← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉ ပူးပေါင်းဆောင်ရွက်ခြင်း

စွေ့ရုန်က လူသတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းယန်ချီက သူ၏ယခင်ဘဝမှ ဖြစ်ရပ်တစ်ခုကို ပြန်လည်တွေးမိသွားခဲ့သည်။

သူ့၏ ယခင်ဘဝတွင်လည်း စွေ့ရုန်က ဤကဲ့သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် ယခုအကြိမ်နှင့်မတူဘဲ ထိုစဥ်က သူ့အတွက် မည်သူကမျှ ရှေ့ထွက်ပြီး သက်သေခံမပေးခဲ့ကြသဖြင့် သူ၏အပြစ်ကင်းမှုကို သက်သေမပြနိုင်ခဲ့ချေ။ အာဏာပိုင်များအနေဖြင့်လည်း သူ့အား အခြားသော ဝယ်ယူရေးအရာရှိများထံသို့သာ လွှဲပြောင်းပေးအပ်ခဲ့ကြရသည်။

ထိုအရာရှိများက သူ့ကို မြို့တော်သို့ ခေါ်ဆောင်သွားခဲ့ပြီး လူသတ်မှုဖြင့် စွဲချက်တင်ကာ တရားရေးဝန်ကြီးဌာန၏ အကျဥ်းထောင်ထဲ၌ ပိတ်လှောင်ထားခဲ့ကြသည်။ သူ အာမခံဖြင့် ပြန်လွတ်မြောက်လာစေရန် စွေ့မိသားစုက ငွေကြေးအမြောက်အမြား ပုံအောသုံးစွဲခဲ့ကြသော်လည်း အကျဥ်းထောင်မှ လွတ်မြောက်လာချိန်တွင် သူ ရူးသွပ်သွားခဲ့ပြီး မကြာမီမှာပင် မြစ်ထဲသို့ ခုန်ချကာ ရေနစ်သေဆုံးသွားခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် စွေ့မိသားစုက နေရာပြောင်းရွှေ့သွားခဲ့ကြပြီး နောက်ပိုင်းတွင် အိမ်နီးနားချင်းနိုင်ငံတစ်ခုသို့ သွားရောက်ကာ ထိုနေရာ၌ အလွန်ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများ ဖြစ်လာခဲ့ကြသည်။

တစ်ဖက်တွင်လည်း စူးယောင်ကွမ်းက သူမ၏ ယခင်ဘဝတွင် အလှကုန်ဆိုင်တစ်ဆိုင်၌ တစ်နေကုန်တစ်နေခမ်း ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေခဲ့ရပြီး အပြင်သို့ ထွက်ခွင့်ပင် မရရှိခဲ့သဖြင့် စွေ့ရုန်နှင့် ဆုံတွေ့ခွင့်မရခဲ့ချေ။ ဤဘဝတွင်တော့ စူးယောင်ကွမ်း၏ သာမန်လုပ်ရပ်လေးတစ်ခုက စွေ့ရုန်အနေဖြင့် လူသတ်မှုဖြစ်ပွားရာနေရာ၌ ရှိမနေခဲ့ကြောင်း သက်သေပြနိုင်ခဲ့ရုံသာမက သေဆုံးသူ သေဆုံးခဲ့သည့်အချိန်ကလည်း စွေ့ရုန် ထွက်ခွာသွားခဲ့သည့်အချိန်နှင့် ကိုက်ညီမှုမရှိကြောင်း ထင်ရှားနေခဲ့သဖြင့် စွေ့ရုန်ကို အပြစ်ကင်းစင်သွားစေခဲ့သည်။

လက်ရှိ ရုံးတော်၏ စုံစမ်းစစ်ဆေးမှု အခြေအနေအရ လူသတ်သမားအစစ်အမှန်ကို ရှာဖွေရန် မလွယ်ကူကြောင်း ထင်ရှားနေသည်။ သို့သော်လည်း ရှောင်းယန်ချီက ဤအရာများကို ကြုံတွေ့ဖြတ်သန်းဖူးသူဖြစ်သဖြင့် လူသတ်သမားက မည်သူဖြစ်ကြောင်းကို သူ အသေအချာ သိရှိနေခဲ့သည်။ အကယ်၍ သူသာ ဤသတင်းအချက်အလက်ကို စွေ့မိသားစုထံသို့ ပေးအပ်လိုက်မည်ဆိုပါက သူတို့အပေါ် ကျေးဇူးပြုရာရောက်မည်ဖြစ်ပြီး သူ ဝမ်းစာရှာဖွေရန်နှင့် နန်းတွင်းစာမေးပွဲဖြေဆိုရန် မြို့တော်သို့ ခရီးသွားနိုင်ရေးအတွက်လည်း ပိုမိုလွယ်ကူချောမွေ့သွားပေလိမ့်မည်။

"ငါ မင်းတို့ရဲ့ သခင်လေးနဲ့ တွေ့ချင်တယ်"

ရှောင်းယန်ချီက စပြောလိုက်သည်။

"ငါတို့သခင်လေးက အိမ်တော်မှာ မရှိဘူး"

ဆိုင်တာဝန်ခံက သူ့ကို ပြန်မေးနေခဲ့သည်။

"မင်းမှာ ဘာကိစ္စရှိလို့လဲ"

"မင်းတို့သခင်လေးကို သွားပြောပေး။ လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာ ငါ သိတယ်၊ ငါ လူသတ်သမားကို ရှာပေးပြီး သူ့ရဲ့ နာမည်ဂုဏ်သတင်း လုံးဝ ပြန်ကောင်းသွားအောင် ကူညီပေးနိုင်တယ်လို့ သွားပြောပေး"

ရှောင်းယန်ချီ၏ စကားကို ကြားလိုက်ရချိန်တွင် ဆိုင်တာဝန်ခံက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"အော်... မင်းက အဲ့အတွက် ရောက်လာတာကိုး၊ ဒါဆိုရင်တော့ မလိုတော့ဘူး။ ငါတို့သခင်လေးက လူသတ်သမားအစစ်ကို ဖမ်းဖို့အတွက် အပြင်ကို ထွက်သွားပြီ"

"သူက လူသတ်သမား ဘယ်သူဆိုတာ သိနေတယ်ဟုတ်လား"

ရှောင်းယန်ချီတစ်ယောက် လုံးဝကို တုန်လှုပ်အံ့အားသင့်သွားခဲ့ရသည်။

“မဖြစ်နိုင်ဘူး”

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

ဆိုင်တာဝန်ခံက မကျေမနပ်ဖြစ်သွားပြီး ခပ်မာမာ ပြန်မေးလိုက်သည်။

"ငါတို့သခင်လေးက သက်သေအထောက်အထားတွေ ရှာတွေ့သွားလို့ အခု အရာရှိတွေကို ဦးဆောင်ပြီး လူသတ်သမားအစစ်ကို သွားဖမ်းနေပြီလေ"

စွေ့ရုန်အနေဖြင့် တရားခံကို ရှာဖွေနိုင်လိမ့်မည်ဟု ရှောင်းယန်ချီ လုံးဝမယုံကြည်နိုင်ချေ။ သူကိုယ်တိုင်ပင် ဤလျှို့ဝှက်ချက်အား တိုက်ဆိုင်မှုတစ်ခုကြောင့်သာ သိရှိခဲ့ရခြင်း ဖြစ်သည်။ သူ၏ယခင်ဘဝ အတွေ့အကြုံအရ ထိုလူသတ်သမားက အလွန်နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေသူဖြစ်ပြီး သူ့ကိုယ်သူ လွယ်လွယ်ကူကူနှင့် အမိဖမ်းခံမည့်လူ မဟုတ်ချေ။

သို့သော်လည်း သူ ခရိုင်ရုံးတော်သို့ ရောက်ရှိသွားသည့်အချိန်တွင်တော့ အမှုက အပြီးသတ် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေလေသည်။

လူသတ်သမားအစစ်အမှန်က အခြားသူမဟုတ်ဘဲ စွေ့ရုန်၏ ယောက်ဖသာ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ဤကိစ္စကလည်း ချမ်းသာကြွယ်ဝသော မိသားစုကြီးတစ်ခု၏ အိမ်တွင်းရေး ပြဿနာသာ ဖြစ်နေလေသည်။

စွေ့မိသားစုက ချမ်းသာကြွယ်ဝကာ အင်အားတောင့်တင်းပြီး ဩဇာအာဏာကြီးမားလှသော်လည်း သူတို့တွင် စွေ့ရုန်ဟူသော သားတစ်ယောက်သာ ရှိသည်။ အကယ်၍ စွေ့ရုန်သာ မရှိတော့လျှင် သူ၏ယောက်ဖဖြစ်သူက တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လာပေလိမ့်မည်။ ထိုမျှလောက် များပြားလှသော စည်းစိမ်ချမ်းသာများကို မည်သူကမျှ မမက်မောဘဲ နေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် စွေ့ရုန်နှင့် ဝယ်ယူရေးအရာရှိ ကုန်းမျိုးရိုးတို့အကြား ပတ်သက်ဆက်နွှယ်မှု ရှိနေကြောင်း သိရှိသွားပြီးနောက် စွေ့ရုန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူ့ယောက်ဖက သူ့၏ယုံကြည်ရသော လက်အောက်ငယ်သားများကို စေလွှတ်ပြီး ကုန်းမျိုးရိုးအား သတ်ဖြတ်စေကာ စွေ့ရုန်အပေါ် အပြစ်ပုံချရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

"အမှုကို အပြီးသတ် စီရင်ချက်ချလိုက်ပြီ။ ရုံးတော်သိမ်းစေ"

ခရိုင်အမတ်မင်းချန်က ရုံးတော်၏ ခန်းမ၌ ကြေညာချက်ထုတ်နေခဲ့သည်။

စွေ့ရုန်က ခရိုင်ရုံးတော်၏ အပြင်သို့ လျှောက်လှမ်းလာပြီးနောက် မလှမ်းမကမ်းတွင် ရပ်နေသော ကျိုးဝမ်ရှူကို လှမ်းကြည့်ကာ လက်ခုပ်အုပ်ပြီး ဂါရဝပြု နှုတ်ဆက်လိုက်သည်။

ကျိုးဝမ်ရှူ၏ ဘေးနားတွင်တော့ စွေ့မိသားစု၏ အိမ်တော်ထိန်းကြီး ရပ်နေလေသည်။ အိမ်တော်ထိန်းကြီးက သူ့ရင်ဘတ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူကာ ကျိုးဝမ်ရှူထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်သည်။ ကျိုးဝမ်ရှူက ထိုငွေစက္ကူများကို သူ့အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်ပြီးနောက် ချက်ချင်း လှည့်ထွက်သွားသည်။

ရှောင်းယန်ချီက ထိုမြင်ကွင်းကို အမှတ်မထင် မြင်တွေ့သွားခဲ့ပြီး သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။

'ဒီကိစ္စက ကျိုးဝမ်ရှူနဲ့ ပတ်သက်နေတာပဲ... '

'ကျိုးဝမ်ရှူက လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ... သူကလည်း ငါ့လိုပဲ အတိတ်ဘဝကနေ ပြန်မွေးဖွားလာတဲ့လူမျိုးလား'

သူ့၏ အတိတ်ဘဝတွင် ကျိုးဝမ်ရှူဟူသည့် လူတစ်ယောက် လုံးဝ မရှိခဲ့ဖူးသည်ကို ရှောင်းယန်ချီ သေသေချာချာ မှတ်မိနေခဲ့သည်။ ဤဘဝတွင် ကျိုးဝမ်ရှူက မည်သည့်နေရာမှ ရောက်ရှိလာမှန်း သူ မသိနိုင်သလို ထိုလူ ပေါ်လာကတည်းက သူ့၏ နေရာမှန်သမျှကို အစားထိုး နေရာယူထားသည်ဟု သူ ခံစားနေရသည်။

"အိမ်တော်ထိန်းကြီး... လူသတ်သမားက ဘယ်သူလဲဆိုတာကို ခင်ဗျားတို့ ဘယ်လိုလုပ် သိသွားတာလဲ"

ရှောင်းယန်ချီက လှမ်းမေးလိုက်သည်။

အိမ်တော်ထိန်းကြီးက ရှောင်းယန်ချီအား အကဲခတ်သလို ကြည့်လိုက်သော်လည်း သူ၏အပြုံးက မျက်ဝန်းထဲအထိ ရောက်ရှိမနေခဲ့ချေ။

"သခင်လေးက ဒါကို ဘာလို့ လာမေးနေရတာလဲ... ဒါက ဒီကသခင်လေးနဲ့ ဘာဆိုင်လို့လဲ"

"ကျွန်တော်က သိချင်ရုံသက်သက်ပါ... အာဏာပိုင်တွေတောင် လူသတ်သမားအစစ်ကို ရှာမတွေ့နိုင်ဖြစ်နေတာလေ... ခင်ဗျားတို့ဘာသာ ရှာတွေ့သွားတာက တကယ်ကို မယုံနိုင်စရာ ဖြစ်နေလို့ပါ"

"အဲ့ဒါက ဘာဆန်းလို့လဲ။ လူလုပ်တဲ့ အမှုပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သဲလွန်စဆိုတာ ကျန်ခဲ့တာပဲလေ။ ဒါက ထောင်ယောင်ဖန့် အလှကုန်ဆိုင်က သခင်လေးကျိုးကို ကျေးဇူးတင်ရမှာ။ သူကသာ လူသတ်သမားက သခင်လေးရဲ့ ဘေးနားကလူ ဖြစ်နိုင်တယ်လို့ သတိမပေးခဲ့ရင်... ကျွန်တော်တို့လည်း ကိုယ့်အနီးအနားကလူတွေကို သံသယဝင်မိမှာ မဟုတ်ဘူး"

အိမ်တော်ထိန်းကြီးက စကားကို အဆုံးသတ်လိုက်ပြီးနောက် စွေ့ရုန်ဘက်သို့ လှည့်ပြောလိုက်ပြန်သည်။

"သခင်လေး... ဆိုင်ရှင်စူးက သခင်လေးကို ကယ်တင်ပေးခဲ့သလို ဆိုင်ရှင်စူးရဲ့ ခင်ပွန်းကလည်း လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ ဒါက တကယ့်ကို ကြီးမားလှတဲ့ ကျေးဇူးတရား နှစ်ခုပဲ။ သခင်လေးအနေနဲ့ သူတို့ကို ကျေးဇူးတင်စကား သွားပြောဖို့အတွက် အဖိုးတန်လက်ဆောင်တွေ အဆင်သင့် ပြင်ဆင်ထားသင့်တယ်"

စွေ့ရုန်က အိုးတိုးအမ်းတမ်း အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ငါတို့က သူ့ကို ထမင်းဖိတ်ကျွေးချင်ပေမဲ့ သူက ငြင်းလိုက်တာ မဟုတ်ဘူးလား"

"သခင်လေးဘက်က ပိုပြီးတော့ ရိုးသားဖို့ လိုအပ်တယ်လေ။ သူက တစ်ကြိမ်ငြင်းရင် နောက်တစ်ကြိမ် ထပ်ပြီး ဖိတ်ခေါ်ရမှာပေါ့။ ဆိုင်ရှင်စူးက သခင်လေးရဲ့ စိတ်ရင်းမှန်ကို မြင်ရင် အလိုအလျောက် သဘောတူလာပါလိမ့်မယ်"

"သခင်လေးစွေ့.. အိမ်တော်ထိန်းကြီး... ကျင်းလဲ့ဖုန့်မှာ စာရင်းကိုင်တစ်ယောက် လိုအပ်နေလားခင်ဗျာ။ ကျွန်တော်က အတွက်အချက်ပညာရပ်တချို့ကို တတ်ကျွမ်းထားပြီး စာရင်းအင်းကိုလည်း တွက်ချက်ပေးနိုင်ပါတယ်"

ထိုလူနှစ်ဦး ထွက်ခွာသွားတော့မည့်ပုံ ပေါ်နေသဖြင့် သူ့၏ ယခင်ရည်မှန်းချက် အောင်မြင်တော့မည်မဟုတ်ကြောင်း သိသွားသော ရှောင်းယန်ချီက သူ့ကိုယ်သူ တိုက်ရိုက် အဆိုပြုပြီး ဝင်ရောက်တောင်းဆိုလိုက်သည်။

"ငါတို့ဆိုင်မှာ စာရင်းကိုင် မလိုဘူး။ မင်း တခြားနေရာမှာပဲ သွားရှာလိုက်တော့"

အိမ်တော်ထိန်းကြီးက ပြတ်ပြတ်သားသား ပြောဆိုကာ စွေ့ရုန်ကို ဆွဲခေါ်ပြီး ထွက်ခွာသွားခဲ့သည်။

သို့တိုင်အောင် စွေ့ရုန်၏ စကားသံက တိုးတိုးလေး ထွက်ပေါ်လာနေသေးသည်။

"ငါတို့ဆီမှာ စာရင်းကိုင်တစ်ယောက် လိုအပ်နေတာ မဟုတ်ဘူးလား"

"စာရင်းကိုင်ဆိုတဲ့ ရာထူးက အရမ်းကို ထူးခြားတယ်၊ ယုံကြည်စိတ်ချရတဲ့ လူယုံတွေကိုပဲ ပေးရမယ့် ရာထူးမျိုးလေ။ အဲ့ဒီလူက မြို့ထဲမှာ အတော်လေး နာမည်ကြီးပေမဲ့ အကောင်းဘက်ကတော့ မဟုတ်ဘူး။ သခင်လေး... မှတ်ထားရမှာက လူတစ်ယောက်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ အရေးကြီးနေပါစေ သူ့ရဲ့ ကိုယ်ကျင့်တရားလောက်တော့ အရေးမပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က ကိုယ်ကျင့်တရား ချို့ယွင်းနေမယ်ဆိုရင် ကွယ်ရာကနေ ကိုယ့်ကို အချိန်မရွေး ခြေထိုးခံပြီး အောက်အထိဆွဲချသွားနိုင်တယ်"

အိမ်တော်ထိန်းကြီးက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

ဤမြို့က သိပ်မကြီးလှသော်လည်း ကျဥ်းလွန်းသည်လည်း မဟုတ်ချေ။ မည်သည့် ကောလာဟလမဆို အလျင်အမြန် ပျံ့နှံ့သွားတတ်ပြီး အထူးသဖြင့် သတင်းဆိုးများက လေထက်ပင် ပိုမြန်အောင် ပြန့်နှံ့သွားတတ်သည်။

ခရိုင်ရုံးတော်၏ အမှုစီရင်ချက်အခြေအနေနှင့် ပတ်သက်ပြီး ဆိုင်မှ ဝယ်သူများ၏ စကားပြောသံကို ကြားလိုက်ရရုံမျှဖြင့် စူးယောင်ကွမ်းက သူမ လူမှားပြီး မကယ်တင်မိခဲ့ခြင်းအတွက် ရင်ထဲ၌ အလုံးကြီးကျသွားခဲ့သည်။ ထိုအခိုက်အတန့်မှာပင် သူမ၏ ရှေ့မှောက်သို့ ငွေစက္ကူအထပ်လိုက်ကြီး ရုတ်တရက် ရောက်ရှိလာခဲ့သည်။

စူးယောင်ကွမ်းက ထိုငွေစက္ကူများ၏ လားရားကို မော့ကြည့်လိုက်ရာ ကျိုးဝမ်ရှူ၏ ချောမောလှပသော မျက်နှာကြီးက ကပ်လျက်သား ပေါ်လာခဲ့သည်။

"ဒါက ဘာလဲ"

"ကြည့်လိုက်လေ"

စူးယောင်ကွမ်းက ထိုငွေစက္ကူများကို လှမ်းယူကာ ပမာဏကို ရေတွက်ကြည့်လိုက်ပြီးနောက် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"လျန်ငါးထောင်တောင်လား... ဘယ်လိုလုပ် ဒီလောက်အများကြီး ဖြစ်နေရတာလဲ"

"ကျွန်တော် သခင်လေးစွေ့အတွက် လူသတ်သမား ရှာပေးခဲ့လို့ သူတို့ ပေးတဲ့ ဆုလာဘ်လေ"

"နင်က လူသတ်သမား ဘယ်သူဆိုတာကို ဘယ်လိုလုပ် သိတာလဲ"

"ခင်ဗျား ဖုန်းချောင်ယန်ကို မှတ်မိသေးလား"

ကျိုးဝမ်ရှူက သူမ ခေါင်းငြိမ့်ပြသည်ကို ကြည့်နေပြီးမှ ဆက်ပြောလိုက်သည်။

"အဲ့ဒီနေ့က သူ အဲ့ပြဇာတ်ရုံမှာ ရှိနေခဲ့တယ်။ စွေ့ရုန် ထွက်သွားပြီးတဲ့နောက်ပိုင်း တစ်ယောက်ယောက်က အဲ့ဒီသီးသန့်အခန်းထဲ ဝင်သွားတာကို သူ အမှတ်မထင် မြင်ခဲ့တာ။ ဘယ်သူလဲဆိုတာကို သေသေချာချာ မမြင်ခဲ့ရပေမဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရ အမျိုးသားတစ်ယောက်ဆိုတာကိုတော့ သူ ခန့်မှန်းမိခဲ့တယ်။ အဲ့ဒါအပြင် အဲ့ဒီလူက စွေ့ရုန်နဲ့ ပုံစံတူအောင် ဟန်ဆောင်ခဲ့လို့ လူတိုင်းက စွေ့ရုန် သတ်တာလို့ ထင်သွားကြတာ။ ကုန်းမျိုးရိုးနဲ့ ဝယ်ယူရေးအရာရှိက ဒီခရိုင်ကို ရောက်ခါစပဲ ရှိသေးတာဆိုတော့ ရန်သူမရှိနိုင်ဘူးလေ။ ဒီလို ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်မျိုးက စွေ့ရုန်ကို ဦးတည်တာပဲ ဖြစ်ရမယ်။ သခင်လေးစွေ့ရုန်မှာ အပြစ်အနာအဆာ သေးသေးမွှားမွှားလေးတွေ ရှိတတ်ပေမဲ့ သူ့ကို သေစေချင်လောက်တဲ့အထိ ရန်ငြိုးရှိတဲ့လူက သိပ်အများကြီး မရှိနိုင်ဘူး။ သူ့ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတဲ့လူတွေကိုပဲ အဓိကထားပြီး ရှာဖွေမယ်ဆိုရင်တော့ သဲလွန်စ ရှာမတွေ့မှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

"ကျွန်တော်က သူ့ဆီကို ဒီသတင်းအချက်အလက်ကို ရောင်းလိုက်တာ၊ အဲ့ဒီအပြင် သူ့ဘေးနားက လူတွေကိုပါ စိစစ်ပေးခဲ့သေးတယ်။ နည်းနည်းလောက် ဆွဲထုတ်ပြလိုက်တာနဲ့ သူတို့ဘက်ကလည်း ဒီအခြေအနေရဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ခန့်မှန်းလို့ ရသွားပြီလေ။ ကျွန်တော်က သူ့အတွက် ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တာဆိုတော့ သူ ကျွန်‌တော့်ကို ငွေပေးတာက ဖြစ်သင့်တာပေါ့"

"ဒါက နင် ကိုယ်တိုင် ရှာဖွေထားတဲ့ ငွေလေ။ နင့်ဘာသာ သိမ်းထားလိုက်ပါ၊ နောက်ပိုင်းကျရင် နင် လိုအပ်လာလိမ့်မယ်"

"ကျွန်တော်က အမြဲတမ်း မိသားစုအပေါ်မှာပဲ မှီခိုပြီး ရှင်သန်လာခဲ့တာလေ။ အခု ကျွန်တော်ကိုယ်တိုင် ငွေရှာနိုင်ပြီဆိုမှတော့ အိမ်အသုံးစရိတ်အတွက် သုံးစွဲရမှာပေါ့"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သေးသည်။

"ဒါမှမဟုတ်... ခင်ဗျားက ကျွန်‌တော်ကို တစ်သက်လုံး အလကားစားနေတဲ့ ယောက်ျားတစ်ယောက် ဖြစ်စေချင်လို့လား"

သူ့အတွက် ငွေရှာနိုင်မည့် နည်းလမ်းများစွာ ရှိပြီး အခြားသော ငွေကြေးများကို သူ ပွင့်ပွင့်လင်းလင်း ထုတ်မသုံးနိုင်သော်လည်း ဤငွေကတော့ အရင်းအမြစ် ရှင်းလင်းထင်ရှားနေသောကြောင့် သူ သူမ၏ ရှေ့တွင် လာရောက်ကြွားဝါချင်နေမိသည်။

All Chapters