← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂ မနာလိုမှု

နံနက်စောစောအချိန်တွင် စူးယောင်ကွမ်းက လူတိုင်းအတွက် အလုပ်တာဝန်အသစ်များ ခွဲဝေပေးလိုက်သည်။

ဆိုင်၏ စီးပွားရေးကို မထိခိုက်စေရန်အတွက် ကျန်းကျောက်တိနှင့် ကျန်းဖန့်တိတို့က ဆိုင်အကူများနှင့်အတူ ဆိုင်ကို ဆက်လက်စီမံခန့်ခွဲကြရသည်။

ကျန်းကျင့်က ပတ်ဝန်းကျင်ဒေသတစ်ခုလုံးတွင် နာမည်ကြီးသော အမျိုးသမီးသမားတော်တစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် သူမထံသို့ လာရောက်ဆေးကုသသူဦးရေက တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေပြီး ၎င်းမှ ရရှိသော ဝင်ငွေကလည်း သူမတို့ဆိုင်၏ နေ့စဉ်အရောင်းရငွေကိုပင် မီလုနီးပါး ဖြစ်နေခဲ့သည်။ ကျားချွန်းနီကလည်း ကျန်းကျင့်၏ လက်ထောက်အဖြစ် ကူညီပေးနေခဲ့သည်။ ထို့ကြောင့် သူမတို့နှစ်ဦးစလုံးကို နေရာရွှေ့ပြောင်း၍မရဘဲ မူလနေရာများတွင်သာ ဆက်ရှိနေစေခဲ့သည်။

ယခုလောလောဆယ်တွင် သူမအနေဖြင့် ကျန်းယင်းတိနှင့် အလုပ်တာဝန်နည်းနေသော ဆိုင်အကူနှစ်ဦးကိုသာ အသုံးပြုနိုင်တော့သည်။

သို့သော်လည်း ယခု သူမက ဤခရိုင်မြို့ငယ်လေးအတွင်း၌ အတော်အတန် နာမည်ကောင်း ရရှိနေပြီဖြစ်သောကြောင့် အလုပ်သမားခေါ်စာများ ကပ်ထားလိုက်ရုံမျှဖြင့် မကြာမီအချိန်အတွင်း လူအများအပြား လာရောက်လျှောက်ထားကြလိမ့်မည်ဟု စူးယောင်ကွမ်း ယုံကြည်နေခဲ့သည်။

အမှန်တကယ်တွင်လည်း စူးယောင်ကွမ်းတစ်ယောက် စဉ်ဆက်မပြတ် ရောက်လာကြသည့် အလုပ်လျှောက်ထားသူများကို ငါးရက်ဆက်တိုက် လူတွေ့စစ်ဆေးခဲ့ရသည်။ ငါးရက်အကြာတွင် နောက်ဆုံး၌ သူမ ဆိုင်အကူအသစ် အယောက်ငါးဆယ်ကို ရွေးချယ်နိုင်ခဲ့ပြီး အလုပ်ရုံအသစ်အတွက် နေရာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

ကျင်းလဲ့ဖုန့်၏ သခင်လေးဖြစ်သော စွေ့ရုန်နှင့် ပူးပေါင်းဆောင်ရွက်မှုကလည်း တရားဝင် အောင်မြင်စွာ အခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ ယခု သူမက ဤကုန်ပစ္စည်းအသုတ်ကို အမှီထုတ်လုပ်ပြီး စွေ့ရုန်ထံသို့ အမြန်ပေးပို့နိုင်ရန်အတွက်သာ အလောတကြီး လုပ်ဆောင်နေရပြီး ထိုသို့ပေးပို့ပြီးပါက သူမအနေဖြင့် အေးအေးဆေးဆေး ထိုင်နေရုံမျှဖြင့် သူ ပို့ပေးမည့် ငွေများကို စောင့်ယူရုံသာ ကျန်တော့သည်။

.....။......။.....

"ဟိုဘက်မှာ ဘာတွေ ဒီလောက်တောင် ဆူညံနေရတာလဲ။ ဘာဖြစ်လို့လဲ"

ကျန်းရိဟွမ်းက လွန်ခဲ့သည့်ရက်အနည်းငယ်က အလုပ်ရုံထဲတွင် သူမ၏ ပန်းထိုးအလုပ်များ ပြီးစီးအောင် အပြေးအလွှား လုပ်ကိုင်နေခဲ့ရခြင်း ဖြစ်သည်။ ယခုမှသာ သူမအနေဖြင့် လတ်ဆတ်သော လေထုကို ရှူရှိုက်ရန် ပြင်ပသို့ ထွက်လာနိုင်တော့သည်။

သူမ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လမ်းတစ်ဖက်ရှိ ခြံဝင်းတွင် လူအုပ်ကြီးတစ်ခု စုရုံးနေသည်ကို မြင်လိုက်ရသဖြင့် ဘေးနားရှိ ပန်းထိုးသမခေါင်းဆောင်ကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

ပန်းထိုးသမခေါင်းဆောင်က ထိုဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ပြန်ဖြေလိုက်သည်။

"ထောင်ယောင်ဖန့်က ဆိုင်ရှင်စူးက အလုပ်ရုံအသစ် ဖွင့်ဖို့အတွက် လမ်းတစ်ဖက်က နေရာကို ငှားလိုက်တာလေ"

"ထောင်ယောင်ဖန့်လား"

ကျန်းရိဟွမ်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။

"သူတို့က နောက်ထပ် အလုပ်ရုံတစ်ခု ထပ်ဖွင့်ပြန်ပြီလား"

"ဟုတ်တယ်"

ပန်းထိုးသမခေါင်းဆောင်က ထပ်ပြောပြနေသည်။

"ငါတို့ကတော့ အဝတ်တစ်ထည် ပန်းထိုးဖို့ ရက်ပေါင်းများစွာ အချိန်ပေးရတယ်၊ မျက်လုံးတွေ ကန်းမတတ် ဖြစ်နေတာတောင် ပိုက်ဆံအများကြီး မရဘူး။ သူက ငါတို့နဲ့ အသက်တူတူပဲကို သူတို့စီးပွားရေးကျတော့ တစ်နေ့ထက်တစ်နေ့ ပိုကြီးပွားလာတယ်။ ငါတို့အားလုံးက မိန်းမသားချင်းအတူတူပဲကို တချို့လူတွေကျတော့ ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ မသိဘူး"

ထိုစကားကြောင့် ကျန်းရိဟွမ်းတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

'ဘာဖြစ်လို့ စူးယောင်ကွမ်းရဲ့ ဘဝက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းမွန်လာရတာလဲ။ ငါ့ဘဝကျတော့ ရှောင်းယန်ချီကို ဝယ်ပြီးကတည်းက ဘာလို့ ပိုပိုပြီး ကံဆိုးလာရတာလဲ'

'ဒါက ငါ့အမေ ပြောသလိုမျိုး ရှောင်းယန်ချီက တကယ်ပဲ ကံဆိုးစေတဲ့ လူမွဲတစ်ယောက်ဖြစ်နေလို့လား'

သို့သော်လည်း မကြာသေးမီက သူမ ရှောင်းယန်ချီတစ်ယောက် နန်းတွင်းစာမေးပွဲကို အမြင့်ဆုံးအဆင့်ဖြင့် အောင်မြင်သွားသည့်အကြောင်းကို အကြိမ်ကြိမ်အခါခါ အိပ်မက်မက်ခဲ့သည်။ သူမ၏ အိပ်မက်ထဲတွင် ရှောင်းယန်ချီက အလွန်အောင်မြင်ကျော်ကြားနေခဲ့ပြီး ဤအရာက သူအနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့ တောက်ပသော ဘဝမျိုးကို ပိုင်ဆိုင်ရမည့် ကံကြမ္မာပါလာသူဖြစ်ကြောင်း သူမကို ခံစားရစေသည်။

'ဖြစ်နိုင်တာက အဲဒီအိပ်မက်က နိမိတ်ပြတာ နေမှာပါ။ ငါသာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေမယ်ဆိုရင် ရှောင်းယန်ချီက တစ်နေ့ကျရင် အကြီးအကျယ် အောင်မြင်လာလိမ့်မယ်လို့ သတိပေးနေတာ ဖြစ်ရမယ်...'

"ကျွန်မ အထဲကို ပြန်ဝင်တော့မယ်"

ကျန်းရိဟွမ်းက ဘေးနားရှိ ပန်းထိုးသမခေါင်းဆောင်ကို လှမ်းပြောလိုက်သည်။

ကျန်းရိဟွမ်း ထွက်ခွာသွားပြီးနောက် အခြားပန်းထိုးသမတစ်ဦးက သူမ ထွက်သွားရာဘက်သို့ တံတွေးထွေးကာ ကျိန်ဆဲလိုက်သည်။

"ဒီမိန်းမပျက်က ရောက်လာတာ မကြာသေးဘူး၊ ဘာဖြစ်လို့ လုပ်အားခကို နှစ်ဆတောင် ရနေရတာလဲ"

"နင်ကိုယ်တိုင် သူ့ကို မိန်းမပျက်လို့ ခေါ်နေတာ... အဲဒါမဟုတ်ရင် ဘာဖြစ်ဦးမှာလဲ"

ပန်းထိုးသမခေါင်းဆောင်က ပြန်ပြောလိုက်သည်။

"ဆိုင်ရှင်က သူတစ်ယောက်တည်းကိုပဲ သီးသန့် ချန်ထားခဲ့တာ ငါ တွေ့လိုက်တယ်၊ ပြီးတော့ သူတို့နှစ်ယောက်က အရမ်းကို ရင်းနှီးနေကြတာဟဲ့"

"တကယ်လား... ကျန်းရိဟွမ်းက အိမ်ထောင်ရှိတယ်လေ"

"အိမ်ထောင်ရှိတော့ ဘာဖြစ်လဲ၊ အိမ်ထောင်ရှိရုံနဲ့ တခြားယောက်ျားတွေကို လာပြီး မြူဆွယ်လို့မရဘူးလို့ ဥပဒေထုတ်ထားလို့လား။ အဲဒါအပြင် မြူဆွယ်ရုံနဲ့ ပိုက်ဆံပိုရနေတာပဲကို... သူ ဘာလို့ မလုပ်ဘဲ နေမှာလဲ"

......။.....။.....

စူးယောင်ကွမ်း၏ အလုပ်ရုံအသစ်က တရားဝင် စတင်လည်ပတ်ခဲ့ပြီ ဖြစ်သည်။ သူမ နေ့စဉ် နေ့တိုင်း အလုပ်ရုံထဲတွင် ပိုမိုအချိန်ဖြုန်းနေခဲ့ရပြီး ပထမဆုံး ကုန်ပစ္စည်းအသုတ် ထွက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျင်းလဲ့ဖုန့်ဘက်မှ စစ်ဆေးနိုင်ရန် စွေ့ရုန်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

"ဘယ်လိုလဲ"

စူးယောင်ကွမ်းက စွေ့ရုန်၏ အမြင်ကို မေးမြန်းနေခဲ့သည်။

"ထောင်ယောင်ဖန့်ရဲ့ ကုန်ပစ္စည်းတွေ ဒီလောက် အရောင်းသွက်နေတာကတင် အဖြေက ထွက်နေပြီးသားပါ။ အခုလို ပိုပြီး အဆင့်မြင့်တဲ့ ထုပ်ပိုးမှုမျိုးနဲ့ဆိုရင် ဈေးနှုန်းကို နောက်ထပ် မြှင့်တင်လို့ရသေးတယ်"

"အဆင့်မြင့်အုပ်စုအတွက်ကိုတော့ စျေးထပ်မြှင့်လို့ရပေမယ့် သာမန်အုပ်စုအတွက်ကိုတော့ မမြှင့်သင့်ဘူး။ သာမန်လူတွေက ချမ်းသာကြတာမဟုတ်ဘူး။ အလှအပအတွက် အများကြီး မသုံးနိုင်ကြဘူးလေ"

စွေ့ရုန်က သူမကို ထူးဆန်းသလို ကြည့်ကာ ပြန်ပြောလာခဲ့သည်။

"အလှကုန်ပစ္စည်းတွေအတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိတဲ့လူတွေက အလှပြင်ဖို့အတွက်ကျမှ ပိုက်ဆံသုံးရမှာကို နှမြောတွန့်တိုနေလိမ့်မယ်လို့ မင်း ထင်နေတာလား"

"အဲဒီလို ဝယ်ယူသူတွေကတော့ အသေအချာ သုံးမှာပေါ့။ ဒါပေမယ့် ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ ဒီလောကမှာရှိတဲ့ မိန်းမသားတွေအားလုံး သူတို့ကိုယ်သူတို့ ပိုချစ်ခင်လာနိုင်ကြဖို့ မျှော်လင့်မိတာပါပဲ။ သူတို့တွေ နေ့တိုင်း ပင်ပန်းဆင်းရဲခံပြီး မိသားစု၊ ယောက်ျားနဲ့ သားသမီးတွေအတွက် စွန့်လွှတ်အနစ်နာခံနေကြရတာ။ နောက်ဆုံးကျမှ ကိုယ့်အတွက်ကိုယ် စဉ်းစားမိကြတာလေ။ တကယ်လို့ ကျွန်မဆီမှာ သာမန်အမျိုးသမီးတွေ ဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းမျိုး ရှိနေမယ်ဆိုရင် သူတို့တွေလည်း ရံဖန်ရံခါလောက်တော့ သူတို့ကိုယ်သူတို့ ပိုပြီး ချစ်ခင်ပေးနိုင်ကြမှာ မဟုတ်ဘူးလား"

စွေ့ရုန် : "ဆိုင်ရှင်စူး... မင်းက တကယ်ကို စိတ်နှလုံး နူးညံ့လွန်းတာပဲ၊ မင်းက စီးပွားရေးသမားတစ်ယောက်ဖြစ်ဖို့ တကယ်ကို မသင့်တော်ဘူး"

စူးယောင်ကွမ်းက ပုခုံးတွန့်ပြလိုက်ပြီး သူမအနေဖြင့် ငြင်းခုံရန် မရည်ရွယ်ကြောင်း ပြသလိုက်သည်။

"ဒါက ကုန်ပစ္စည်းတစ်မျိုးတည်းပါ။ ထုပ်ပိုးမှုကို ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ပြီး ပမာဏကိုလည်း နည်းနည်းပဲ ထည့်မယ်။ လူတိုင်း ဝယ်ယူနိုင်တဲ့ အနေအထားမျိုးပေါ့၊ အဲဒါကို အမျိုးသမီးအားလုံးအတွက် လက်ဆောင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ"

"ကောင်းပါပြီ။ ငါ နားမလည်နိုင်ပေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစားပါတယ်"

စွေ့ရုန်က စူးယောင်ကွမ်း ပြောဆိုသော 'ပေါ့ပေါ့ပါးပါး' မျက်နှာလိမ်းအလှဆီဗူးကို ကောက်ကိုင်ကြည့်လိုက်သည်။ သူမ ပြောခဲ့သည့်အတိုင်း ဤကုန်ပစ္စည်းအသုတ်က ဆန်းပြားသော ထုပ်ပိုးမှုမျိုး မဟုတ်ဘဲ အလွန်သေးငယ်သော ကြွေပုလင်းလေးများသာ ဖြစ်သည်။ ကြွေပုလင်းလေးများ၏ အပေါ်ဘက်တွင် ထောင်ယောင်ဖန့်၏ တံဆိပ်အမှတ်အသား ရှိနေပြီး ၎င်း၏အောက်တွင်တော့ စာကြောင်းတစ်ကြောင်း ရေးထွင်းထားသည်။

— ကိုယ့်ကိုယ်ကို ပိုပြီး ချစ်ခင်ပါ၊ ပိုပြီး လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ပါ၊ မင်းရဲ့ အပြုံးတွေ ပိုတောက်ပပါစေ။

"ဒါနဲ့... ဆိုင်ရှင်စူး၊ ငါ မင်းရဲ့လူတွေဆီကနေ အရေပြားထိန်းသိမ်းမှု နည်းပညာတွေကို သင်ယူဖို့အတွက် ဆိုင်အကူအမျိုးသမီး အယောက်တစ်ရာကို ရွေးချယ်ပေးထားတယ်။ အဲဒါကို ဘယ်အချိန် စီစဉ်ပေးစေချင်လဲ"

"သခင်လေးစွေ့... ရှင်က လှုပ်ရှားလိုက်ရင်တော့ တကယ်ကို ထူးခြားတာပဲ။ ကျွန်မတို့က နေ့ခင်းဘက်မှာ အလုပ်အရမ်းများလို့ အချိန်မပေးနိုင်ဘူး။ ညနေပိုင်း သင်တန်းတွေအဖြစ် စီစဉ်ရင်ရော... ရှင် ဘယ်လိုထင်လဲ"

"ရတယ်"

"အခု နေ့လယ်စာစားချိန် ရောက်ပြီဆိုတော့ သွားစားကြရအောင်။ ကျွန်မတို့မှာ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိနေပြီဆိုတော့ ကျွန်မပဲ ဧည့်ခံပါရစေ။ ကျွန်မတို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုကြတာပေါ့"

ဤသခင်လေးစွေ့က သူမအား ပြဿနာရှာခြင်းကို ရပ်တန့်လိုက်ပြီးနောက် သူ၏ လေသံကလည်း သရော်ဟန် မရှိတော့ချေ။ ထို့အပြင် သူက မူလကတည်းက ရုပ်ရည်ချောမောသူဖြစ်သောကြောင့် ယခု သူ့ကို ကြည့်ရသည်မှာ ပိုမျက်စိပသာဒ ဖြစ်လာခဲ့သည်။

ကပွဲခန်းမအတွင်း၌ စွေ့ရုန်က စင်မြင့်ပေါ်တွင် ကပြဖျော်ဖြေနေကြသော ကချေသည်များကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ရှက်ကိုးရှက်ကန်း ပြောလာလေသည်။

"ငါတို့ကို ထမင်းသွားစားကြမယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား"

"ဟုတ်တယ်လေ... ထမင်းစားမှာပေါ့"

စူးယောင်ကွမ်းက လက်ခုပ်တီးရင်း လှမ်းပြောလိုက်သည်။

"ကျွန်မ ကပွဲခန်းမရဲ့ ပိုင်ရှင်ကို အကြံဉာဏ်တချို့ ပေးခဲ့တာလေ၊ အခုဆိုရင် သူတို့ရဲ့ စားသောက်ဖွယ်ရာတွေက ကျန်းမိသားစုစားသောက်ဆိုင်နဲ့ ရင်ပေါင်တန်းနိုင်လောက်တဲ့အထိ ဖြစ်နေပြီ။ သူတို့ရဲ့ စီးပွားရေးက အရင်ကထက် အများကြီး ပိုကောင်းလာတာကို ရှင် သတိမထားမိဘူးလား။ အဲဒါက ကချေသည်တွေရဲ့ မျက်နှာနဲ့ ဝတ်စုံတွေ ပိုပြီး လှပလာလို့ တင်မကဘူး။ သူတို့ရဲ့ အစားအသောက်တွေကလည်း စားသောက်ဆိုင်ကြီးတစ်ခုလို ကောင်းမွန်လာလို့ပဲ"

စွေ့ရုန်က ကချေသည်များ၏ ပြင်ဆင်မှုကို ကြည့်ကာ ထပ်မေးလိုက်သည်။

"မင်းက ကပွဲခန်းမအထိပါ မင်းရဲ့ စီးပွားရေးကို ချဲ့ထွင်ထားတာလား"

"အဲဒါက ထူးဆန်းလို့လား။ ကပွဲခန်းမက မိန်းကလေးတွေက အဓိက ဖောက်သည်ကြီးတွေ မဟုတ်ဘူးလား။ အဲ့ဒါအပြင် ပြည့်တန်ဆာအိမ်တွေနဲ့ အမျိုးသားပြည့်တန်ဆာတွေဆိုရင်လည်း အလှကုန်ပစ္စည်းတွေကို အများကြီး အသုံးပြုကြတာလေ"

စွေ့ရုန် : "..."

စူးယောင်ကွမ်းနှင့် စွေ့ရုန်တို့က အလွန်နီးကပ်စွာ ထိုင်နေခဲ့ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလွန်းနေသဖြင့် သူတို့ တစ်ဦးနှင့်တစ်ဦး နီးကပ်မနေပါက စကားသံကို လုံးဝ ကြားနိုင်မည်မဟုတ်သောကြောင့်ပင်။

သို့သော်လည်း အပေါ်ထပ်အခန်းထဲရှိ လူတစ်ဦး၏ အမြင်တွင်တော့ သူတို့နှစ်ဦး၏ နီးကပ်လွန်းသော အနေအထားက အလွန် ရင်းနှီးကျွမ်းဝင်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

ချန်ပုယွိက ကျိုးဝမ်ရှူတစ်ယောက် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ညှစ်ခြေတော့မည့် အရိပ်အခြေကို မြင်လိုက်ရသဖြင့် ခွက်ကို သူ့လက်ထဲမှ အမြန် လုယူလိုက်သည်။

"အစ်ကိုကြီး... ဒီလက်ဖက်ရည်ခွက်က အစုံလိုက်ရှိတာပါဗျာ၊ တစ်ခွက် ကွဲသွားရင် တစ်စုံလုံး ကြည့်ရဆိုးသွားလိမ့်မယ်"

ကျုံးချူရှန်းက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာ တွေးတွေးဆဆ ပြောနေလေသည်။

"ဒါနဲ့ ပြောရဦးမယ်... ဒီသခင်လေးစွေ့က တကယ့်ကို ရုပ်ချောတာပဲ။ သူ့ရဲ့ နုဖတ်နေတဲ့ မျက်နှာလေးကို ကြည့်စမ်းပါဦး။ ရုပ်ရည်ချောမောပုံက ဝမ်ရှူနဲ့ ယှဉ်ရင်တောင် လျော့မသွားဘူး"

ကျိုးဝမ်ရှူက ကျုံးချူရှန်းကို နက်ရှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ လှမ်းမေးလိုက်သည်။

"ငါက အဲဒီလောက်တောင် ရုပ်ဆိုးလို့လား"

"မနာလိုဖြစ်နေရင်တောင် အမှန်အတိုင်းတော့ ပြောရမယ်လေကွာ။ ဒီသခင်လေးစွေ့က မက်မွန်ပွင့်လေးလို လှပနေတာ။ မိန်းမတစ်ယောက်ထက်တောင် ပိုလှသေးတယ်။ ဘယ်နေရာမှာ ရုပ်ဆိုးနေလို့လဲ"

"ဒီလောက် ရုပ်ဆိုးတာကို"

ကျိုးဝမ်ရှူက ပြောပြောဆိုဆိုနှင့် ဇီသာရှေ့တွင် ဝင်ထိုင်လိုက်သည်။

ဇီသာသံ စတင်ထွက်ပေါ်လာသည်နှင့်အမျှ ပြင်ပရှိ ကချေသည်များ၏ ကပြမှုများလည်း ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

သခင်လေးဇီကျန့်က ဇီသာတီးခတ်သည့်အခါ သူ့၏ စိတ်ခံစားချက်အပေါ်တွင်သာ လုံးဝ မူတည်ပြီး တီးခတ်ခြင်း ဖြစ်သည်။ တစ်ခါတရံတွင် သူက ဖျော်ဖြေနေရင်းတန်းလန်းဖြင့် တီးခတ်ခြင်းကို ရုတ်တရက် ရပ်ပစ်တတ်သည်။ သူ၏ ဇီသာသံကို နားဆင်သူများကလည်း သူ့၏ ထိုကဲ့သို့ စိတ်အလိုလိုက်တတ်သော အပြုအမူကို အသားကျနေကြပြီဖြစ်ရုံမျှမက သူ၏ ပင်ကိုယ်စရိုက်ကို ပိုသဘောကျနေသေးသည်။ ထို့ကြောင့်ပင် ကပွဲခန်းမ၏ စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာခဲ့ပြီး ဝေးလံသော ဒေသအသီးသီးမှ လူအများအပြားပင် လာရောက် နားဆင်ကြသည်။

All Chapters