အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း ၁၉၅ အကြွေးနွံထဲမှ ထွက်ပြေးခြင်း
ကျုံးလန်ဟွာက အနီးနားရှိ တိုင်တစ်တိုင်ကို လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးဖြင့် အတင်းဖက်တွယ်ကာ ကြိုးစားခုခံနေခဲ့သည်။ နောက်ဆုံးတွင် လူမိုက်လေးယောက် စုပေါင်းပြီး အားကုန်သုံးကာ ဆွဲခွာလိုက်မှသာ သူမကို ထိုထိုင်မှ ဖယ်ထုတ်နိုင်ခဲ့သည်။
"နင်တို့အားလုံး သေကုန်ကြပြီလား။ မြန်မြန်သွားပြီး ရုံးတော်ကို အကြောင်းကြားကြစမ်း"
ကျုံးလန်ဟွာက ဆိုင်မှ အလုပ်သမားများကို လှမ်းအော်ပြောလိုက်သည်။
"ငါ တစ်ခုခုဖြစ်သွားရင် နင်တို့လည်း လစာရတော့မှာ မဟုတ်ဘူးနော်"
မူလက ဝင်မပါချင်ကြသည့် ဆိုင်အလုပ်သမားများကလည်း မရသေးသည့် သူတို့၏ လစာငွေများကို တွေးမိသွားကြပြီး ဆက်ငြိမ်မနေနိုင်တော့ချေ။
အလုပ်သမားတစ်ယောက်က ရှေ့သို့ တိုးလာပြီး ပြည့်တန်ဆာအိမ်မှလူများအား ကျုံးလန်ဟွာကို ခေါ်မသွားနိုင်ရန် တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ပြည့်တန်ဆာအိမ်မှ မိန်းမကြီး ခေါ်လာသော လူမိုက်အင်အားက များလွန်းလှသဖြင့် ပိန်ပိန်ပါးပါး အလုပ်သမားလေးခမျာ ဘာမှ မတတ်နိုင်ရှာတော့ချေ။
လောင်းကစားခန်းမမှ လူများကလည်း ဆိုင်ထဲရှိ ပစ္စည်းများကို အပြင်သို့ စတင်သယ်ထုတ်နေကြပြီ ဖြစ်သည်။ အနည်းငယ်မျှ တန်ဖိုးရှိသည့် အရာမှန်သမျှကို တစ်ခုမကျန် သိမ်းကျုံးယူငင်နေကြပြီး လက်ရှိအခြေအနေအရဆိုလျှင် ဖုန်းဟွာကော့က တိုင်အနည်းငယ်သာ ကျန်ရစ်တော့မည့်ပုံ ဖြစ်နေလေသည်။
တစ်ချိန်က အလွန်စည်ကားခဲ့သော ဖုန်းဟွာကော့က ခဏချင်းအတွင်းမှာပင် ဟာလာဟင်းလင်း အိမ်အိုကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ ဆိုင်ရှင်ဖြစ်သည့် ကျုံးလန်ဟွာလည်း ပြည့်တန်ဆာအိမ်မှ မိန်းမကြီး၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။
"အိုက်ယား... ဆိုင်ရှင်ကျုံးကို အကြွေးဆပ်ဖို့ ပြည့်တန်ဆာအိမ် ခေါ်သွားကြတာလား"
ကျုံးလန်ဟွာနှင့် မတည့်သည့် ပန်းထိမ်ဆရာ၏ ဇနီးက ဝမ်းသာအားရ လှမ်းပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက မုဆိုးမပဲလေ၊ ယောက်ျားမရှိတာလည်း နှစ်တွေ အတော်ကြာနေပြီ။ အခု အကြွေးဆပ်ဖို့ ပြည့်တန်ဆာအိမ် ရောက်သွားတော့ သားဖြစ်သူကိုလည်း ကယ်နိုင်သလို ယောက်ျားတွေရဲ့ အငွေ့အသက်ကိုလည်း ပြန်ခံစားရတာပေါ့။ ဟား ဟား..."
ရိုးသားဖြောင့်မတ်သော ပန်းထိမ်ဆရာက သူ၏ဇနီး စကားလွန်နေသည်ကို မြင်သဖြင့် သူမ၏လက်ကို ဆွဲကာ အိမ်ထဲသို့ အမြန်ပြန်ခေါ်သွားတော့သည်။
ပန်းထိမ်ဆရာ၏ ဇနီးက ဆက်လက် ဆဲဆိုနေပြန်သည်။
"ရှင်က သူ့ကို သနားနေတာလား။ ကျွန်မ မမြင်ဘူးများ မှတ်နေလား။ ဒီအတောအတွင်း အဲဒီမြေခွေးမက ရှင့်အနားမှာပဲ တဝဲလည်လည် လုပ်နေတာ၊ သူရဲ့ ဖင်က လောက်ကောင်တွေ တွားသွားနေသလို တလှုပ်လှုပ်နဲ့လေ"
"မိန်းမရယ်... အဲလိုမဟုတ်ပါဘူး။ သူက ပစ္စည်းတချို့ လာအပ်လို့ သာမန် စကားစမြည် ပြောဖြစ်ရုံတင်ပါ"
ပန်းထိမ်ဆရာက မျက်နှာကြီး နီမြန်းလျက် ပျာပျာသလဲ ရှင်းပြနေရှာသည်။
"တကယ်လို့ အဲဒါ အမှန်ဖြစ်နေရင်တော့ ကျွန်မ ရှင့်ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
ကျုံးလန်ဟွာတစ်ယောက် အစွမ်းကုန် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ပြည့်တန်ဆာအိမ်မှ မိန်းမကြီး၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ သူမက အဝေးမရောက်သေးခင် ဖုန်းဟွာကော့ဘက်သို့ လှည့်ကာ အော်ဟစ်နေသေးသည်။
"ယန်ချွမ်... ယန်ချွမ်... ဟွမ်းအာကို သွားရှာပေးပါဦး၊ ငါ့အတွက် ဟွမ်းအာကို ပြန်ခေါ်လာပေးပါ"
မည်းမှောင်နေသော ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ကျုံးလန်ဟွာ၏ ငိုကြွေးသံကြီးက အဝေးအထိ ပျံ့လွင့်နေကာ ခြောက်ခြားစရာ ဖြစ်နေခဲ့သည်။
ယန်ချွမ်က အထဲမှ ထွက်လာခဲ့သည်။
ကျန်ရှိနေသော ဆိုင်အလုပ်သမားများကလည်း ဟာလာဟင်းလင်း ဖြစ်သွားသည့် ဆိုင်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် စိမ့်ခနဲ ခံစားနေကြရသည်။ အချိန်ကလည်း အလွန်နောက်ကျနေပြီဖြစ်ရာ အိမ်ပြန်ချင်လျှင်ပင် မပြန်နိုင်တော့ချေ။ သူတို့အားလုံး ဤနေရာတွင်သာ တစ်ညတာ အိပ်စက်ပြီး မနက်ဖြန်မှသာ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
"ကံကောင်းလို့ အဲဒီလောင်းကစားခန်းမနဲ့ ပြည့်တန်ဆာအိမ်ကလူတွေက ငါတို့လို အလုပ်သမားတွေကို လာမရှုပ်ကြဘူး။ တကယ်လို့ ငါတို့ကိုပါ အကြွေးဆပ်ဖို့ ဖမ်းခေါ်သွားရင် ငါတို့လည်း ခုခံနိုင်မှာ မဟုတ်ဘူး"
"မဖြစ်နိုင်တာ"
အခြား အမျိုးသမီးအလုပ်သမားတစ်ဦးက ဝင်ပြောလိုက်သည်။
"ဖုန်းဟွာကော့နဲ့ သခင်လေး တင်နေတဲ့ အကြွေးတွေက သူတို့ကိစ္စလေ။ ငါတို့က သူတို့ဆီမှာ ကိုယ်ပိုင်ကျွန်အဖြစ် ရောင်းစားထားကြတာမှ မဟုတ်တာ"
"ဒါဆို ငါတို့ရဲ့ လစာတွေကရော ဘယ်လိုလုပ်ကြမလဲ"
"ကျန်းမိသားစုက သားအမိနှစ်ယောက်လုံးက ဒီလောက် ငွေတွေအများကြီး ကြွေးတင်နေတာ၊ ဖုန်းဟွာကော့ကိုတောင် ဆက်ပြီး ရပ်တည်နိုင်ပါတော့မလားမသိဘူး။ ငါတို့အတွက် လစာပေးဖို့ ပိုက်ဆံကို သူတို့ ဘယ်ကနေ သွားရှာနိုင်မှာလဲ။ ငါတို့ကပဲ ကံမကောင်းလို့ ဖုန်းဟွာကော့ကို ရောက်လာမိတာပါဟယ်။ လမ်းတစ်ဖက်က ထောင်ယောင်ဖန့်မှာသာ အလုပ်လုပ်ခဲ့ရင် ငါတို့ဘဝတွေ ဒီထက်မက ပိုကောင်းနေမှာ။ ထောင်ယောင်ဖန့်ရဲ့ ဆိုင်ရှင်က အရမ်း သဘောကောင်းတာ၊ အလုပ်သမားတွေကိုလည်း လစာ ကောင်းကောင်းပေးတယ်လို့ ငါ ကြားတယ်"
အမျိုးသမီးများက ရေနစ်သူအချင်းချင်း စာနာမိကြသည့်အလား တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။
ယန်ချွမ်က အပြင်သို့ ထွက်လာခဲ့ပြီး လမ်းကြားလေးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်နေ့တွင် ထောင်ယောင်ဖန့်က ထုံးစံအတိုင်း အလွန်စည်ကားနေဆဲဖြစ်ပြီး လမ်းတစ်ဖက်ရှိ ဖုန်းဟွာကော့ကတော့ ချိပ်ပိတ်ခံလိုက်ရချေပြီ။
"ရုံးတော်က ဖုန်းဟွာကော့ကို လောင်းကစားခန်းမဆီ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ပြည့်တန်ဆာအိမ်က မိန်းမကြီးကလည်း နေရာအနှံ့ လူလွှတ်ပြီး ကျန်းယီဟွေ့ကို လိုက်ရှာခိုင်းနေတယ်၊ တွေ့တာနဲ့ သူ့ခြေထောက်ကို အရင်ဆုံး ရိုက်ကျိုးပစ်မယ်လို့ ပြောနေတာပဲ။ ဒါပေမယ့် အခုထိတော့ ကျန်းယီဟွေ့က ထွက်မလာသေးဘူး"
ချွမ်းအော်က အဝတ်အစားသစ်များကို သယ်ဆောင်လာရင်း ထောင်ယောင်ဖန့်ရှိ လူအားလုံးကို နောက်ဆုံးရသတင်းများ ပြောပြနေသည်။
"အဲဒီလူက ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ.... တကယ်ကို မသိတော့ဘူး။ နောက်ပိုင်း ငွေပြန်ဆပ်နိုင်ပါ့မလားဆိုတာကို တစ်ချက်ကလေးတောင် မစဉ်းစားဘဲ လျန်ငါးထောင်လျန် ဒီလောက်လွယ်လွယ်လေးနဲ့ ရှုံးပစ်လိုက်ရတယ်လို့"
ကျားချွန်းနီက ဝင်ပြောလိုက်သည်။
"ကျွန်မက ကိုယ့်ကိုယ်ကို တုံးလှပြီလို့ ထင်နေတာ၊ အဲဒီလူက စာပေလေ့လာခဲ့တာ နှစ်တွေတောင် ဒီလောက်ကြာနေပြီ၊ စာမဖတ်တတ်တဲ့ ကျွန်မလို မိန်းကလေးတစ်ယောက်လောက်တောင် အမျှော်အမြင်မရှိဘူး"
"ချွန်းနီ... နင် နင့်ကိုယ်နင် အထင်မသေးပါနဲ့"
ကျန်းကျင့်က သူမကို လှမ်းတားလိုက်သည်။
"အခုဆို နင်က စာလုံးအနည်းငယ်လောက်ပဲ တတ်တာမဟုတ်တော့ဘူး၊ ပြီးတော့ နင်က အရမ်းလည်း ဉာဏ်ကောင်းတယ်။ ငါ သင်ပေးသမျှ အရာအားလုံးကိုလည်း နင် တတ်မြောက်နေပြီလေ"
ထိုစကားကို ကျားချွန်းနီကို အနည်းငယ် ရှက်သွေးဖြာသွားစေသည်။
သူမက သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ကျန်းကျင့်က ဤမျှအထိ ဂရုတစိုက် ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ယခင်က သူမကိုယ်သူမ ယုံကြည်မှု ကင်းမဲ့နေခဲ့သော ကျားချွန်းနီက ကျန်းကျင့်၏ စကားများကို ကြားပြီးနောက်တွင် စိတ်ဓာတ်များ ပြန်လည်နိုးကြား တက်ကြွလာခဲ့သည်။
ဖုန်းဟွာကော့ ပိတ်လိုက်ရသဖြင့် ထောင်ယောင်ဖန့်လည်း ပို၍ ဆိတ်ငြိမ်သွားခဲ့သည်။
ယန်ချွမ်က ကျန်းရိဟွမ်းကို ပြန်ခေါ်လာခဲ့သည်။ ကျန်းရိဟွမ်းဆိုင်သို့ ပြန်ရောက်လာသည့်အချိန်တွင် ဆိုင်က ရုံးတော်၏ ချိပ်ပိတ်ခြင်း ခံထားရသည်ကို မြင်လိုက်ရပြီး ကျန်းယီဟွေ့က အကြွေးများစွာ တင်နေကြောင်းကိုလည်း အခြားလူများထံမှ ကြားသိလိုက်ရသည်။ ထို့အပြင် ရုံးတော်က ဖုန်းဟွာကော့၏ ပိုင်ဆိုင်မှုများကို လောင်းကစားခန်းမနှင့် ပြည့်တန်ဆာအိမ်ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရသောကြောင့် သူမ အလွန်အမင်း ဒေါသထွက်သွားပြီး မူးလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ သို့သော် သူမ သတိပြန်ဝင်လာပြီးနောက်တွင်တော့ သူမက ထိုမိသားစုနှင့် ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ယန်ချွမ်ကို ပြောလိုက်သည်။ ထိုမိသားစုက သူမနှင့် သူမ၏ ခင်ပွန်းကို အိမ်ပေါ်မှ မောင်းချခဲ့ကြပြီး ထိုမိသားစု၏ ဂုဏ်သိက္ခာ သို့မဟုတ် အရှက်ရမှုများနှင့် ပတ်သက်ပြီး သူမတွင် ပြောပိုင်ခွင့် လုံးဝမရှိတော့ချေ။
"မြစ်ထဲမှာ အလောင်းတစ်လောင်း တွေ့တယ်ဟေ့၊ တစ်ယောက်ယောက်က အဲဒါ ကျန်းယီဟွေ့ဆိုပြီး မှတ်မိနေတယ်"
ကျန်းဖန့်တိက တောင်းတစ်လုံးကို သယ်ကာ အပြင်မှ ပြန်ရောက်လာရင်း ပြောလိုက်သည်။
"ကျန်းယီဟွေ့ သေသွားပြီ...ဟုတ်လား"
စူးယောင်ကွမ်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"သူက ဘယ်လိုလုပ်ပြီး သေသွားတာလဲ"
သူမ၏ အတိတ်ဘဝတွင် ကျန်းယီဟွေ့က သေဆုံးမသွားခဲ့ဘဲ ရှောင်းယန်ချီ၏ ကူညီထောက်ပံ့မှုဖြင့် အလွန် အဆင်ပြေချောမွေ့သော ဘဝကို ဖြတ်သန်းနိုင်ခဲ့သည်။ သူက လှပသော ဇနီးတစ်ဦးကို လက်ထပ်နိုင်ခဲ့သည့်အပြင် ကိုယ်လုပ်တော်နှစ်ယောက်ပင် ရှိခဲ့သေးသည်။
ထိုစဉ်က ရှောင်းယန်ချီအနေဖြင့် ကျန်းယီဟွေ့အပေါ် အလွန်အမင်း ကောင်းလွန်းနေသောကြောင့် စူးယောင်ကွမ်းတစ်ယောက် ရင်ထဲမှ အမြဲတမ်း မကျေမနပ် ဖြစ်ခဲ့ရဖူးသည်။ အခြေအနေမှန်ကို မသိသော လူများဆိုလျှင် ကျန်းယီဟွေ့ကို ရှောင်းယန်ချီ၏ ယောက်ဖဟုပင် ထင်မှတ်သွားနိုင်ချေ ရှိသည်။ ယခုပြန်တွေးကြည့်လိုက်မှသာ ထိုလူက အမှန်တကယ် သူ၏ယောက်ဖ ဖြစ်နေခဲ့ခြင်းပင်။
‘အရင်ဘဝမှာ ကျန်းယီဟွေ့က မသေခဲ့ဘူးလေ၊ ဘာဖြစ်လို့ ဒီဘဝမှာ သူက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ သေဆုံးသွားရတာလဲ’
'ဒီဖြစ်ရပ်အရဆိုရင် အားလုံးက အတိတ်ဘဝက လမ်းကြောင်းအတိုင်း ဆက်မသွားတော့တာများဖြစ်နေမလား'
ကျန်းယီဟွေ့၏ ရုပ်အလောင်းကို ယူရန် ကျုံးလန်ဟွာကို အလျင်အမြန် ဆင့်ခေါ်လိုက်ကြသည်။
ကျုံးလန်ဟွာကလည်း ဤရက်ပိုင်းအတွင်း ပြည့်တန်ဆာအိမ်တွင် သောကဗျာပါဒများဖြင့် နေ့စဉ်ရက်ဆက် ထိတ်လန့်တုန်လှုပ်စွာ နေထိုင်ခဲ့ရပြီး ပြည့်တန်ဆာအိမ်မှ မိန်းမကြီး၏ နှိပ်စက်စော်ကားမှုများကိုလည်း ခံစားခဲ့ရသည်။ သူမ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အားအင်ကုန်ခမ်းကာ လုံးဝ စိတ်ဓာတ်ကျနေသည့် အချိန်တွင် ကျန်းယီဟွေ့ သေဆုံးသွားခဲ့ပြီဟူသော သတင်းဆိုးကို ကြားသိလိုက်ရသည်။
"ဟွေ့အာ... အမေက သားကို အိမ်ပြန်ခေါ်မလို့လေ၊ အိမ်ပြန်ကြစို့နော်"
ကျုံးလန်ဟွာက ကျန်းယီဟွေ့၏ ရုပ်အလောင်းပေါ်သို့ ပစ်လဲကာ အသည်းအသန် ငိုကြွေးနေလေသည်။
"ထပါဦး သားလေးရဲ့၊ အမေ့ကို မခြောက်ပါနဲ့။ သား ပိုက်ဆံတွေ ဘယ်လောက်ပဲ အကြွေးတင်တင် အမေ ပြန်ဆပ်ပေးမှာပေါ့။ ဟွေ့အာ... နိုးလာပါဦး"
"ကျုံးသခင်မ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး"
ဘေးတွင်ရပ်နေသော ရဲမက်ချန်က လှမ်းပြောလိုက်သည်။
"ငါတို့ သူ့အလောင်းကို မြစ်ဆိပ်နားမှာ တွေ့ခဲ့တာပါ။ အလောင်းစစ်ဆေးသူကလည်း စစ်ဆေးပြီးပါပြီ၊ သူ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တာပါ။ တကယ်လို့ ကျုံးသခင်မအနေနဲ့ သင်္ဂြိုဟ်ဖို့အတွက် ရုပ်အလောင်းကို အိမ်ပြန်သယ်ချင်တယ်ဆိုရင်တော့ ဒီမှာ လက်မှတ်ရေးထိုးပေးရုံပါပဲ"
"အမေ..."
ကျန်းရိဟွမ်းနှင့် ရှောင်းယန်ချီတို့လည်း ရောက်ရှိလာကြသည်။
ကျန်းရိဟွမ်းကို မြင်သည်နှင့် ကျုံးလန်ဟွာက သူမ၏လက်ကို လှမ်းဆွဲလိုက်ပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် အသနားခံသလို ပြောလိုက်သည်။
"နင့်အစ်ကိုက ငါတို့ကို နောက်ပြောင်နေတာမလား။ သူက အကြွေးတွေ အများကြီးတင်နေတော့ ငါတို့က သူ့ကို စွန့်ပစ်လိုက်မှာ ကြောက်လို့ ဒီလို ခြောက်လှန့်နေတာ ဖြစ်ရမယ်။ သူ့ကို နှိုးလိုက်စမ်းပါ၊ အကြွေးတွေကို အမေ သေချာပေါက် ကူဆပ်ပေးမယ်လို့ ပြောပေးနော်၊ သူ့အမေကို လာမခြောက်ပါနဲ့လို့လည်း ပြောပေးပါဦး"
"အမေ... အမှန်တရားကို လက်ခံလိုက်ပါတော့၊ အစ်ကိုက သေသွားပြီ"
ကျန်းရိဟွမ်းက မိခင်ဖြစ်သူ၏ စိတ်ကူးယဉ်မှုများကို ရက်ရက်စက်စက် ရိုက်ချိုးလိုက်သည်။
"အမေ့မှာ အစ်ကို မရှိတော့ပေမယ့် သမီး ရှိသေးတယ်လေ၊ ပြီးတော့ အစ်ကိုရှောင်းလည်း ရှိသေးတာပဲ။ သမီးတို့ အမေ့ကို ပြုစုစောင့်ရှောက်မှာပါ၊ အမေ့အပေါ်ကို တသက်လုံး ပြုစုလုပ်ကျွေးပါ့မယ်"
"နင်ပဲ... နင်က ဂြိုလ်ကောင်ပဲ"
ကျုံးလန်ဟွာက ရှေ့သို့ အတင်းတိုးဝှေ့ကာ ရှောင်းယန်ချီ၏ လည်ပင်းကို ရက်ရက်စက်စက် လှမ်းကိုက်လိုက်ရင်း အော်ဟစ်လိုက်သည်။
"ငါ့သားကို ပြန်ပေးစမ်း၊ နင်က ကံဆိုးမှုတွေ သယ်လာတဲ့ ဂြိုလ်ကောင်ပဲ"