← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀ သံသယ

ကျန်းရိဟွမ်းက ပင်ပန်းနွမ်းနယ်နေသော သူမ၏ ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ လောလောလတ်လတ် ငှားရမ်းထားသည့် အိမ်အိုလေးဆီသို့ ပြန်လာခဲ့သည်။

သူမ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဘေးဘက်မှ ရေတစ်ပုံးဖြင့် လှမ်းပက်ခြင်း ခံလိုက်ရသည်။

ကျန်းရိဟွမ်းတစ်ယောက် တစ်ကိုယ်လုံး စိုရွှဲသွားပြီး မျက်နှာလေး ဖြူဖျော့သွားကာ ရေပက်လိုက်သော အမျိုးသမီးအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ရှင် ဒါကို တမင်သက်သက် လုပ်တာမလား"

ထိုအမျိုးသမီးက အားနာဟန် လုံးဝမရှိဘဲ ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်ပြောလာသည်။

"ငါက ငါ့အိမ်ရှေ့မှာ ငါ ရေပက်တာ၊ နင့်အိမ်ရှေ့မှာ ပက်တာမှ မဟုတ်တာ။ ငါ ရေပက်နေတဲ့အချိန်ကျမှ နင်က ဘာလို့ ပေါ်လာရတာလဲ။ နင်က ငါ့ကို တမင်သက်သက် စွပ်စွဲနေတာလို့ပဲ ငါ ပြောရတော့မှာပေါ့"

ဤခြံဝင်းထဲတွင် မိသားစုငါးစု နေထိုင်ကြပြီး မိသားစုတစ်စုလျှင် အခန်းတစ်ခန်းစီ ငှားရမ်းကာ မီးဖိုချောင်နှင့် အိမ်သာကိုတော့ အတူတကွ မျှဝေသုံးစွဲကြရသည်။

ဤနေရာက မြို့ပေါ်သို့ အလုပ်လာရှာကြသော လူအများအပြား နေထိုင်ရာ အိမ်ငှားခြံဝင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူမျိုးစုံရောပြွမ်းနေသည့် နေရာတစ်ခုလည်း ဖြစ်နေလေသည်။

ကျန်းရိဟွမ်းက ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းအိုပျက်ကြီးထဲတွင် ဆက်မနေချင်တော့သဖြင့် သူမ အလုပ်ရပြီးနောက် အိမ်ငှားနိုင်ရန်အတွက် အလုပ်ရှင်ထံမှ လစာကို ကြိုတင်ထုတ်ယူခဲ့သည်။ သူမ ဖုန်းတောင်းစားတစ်စုနှင့်အတူ ထိုဘုရားကျောင်းစုတ်ကြီးထဲတွင် နောက်ထပ် ဘယ်သောအခါမှ တိုးဝှေ့မနေချင်တော့ချေ။

သို့သော်လည်း ထိုငွေအနည်းငယ်က အသက်သာဆုံး အိမ်ကိုသာ ငှားရမ်းရန် လုံလောက်နေခဲ့သည်။ အကယ်၍ ဈေးကြီးသောအိမ်ကို ငှားရမ်းလိုက်ပါက အခြားအသုံးစရိတ်များအတွက် လုံလောက်တော့မည် မဟုတ်ပေ။

သူမက ယခင်က သူမကို ပိုးပန်းခဲ့ဖူးသူများကိုလည်း သွားရှာခဲ့သေးသည်။ သို့သော် သူမ အိမ်ထောင်ပြုပြီးနောက်တွင် ထိုသူများကလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ကျသွားခဲ့ကြပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့အား ထိန်းချုပ်မည့် ဇနီးသည်များ ရှိနေကြပြီဖြစ်ရာ သူမကို ကူညီချင်လျှင်ပင် မတတ်နိုင်ကြတော့ချေ။

ကျန်းရိဟွမ်းတစ်ယောက် ထပ်ခါတလဲလဲ ငြင်းပယ်ခံရပြီးနောက် အိမ်ထောင် စောစောပြုမိခြင်းအတွက် နောက်တစ်ကြိမ် နောင်တရမိပြန်သည်။ အကယ်၍ သူမသာ အိမ်ထောင်မပြုခဲ့ပါက သူမအတွက် ငွေစိုက်ထုတ်ပေးမည့် အခြားငတုံးတစ်ယောက်ကို ထပ်မံ ရှာဖွေနိုင်ဦးမည် ဖြစ်သည်။

ယခု သူမ အိမ်ထောင်ကျနေပြီဖြစ်ရာ ထိုအမျိုးသားများကို မြှူဆွယ်ရန် မလွယ်ကူတော့ချေ။ အမျိုးသားတစ်ဦးက သားကောင်အဖြစ် ရောက်လာလျှင်ပင် သူက သူမကို အမြတ်ထုတ်ရန်သာ ဖြစ်ပြီး လက်ထပ်ရန်အတွက် မဟုတ်တော့ချေ။

ထိုငွေအနည်းငယ်အတွက်နှင့် သူမ၏ အပြစ်ကင်းမှုကို ဆုံးရှုံးရခြင်းက မထိုက်တန်လှချေ။ သူမအနေဖြင့် ရှောင်းယန်ချီကို ရွေးချယ်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူ၏အပေါ်၌သာ အရာအားလုံး ပုံအောလောင်းကြေးထပ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ကျန်းရိဟွမ်းက လောလောလတ်လတ် ဝယ်ယူလာသော ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်ထဲသို့ သယ်ဆောင်လာခဲ့သည်။ သူမ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီးငယ်တစ်ဦး မီးဖိုချောင်တွင် ချက်ပြုတ်နေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးကလည်း သူမကို မော့ကြည့်လာရာ ရင်းနှီးနေသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ရှင်က ဒီကို ဘာလာလုပ်တာလဲ"

ကျန်းရိဟွမ်းက ဝမ်ရှီအား သံသယစိတ်ဖြင့် စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။

ဝမ်ရှီ၏ မျက်ဝန်းများက‌ ဖျပ်ခနဲ့ လှုပ်ခတ်သွားသော်လည်း သူမက ပြန်ဖြေလိုက်သည်။

"ငါ ဒီမှာ အိမ်ငှားနေတာပါ"

"ကျွန်မတို့ ဒီမှာနေတာကို ရှင် သိလို့ တမင်သက်သက် နောက်က လိုက်လာတာမလား"

ကျန်းရိဟွမ်းက ဒေါသတကြီး ဆက်ပြောနေသည်။

"ကျွန်မတို့က လက်ထပ်ပြီးသွားပြီ၊ ရှင် ကျွန်မတို့နောက်ကို တကောက်ကောက် လိုက်နှောင့်ယှက်နေတာကို ရပ်ပေးလို့ မရဘူးလား"

"ဘာဖြစ်လို့လဲ"

အပြင်မှ ပြန်လာသေ ရှောင်းယန်ချီကလည်း ကျန်းရိဟွမ်း၏ အသံကို ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

မီးဖိုနားတွင် ချက်ပြုတ်နေသည့် ဝမ်ရှီကို မြင်လိုက်ရသည့်အချိန်တွင် သူ့မျက်ဝန်းများထဲ၌ အံ့သြသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

ဝမ်ရှီက သူ့ကို သနားစရာ အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

"ရှောင်းရှို့ချိုင်... ကျွန်မ တကယ်ပဲ ရှင်တို့ ဒီမှာ ရှိနေတာကို မသိခဲ့ပါဘူး။ ဒီနေရာက အိမ်ငှားခက ဈေးသက်သာလို့ပါ။ ဒါက ကျွန်မ တတ်နိုင်တဲ့ တစ်ခုတည်းသော အိမ်ဖြစ်နေလို့ပါ"

ရှောင်းယန်ချီ၏ ချောမောသော မျက်နှာက ချက်ချင်း နီရဲသွားသည်။

ဤနေရာရှိ စျေးအသက်သားဆုံးအိမ်တွင် နေရခြင်းက သူ မည်မျှအထိ ဘဝပျက်ကာ နိမ့်ကျနေရသည်ကို သက်သေပြနေသလို ဖြစ်နေလေသည်။ ယခင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ သူ ဤမျှအထိ အနိမ့်ကျဆုံးဘဝသို့ ရောက်ဖူးခြင်းက ပထမဆုံးအကြိမ်ပင်။

"ဟွမ်းအာ... ဒါက တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ"

ရှောင်းယန်ချီက ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။

"ရှင်က သူ့ဘက်ကနေ ကာကွယ်ပေးနေတုန်းပဲလား"

ကျန်းရိဟွမ်းက ဒေါသတကြီး ပြန်ရန်တွေ့နေသည်။

"ကျွန်မ ကြည့်ရတာတော့ ရှင်တို့တွေ ရေစက်ဟောင်း ပြန်ဆက်နိုင်အောင် သူ ဒီကို ရောက်လာတာဖြစ်မယ်၊ ရှင်လည်း သဘောကျနေတယ်မလား"

"ဟွမ်းအာ... လျှောက်မပြောနဲ့"

ရှောင်းယန်ချီက ယနေ့တွင် ရင်ထဲ၌ အလိုလိုမှ စိတ်မကြည်မလင် ဖြစ်နေရသည့်အထဲ ဝမ်ရှီ၏ ရှေ့၌ ကျန်းရိဟွမ်း၏ ကလေးကလား အပြုအမူများကြောင့် သူ၏သိက္ခာ ပိုကျဆင်းသွားသလို ခံစားနေရသည်။

ကျန်းရိဟွမ်း၏ မျက်ဝန်းများကလည်း ဒေါသကြောင့် နီမြန်းလာခဲ့သည်။

"ကောင်းပြီလေ... ကျွန်မကပဲ ဆင်ခြင်တုံတရားမရှိတဲ့လူ၊ ကျွန်မကပဲ အကျိုးအကြောင်းမသိတဲ့လူ ဖြစ်နေပြီပေါ့... ဟုတ်လား"

ပြောပြောဆိုဆိုနှင့် သူမက သူမ၏လက်ထဲတွင် ကိုင်ထားသော ဟင်းသီးဟင်းရွက်ခြင်းကို သူ၏လက်ထဲသို့ ထိုးထည့်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

ထိုအရာက ရှောင်းယန်ချီကို မျက်မှောင်ကြုတ်မိစေသည်။

‘ကျန်းရိဟွမ်းက စိတ်ကောက်ပြီး ထမင်းမချက်ပေးတော့ဘူးပေါ့လေ...’

‘ဒါပေမယ့် ငါ အတော်လေး ဆာလောင်နေပြီ’

ဝမ်ရှီက တိုးညင်းသောလေသံဖြင့် ပြောလာခဲ့သည်။

"ဒါက ကျွန်မအပြစ်ပါ၊ ကျွန်မ ရှောင်သွားပေးသင့်တာ။ ဒါပေမယ့် ကျွန်မမှာ ငွေကုန်နေလို့ တခြားနေရာကို သွားမငှားနိုင်တော့ဘူးလေ"

"ဒါက မင်းအပြစ်မဟုတ်ပါဘူး"

ရှောင်းယန်ချီက ပြန်ပြောလိုက်သည်။

"ဒီတစ်ခါတော့ ဟွမ်းအာက အကျိုးအကြောင်းမသိဘဲ မိုက်မိုက်မဲမဲ ပြုမူနေတာပါ"

"ရှောင်းရှို့ချိုင်က အခုထိ ကြင်နာတတ်တုန်းပဲနော်"

ဝမ်ရှီက ရှောင်းယန်ချီအား နက်ရှိုင်းသော သံယောဇဉ်အကြည့်များဖြင့် စိုက်ကြည့်ရင်း ချီးကျူးလိုက်သည်။

ရှောင်းယန်ချီ၏ နှလုံးသားကတော့ ပျော့ပြောင်းသွားရပြန်သည်။

"ကျွန်မ စားစရာနည်းနည်း ချက်ပြုတ်ထားတာ ရှိတယ်။ ရှင် ဗိုက်ဆာနေပြီလား... နည်းနည်းလောက် စားမလား"

ထိုသို့ပြောပြီးနောက် ဝမ်ရှီက သူမဘာသာ စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် ထပ်ပြောလိုက်သည်။

"ကြည့်စမ်းပါဦး... ကျွန်မကတော့ မေ့တတ်လိုက်တာ၊ ရှင်က အိမ်ထောင်ကျသွားပြီဆိုတာကို ကျွန်မ ခဏခဏ မေ့နေတာပဲ။ အခုဆို ရှင့်မှာ ဇနီးသည် ရှိနေပြီပဲ၊ ရှောင်းသခင်မက ရှင့်အတွက် ချက်ပြုတ်ပေးမှာပေါ့။ ကျွန်မရဲ့ မကောင်မကန်း လက်ရာလေးက ဘယ်လိုလုပ်ပြီး မျက်နှာပန်းလှနိုင်ပါ့မလဲ"

"ငါ တကယ်ပဲ နည်းနည်း ဗိုက်ဆာနေတာ... ဒါပေမယ့် မင်းအတွက်ရော လုံလောက်ရဲ့လား"

ကျန်းရိဟွမ်းက စိတ်ဆိုးမာန်ဆိုးဖြင့် ခြင်းတောင်းကို သူ့လက်ထဲသို့ ထိုးထည့်သွားခဲ့ရာ သူမအနေဖြင့် ထမင်းချက်ပေးရန် ဆန္ဒမရှိကြောင်း ထင်ရှားနေသည်။

သူ အလွန်ဆာလောင်နေပြီဖြစ်ရာ တစ်စုံတစ်ယောက်က ထမင်းကျွေးမည်ဆိုပါက သူ ငြင်းပယ်နေမည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ သူ့ဘာသာသူ ဝင်ချက်ရန်က လုံးဝ မဖြစ်နိုင်ချေ။

"လုံလောက်ပါတယ်၊ ကျွန်မက အများကြီး မစားတတ်ပါဘူး"

ဝမ်ရှီက ဝမ်းသာအားရ ပြန်ပြောနေလေသည်။

ကျန်းရိဟွမ်းက ကုတင်ပေါ်တွင် လှဲလျောင်းနေရင်းနှင့် သတိမထားမိဘဲ အိပ်ပျော်သွားခဲ့သည်။ သူမ နောက်တစ်ကြိမ် ပြန်နိုးလာသည့်အခါ အပြင်ဘက်၌ မှောင်ရီပျိုးနေခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် သူမ၏ ဝမ်းခေါင်းထဲ၌ ဟာလာဟင်းလင်းဖြစ်နေကာ ကျောနှင့်ဝမ်းဗိုက် ကပ်မတတ် ဗိုက်ဆာနေပြီ ဖြစ်သဖြင့် ရှောင်းယန်ချီက ဘာကြောင့် ထမင်း လာမပို့ပေးသည့်အကြောင်း တွေးတောနေမိသည်။

‘သူ ထမင်းမချက်တတ်လို့ မီးဖိုချောင်ထဲမှာ အချိန်ဆွဲတာ ဖြစ်နိုင်မလား...’

သူမ တံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့ရာ ရှောင်းယန်ချီက ခြံဝင်းထဲရှိ ကျောက်စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်နေပြီး သူ၏ဘေး၌ ဝမ်ရှီတစ်ယောက် အဝတ်လျှော်နေသည်ကို မြင်လိုက်ရသည်။ တစ်ခါတစ်ရံတွင် ဝမ်ရှီက ရှောင်းယန်ချီအား သံယောဇဉ်ကြီးမားလှသော မျက်ဝန်းများဖြင့် မော့ကြည့်နေသေးသည်။

ကျန်းရိဟွမ်းက သူမ၏ရင်ထဲမှ ဒေါသကို မြိုသိပ်ရင်း ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ရှောင်းယန်ချီကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ယောက်ျား... ထမင်း အဆင်သင့် ဖြစ်ပြီလား"

ရှောင်းယန်ချီက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။

"မင်း အိပ်ပျော်နေတာကို မြင်လို့ မင်း မစားချင်ဘူး ထင်တာနဲ့ ကိုယ် မင်းအတွက် မချန်မိဘူး"

ဝမ်ရှီက ဘေးမှ ဝင်ပြောလာသည်။

"တကယ်လို့ မိန်းကလေးကျန်း ဗိုက်ဆာနေတယ်ဆိုရင် ကျွန်မ မုန့်ပေါင်းနှစ်ချပ် ချန်ထားတာရှိပါတယ်။ ခဏလောက်စောင့်ပါ၊ ကျွန်မ သွားနွေးပေးပါ့မယ်"

“ရှင့်မုန့်ပေါင်းကို ဘယ်သူက စားချင်နေလို့လဲ"

ကျန်းရိဟွမ်းက အော်ငေါက်လိုက်သည်။

ဝမ်ရှီက သူမ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် လန့်ဖျတ်သွားကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်စဉ် ခြေချော်သွားခဲ့သည်။

ရှောင်းယန်ချီက ချက်ချင်းပင် ထရပ်လိုက်ပြီး သူမ၏ခါးကို လှမ်းဖက်ကာ ထိန်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှောင်းရှို့ချိုင်"

ဝမ်ရှီ၏ အသံက မူလကတည်းက ကျန်းနန်ဒေသ၏ လေယူလေသိမ်းရှိနေပြီး သူမ အသံကို နှိမ့်ပြီး ပြောသည့်အခါမျိုးတွင် ပိုချိုသာလာပြီး ညုတုတု ဖြစ်နေတတ်သည်။

"သူ့ကို မထိနဲ့"

ကျန်းရိဟွမ်းက သူတို့နှစ်ဦးကို ဆွဲခွဲလိုက်သည်။

ဒေါသကြောင့် ငိုယိုနေသော ကျန်းရိဟွမ်းကိုလည်းကောင်း၊ ပြတင်းပေါက်များမှတစ်ဆင့် စပ်စုအကဲခတ်ကာ ရယ်မောနေကြသော အခြားအိမ်ငှားမိသားစုများကိုလည်းကောင်း မြင်လိုက်ရသဖြင့် ရှောင်းယန်ချီလည်း ဆက်အရှက်မကွဲချင်တော့ပေ။ သူက ကျန်းရိဟွမ်းကို အခန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။

"ရှောင်းရှို့ချိုင့်... ကျွန်မ ရှင့်အတွက် လက်ဖက်ရည် ယူလာပေးမယ်လေ"

ဝမ်ရှီက နောက်မှ လှမ်းပြောနေသေးသည်။

"မလိုပါဘူး"

ရှောင်းယန်ချီက ငြင်းဆန်လိုက်သည်။

"ဒါဆိုရင်လည်း နောက်ရက် ရှင် သောက်ချင်တဲ့အချိန်ကျမှ ကျွန်မ ဖျော်ပေးပါ့မယ်"

ကျန်းရိဟွမ်းကို အခန်းထဲသို့ ဆွဲသွင်းပြီးနောက် ရှောင်းယန်ချီက တံခါးကို ပိတ်ကာ သူမကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

"ဟွမ်းအာ... မင်း ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ မရီးဝမ်က ကိုယ်တို့ ဒီမှာနေတာကို သိမှ မသိတာ။ ဆုံမိကြမှတော့ မိတ်ဆွေဖွဲ့ရမှာပေါ့။ မင်းတို့နှစ်ယောက်လုံးက အမျိုးသမီးချင်းတူတူပဲကို အချင်းချင်း စောင့်ရှောက်ရမှာပေါ့။ မင်းက ဘာလို့ သူ့ကို လိုက်ပြဿနာရှာနေရတာလဲ။ မင်း ထမင်းမချက်တတ်ပေမယ့် မရီးဝမ်က ဟင်းချက်ကောင်းတယ်လေ။ ကိုယ်တို့တွေ သူ့ကိုပါ အတူတူ ချက်ပြုတ်စားသောက်ဖို့တောင် ဖိတ်ခေါ်လို့ရသေးတယ်"

"ရှင် ကျွန်မကို လက်ထပ်မိတာ နောင်တရနေပြီမလား"

ကျန်းရိဟွမ်းက သူ၏လည်ပင်းကို ဖက်ကာ ငိုကြွေးလိုက်သည်။

"ကျွန်မအမေက ကျွန်မတို့အပေါ် အဲ့လိုမျိုး ဆက်ဆံခဲ့တယ်၊ ရှင်က ကျွန်မနဲ့အတူတူ နေလို့ ဝဝလင်လင် မစားရ၊ ကောင်းကောင်းမအိပ်ရ ဖြစ်ခဲ့ရတာပဲ။ ရှင် ကျွန်မကို လက်ထပ်မိတာ နောင်တရနေပြီမလား။ အဲ့ဒီ ဝမ်ရှီက ဟင်းချက်တတ်တယ်လေ။ တကယ်လို့ ရှင် သူနဲ့အတူနေရင် စားဖို့ သောက်ဖို့ ပူနေစရာမလိုလောက်တော့ဘူး"

အလျှော့ပေးသည့်ပုံစံဖြင့် အနိုင်ယူခြင်းက သူမ၏ ပုံမှန်လှည့်ကွက် ဖြစ်သည်။

ဝမ်ရှီနှင့် တွေ့သည့်အချိန်တိုင်းတွင် သူမက လွယ်လွယ်ကူကူနှင့် စိတ်လိုက်မာန်ပါ ဖြစ်သွားတတ်သည်။ သူမ စိတ်ငြိမ်သွားသည့် အချိန်ကျမှသာ သူမ မည်မျှအထိ မှားယွင်းသွားခဲ့ကြောင်း သတိထားမိသွားတတ်သည်။

ဤအမျိုးသားများကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှပြီး သူမဘက်ကသာ အထိန်းအကွပ်မမဲ့ဘူးဆိုလျှင် ရှောင်းယန်ချီကို အခြားအမျိုးသမီးတစ်ယောက် လုယူသွားနိုင်မည် မဟုတ်ဟု သူမ အခိုင်အမာ ယုံကြည်နေခဲ့သည်။

သူက သူမတွင် ကျန်ရှိတော့သည့် တစ်ခုတည်းသော အားကိုးရာဖြစ်သောကြောင့် သူမ သူ့ကို စိတ်တိုင်းမကျလျှင်ပင် သူမအနေဖြင့် သူ့ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

"နောက်တခါ လျှောက်မပြောနဲ့တော့"

ရှောင်းယန်ချီက သူမ၏ နှာခေါင်းထိပ်လေးကို သာသာယာယာ ပုတ်ရင်း ချော့မော့လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းရိဟွမ်း စတင်ငိုယိုလိုက်သည်နှင့်တစ်ပြိုင်နက် သူ့လေသံက ချက်ချင်း ပျော့ပြောင်းသွားသည်။

All Chapters