အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း ၁၈၈ သက်သေထွက်ဆိုချက်
နောက်တစ်ရက် မနက်ခင်းတွင် ကျန်းဖန့်တိက အပြင်မှ ပြန်လာပြီးနောက် လတ်လတ်ဆတ်ဆတ် ဝယ်လာသော ကြက်ဥများကို ကျားချွန်းနီထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် နောက်ဖေးခြံဝင်းထဲသို့ ခပ်သွက်သွက် ပြေးဝင်လာပြီး ပန်းပင်များကို ကတ်ကြေးဖြင့် ညှပ်နေသော စူးယောင်ကွမ်းကို ရှာဖွေကာ လှမ်းပြောလိုက်သည်။
"ယောင်ကွမ်း... ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ"
စူးယောင်ကွမ်းက ထိုစကားစုအား ကြားရမည်ကို အကြောက်ဆုံး ဖြစ်သည်။
"ဒုတိယဒေါ်လေး... ဘာဖြစ်လို့လဲဟင်"
ကျန်းဖန့်တိ၏ မျက်နှာအမူအရာ အလွန်အမင်းပျက်ယွင်းနေခြင်း၊ ပျာယာခတ်နေခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက ကြီးကြီးမားမား ကိစ္စမဟုတ်တန်ရာဟု တွေးနေခဲ့သည်။ သူမတို့အတွက် ကိစ္စကြီး ဖြစ်နေလျှင် ကျန်းဖန့်တိတစ်ယောက် ဤမျှအထိ တည်ငြိမ်နေနိုင်မည် မဟုတ်ချေ။
"အာဏာပိုင်တွေက ကျင်းလဲ့ဖုန့်က အဲ့ဒီသခင်လေးကို လိုက်ရှာနေကြတယ်"
ကျန်းဖန့်တိက ခပ်တိုးတိုး ထပ်ပြောလာပြန်သည်။
"သူ လူသတ်မှု ကျူးလွန်ခဲ့ပုံပဲ"
စူးယောင်ကွမ်းတစ်ယောက် မှင်တက်သွားရပြီး အလောတကြီး ပြန်မေးလိုက်မိသည်။
"သူက ဘယ်သူ့ကို သတ်လိုက်တာတဲ့လဲ"
"ငါလည်း သေသေချာချာတော့ မသိဘူး။ အာဏာပိုင်တွေက သူ့ကို လိုက်ရှာနေကြတယ်လို့ပဲ ကြားခဲ့တာ။ သူ ငါတို့ဆီမှာ ပုန်းနေတာမဟုတ်ဘူးလား။ တကယ်လို့ အာဏာပိုင်တွေက ငါတို့ကို ရာဇဝတ်သား လက်ခံပေးထားတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ ငါတို့ပါ ဒုက္ခရောက်ကုန်တော့မှာပဲ"
စူးယောင်ကွမ်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်မ သူ့ကို သွားမေးကြည့်လိုက်ပါ့မယ်။ ဒုတိယဒေါ်လေး စိတ်မပူပါနဲ့။ တကယ်လို့ သူ လူသတ်ခဲ့တာ အမှန်ဆိုရင်တောင် ကျွန်မတို့က ဘာမှ သိထားတာ မဟုတ်ဘူးလေ။ အမတ်မင်းချန်က လူတွေကို အကြောင်းမဲ့ လျှောက်ဖမ်းတတ်တဲ့လူ မဟုတ်ပါဘူး"
"တကယ်လို့ သူက တကယ်ကြီး လူသတ်ထားတာဆိုရင်... နင်က အဲ့လို သွားမေးတဲ့အခါ နင့်ကိုပါ အစဖျောက်ဖို့ သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
စူးယောင်ကွမ်းက မြေပြင်ပေါ်မှ ကျောက်ခဲတစ်ခဲကို ကောက်ယူလိုက်ပြီး လက်ဖဝါးဖြင့် ဖိချေလိုက်သည်။ သူမ လက်ကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် ထိုကျောက်ခဲလေးက မှုန့်မှုန့်ညက်ညက်ကြေသွားပြီး အမှုန့်ဘဝသို့ ပြောင်းလဲသွားခဲ့ချေပြီ။
"သူ့မှာ အဲ့လို လုပ်နိုင်တဲ့ အရည်အချင်း ရှိလို့လား"
ကျန်းဖန့်တိက ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း သတိပေးနေသေးသည်။
"ဒါလည်း ဟုတ်တာပဲ။ ငါတို့ ယောင်ကွမ်းက ဘယ်ယောက်ျားထက်မဆို ပိုပြီး အစွမ်းထက်တာပဲကို။ ဒါပေမဲ့လည်း သတိတော့ ထားရမယ်နော်"
"ကျွန်မ သိပါတယ် ဒေါ်လေးရဲ့"
စူးယောင်ကွမ်းက ဧည့်ခန်းဆီသို့ လျှောက်လှမ်းသွားပြီး တံခါးကို ခေါက်ရင်း လှမ်းမေးလိုက်သည်။
"ကျွန်မ ဝင်လာခဲ့လို့ ရမလား"
"ဝင်ခဲ့ပါ"
ခပ်တောင့်တောင့်နှင့် အနေရခက်နေပုံရသော ထိုအသံကြောင့် စူးယောင်ကွမ်းတစ်ယောက် မျက်ခုံးတစ်ဖက်ပင် ပင့်လိုက်မိသည်။
'တကယ့်ကို ရှားရှားပါးပါးပါပဲလား... ဒီသခင်လေးက အခုဆိုရင် 'ပါ' ဆိုတဲ့ ယဉ်ကျေးတဲ့ စကားလုံးကိုတောင် သုံးတတ်နေပြီပဲ။ မနေ့ညက သူ့ကို ကယ်တင်ပေးခဲ့ရတာ အလဟဿ မဖြစ်ခဲ့ဘူးပဲ’
စူးယောင်ကွမ်းက တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့သည်။
စွေ့ရုန်က နိုးနေပြီဖြစ်သော်လည်း ခုတင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲပင်။
"ရှင် နိုးနေပြီပဲ၊ ဘာလို့ အိမ်မပြန်သေးတာလဲ"
စူးယောင်ကွမ်းက မလှမ်းမကမ်းရှိ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း စွေ့ရုန်၏ မျက်နှာအမူအရာကို အကဲခတ်ကာ ထပ်မေးလိုက်သည်။
"ရှင်... လူသတ်ခဲ့တာတော့ မဟုတ်ပါဘူးနော်"
စွေ့ရုန်၏ မျက်လုံးများက ပြူးကျယ်လာပြီး ချက်ချင်း ပြန်အော်လိုက်သည်။
"မင်း ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ"
"ရှင် လူမသတ်ခဲ့ဘူးလား"
စူးယောင်ကွမ်းက ထပ်မေးလိုက်သည်။
စွေ့ရုန်၏ မျက်နှာက ချက်ချင်း တင်းမာအုံ့မှိုင်းသွားပြီး အခိုင်အမာ ပြန်ဖြေနေသည်။
"လုံးဝ မသတ်ဘူး။ ငါက ဘာလို့ အကြောင်းပြချက်မရှိဘဲ လူသတ်ရမှာလဲ။ ငါက ငါးတစ်ကောင်ကိုတောင် တစ်ခါမှ မသတ်ဖူးတဲ့လူပဲ... ဘယ်လိုလုပ် လူသတ်ရဲမှာလဲ"
"ဒါဆိုရင် ဘာလို့ ရဲမက်တွေက ရှင် လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ပြောပြီး ရှင့်ကို လိုက်ရှာနေကြတာလဲ"
စူးယောင်ကွမ်းက သူ့ကို ပြောပြလိုက်သည်။
"ဘယ်သူ သေလို့လဲ... ငါက ဘယ်သူ့ကို သတ်မိလို့လဲ"
"ကျွန်မလည်း မသိဘူး။ ကျွန်မရဲ့ ဒုတိယဒေါ်လေးက ဟင်းသီးဟင်းရွက် သွားဝယ်ရင်းနဲ့ ရဲမက်တွေက ရှင့်ကို လူသတ်သမားဆိုပြီး လိုက်ရှာနေကြတာကို ကြားခဲ့တာ။ တကယ်လို့ ရှင်သာ အမြန်ဆုံး လူလုံးမပြဘူးဆိုရင်တော့... ရုံးတော်က ရှင့်ကို ဖမ်းဝရမ်း ထုတ်ကြလိမ့်မယ် ထင်တယ်"
စွေ့ရုန်က ခုတင်ပေါ်မှ ပျာပျာသလဲ အမြန် ဆင်းလိုက်သည်။
သူ အလွန်အမင်း ပျာယာခတ်သွားခဲ့သဖြင့် ဒဏ်ရာကို ပိုထိခိုက်သွားစေကာ ယခင်က စည်းထားသော ပတ်တီးစများကြားမှ သွေးများ စိမ့်ထွက်လာပြန်သည်။
"မလှုပ်နဲ့ဦး... ကျွန်မ ကျန်းကျင့်ကို သွားခေါ်ပေးမယ်"
"မလိုပါဘူး... ငါ့ဘာသာငါပဲ ပြန်ပတ်လိုက်ပါ့မယ်"
စွေ့ရုန်က ဖြူဖျော့နေသော မျက်နှာဖြင့် ထပ်ပြောလာခဲ့သည်။
"မင်းက ငါ့ကို ကယ်ခဲ့တာပဲ... ငါက ကျေးဇူးကန်းမယ့်လူ မဟုတ်ပါဘူး၊ ဒီအကြွေးကို ငါ မှတ်ထားပါ့မယ်"
"ရှင် ဒီလောက်အထိ ဒဏ်ရာရထားတာကို... ရှင့်ကို အိမ်ပြန်ပို့ပေးဖို့ လူလွှတ်ပေးရမလား"
စွေ့ရုန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပြန်မေးနေပြန်သည်။
"မင်းက ငါ ထွက်ပြေးမှာကို ကြောက်နေတာလား။ စိတ်ပူမနေပါနဲ့... ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး၊ ငါ ထွက်ပြေးစရာ အကြောင်းလည်း မရှိဘူး။ ပြီးတော့ ဘယ်သူကမှ တစ်သက်လုံး ပုန်းနေလို့ မရဘူးလေ။ စွေ့မိသားစုကလည်း ဒီလို အရှက်ကွဲရမယ့် ကိစ္စမျိုးကို အဖြစ်ခံမှာ မဟုတ်ဘူး"
စူးယောင်ကွမ်းက စိတ်တိုသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ရှင်က တကယ့်ကို အကောင်းနဲ့ အဆိုးကို မသိတတ်တဲ့လူပဲ။ ကျွန်မ ရှင့်ကို ဆက်ပြီး ဂရုစိုက်မနေတော့ဘူး"
"ဟို... ကျေးဇူးပါပဲ"
စွေ့ရုန်က သူ့မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရင်း တောင်းဆိုနေသည်။
"မင်း အခု ထွက်သွားလို့ ရပြီ၊ ငါ့ဒဏ်ရာကို ငါ ပတ်တီး ပြန်စည်းရဦးမယ်"
စူးယောင်ကွမ်းတစ်ယောက် စွေ့ရုန်၏ အခန်းမှ ထွက်ခွာလာခဲ့ပြီး အရှေ့ခြံဝင်းထဲသို့ ရောက်ခါနီးမှာပင် ဆိုင်အတွင်း၌ စွေ့ရုန်၏ သဲလွန်စကို လိုက်လံရှာဖွေနေကြသော ရဲမက်ခေါင်းဆောင်ချန်နှင့် ရဲမက်အချို့ကို တွေ့လိုက်ရသည်။
"အရာရှိချန်... ကျွန်မတို့ သီးသန့် စကားပြောရအောင်"
အရာရှိချန်က စူးယောင်ကွမ်းနောက်သို့ လိုက်ပါလာပြီး လူသူရှင်းသော ထောင့်တစ်နေရာသို့ ရောက်သည်နှင့် ချက်ချင်း မေးမြန်းလာခဲ့သည်။
"ဆိုင်ရှင်စူး... ဘာကိစ္စရှိလို့လဲ"
စူးယောင်ကွမ်းက အသံကို နှိမ့်ကာ မေးလိုက်သည်။
"သခင်လေးစွေ့က ဘာတွေလုပ်မိလို့လဲဟင်"
"မနေ့ညက ကုန်းမျိုးရိုးနဲ့ ဝယ်ယူရေးအရာရှိတစ်ယောက် သေဆုံးသွားခဲ့တယ်။ ကဇာတ်အဖွဲ့ဆီက ကြားရတာတော့ သခင်လေးစွေ့က ဝယ်ယူရေးအရာရှိ လေးယောက်နဲ့အတူ ပြဇာတ်ကြည့်နေခဲ့တာတဲ့။ တခြားဝယ်ယူရေးအရာရှိတွေက စိတ်မဝင်စားတာနဲ့ ခဏနေပြီး ပြန်သွားကြတယ်။ သခင်လေးစွေ့နဲ့ အဲ့ဒီကုန်းမျိုးရိုးဝယ်ယူရေးအရာရှိပဲ ကျန်ခဲ့တာ။ သူတို့နှစ်ယောက် စကားများ ရန်ဖြစ်ခဲ့ကြသေးတယ်လို့လည်း ပြောကြတယ်။ ပြီးတော့ သခင်လေးစွေ့ ပျောက်သွားခဲ့တာပဲ။ နောက်တော့မှ တခြားလူတစ်ယောက်က ကုန်းမျိုးရိုးနဲ့ဝယ်ယူရေးအရာရှိက အရင်အခန်းရဲ့ ဘေးခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့တာ"
"သခင်လေးစွေ့က ဒီလောက်အထိ ကြီးမားတဲ့ ကိစ္စမျိုးကို လုပ်နိုင်တဲ့ အရည်အချင်း ရှိမယ် မထင်ဘူး။ အထင်လွဲတာမျိုးများ ဖြစ်နိုင်မလားဟင်"
"အထင်လွဲတာ ဟုတ် မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့တွေ ဆုံးဖြတ်လို့မရဘူး။ သက်သေ လိုတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ သူက သံသယဖြစ်ဖို့ အခိုင်မာဆုံးလူ ဖြစ်နေတော့ သူ့ကို အရင်ဆုံး ရှာဖွေရမှာပဲ"
"သူက ကျွန်မတို့အိမ်မှာ ရှိနေတာ"
စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။
"မနေ့ညက ကျွန်မ သူ့ကို ပြန်ခေါ်လာခဲ့တာ"
"ဟင်... "
ရဲမက်ခေါင်းဆောင်ချန်က သူမကို အံ့အားသင့်စွာ ကြည့်လာခဲ့သည်။
စူးယောင်ကွမ်းက မနေ့ညက စွေ့ရုန်ကို မည်သို့ တွေ့ရှိခဲ့ပုံနှင့် သူ၏ လက်ရှိ အခြေအနေကို အကျဥ်းချုပ် ရှင်းပြလိုက်သည်။
"ကျွန်မ သိတာကတော့ ဒါအကုန်ပါပဲ။ ကျန်တဲ့အလုပ်တွေကိုတော့ အရာရှိချိန်တို့ဘက်ကပဲ စုံစမ်းစစ်ဆေးရတော့မယ်။ ကျွန်မ စောစောကတင် သူ့ကို မေးခဲ့သေးတယ်။ သူကတော့ သူ လူမသတ်ခဲ့ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ သူက ဒဏ်ရာရထားလို့ အခုလောလောဆယ် ဒဏ်ရာကို ပတ်တီးစည်းနေတုန်းပဲ။ သူ အဆင်ပြေသွားပြီဆိုရင်တော့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဖို့ အရာရှိချန်တို့နဲ့အတူ လိုက်ခဲ့မှာပါ"
"တကယ်လို့ ကျွန်တော်တို့ဘက်က မင်းရဲ့ သက်သေထွက်ဆိုချက် လိုအပ်လာရင်ရော... မင်းဘက်က ရှေ့ထွက်ပေးနိုင်မလား"
"ရတာပေါ့... ကျွန်မ မြင်ခဲ့ရတဲ့ အခြေအနေတွေကို ကျွန်မ သက်သေထွက်ဆိုပေးနိုင်ပါတယ်"
"ဆိုင်ရှင်စူးက တကယ့်ကို သဘောထားကြီးတာပဲ"
ရဲမက်ခေါင်းဆောင်ချန်က ချီးကျူးစကား ပြောနေပြန်သည်။
"ကျွန်တော် သိရသလောက်တော့ ကျင်းလဲ့ဖုန့်ရဲ့ သခင်လေးက စိတ်နေစိတ်ထား ထူးဆန်းပြီး ပေါင်းသင်းရခက်တဲ့အပြင် မင်းတို့ရဲ့ ထောင်ယောင်ဖန့်နဲ့လည်း ရန်ငြိုးရှိထားတာလေ။ ဒီလို အခြေအနေမျိုးမှာတောင် မင်းက သူ့ကို လက်ခံစောင့်ရှောက်ပေးထားတယ်ဆိုတော့... မင်းရဲ့ စိတ်သဘောထားက ဘယ်ယောက်ျားတွေထက်မဆို ပိုပြီးတော့ ကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော် မင်းနဲ့ မိတ်ဆွေဖြစ်ရတာ တကယ်ပဲ ဝမ်းသာမိတယ်"
စူးယောင်ကွမ်းက ဘေးနားရှိ စင်ပေါ်မှ မျက်နှာလိမ်းအလှဆီတစ်ဘူးကို လှမ်းယူကာ ရဲမက်ခေါင်းဆောင်ချန်ထံသို့ ကမ်းပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"အရာရှိချန်က ပွင့်လင်းပြတ်သားတဲ့လူပဲ။ ကျွန်မတို့ကလည်း အဲ့လို ပွင့်လင်းတဲ့လူမျိုးနဲ့ မိတ်ဆွေဖြစ်ရတာကို ဂုဏ်ယူပါတယ်ရှင်။ ဒါက အရာရှိချန်ရဲ့ ဇနီးအတွက် လက်ဆောင်ပါ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ တကယ်လို့ သခင်မက သဘောကျတယ်ဆိုရင် နောက်တစ်ခေါက် လာခဲ့ပါဦး... ကျွန်မတို့က ထက်ဝက်လျှော့ဈေးနဲ့ ရောင်းပေးပါ့မယ်"
ထိုအချိန်တွင် စွေ့ရုန်က အပြင်သို့ အမှတ်မထင် ထွက်လာခဲ့ပြီး ရဲမက်ခေါင်းဆောင်ချန်နှင့် စူးယောင်ကွမ်းတို့ စကားပြောနေကြသည်ကို မြင်တွေ့သွားခဲ့သည်။ သူက ဖြည်းဖြည်းချင်း လှမ်းလာပြီးနောက် ရဲမက်ခေါင်းဆောင်ချန်ကို လှမ်းပြောလိုက်သည်။
"ကျုပ် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ကျုပ် ခင်ဗျားတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပေးနိုင်တယ်... သွားကြစို့"
ရဲမက်ခေါင်းဆောင်ချန်က စွေ့ရုန်ကို ခေါ်ဆောင်ပြီး ပြန်ထွက်ခွာသွားခဲ့သည်။
သူတို့ထွက်သွားပြီးနောက် ဆိုင်အတွင်းရှိ လူများက ကဇာတ်ရုံတွင် သေဆုံးသွားခဲ့သော ကုန်းမျိုးရိုးနှင့် ဝယ်ယူရေးအရာရှိအကြောင်း စတင် အတင်းအဖျင်း ပြောကြတော့သည်။
"သူ သေတာ တကယ်ကို ရက်ရက်စက်စက်ပဲတဲ့... လက်တွေခြေထောက်တွေလည်း ကျိုးနေပြီး လျှာပါ အဖြတ်ခံထားရတာတဲ့။ နက်နက်ရှိုင်းရှိုင်း ရန်ငြိုးရန်စမရှိဘဲနဲ့တော့ ဘယ်သူကမှ ဒီလောက်အထိ ရက်စက်မှာ မဟုတ်ဘူး"
"အဲ့ဒီစွေ့မျိုးရိုးနဲ့ သခင်လေးကတော့ ဒါမျိုးလုပ်ရဲတဲ့ သတ္တိရှိမှာ မဟုတ်ပါဘူး။ ငါတော့ သူ လုပ်တာ မဟုတ်လောက်ဘူးလို့ တွေးနေမိတယ်။ ဒါပေမဲ့လည်း အဲ့ဒီကုန်းမျိုးရိုးနဲ့ ဝယ်ယူရေးအရာရှိက သူ့အပေါ် လက်တင်ခဲ့တာကို မြင်လိုက်တဲ့လူ ရှိတယ်တဲ့။ အဲ့ဒီသခင်လေးလည်း တော်တော်လေး အထိနာသွားပုံရတယ်။ ဟူး... စွေ့မိသားစုက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ... နန်းတွင်းက မိန်းမစိုးတစ်ယောက်က သူတို့ရဲ့ ဆက်ခံသူကိုတောင် ပရိယာယ်ဆင် ကြံစည်နိုင်တာပဲလား။ ကုန်သည်ဆိုတာ တကယ်ပဲ အောက်ခြေလူတန်းစားပါပဲ။ အရာရှိ ဖြစ်တာကမှ ပိုကောင်းဦးမယ်"
မွန်းလွဲပိုင်းအချိန်တွင် ရဲမက်ခေါင်းဆောင်ချန်က စူးယောင်ကွမ်းထံသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့ပြီး ယခုတစ်ခေါက်တွင်တော့ သူမအား သက်သေထွက်ဆိုပေးရန် တောင်းဆိုလာခဲ့သည်။
သူမအနေဖြင့် စွေ့ရုန်နှင့် မည်သည့်အချိန်တွင် ဆုံတွေ့ခဲ့သည်ကို သက်သေပြရန် လိုအပ်သလို ထိုအချိန်မှစပြီး စွေ့ရုန်က စူးမိသားစုအိမ်မှ လုံးဝ မထွက်သွားခဲ့ကြောင်းကို ထွက်ဆိုပေးရမည် ဖြစ်သည်။ ကုန်းမျိုးရိုးနှင့် ဝယ်ယူရေးအရာရှိ သေဆုံးခဲ့သည့်အချိန်က စွေ့ရုန်နှင့် စူးယောင်ကွမ်းတို့ ဆုံတွေ့ခဲ့သည့် အချိန်နှင့် ကွက်တိ ဖြစ်နေပုံရသည်။ အကယ်၍ စူးယောင်ကွမ်းကသာ စွေ့ရုန်အတွက် သက်သေထွက်ဆိုပေးမည်ဆိုပါက သူ့အပေါ်ကျရောက်နေသည့် သံသယများကို ရှင်းလင်းပေးနိုင်မည် ဖြစ်သည်။
စူးယောင်ကွမ်းက တရားရုံးသို့ သွားရောက်ကာ မှုခင်းဖြစ်ပွားချိန်တွင် စွေ့ရုန်က အခြားနေရာ၌ ရှိနေကြောင်း သက်သေထွက်ဆိုပေးခဲ့သည်။
စူးယောင်ကွမ်း ရောက်ရှိလာသည့်အခါ စွေ့ရုန်၏ မျက်နှာအမူအရာက အလွန် စိတ်ရှုပ်ထွေးနေပုံရသည်။ စူးယောင်ကွမ်းကဲ့သို့သော မိန်းကလေးတစ်ဦးက သူမအတွက် ဒုက္ခများစေမည့် ကိစ္စရပ်တစ်ခုတွင် တရားရုံးအထိ လာရောက်ကာ သက်သေထွက်ဆိုပေးရန် သဘောတူလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
စူးယောင်ကွမ်းက တရားရုံးတွင် ရှေ့ထွက်ပေးရုံသာမက သူမအနေဖြင့် စွေ့ရုန်နှင့် မည်သည့်အချိန်တွင် ဆုံတွေ့ခဲ့ပြီး ထိုစဥ်က သူ ကြုံတွေ့နေရသော အခြေအနေများကိုပါ အသေးစိတ် စေ့စေ့စပ်စပ် ထွက်ဆိုပေးခဲ့သည်။
လူသတ်သမားကို မဖမ်းဆီးနိုင်သေးသော်လည်း စူးယောင်ကွမ်း၏ သက်သေထွက်ဆိုချက်များက စွေ့ရုန်ထံတွင် အပြစ်မရှိကြောင်း သက်သေပြရန် လုံလောက်နေသည်။ စွေ့ရုန်အား ရုံးတော်မှ ချက်ချင်း လွှတ်ပေးလိုက်သည့်အခါ စွေ့မိသားစု၏ အိမ်တော်ထိန်းက ကျေးဇူးတင်စကား ပြောရန်အတွက် စူးယောင်ကွမ်းအား ထမင်းတစ်နပ်ဖြင့် တည်ခင်းဧည့်ခံလိုကြောင်း ဖိတ်ခေါ်ခဲ့သည်။
စူးယောင်ကွမ်းက ငြင်းဆန်လိုက်သည်။
"မလိုပါဘူး... အခုလောလောဆယ် သခင်လေးစွေ့အပေါ်မှာ ရှိနေတဲ့ သံသယတွေ ကင်းစင်သွားပြီ ဆိုပေမယ့် လူသတ်သမား အစစ်အမှန်ကို မဖမ်းမိမချင်းတော့ သူ့ရဲ့ နာမည်ဂုဏ်သတင်းက ထိခိုက်နေဦးမှာပဲ။ နောက်ထပ် ပြဿနာတွေ ထပ်ပြီး မရှုပ်ထွေးလာစေဖို့အတွက် တာဝန်ခံကြီးတို့အနေနဲ့ ဒီကိစ္စကိုပဲ သေသေချာချာ သတိထားပြီး ကိုင်တွယ်ဖြေရှင်းလိုက်ကြပါဦး"