုပ်ရှာဖို့တောင် မသိကြဘူးလား"

"လူတိုင်းက သူ့ကို ‘မစင်ရှို့ချိုင်’လို့ ခေါ်ကြတာလေ။ အရင်ကဆိုရင်တော့ လူတွေက သူ့ကို နံရံဆေးရေးပန်းချီဆွဲဖို့တို့၊ လက်ရေးလှရေးဖို့တို့ ငှားကြပါသေးတယ်၊ အခုတော့ စာကူးတဲ့အလုပ်တောင် လုပ်ခွင့်မရတော့ဘူး။ ဒါပေမဲ့ ကျန်းရိဟွမ်းကတော့ အပ်ချုပ်ပန်းထိုး ကျွမ်းကျင်တယ်လေ၊ သူ ပန်းထိုးအလုပ် ရသွားပြီလို့ ကြားတယ်။ ငါ့အထင်တော့ မကြာခင် သူတို့ဘဝလေး ပြန်အဆင်ပြေသွားမှာပါ"

စူးယောင်ကွမ်းက အနီးအနားတွင် ဧည့်သည်များကို နှုတ်ဆက်နေရင်း အဒေါ်ဝမ်နှင့် ကျန်းကျောက်တိတို့ ပြောနေသည့် စကားများကို ကြားလိုက်ရသည့်အခါ သူမ၏ ရင်ထဲတွင် ဆို့နင့်သွားရသည်။

'အရင်ဘဝတုန်းက... ငါက ရှောင်းယန်ချီ ပညာသင်နိုင်ဖို့နဲ့ သူ့ကို ထောက်ပံ့ဖို့အတွက် အလှကုန်ဆိုင်မှာ အလုပ်ဝင်ခဲ့တာ။ ငါနဲ့ အမေနဲ့ နေ့ရောညပါ မနားတမ်းအလုပ်လုပ်ပြီး အရာရာကို ပေးဆပ်ခဲ့တာတောင် နောက်ဆုံးမှာ ဒီလိုဇာတ်သိမ်းမျိုးနဲ့ပဲ ကြုံခဲ့ရတယ်။ အဲ့ဒီတုန်းက ကျန်းရိဟွမ်းနဲ့ သူက ကွယ်ရာမှာ တိတ်တဆိတ် တွေ့ဆုံနေခဲ့ကြပြီး ငါတို့ သွေးတွေ ချွေးတွေ စတေးပြီး ရုန်းကန်နေရချိန်မှာ သူတို့ရဲ့ အချစ်ပန်းတွေ ပွင့်လန်းနေခဲ့ကြတာပေါ့'

'အခုတော့ ကျန်းရိဟွမ်းက ရှောင်းယန်ချီကို ကျွေးမွေးဖို့ ပိုက်ဆံရှာနေရပြီပေါ့။ ဒါက ဝဋ်လည်တာ မဟုတ်ဘူးလား'

‘စားဝတ်နေရေးအတွက် နေ့စဥ်ရုန်းကန်နေရတဲ့ အဲ့လူနှစ်ဦးက အခုလို ဒုက္ခရောက်နေချိန်မှာ တစ်ယောက်ကို တစ်ယောက် မခွဲနိုင်လောက်အောင် ချစ်ခင်စွဲလမ်းနေနိုင်ကြဦးမလားဆိုတာကို ငါ တကယ်ပဲ သိချင်နေမိတယ်။ တကယ်လို့ အဲ့လိုသာ ရှိနေသေးရင်... ငါ့ကိုယ်ငါ အရှုံးသမားအဖြစ် အားရပါးရကြီး ဝန်ခံပေးလိုက်မယ်’

All Chapters