အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း ၁၉၄ အကြွေးတောင်းခြင်း
ကျိုးဝမ်ရှူက စိတ်ကောက်နေပြီး အပြင်မထွက်ရန် ငြင်းဆန်နေသောကြောင့် နောက်ဆုံးတွင် ညဈေးတန်းခရီးစဉ်လေး လွဲချော်သွားခဲ့ရသည်။
စူးယောင်ကွမ်းက စွေ့ရုန်နှင့် မစီစဥ်ရသေးသည့် ကိစ္စရပ်များကို တွေးတောမိရင်း အသားအရေထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူများကို လူစုလိုက်ပြီး တခြားသူများအား ပြန်သင်ကြားပေးရန် ညွှန်ကြားနေပြီး သင်ကြားပုံများအတွက် အကြံဉာဏ်များ ပေးနေခဲ့သည်။
စွေ့ရုန်က လူအယောက်တစ်ရာ စီစဥ်ပေးထားပြီး သူမလက်အောက်တွင် ကျွမ်းကျင်ပညာရှင် ဆယ်ဦး ရှိနေသောကြောင့် တစ်ယောက်လျှင် တပည့်တစ်ဆယ်ဦးစီ သင်ကြားပေးရန်အတွက် ကွက်တိ ဖြစ်နေလေသည်။ အကယ်၍ သူတို့ သေသေချာချာ သင်ကြားပေးနိုင်လျှင် ဆုကြေးငွေလည်း ရရှိကြမည် ဖြစ်သည်။
စူးယောင်ကွမ်းက အမြဲတမ်း လက်ဖွာသူတစ်ယောက် ဖြစ်ပြီး ထိုမိန်းကလေးများ သူမနောက်သို့ လိုက်ပါလာကတည်းက ငွေကြေးပိုင်းအရ များစွာ ဖူလုံလာခဲ့ကြသည်။ ထို့အပြင် ထောင်ယောင်ဖန့်တွင် အလုပ်လုပ်ရခြင်းက အလွန် မျက်နှာပွင့်လှပြီး လူတိုင်းကလည်း သူမတို့ကို လေးစားကြသည်။ ယခုအချိန်တွင် စူးယောင်ကွမ်းက သူမတို့ကို လေးစားမှုအပြည့်ဖြင့် တာဝန်သစ်တစ်ခု ပေးအပ်လိုက်ခြင်းဖြစ်ရာ သူမတို့ကလည်း ဤတာဝန်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။
သူမတို့အနေဖြင့် တပည့်များကို ပညာသင်ကြားပေးရမည်ဖြစ်ပြီး ကွဲလွဲမှုများမရှိစေရန်နှင့် ထောင်ယောင်ဖန့်၏ နာမည်ဂုဏ်သတင်းကို မထိခိုက်စေရန်အတွက် ပြည့်စုံသော လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ လက်ဆင့်ကမ်းပေးရမည် ဖြစ်သည်။
ထိုနေ့ညနေတွင် မိန်းကလေးများက အတူတကွ စုဝေးလိုက်ကြပြီး ထောင်ယောင်ဖန့်၏ ကိုယ်ပိုင်အလှပြင်နည်းစနစ်များကို ဆွေးနွေးတိုင်ပင်ကာ ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံခဲ့ကြသည်။ သူမတို့ ယခင်က ဤသို့ စုဝေးတိုင်ပင်လေ့ရှိသော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးကို စနစ်တကျ သတ်မှတ်ထားခြင်းမျိုးတော့ မရှိခဲ့ချေ။
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ရိုက်နှက်ထုထောင်းသံများပါ ဆက်တိုက် ကြားလိုက်ရသည်။
လူတိုင်းက စူးစမ်းရန် ပြေးထွက်သွားကြပြီး ကျိုးဝမ်ရှူတစ်ယောက် အမိုးစွန်းအောက်တွင် မတ်တတ်ရပ်ရင်း လမ်းတစ်ဖက်မှ ဆိုင်ဆီသို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
"ဟိုဘက်မှာ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ"
ကျန်းကျောက်တိက သူ့နောက်မှ လှမ်းမေးလိုက်သည်။
"နေ့ဘက်မှာ ဆူညံတာက ကိစ္စမရှိပါဘူး၊ နေ့ဘက်က လူစည်ကားနေတာလေ။ ဒါပေမယ့် ညဘက်အထိ ဒီလောက် ဆူညံနေရအောင် လူတွေကို အနားမပေးကြတော့ဘူးလား"
"သူတို့က လောင်းကစားအိမ်က လူတွေမဟုတ်ဘူးလား"
စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။
"ကျွန်မ မှတ်မိသလောက်တော့ အဲ့ဒီလူ ကျုံးချူရှန်းနဲ့အတူ ရှိနေတာကို ကျွန်မ မြင်ဖူးတယ်"
ကျိုးဝမ်ရှူက ခေါင်းငြိမ့်ပြနေသည်။
"သူ့နာမည်က ရှို့စန်းတဲ့"
ထိုစကားကို ကြားပြီးနောက် စူးယောင်ကွမ်းက လမ်းတစ်ဖက်သို့ လှမ်းအော်လိုက်သည်။
"ရှို့စန်း..."
ရှို့စန်းက တစ်စုံတစ်ယောက် သူ့နာမည်ကို ခေါ်နေသည်အား ကြားသွားသဖြင့် လှည့်ကြည့်လိုက်ရာ စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို မြင်တွေ့သွားခဲ့သည်။ သူက ချက်ချင်း တောင့်ခနဲ့ ဖြစ်သွားပြီး အစေခံတစ်ယောက်ကဲ့သို့ စိတ်အားထက်သန်စွာ ပြေးလာတော့သည်။
"သခင်မလေးစူး... သခင်လေးကျိုး၊ ကျွန်တော်တို့က သခင်မလေးတို့အိမ်က မိသားစုဝင်တွေကို လန့်သွားအောင် လုပ်မိလို့လားခင်ဗျာ"
ရှို့စန်းက အပြုံးမျက်နှာဖြင့် တရိုတသေ ရှင်းပြနေရှာသည်။
"မကြောက်ပါနဲ့ ခင်ဗျာ... ကျွန်တော်တို့က အကြွေးလာတောင်းတာပါ၊ တခြားလူတွေနဲ့ ဘာမှမဆိုင်ပါဘူး"
"ရှင်က ဖုန်းဟွာကော့ကို အကြွေးလာတောင်းတာလား။ ဘာအကြွေးလဲ"
စူးယောင်ကွမ်းက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"လောင်းကစားကြွေးပေါ့ဗျ..."
ပိန်ပိန်ပါးပါးလူတစ်ယောက်က ဝင်ပြောလာခဲ့သည်။
"ကျန်းယီဟွေ့က ကျွန်တော်တို့ဆီမှာ လျန်တစ်ထောင် အကြွေးတင်နေတာလေ။ ကျွန်တော်တို့က သူတို့ဆီကနေ လာတောင်းရမှာပေါ့ မဟုတ်ဘူးလား"
"လျန်တစ်ထောင် ဟုတ်လား"
စူးယောင်ကွမ်းက မချိတင်ကဲဟန်ဖြင့် စုတ်သပ်လိုက်သည်။
"ငါသာဆို အဲဒီလောက်အများကြီး သုံးရဲမှာ မဟုတ်ဘူး"
ထောင်ယောင်ဖန့်က ပိုက်ဆံအများကြီး ရှာနိုင်ပြီဖြစ်သောကြောင့် ငွေလျန်တစ်ထောင် မပြောနှင့် ငွေလျန်ငါးထောင်ကိုပင် အလွယ်တကူ ထုတ်ပေးနိုင်သော်လည်း ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းခဲ့ဖူးသည့် စူးယောင်ကွမ်းကတော့ ထိုကဲ့သို့ ဖြုန်းတီးပစ်ရန် နှမြောလွန်းလှသည်။
"သူတို့က တကယ့်ကို လက်ဖွာလွန်းတာပဲ၊ ဒီလောက် ပိုက်ဆံကိုတောင် ဂရုမစိုက်ကြဘူး။ နေ့တိုင်း လောင်းကစားလုပ်ပြီး ရှုံးနေတာတောင် အကြွေးနဲ့ကို ဆက်ကစားနေကြတာဗျ။ အခု ကတိပေးထားတဲ့ အချိန်လည်း ရောက်ရော ပိုက်ဆံကို ပြန်မဆပ်ကြတော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့လည်း အကြွေးလာတောင်းရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ဘူးလေ။ ကဲ... ပြောနေတာ ကြာပါတယ်။ သခင်မလေးစူး၊ သခင်လေးကျိုး... ကျွန်တော် ဟိုဘက်က တံခါးကို ဆက်ထုလိုက်ဦးမယ်။ တကယ်လို့ သူတို့ တံခါးမဖွင့်ရင်တော့ အထဲကို အတင်းဝင်ပြီး ရှိသမျှအရာအားလုံးကို အရင်ဆုံး သိမ်းကျုံးယူသွားရမှာပဲ"
ရှို့စန်းက ပြောပြောဆိုဆိုနှင့် ပြန်ပြေးသွားသည်။
ထိုအချိန်တွင် အခြားလူတစ်အုပ်လည်း ထပ်မံရောက်ရှိလာခဲ့သည်။
"ဒီနေရာပဲဟေ့... ထုစမ်း... မရရင် တံခါးကို ရိုက်ချိုးပြီး အထဲကလူတွေကို အပြင်ဆွဲထုတ်စမ်း"
ပြည့်တန်ဆာအိမ်မှ မိန်းမကြီးက သူမ၏ လူမိုက်များနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။
"အစ်မကြီး... ဒါက ဘာတွေ ဖြစ်ပျက်နေတာလဲဟင်"
ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။
ပြည့်တန်ဆာအိမ်မှ မိန်းမကြီးက သူမ၏ လက်ကိုင်ပုဝါကို ဝှေ့ယမ်းရင်း ပြန်အော်ပြောနေသည်။
"မပြောပါနဲ့တော့ဟယ်... အဲဒီ အရှက်မရှိတဲ့ ကျန်းယီဟွေ့လေ... ငါ့ဆီက မိန်းကလေးတစ်ယောက်နဲ့ လာအိပ်ပြီး ပိုက်ဆံမပေးသွားဘူး။ ဒီနေ့ ပိုက်ဆံပေးမယ်လို့ ကတိပေးထားတာ၊ ဒါပေမယ့် အခုထိ သူ့အရိပ်တောင် မမြင်ရသေးဘူး"
လောင်းကစားခန်းမနှင့် ပြည့်တန်ဆာအိမ်မှ လူများက တံခါးဝတွင် ရောက်နေကြသော်လည်း ဖုန်းဟွာကော့ကတော့ လုံးဝ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း အထဲတွင် လူရှိနေသည်မှာ အသေအချာ ဖြစ်ပြီး ကျုံးလန်ဟွာတစ်ယောက် အခွင့်ကောင်းယူကာ ထွက်ပြေးသွားသလား ဆိုသည်ကိုတော့ မသိရသေးချေ။
"ကဲ... ဆက်မကြည့်ကြနဲ့တော့"
စူးယောင်ကွမ်းက ကျန်လူများကို သတိပေးလိုက်သည်။
"ငါတို့မှာ လုပ်စရာ အရေးကြီးတဲ့ အလုပ်တွေ ရှိသေးတယ်၊ သူတပါးကိစ္စထဲ ဝင်မပါကြနဲ့တော့"
မိန်းကလေးများက လမ်းတစ်ဖက်ဆီသို့ စူးစမ်းချင်စိတ်ဖြင့် လှည့်ကြည့် လှည့်ကြည့် လုပ်နေကြဆဲပင်။
"သူတို့ အရင်တုန်းက ကျန်းရိဟွမ်းကိုတောင် အိမ်ကနေ မောင်းထုတ်ခဲ့ကြသေးတာ၊ ဒါပေမယ့် အခုကြည့်ရရင်တော့ သူ တကယ်ပဲ ဒီဘေးဒုက္ခကနေ လွတ်မြောက်သွားခဲ့တာပဲနော်။ တကယ်လို့ သူသာ ထွက်မသွားခဲ့ရင် ဒီအကြွေးတွေအကုန်လုံးက သူ့ရဲ့ ပခုံးပေါ် ရောက်လာမှာ အသေအချာပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အင်္ကျီစကို ဆွဲကာ သူ့ကို ပြန်ဆွဲခေါ်လိုက်သည်။
"နင်... စိတ်ပုတ်တဲ့ကောင်လေး၊ ဆက်မကြည့်နဲ့တော့။ အထဲဝင်မယ်"
"ဘယ်သူက စိတ်ပုတ်တာလဲ"
ကျိုးဝမ်ရှူက ထိုအမည်ပြောင်ကို မနှစ်မြို့သဖြင့် မကျေမနပ် ဖြစ်သွားခဲ့သည်။
"အခု ထူးနေတဲ့လူက စိတ်ပုတ်တဲ့လူပေါ့"
စူးယောင်ကွမ်းက သူ့ကို နောက်ပြောင်လိုက်သည်။
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ နောက်သို့ လိုက်ပါလာရင်း မကြည်မလင်ဖြစ်နေသောလေသံဖြင့် ပြောလာပြန်သည်။
"ခင်ဗျားကတော့ အဲဒီ စွေ့မျိုးရိုးလူနဲ့ အတော်လေး ကောင်းကောင်းမွန်မွန် စားသောက်နေခဲ့တာမဟုတ်ဘူးလား"
"ဪ... နင် ငါတို့ကို မြင်ခဲ့တာကိုး"
စူးယောင်ကွမ်းက ရုတ်တရက် သဘောပေါက်သွားပြီး ထပ်ပြောလိုက်သည်။
"ဒါကြောင့် နင် စောစောကတည်းက တစ်ချိန်လုံး မျက်နှာကြီး စူပုပ်နေတာပေါ့လေ၊ နင့်ကို အပြင် ခေါ်ပြီး မကျွေးလို့ စိတ်ဆိုးနေတာလား"
ကျိုးဝမ်ရှူ : "..."
'ငါက အဲဒီစားစရာတွေကို မက်မောနေရမှာလား...'
"ငါတို့က စီးပွားရေးအကြောင်း ဆွေးနွေးနေကြတာပါဟယ်"
စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။
"စီးပွားရေးအကြောင်း ပြောရတာ ဘယ်လောက် ပျင်းစရာကောင်းလဲဆိုတာ နင်လည်း သိနေသားပဲ။ တကယ်လို့ နင့်ကိုပါ ခေါ်သွားရင် နင် အသက်ရှူကျပ်ပြီး ပျင်းနေမှာပေါ့။ အဓိကကတော့ နင် ကပွဲခန်းမထဲမှာ ရှိနေမှန်း ငါ မသိခဲ့လို့ပါ။ တကယ်လို့ သိခဲ့ရင် နင့်ကို အတူတူ စားဖို့ သေချာပေါက် ခေါ်မှာပေါ့။ အဲဒီက ဟင်းပွဲတွေက တကယ်ပဲ အရသာရှိတယ်။ ဒါပေမယ့် နင်နဲ့ သခင်လေးချန်က အဲဒီလောက် ခင်ကြတာပဲ၊ နင် အဲဒီမှာ ခဏခဏ စားဖူးမှာ သေချာတယ်။ ငါက တစ်နပ်လေး မခေါ်မိတာကို ဘာလို့ ဒီလောက်တောင် စိတ်သဘောထားကျဥ်းမြောင်းနေရတာလဲ။ နင်က နင် စိတ်ပုတ်မဟုတ်ဘူးလို့ ပြောနေပေမယ့် ဒီလောက် စိတ်ပုပ်တဲ့ ယောက်ျားမျိုး ငါတစ်ခါမှ မမြင်ဖူးသေးဘူး"
"ဘယ်သူက အဲဒီစားစရာအနည်းငယ်လေးကို မက်မောနေလို့လဲ"
ကျိုးဝမ်ရှူက ပို၍ပင် မကျေမနပ် ဖြစ်သွားတော့သည်။
အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ အချို့သောအရာများကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရန် လိုအပ်လာပြီဟု သူ သတ်မှတ်လိုက်သည်။
သူက သူမ၏ ခါးတွင် ဆွဲချိတ်ထားသော ကျောက်စိမ်းဆွဲပြားကို လှမ်းကိုင်လိုက်ရင်း ထပ်ပြောလိုက်သည်။
"ဒါက ဘာသဘောလဲ။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကတိကဝတ်က အတုအယောင်ဆိုရင်တောင် ရေးသားထားတဲ့ စာချုပ်ကတော့ အစစ်အမှန်ပဲနော်။ ရုံးတော်ရဲ့ စာရင်းဇယားအရလည်း ကျွန်တော်က ခင်ဗျားရဲ့ တရားဝင်လင်ယောက်ျားမဟုတ်ဘူးလား။ ကျွန်တော်တို့ ကွာရှင်းပြတ်စဲတာတောင် မလုပ်ရသေးဘူး၊ ခင်ဗျားက အခြားယောက်ျားတစ်ယောက်ရဲ့ စေ့စပ်လက်ဆောင်ကို လက်ခံလိုက်ပြီပေါ့လေ။ ဒါက ကျွန်တော့်ကို လုံးဝ မလေးစားရာ မကျဘူးလား"
"ဒါက စေ့စပ်လက်ဆောင်လို့ ဘယ်သူပြောလဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နဖူးကို လှမ်းစမ်းလိုက်ရင်း ထပ်ပြောလိုက်သည်။
"နင် နေမကောင်းဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ ဘာလို့ တဖြည်းဖြည်းနဲ့ ငါ နားမလည်နိုင်တဲ့ စကားတွေ ပိုပိုပြီး ပြောနေရတာလဲ"
"ဒါက အဆင့်အတန်း ဒါမှမဟုတ် ဂုဏ်ပုဒ်ကို ကိုယ်စားပြုတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။
‘အဲဒါက စေ့စပ်လက်ဆောင်မဟုတ်ရင် အခြား ဘာဖြစ်နိုင်ဦးမှာလဲ...’
"ငါက သခင်လေးစွေ့နဲ့ စီးပွားရေးအတူတူလုပ်နေတာလေ၊ အဲဒီတော့ ဆိုင်တွေရဲ့ စီးပွားရေးအခြေအနေကို သွားရောက်စစ်ဆေးဖို့ကလည်း ရှောင်လွှဲလို့ မရဘူး။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အဆင့်အတန်းကို ဘာနဲ့ သက်သေပြမလဲ။ ဒီကျောက်စိမ်းဆွဲပြားက သက်သေပဲလေ။ သခင်လေးစွေ့နဲ့ ငါ့မှာ တစ်ယောက်တစ်ခုစီ ရှိတယ်၊ အလုပ်သမားတွေက ဒီကျောက်စိမ်းပြားကို ကြည့်ပြီး ငါတို့ကို အသိအမှတ်ပြုကြလိမ့်မယ်"
စူးယောင်ကွမ်းက ကျောက်စိမ်းဆွဲပြား၏ အခြားတစ်ဖက်ကို လှန်လိုက်ပြီး ကျိုးဝမ်ရှူကို ပြပြီးမှ ဆက်ပြောလိုက်သည်။
"ဒီမှာကြည့်... အပေါ်မှာ ထောင်ယောင်ဖန့်ဆိုတဲ့ စာလုံးတွေ ရေးထားတာမဟုတ်ဘူးလား"
ကျိုးဝမ်ရှူ : "..."
‘ဪ... ဒါက အမှတ်အသားကို ကိုယ်စားပြုတယ်ဆိုတာ ဒီလိုလား...’
"နင့်ပုံစံက ကလေးလေးတစ်ယောက် သကြားလုံးလုနေတဲ့အတိုင်းပဲ"
စူးယောင်ကွမ်းက တခစ်ခစ် ရယ်မောရင်း ထပ်မေးလိုက်သည်။
"အခု အားလုံး ရှင်းသွားပြီဆိုတော့ ဒေါသနည်းနည်း ပြေသွားပြီလား"
ကျိုးဝမ်ရှူက သူ့နှာခေါင်းကို တို့လိုက်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် ဒေါသမထွက်ပါဘူး"
"ပြီးတာပါပဲ"
စူးယောင်ကွမ်းက သူနှင့် ဆက်လက်ငြင်းခုံမနေချင်တော့ချေ။
သူမက ပြတင်းပေါက်တွင် မှီရပ်လိုက်ရင်း လမ်းတစ်ဖက်ရှိ ပြည့်တန်ဆာအိမ်နှင့် လောင်းကစားခန်းမမှ လူများက တံခါးကို ရိုက်ချိုးကာ ကျုံးလန်ဟွာအား အပြင်သို့ ဆွဲထုတ်လာကြသည်ကို စောင့်ကြည့်နေလိုက်သည်။
ကျုံးလန်ဟွာက စူးစူးဝါးဝါး အော်ဟစ်ငိုယိုနေပြီး သူမ၏ အော်သံက ရင်နင့်စရာ ကောင်းနေလေသည်။ အခြေအနေကို သေသေချာချာ မသိသည့်လူဆိုလျှင် ဝက်တစ်ကောင်ကို သတ်နေသည်ဟုပင် ထင်မှတ်သွားနိုင်ချေသည်။
"ငါ့ရဲ့ ဟွေ့အာက ဘာလို့ ဒီလောက်အများကြီး ကြွေးတင်ရမှာလဲ။ နင်တို့က ငါတို့ကို မတရား ငွေညှစ်နေတာပဲ။ ငါ ရုံးတော်ကို သွားတိုင်မယ်"
ကျုံးလန်ဟွာက အော်ဟစ်လိုက်သည်။
"နင် ရုံးတော်ကို သွားတိုင်ရင်တောင် ဒီပိုက်ဆံကိုတော့ ပြန်ဆပ်ရမှာပဲ"
ပြည့်တန်ဆာအိမ်မှ မိန်းမကြီးကလည်း ခါးထောက်ထားပြီး စူးရှသောအသံဖြင့် ပြန်အော်ပြောနေသည်။
"နင် အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်ဦး။ ဘယ်သူက ပြည့်တန်ဆာအိမ်ကို လာပြီး ပိုက်ဆံမပေးဘဲ နေရဲလဲလို့။ ငါ့ရဲ့ မိန်းကလေးတွေက ပန်းကလေးတွေလို နုဖတ်နေတာဟဲ့... နင်သားလို အနံ့အသက်မကောင်းတဲ့ ယောက်ျားတွေက အလကားလာအိပ်လို့ ရပါ့မလား"