← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃ မနာလိုမှု၏ နောက်ဆက်တွဲကို လက်ခံရသူများ

စွေ့ရုန်က သူ၏ ခွက်ထဲမှ ရေကို တစ်ငုံ သောက်လိုက်မိရာ သီးသွားခဲ့သည်။

"အဟွတ်... အဟွတ်..."

"ဘာဖြစ်လို့လဲ"

စူးယောင်ကွမ်းက အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ လက်ကိုင်ပုဝါကို ကမ်းပေးလိုက်သည်။

"သုတ်လိုက်ပါဦး၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ"

စွေ့ရုန်၏ ပါးပြင်နှစ်ဖက်လုံး ရဲခနဲ ဖြစ်သွားပြီး သူက လက်ကိုင်ပုဝါကို လှမ်းယူကာ သူ့နှုတ်ခမ်းတစ်ဝိုက်မှ ရေများကို သုတ်လိုက်ရင်း ရှက်နေဟန်ဖြင့် ပြန်ပြောလာခဲ့သည်။

"ဒါက ဘာလို့ အရက် ဖြစ်နေရတာလဲ"

"ဟမ်... အရက်လား"

စူးယောင်ကွမ်းက အံ့သြတုန်လှုပ်စွာ ရေရွတ်ရင်း သူမကိုယ်တိုင်လည်း တစ်ငုံ မြည်းကြည့်လိုက်သည်။

"တကယ်ကြီး အရက် ဖြစ်နေတာပဲ"

သူမက မလှမ်းမကမ်းတွင် ရှိနေသော စားပွဲထိုးကို လက်လှမ်းပြကာ ခွက်ထဲမှ အရက်ကို ညွှန်ပြရင်း လှမ်းပြောလိုက်သည်။

"ငါ ဒါကို မမှာခဲ့ပါဘူး"

စားပွဲထိုးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါက ဆိုင်ရှင်ရဲ့ စေတနာပါခင်ဗျ။ ဆိုင်ရှင်က ဆိုင်ရှင်စူးကို ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်လို့ သတ်မှတ်ထားလို့ ဒါကို အခမဲ့ လက်ဆောင်ပေးလိုက်တာပါ"

စူးယောင်ကွမ်း : "မင်းတို့ဆိုင်ရှင်ကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပါးပေးလိုက်ပါဦး"

သူမက မျက်နှာချင်းဆိုင်ရှိ စွေ့ရုန်ကို ကြည့်ကာ အားနာနေဟန်ဖြင့် တောင်းပန်လိုက်သည်။

"ဆိုင်ရှင်က စေတနာနဲ့ လုပ်ပေးတာပါ၊ ဒါပေမယ့် သခင်လေးစွေ့က အရက်မသောက်တတ်ဘူးဆိုတာကို သူ မသိလို့ ဖြစ်လိမ့်မယ်"

"ငါ သောက်တတ်ပါတယ်၊ ဒါပေမယ့် သတိမထားမိလိုက်လို့ပါ"

စွေ့ရုန်က ပြန်မေးနေသေးသည်။

"ဒါနဲ့ ဆိုင်ရှင်စူးရဲ့ အရက်ဒဏ်ခံနိုင်ရည်ကရော ကောင်းရဲ့လား"

"မဆိုးပါဘူး။ ဟင်... သခင်လေးဇီကျန့်ရဲ့ ဇီသာတီးခတ်ပုံက ဒီနေ့ကျမှ ထူးဆန်းနေလိုက်တာ။ ဘာလို့ ဒီလောက်တောင် သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေရတာလဲမသိဘူး"

......။......။.....

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ကည် ဘေးဘက်သို့ တဖြည်းဖြည်း ရွှေ့သွားကြပြီး တံခါးဝနားအထိပင် ရောက်လုနီးပါး ဖြစ်နေကြသည်။

"ဒါက သူ့အစ်မအပေါ် ထားတဲ့ သူ့ရဲ့ သဘောထားလားဟ"

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့က မကျေမနပ် ညည်းညူနေကြသည်။

"မကြာသေးခင်ကတင် ငါ သူ့ကို မေးခဲ့သေးတယ်၊ သူက ဆိုင်ရှင်စူးနဲ့ အပေါ်ယံမှာသာ လင်မယားတွေ ဖြစ်ပြီး တကယ်တမ်းကျတော့ မောင်နှမတွေပါတဲ့။ သူ့မှာ လုပ်စရာ အခြားကိစ္စတွေ ရှိသေးလို့ ဒီနေရာကနေ အနှေးနဲ့အမြန် ထွက်ခွာသွားမှာမို့လို့ သူ မရှိတော့တဲ့နောက်ပိုင်းကျရင် စူးမိသားစုကို ကူညီစောင့်ရှောက်ပေးဖို့ ငါတို့ ညီအစ်ကိုတွေကို အကူအညီတောင်းခဲ့သေးတာကွ"

"သူ ငါ့ကိုလည်း အဲဒီအတိုင်းပဲ ပြောခဲ့တာပဲ"

ကျုံးချူရှန်းက ထောက်ခံလိုက်သည်။

"မောင်နှမတွေ ဟုတ်လား"

သူတို့နှစ်ယောက်က တပြိုင်နက် ရေရွတ်လိုက်ကြပြီး သူတို့၏ မျက်နှာထက်မှ အထင်သေးသော အမူအရာများကလည်း ထပ်တူကျလွန်းနေသည်။

.....။......။....

ကျိုးဝမ်ရှူ၏ အကြည့်များကတော့ စူးယောင်ကွမ်းနှင့် စွေ့ရုန်တို့ထံတွင်သာ စွဲမြဲနေခဲ့သည်။

‘စွေ့ရုန် အရက်သီးသွားတာကို စူးယောင်ကွမ်းက သူမရဲ့ လက်ကိုင်ပုဝါကို သူ့အတွက် ထုတ်ပေးခဲ့တယ်ပေါ့’

'အဲဒီကောင်စုတ်က... အဲဒါကို လှမ်းယူရုံတင်မကဘူး၊ တကယ်ကြီး သုတ်လိုက်တယ်ပေါ့ ဟုတ်လား'

"သခင်လေးဇီကျန့်ရဲ့ ဒီနေ့ ဇီသာတီးခတ်မှုက စစ်မြေပြင်ထဲက ဓားချင်းခုတ်သံတွေ၊ မြင်းဟီသံတွေလိုပဲဗျာ။ တကယ့်ကို ခန့်ညားထည်ဝါပြီး ထူးကဲလှပလွန်းတယ်"

"သခင်လေးဇီကျန့်ရဲ့ အနုပညာပုံစံက တကယ်ကို စွယ်စုံရတာပဲ။ မကြာသေးခင်က တီးခတ်ခဲ့တဲ့ အပုဒ်တုန်းက သံယောဇဉ်ကြီးမားတဲ့ နူးညံ့မှုမျိုး ရှိခဲ့ပြီး အဲဒီမတိုင်ခင် အပုဒ်တုန်းကကျတော့ လောကကြီးတစ်ခုလုံး နွေးထွေးမှုတွေ ပြည့်နှက်နေသလို နေရောင်ခြည်နဲ့တူတဲ့ ခံစားချက်မျိုး ပေးစွမ်းခဲ့ပြန်တယ်။ အခု ဒီနေ့ကျတော့လည်း ဒီလောက် ခန့်ညားထည်ဝါနေပြန်ပြီ။ သခင်လေးဇီကျန့်က အတွေ့အကြုံ အများကြီး ရှိခဲ့တဲ့ ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်ရမယ်၊ အသက်လေးဆယ်ဝန်းကျင်လောက် ရှိလိမ့်မယ် ထင်တယ်"

စွေ့ရုန်က သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ကာ စူးယောင်ကွမ်းထံသို့ ကမ်းပေးလိုက်သည်။

စူးယောင်ကွမ်းက သူ့စကားများကို နားထောင်နေခဲ့ပြီး နောက်ပိုင်းတွင် ထိုကျောက်စိမ်းပြားကို လက်ခံလိုက်သည်။

“ဒေါင်...”

ဇီသာသံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

ကျိုးဝမ်ရှူက ချက်ချင်း မတ်တတ်ထရပ်လိုက်၏။

ထိုအပြုအမူကို မြင်လိုက်ရသော ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကလည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ စူးယောင်ကွမ်းတစ်ယောက် အမှတ်တရလက်ဆောင် လက်ခံနေသည်ကို အမိအရ မြင်တွေ့လိုက်ရသည်။

"မင်း တစ်ခုခု ကြားလိုက်လား"

ကျုံးချူရှန်းက မေးလိုက်ရာ ချန်ပုယွိက ဇဝေဇဝါအမူအရာဖြင့် ပြန်မေးလိုက်သည်။

"ဘာကိုလဲ"

"အသံလေ... "

ကျုံးချူရှန်းက ကျိုးဝမ်ရှူကို လက်ညှိုးထိုးပြရင်း ထပ်ပြောလေသည်။

"ငါတို့ သခင်လေးကျိုးရဲ့ နှလုံးသားကြေကွဲသွားတဲ့ အသံကြီးလေ"

ချန်ပုယွိက တဟားဟား ရယ်မောနေလေသည်။

သို့သော် ကျိုးဝမ်ရှူ သူတို့ကို လှည့်ကြည့်လာသည့်အချိန်တွင်တော့ သူ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ရသည်။

ထိုအချိန်တွင် စူးယောင်ကွမ်းက ငွေရှင်းပြီး စွေ့ရုန်နှင့်အတူ ထွက်ခွာသွားခဲ့ချေပြီ။

"ဒီသခင်လေးစွေ့က တကယ့်ကို အသုံးမကျတာပဲ... မိန်းကလေးတစ်ယောက်ကို ထမင်းဖိုး ရှင်းခိုင်းတယ်လို့"

"ဒါက ဒီနေ့ ထမင်းစားပွဲက ဆိုင်ရှင်စူးရဲ့ ဖိတ်ကြားချက်ဖြစ်နေလို့ ဖြစ်မှာပေါ့။ ဖိတ်တဲ့လူက ပိုက်ဆံရှင်းရတာ သဘာဝပဲ မဟုတ်လား"

"ဒါနဲ့... ငါတို့ ဝမ်ရှူက အခု အသက်ဘယ်လောက်ရှိပြီလဲ"

"တစ်ဆယ့်လေးနှစ်လား... မကြာသေးခင်ကတင် သူ့မွေးနေ့ လုပ်ခဲ့တာကို ငါ မှတ်မိသေးတယ်"

"အရမ်းငယ်သေးတာပဲ”

ကျုံးချူရှန်းက ခေါင်းခါရင်း နှမြောတသဟန်ဖြင့် ပြောလာခဲ့သည်။

"သခင်လေးစွေ့ရဲ့ နုဖတ်နေတဲ့ ရုပ်ရည်လေးကို ကြည့်ပြီး အထင်မသေးနဲ့ဦး။ သူက အသက်ဆယ့်ငါးနှစ်တောင် ရှိနေပြီ၊ ဆိုင်ရှင်စူးထက် တစ်နှစ်ပဲ ငယ်တာ"

"တစ်နှစ်ငယ်တာက ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်နေပြီပဲ"

"မင်းတို့နှစ်ယောက် အရမ်း အချိန်တွေပိုနေကြတာလား"

ကျိုးဝမ်ရှူက သူ၏ ဝတ်ရုံလက်စများကို ဆွဲဆန့်ရင်း လှမ်းမေးလိုက်သည်။

"ငါက မင်းတို့ရဲ့ နောင်လာမယ့် စာပေလေ့လာရေး အစီအစဉ်တွေအကြောင်း ဆွေးနွေးဖို့အတွက် သခင်ကြီးကျုံးနဲ့ သခင်ကြီးချန်တို့ကို သွားတွေ့ဖို့ လိုနေပြီ"

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့၏ မျက်နှာအမူအရာများက ရုတ်ချည်း ပျက်ယွင်းသွားကြသည်။

"ဝမ်ရှူ... မင်း မကြာသေးခင်ကမှ သရဲဝင်ပူးခံထားရတာလား။ ဘာဖြစ်လို့ ငါတို့ရဲ့ စာပေလေ့လာရေးကိစ္စကို ရုတ်တရက်ကြီး ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ"

"သခင်ကြီးကျုံးနဲ့ သခင်ကြီးချန်တို့က ငါနဲ့ သဘောတူညီချက်သုံးခု လုပ်ထားကြတယ်လေ။ တကယ်လို့ ငါက မင်းတို့ စာမေးပွဲအောင်မြင်အောင် ကူညီပေးပြီး ကျွီရန်ဖြစ်အောင် လုပ်ပေးနိုင်ရင်... သူတို့က ငါ့ကို လျန်ငါးထောင်စီ ပေးကြမယ်တဲ့။ တကယ်လို့ ငါက မင်းတို့ကို ကျင့်ရှီအထိ အောင်မြင်အောင် ကူညီပေးပြီး နန်းတွင်းမှာ အရာရှိတွေ ဖြစ်လာအောင် လုပ်ပေးနိုင်ရင်တော့... သူတို့က ငါ့ကို လျန်ငါးသောင်းစီ ပေးကြလိမ့်မယ်"

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

"လျန်ငါးထောင် ဟုတ်လား"

"လျန်ငါးသောင်း ဟုတ်လား"

သူတို့နှစ်ဦး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"အဲ့ဒီလူကြီးတွေက ဒီလောက် ပိုက်ဆံအများကြီးကို ရှာနိုင်မှာ မဟုတ်ပါဘူးကွာ"

"မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒီသခင်လေးနှစ်ယောက်က ငါ့ရဲ့ ငွေတွင်းကြီးတွေပဲ။ ငါ သူတို့ကို သေသေချာချာ ပြုစုပျိုးထောင်ပေးရမယ်။ စိတ်မပူပါနဲ့။ ငါ ဒီနေ့ညပဲ မင်းတို့အတွက် စာပေလေ့လာရမယ့် အချိန်ဇယား ရေးဆွဲပေးမယ်၊ ပြီးရင် မနက်ဖြန်ကစပြီး ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို စတင်ကြတာပေါ့"

"ဝမ်ရှူ... ငါတို့ အပေးအယူတစ်ခု လုပ်ကြရအောင်လေ၊ နောက်ကျရင် ငါ မိသားစုအမွေကို ဆက်ခံရတဲ့အခါကျရင် မင်းကို လျန်ငါးသောင်းလျန် ပေးပါ့မယ်"

ချန်ပုယွိတစ်ယောက် သူ့ရှေ့တွင် စောင့်ကြိုနေသည့် မှောင်မိုက်သော ဘဝကို တွေးမိရင်း ငိုချင်စိတ်ပင် ပေါက်လာရသည်။

"သခင်ကြီးနှစ်ယောက်ရဲ့ ကျန်းမာရေးကို ကြည့်ရသလောက်တော့ သူတို့ အနည်းဆုံး နောက်ထပ် အနှစ်သုံးဆယ်လောက်တော့ အသက်ရှည်ဦးမှာပဲ။ အနှစ်သုံးဆယ်ကြာလို့ မင်း မိသားစုအမွေကို ဆက်ခံရမယ့်အချိန်ကျရင် ငါက အဖိုးကြီးတစ်ယောက် ဖြစ်နေပြီလေ။ အဲဒီအချိန်ကျမှ ပိုက်ဆံရတော့ ဘာအသုံးဝင်တော့မှာလဲ။ အခုလက်ရှိအချိန်မှာ ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့မှ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပေါ့။ အဲ့ဒါက ပိုမကောင်းဘူးလား"

ကျိုးဝမ်ရှူက အပြုံးဖြင့် ထပ်ပြောလိုက်သေးသည်။

"ဒီနေ့တော့ မင်းတို့ကို နေ့တစ်ဝက်လောက် လွတ်လပ်ခွင့် ပေးလိုက်မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့"

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ တစ်ယောက်ကို တစ်‌ယောက်လှမ်းကြည့်လိုက်ကြပြီး တပြိုင်နက်တည်း အော်ဟစ်ငိုညည်းလိုက်ကြတော့သည်။

"ညီအစ်ကိုရာ... ငါတို့ ဘာဖြစ်လို့များ သူ့ကို သွားပတ်သတ်မိတာပါလိမ့်"

"မဟုတ်သေးဘူး... ငါတို့ ဘာလို့ သူ့စကားကို နားထောင်နေမိတာတုန်းကွာ"

သူတို့နှစ်ယောက် ခဏမျှ တိတ်ဆိတ်သွားကြပြီးနောက် နောက်ဆုံးတွင် သူတို့၏ ကံကြမ္မာကိုသာ လက်ခံကြရတော့သည်။

သူတို့အနေဖြင့် ကျိုးဝမ်ရှူ၏စကားကို နားထောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

ကျိုးဝမ်ရှူ၏ အန္တရာယ်ကင်းလှသည်ဆိုသော ရုပ်သွင်ပြင်အောက်၌ လျှို့ဝှက်ဆန်းပြားပြီး ပါးနပ်သော ဉာဏ်နီဉာဏ်နက်များ ရှိနေခဲ့ရာ သူတို့နှစ်ယောက်လုံး သူ့ကို မယှဥ်ပြိုင်နိုင်ဘဲ သူတို့၏ ကံကြမ္မာကိုသာ ပုံအပ်ရတော့မည် ဖြစ်သည်။

.......။...... ။......

အလုပ်ရုံမှ ပထမဆုံး ကုန်ပစ္စည်းအသုတ်ကို ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် စူးယောင်ကွမ်း၏ ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများ ပေါ့ပါးသွားကာ စိတ်အခြေအနေလည်း အလွန်ကောင်းမွန်နေခဲ့သည်။ သူမက ယနေ့တွင် ရှားရှားပါးပါး အနားယူခွင့်ရခိုက် မိသားစုဝင်များ အကြိုက်ဆုံး မုန့်များကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးနေခဲ့သည်။

ကျိုးဝမ်ရှူ ပြန်ရောက်လာချိန်တွင် စူးယောင်ကွမ်းက မုန့်တစ်ခုကို လှမ်းယူကာ သူ့ပါးစပ်နားသို့ ခွံ့ကျွေးလိုက်ရင်း မေးလိုက်သည်။

"ရော့... ချိုရဲ့လား"

ကျိုးဝမ်ရှူက မုန့်ကို လှမ်းယူလိုက်ပြီး ၎င်းအပေါ်မှ ပုံဖော်ထားသော ပန်းပွင့်ပုံစံကို ကြည့်လိုက်မိရာ သူ၏ နှလုံးသားတစ်ခုလုံး ဒိတ်ခနဲ တုန်လှုပ်သွားခဲ့ရသည်။

"ဒီမုန့်နာမည်က ဘာလဲ"

"ငါလည်း စိတ်ကူးပေါက်ရာ လုပ်ကြည့်တာပါ၊ ဒါပေမယ့် ဒီလောက်တောင် အရသာရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့် အလိုရှိတိုင်းပြည့်စေတဲ့ 'ရူယီမုန့်' လို့ နာမည်ပေးထားတာ"

ကျိုးဝမ်ရှူက ထိုမုန့်ကို အိပ်မက်ထဲတွင် မြင်ဖူးခဲ့သည်။ ၎င်းက စူးယောင်ကွမ်း ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်လာပြီးနောက် ရှောင်းယန်ချီ၏ စိတ်ကို ရချင်သဖြင့် သူမကိုယ်တိုင် ဖန်တီးခဲ့သောမုန့် ဖြစ်သည်။

'သူမက ဒါကို ဘာလို့ အခုကတည်းက လုပ်တတ်နေရတာလဲ...'

‘ငါ အဲ့အိပ်မက်ကို ဘုရားကျောင်းမှာ မက်ခဲ့တာဆိုတော့ သူမရော အဲ့အိပ်မက်မျိုးကို မက်ခဲ့တာ ဖြစ်နိုင်မလား။ သူမလည်း အိပ်မက်ထဲမှာ အဲ့အရာတွေအားလုံးကို ကြုံတွေ့ခဲ့ရတာလား’

'သူမမှာ အဲဒီမှတ်ဉာဏ်တွေ ရှိနေတယ်ဆိုရင်... သူမက တကယ်ပဲ ရှောင်းယန်ချီရဲ့ ဇနီး ဖြစ်ခဲ့ဖူးတာပေါ့ ဟုတ်လား...'

"ဘာတွေ ငေးကြည့်ပြီး တွေးတောနေတာလဲ"

စူးယောင်ကွမ်းက သူ့ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"တကယ်လို့ နင် မကြိုက်ဘူးဆိုရင်လည်း နောက်တစ်ခါကျရင် အချိုမဟုတ်ဘဲ အငန်အရသာ လုပ်ပေးမယ်လေ"

ကျိုးဝမ်ရှူ၏ အကြည့်များက သူမ၏ ခါးဆီသို့ ရောက်ရှိသွားပြီး ထပ်မေးလိုက်သည်။

"ဒီကျောက်စိမ်းဆွဲပြားက ဘယ်က ရလာတာလဲ"

စူးယောင်ကွမ်းက ကျောက်စိမ်းဆွဲပြားကို ကိုင်မြှောက်ကာ အသာအယာ ပွတ်သပ်ရင်း ပြန်ဖြေလိုက်သည်။

"တစ်ယောက်ယောက်က ငါ့ကို ပေးခဲ့တာလေ။ ဒီကျောက်စိမ်းဆွဲပြားက အရမ်းအရေးကြီးတယ်၊ ဒါက ဂုဏ်ဒြပ်နဲ့ ရာထူးအဆင့်အတန်းရဲ့ သင်္ကေတပဲ"

ကျိုးဝမ်ရှူ : "..."

စူးယောင်ကွမ်းက တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း သူမ လှည့်ကြည့်လိုက်ချိန်တွင် ကျိုးဝမ်ရှူက နှုတ်ပင်မဆက်ဘဲ ထွက်ခွာသွားခဲ့ချေပြီ။

"ဒီကလေး ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး"

စူးယောင်ကွမ်းက သူမဘာသာ ရေရွတ်နေလေသည်။

"စာသင်ကျောင်းမှာ တစ်ခုခု အနိုင်ကျင့်ခံခဲ့ရလို့များလား။ အဲလိုလည်း မဖြစ်နိုင်ပါဘူး။ အခုအချိန်မှာ စာသင်ကျောင်းထဲမှာ သူ့ကို စိတ်အနှောင့်အယှက်ပေးမယ့်လူမှ မရှိတော့တာ။ သူက ကပ်ရောဂါဒဏ် ခံနေရတဲ့ လူအများကြီးကို ကယ်တင်ပေးခဲ့လို့ လူတိုင်းက သူ့ကို သဘောကျကြတာပဲလေ၊ သူ အခု ပျော်နေသင့်တာကို"

“ထားလိုက်ပါတော့လေ... ကလေးတစ်ယောက်ရဲ့ စိတ်ကူးကို ခန့်မှန်းရတာ ခက်ခဲလွန်းတယ်။ နောက်ကျရင် သူ့ကို ညဈေးတန်းဆီ ခေါ်သွားပြီး စိတ်ပြေလက်ပျောက် ဖြစ်အောင် လုပ်ပေးရမယ်”

All Chapters