အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း ၁၉၁ အကြီးစားမှာယူမှု
စူးယောင်ကွမ်း တံခါးပိတ်ရန် ပြင်နေစဉ်မှာပင် မောက်မာလှသော သခင်လေးစွေ့ တံခါးဝ၌ ရပ်နေသည်ကို မြင်လိုက်ရသည်။
"ရှားရှားပါးပါး ဧည့်သည်တော်ပါလား"
သူမက အပြုံးဖြင့် တံခါးကို ပြန်ဖွင့်ပေးရင်း လှမ်းပြောလိုက်သည်။
စွေ့ရုန်က အနေရခက်ဟန်ဖြင့် အထဲသို့ လျှောက်ဝင်လာပြီး ကုန်ပစ္စည်းမျိုးစုံ ဝေေ၀ဆာဆာ တင်ထားသည့် စင်များကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေလေသည်။
"မင်းတို့ဆိုင်က ဒီရက်ပိုင်း အရောင်းအဝယ် သိပ်မကောင်းသလိုပဲနော်"
စူးယောင်ကွမ်းက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီးမှ ခပ်ငေါ့ငေါ့ ပြန်ပြောလိုက်သည်။
"ကျွန်မက ရှင့်အသက်ကို ကယ်တင်ပေးခဲ့တာဆိုတော့ အနည်းဆုံးတော့ ရှင် အသိတရားလေးရှိလာပြီး နောက်ထပ် ပြဿနာလာမရှာတော့ဘူးလို့ ထင်ထားတာ။ ရှင်ဘက်က အပစ်အခတ် မရပ်စဲသေးဘူးပေါ့လေ"
"ဘယ်သူက မင်းနဲ့ တိုက်ခိုက်ချင်နေလို့လဲ"
စွေ့ရုန်က တည်တည်ငြိမ်ငြိမ် ပြန်ပြောနေသေးသည်။
"ငါက မင်းကို တစ်ခါမှတောင် အလေးအနက် မထားခဲ့ဖူးဘူး"
"ကောင်းပါပြီ... ကောင်းပါပြီ... ဒါနဲ့ သခင်လေးက ဒီနေ့ ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
"ငါက ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတစ်ခု ဆွေးနွေးမလို့ လာတာ၊ ဆွေးနွေးဖို့အတွက် မင်းရဲ့အိမ်သားတွေကို အပြင်ခေါ်လိုက်သင့်တယ် မဟုတ်ဘူးလား"
"မလိုပါဘူး... ကျွန်မကို အရင်ပြောပြပါ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲဆိုတာ ကျွန်မ အရင်ကြည့်မယ်"
စူးယောင်ကွမ်းက သူမကိုယ်တိုင် သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ထပ်မေးလိုက်သည်။
"ရှင် တစ်ယောက်တည်း လာတာလား"
"ဆိုင်တာဝန်ခံက အပြင်မှာ စောင့်နေတယ်။ သူက ငါ့ကို မင်းနဲ့ လာဆွေးနွေးခိုင်းလိုက်တာ"
မည်သို့ပင်ဆိုစေ သူက စွေ့မိသားစု၏ အနာဂတ်မိသားစုခေါင်းဆောင် ဖြစ်လာမည့်သူဖြစ်ရာ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိအောင် သင်ယူရမည် ဖြစ်သည်။
"သခင်လေးစွေ့က ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ချင်တာလဲ"
"ငါတို့ ကျင်းလဲ့ဖုန့်က အလှကုန်တွေနဲ့ မျက်နှာချေမှုန့်တွေက မင်းတို့ဆီက ပစ္စည်းတွေကို မမှီဘူး၊ အဲ့ဒါကြောင့် ဆက်ရောင်းနေလည်း အပိုပဲ၊ ဒီလုပ်ငန်းကို ရပ်ဆိုင်းဖို့ ငါ စီစဉ်ထားတယ်"
"ဒါဆိုရင် ကျွန်မနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ချင်တာလဲ"
"ငါတို့ စွေ့မိသားစုမှာက တိုင်းပြည်အနှံ့အပြား ဆိုင်ခွဲကြီးငယ်ပေါင်း တစ်ရာကျော် ရှိတယ်။ မင်းက ထောင်ယောင်ဖန့်ရဲ့ ကုန်ပစ္စည်းတွေကို ငါ့ဆီ သွင်းပေး၊ ငါက တခြားနေရာတွေမှာ မင်းအတွက် ပြန်ရောင်းပေးမယ်။ ဒါပေမယ့် အမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုတော့ ငါ လိုချင်တယ်"
"ဒီလောက်လွယ်လွယ်နဲ့ အမြတ်သုံးဆယ် ရာခိုင်နှုန်းတောင် ယူမယ်ဆိုတော့ သခင်လေးရဲ့ ဝါးမြိုချင်စိတ်က တော်တော်ကြီးတာပဲ"
"မင်းရဲ့ ကုန်ပစ္စည်းတွေကို တခြားနေရာတွေဆီ သယ်ယူပို့ဆောင်ဖို့နဲ့ ရောင်းချဖို့အတွက် ငါ့ဘက်က လူအင်အား စိုက်ထုတ်ပေးမှာလေ။ မင်းက ပစ္စည်းတင်သွင်းပေးရုံနဲ့တင် ငွေရနေမှာ မဟုတ်ဘူးလား"
စူးယောင်ကွမ်းက စားပွဲခုံကို ခပ်ဖွဖွလေး ပုတ်လိုက်ရင်း စဉ်းစားနေလေသည်။
‘အမြတ်ငွေရဲ့ သုံးဆယ်ရာခိုင်နှုန်း...'
‘စွေ့မိသားစုမှာက စီးပွားရေးလုပ်ငန်းကြီးတစ်ခု ရှိတယ်။ တကယ်လို့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖြစ်သွားရင် ငါတို့ဘက်က ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရမယ်၊ ပြီးတော့ ရရှိနိုင်မယ့် အမြတ်အစွန်းကလည်း နည်းမှာ မဟုတ်ဘူး။’
"ကျွန်မမှာ အကြံပြုချက်တစ်ခုရှိတယ်။ ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေကိုပဲ အာရုံမစိုက်ဘဲ တခြားအရာတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်ပါဦး"
စူးယောင်ကွမ်းက သူ၏အနီးသို့ အနည်းငယ် တိုးကပ်သွားရင်း ထပ်ပြောလိုက်သည်။
"ကျွန်မတို့ရဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုက ငွေအများကြီး ရတာနော်"
"ဒါက မင်းရဲ့ ကိုယ်ပိုင်အတတ်ပညာလေ... ဘာဖြစ်လို့ ငါ့ကို ပြန်ရောင်းမှာလဲ"
"ဘာလို့ မရောင်းရမှာလဲ။ ဒါကို စာချုပ်ထဲမှာ သေချာထည့်သွင်းရေးသားရင် အဆင်ပြေတယ်။ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ရရှိပြီးပြီဆိုရင် ရှင်က ဒီအတတ်ပညာကို လာသင်ယူမယ့်လူတွေကိုပဲ စီစဉ်ပေးရုံပဲ၊ ကျွန်မကတော့ ရသင့်ရထိုက်တဲ့ အမြတ်ဝေစုကိုပဲ ယူမှာပါ"
"မင်းရဲ့ ဝါးမြိုချင်စိတ်ကလည်း တော်တော်ကြီးတာပဲ"
"ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုမှတော့ အကြီးကြီးတစ်ခုပဲ ဖြစ်သင့်တာပေါ့၊ ငွေအနည်းအကျဉ်းလေးအတွက်နဲ့တော့ ဘာလို့ ပူးပေါင်းဆောင်ရွက်နေဦးမှာလဲ၊ ရှင် အရင်ဆုံး သေချာစဉ်းစားကြည့်ပါဦး"
"ငါက ဘာကို စဉ်းစားရမှာလဲ။ မင်းက မင်းရဲ့ အတတ်ပညာကို မျှဝေပေးရဲတယ်ဆိုရင် ငါကလည်း လက်ခံရဲတာပေါ့"
"ကောင်းပါပြီ၊ ဒါဆိုရင် စာချုပ်ချုပ်ကြတာပေါ့"
ကျိုးဝမ်ရှူ ပြန်ရောက်လာချိန်တွင် စူးယောင်ကွမ်းနှင့် စွေ့ရုန်တို့ စာချုပ် ရေးသားပြီးစီးနေပြီဖြစ်ကာ တစ်ယောက်တစ်စောင်စီ လက်ဗွေနှိပ်နေကြပြီ ဖြစ်သည်။
ထိုစာချုပ်ကို သုံးစောင်တွဲ ပြုလုပ်ထားခြင်းဖြစ်ပြီး သူတို့တစ်ဦးစီက တစ်စောင်စီ သိမ်းဆည်းထားကာ နောက်ဆုံးတစ်စောင်ကိုတော့ အကျိုးအမြတ် ခွဲဝေမှုနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ရှိလာပါက တာဝန်ရှိသူများက ဆုံးဖြတ်စီရင်ပေးနိုင်ရန် ရုံးတော်သို့ ပေးပို့မှတ်တမ်းတင်ရမည် ဖြစ်သည်။
ကျိုးဝမ်ရှူကို မြင်လိုက်ရသည်နှင့် စွေ့ရုန်က သူ၏ ပုံမှန်မောက်မာသော အမူအရာသို့ ချက်ချင်း ပြန်ပြောင်းသွားပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်ပြင်ကာ ထွက်ခွာသွားခဲ့သည်။
ကျိုးဝမ်ရှူက စာချုပ်ကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။
"သူက လုံးဝကြီး တုံးအနေတာတော့ မဟုတ်ဘူးပဲ"
"စွေ့မိသားစုရဲ့ စီးပွားရေးက ဒီလောက်အထိ ကြီးထွားလာတာပဲကြည့်လေ၊ ဒါက သူတို့ရဲ့ ဘိုးဘေးတွေအားလုံး ဉာဏ်ကောင်းခဲ့ကြလို့ပဲ။ ဒီသခင်လေးစွေ့က အလိုလိုက်ခံထားရတာ မှန်ပေမယ့် သူက မိုက်မဲတဲ့လူတော့ မဟုတ်ပါဘူး"
စူးယောင်ကွမ်းက စာချုပ်ပေါ်မှ မှင်များ ခြောက်သွေ့စေရန် ခပ်ဖွဖွ မှုတ်နေရင်း ထပ်ပြောလိုက်သည်။
"သူ့ရဲ့ အကဲဖြတ်နိုင်စွမ်းကလည်း တကယ့်ကို ထူးချွန်တယ်။ ငါနဲ့ ပူးပေါင်းဖို့ဆောင်ရွက်သင့်တာကို နားလည်နေတယ်"
ထောင်ယောင်ဖန့်၏ အရောင်းအဝယ်က မည်မျှပင် ကောင်းမွန်နေပါစေ ဤခရိုင်မြို့တစ်မြို့တည်းတွင်သာ ထိပ်တန်းရောက်နေခြင်း ဖြစ်သည်။ ခရိုင်တစ်ခုတွင် လူဦးရေ ကန့်သတ်ချက်ရှိသဖြင့် ဈေးကွက်က ပြည့်နှက်နေပြီဖြစ်ရာ ငွေအမြောက်အမြား ထပ်မရှာဖွေနိုင်တော့ပေ။ ယခု စွေ့မိသားစုနှင့် ပူးပေါင်းလိုက်ခြင်းက သူမအနေဖြင့် အားစိုက်ထုတ်စရာမလိုဘဲ စီးပွားရေးကို ချဲ့ထွင်နိုင်မည့်အပြင် သူမ၏ အမှတ်တံဆိပ်ကိုပါ မြှင့်တင်နိုင်မည် ဖြစ်သည်။ ဤအရာက အမြတ်လည်းရသလို နာမည်လည်းကြီးမည့် ဘုရားပေးသော ဆုလာဘ်တစ်ခုပင်။ ရလဒ်အနေဖြင့် စွေ့မိသားစုဘက်ကလည်း နစ်နာမှုမရှိပေ။ သူတို့က ကုန်ပစ္စည်းအသစ်များ ဖန်းတီးရမည့်ကိစ္စကို ပူပန်နေစရာမလိုတော့ဘဲ ပစ္စည်းများကို လိုက်လံရောင်းချပေးရုံမျှဖြင့် အမြတ်၏ သုံးဆယ်ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
လုပ်အားခ စရိတ်စကများကိုပါ ထည့်တွက်လျှင်ပင် သူတို့အတွက် နှစ်ဆယ်ရာခိုင်နှုန်းခန့် အသားတင် ရရှိဦးမည် ဖြစ်သည်။
စူးယောင်ကွမ်းဘက်တွင်တော့ အမှာစာကို အမှီလုပ်ဆောင်နိုင်ရန် အလုပ်သမားများ ထပ်ငှားရမ်းရမည်ဖြစ်ပြီး ကုန်ကြမ်းပစ္စည်း လေလွင့်ဆုံးရှုံးမှုများကိုပါ တာဝန်ယူရမည်ဖြစ်ရာ ထိုစရိတ်စကများကို နှုတ်ပြီးနောက် သူမအတွက် ငါးဆယ်ရာခိုင်နှုန်းခန့်သာ အမြတ်ကျန်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လူတိုင်း အကျိုးအမြတ်ရရှိကြသဖြင့် အားလုံး ပျော်ရွှင်ကြရမည်ပင်။
"ဒီနေ့ သတင်းကောင်းရှိတာဆိုတော့ အောင်ပွဲခံကြမလား"
"ဘယ်လိုမျိုးလဲ"
"ခြံဝင်းထဲမှာ မီးဖိုပြီး သိုးတစ်ကောင်လောက် ကင်စားကြတာပေါ့"
ကျိုးဝမ်ရှူ စကားမပြောနိုင်ခင်မှာပင် စူးယောင်ကွမ်းက ဤသတင်းကောင်းကို အခြားသူများအား မျှဝေရန် နောက်ဖေးခြံထဲသို့ ပြေးသွားတော့သည်။
စူးမိသားစု၏ အခြားအဖွဲ့ဝင်များကလည်း ဆိုင်ပိတ်ခါနီး အချိန်တွင် ဤကဲ့သို့ အမှာစာအကြီးကြီး ရရှိခဲ့သည်ဟု ကြားလိုက်ရသဖြင့် အတိုင်းမသိ ဝမ်းသာသွားကြသည်။
မကြာမီပင် ထောင်ယောင်ဖန့်၏ နောက်ဖေးခြံဝင်းထဲတွင် မီးပုံကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"သိုးသား ရောက်ပြီဟေ့"
ကျန်းကျောက်တိက လတ်လတ်ဆတ်ဆတ် သတ်ထားသော သိုးကို မီးပုံပေါ်သို့ တင်ရန် သူမနောက်မှ အလုပ်သမားနှစ်ဦးကို လှမ်းအော်ပြောလိုက်သည်။
"ငါ သိုးရောင်းတဲ့ အဖိုးကြီးရန်ဆီကနေ သိုးသုံးကောင် မှာထားတာ။ ကျန်တဲ့နှစ်ကောင်ကတော့ အခုထိ သတ်နေတုန်းပဲ။ အကုန်ပြင်ဆင်ပြီးတာနဲ့ လာပို့ပေးလိမ့်မယ်။ ဒီနေ့က နေ့ကောင်းရက်မြတ်ဆိုတော့ အားလုံး ကောင်းကောင်းမွန်မွန် စားသောက်ပြီး ပျော်ပျော်ပါးပါး အောင်ပွဲခံကြမယ်"
"ဒီနေ့တော့ သောက်စရာ အပြည့်အစုံနဲ့ အဝစားသောက်ကြတာပေါ့၊ မနက်ဖြန်ကျရင်တော့ ငါတို့တွေ အလုပ်ရှုပ်ကြတော့မယ်"
ကျန်းယင်းတိကလည်း ဝင်ပြောလိုက်သည်။
"အလုပ်တွေ အပြေးအလွှား လုပ်ရတဲ့အခါကျမှ လာပြီး မညည်းညူကြနဲ့ဦးနော်"
စူးယောင်ကွမ်းက အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
"ကျွန်မတို့ဆီမှာ လူအင်အား မလုံလောက်ဘူး၊ မနက်ဖြန်ကစပြီး လူသစ်တွေ စုဆောင်းရမယ်။ ထောင်ယောင်ဖန့်ရဲ့ နောက်ဖေးခြံဝင်းကလည်း အရမ်းကျဉ်းလွန်းတယ်၊ တခြားနေရာမှာ ပိုကျယ်တဲ့ ခြံဝင်းတစ်ခု သီးသန့် ငှားရလိမ့်မယ်"
ကျိုးဝမ်ရှူက မီးပုံဘေးတွင် ထိုင်ရင်း စူးယောင်ကွမ်းနှင့် အခြားသူများ ထောင်ယောင်ဖန့်၏ ရှေ့ဆက်လုပ်ဆောင်ရမည့် အလုပ်အစီအစဉ်များကို ဆွေးနွေးနေကြသည်ကို ငေးကြည့်နေခဲ့သည်။
‘သက်ဝင်လှုပ်ရှားပြီး စိတ်နှလုံးကို နွေးထွေးစေတယ်....
ကောင်းမွန်တဲ့ သေရည်၊ အရသာရှိတဲ့ အစားအစာ၊ တောက်ပတဲ့ အပြုံးတွေနဲ့ စစ်မှန်တဲ့ ရယ်မောသံတွေ...
ဒါတွေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ...'
......။......။........
လမ်းတစ်ဖက်ခြံဝင်းရှိ ဖုန်းဟွာကော့တွင်...
ကျုံးလန်ဟွာက လွတ်နေသော ငွေသေတ္တာကို ကြည့်ပြီး ဆိုင်အကူကို ဒေါသတကြီး စစ်ဆေးမေးမြန်းနေသည်။
"ဒီနေ့ အရောင်းအဝယ် ကောင်းနေတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ပိုက်ဆံတစ်ပြားမှ မရှိရတာလဲ"
ဆိုင်အကူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ဖြေနေရှာသည်။
"သခင်လေး ယူသွားတာပါ"
"ဟွေ့အာလား..."
ကျုံးလန်ဟွာက မျက်မှောင်ကုပ်လျက် ထပ်မေးလိုက်သည်။
"သူ ဘယ်လောက်တောင် ယူသွားတာလဲ"
"လျန်ငါးဆယ်ပါ"
ဆိုင်အကူက ဆက်ရှင်းပြနေသည်။
"ဒီနေ့ရောင်းရတဲ့ ပိုက်ဆံတွေတင် မဟုတ်ပါဘူး၊ မနေ့ကနဲ့ တနေ့က ပိုက်ဆံတွေကိုပါ ယူသွားတာပါ။ သခင်လေးက ပိုက်ဆံရတာနဲ့ အကုန်လုံး လာယူတာပါ"
"ဟွေ့အာ ပြန်ရောက်ပြီလား"
"မရောက်သေးပါဘူး"
ကျုံးလန်ဟွာက သူမ၏လက်ကို ဝေ့ယမ်းပြလိုက်သည်။
ဆိုင်အကူက ချက်ချင်း မထွက်သွားသေးဘဲ ဆက်ပြောနေသေးသည်။
"ဆိုင်ရှင်ကြီး... ကျွန်တော်တို့ရဲ့ လုပ်အားခလည်း အခုထိ မရှင်းပေးရသေးဘူးနော်"
"ဘာတွေ လောနေတာလဲ၊ ငါက နင်တို့ပိုက်ဆံကို ဖြတ်ပစ်မယ်လို့ ထင်နေလို့လား"
ကျုံးလန်ဟွာက စိတ်မရှည်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
"မနက်ဖြန် ကုန်ပစ္စည်းတွေ ရောင်းပြီးမှ ဆက်ပြောကြတာပေါ့"
ဆိုင်အကူက နှုတ်ခမ်းကို မဲ့ကာ မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။
ကျုံးလန်ဟွာက ခေါင်းခဲပြီး ကျန်ရစ်နေရသည်။
'ဟွေ့အာက ဘာဖြစ်နေတာလဲ... ဘာဖြစ်လို့ ပိုက်ဆံတွေအများကြီး ယူသွားရတာလဲ။ အခုက အရောင်းအဝယ်လည်း မကောင်းဘူး။ တကယ်လို့ သူက ဘာကိုမှ ဂရုမစိုက်ဘဲ ဒီလိုမျိုး ပိုက်ဆံတွေ ဆက်သုံးနေမယ်ဆိုရင် သူ့အတွက် မိန်းမပေးစားဖို့ ပိုက်ဆံက ဘယ်တော့မှ လုံလောက်တော့မှာလဲ'
အရေးကြုံလာချိန်တွင်တော့ ကျုံးလန်ဟွာက ကျန်းရိဟွမ်းကို သတိရမိသွားသည်။ အကယ်၍ သူမ၏သမီးသာ ရှိနေလျှင် တစ်ခုခုဖြစ်လာတိုင်း တိုင်ပင်ဖော်တိုင်ပင်ဖက် ရှိဦးမည်ပင်။ ယခု သူမ၏ သမီး မရှိတော့သဖြင့် ကျုံးလန်ဟွာတစ်ယောက် ခေါင်းပြတ်နေသည့် ယင်ကောင်တစ်ကောင်လို ဘာလုပ်ရမှန်း မသိ ဖြစ်နေရသည်။
'ငါ ဟွမ်းအာကို သွားရှာရမလား...'
သို့သော်လည်း မကြာသေးမီက ကျန်းယီဟွေ့က ပြဿနာရှာနေသောကြောင့် သူမအနေဖြင့် သားနှင့်သမီး ကြားထဲတွင် တစ်ယောက်ကိုသာ ရွေးချယ်ရန် အတင်းအကျပ် ဖိအားပေးခံနေရသည်။
'သူက အရင်က အရမ်းလိမ္မာတာ၊ အခုကျမှ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ အပြင်ကလူတွေက ရှောင်းချီကို ချီူးကျူးပြီး သူ့ကို ခဏခဏ လှောင်ပြောင်နေကြလို့ ဖြစ်နိုင်လား'
'ဒါတွေအားလုံးက အသုံးမကျတဲ့ ရှောင်းချီကြောင့်ပဲ...'
'ခဏလောက် ထပ်စောင့်ကြည့်ဦးမယ်၊ ဟွေ့အာရဲ့ ဒေါသတွေ ပြေသွားပြီဆိုမှ ဟွမ်းအာကို ပြန်ခေါ်မယ့်အကြောင်းကို စကားစရမယ်။ မနက်ဖြန်ကျရင်တော့ ဟွမ်းအာ ဘယ်လိုနေလဲဆိုတာ သွားကြည့်ပြီး သူမကို ပိုက်ဆံတချို့ သွားပေးရမယ်...'