← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆ အကြွေး

ကျုံးလန်ဟွာက ရူးသွပ်နေသော မိန်းမတစ်ဦးအလား ရှောင်းယန်ချီထံသို့ အတင်းပြေးဝင်သွားသော်လည်း သူကတော့ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

တံခါးဝတွင်လည်း လူအုပ်ကြီး စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့က ကျုံးလန်ဟွာကို လက်ညှိုးထိုးရင်း တိုးတိုးတိတ်တိတ် ဝေဖန်ပြောဆိုလာကြသည်။

"ဒီရူးနေတဲ့ မိန်းမက အဆင်မှပြေသေးရဲ့လား။ သူ့သား သေတာကို ဘာလို့ သမက်ဖြစ်သူကို အပြစ်တင်နေရတာလဲ"

"ဟုတ်တယ်။ သူ့သားလည်း မရှိတော့ဘူးဆိုတော့ အခုချိန်မှာ သမီးကိုပဲ အားကိုးရတော့မယ်ဆိုတာကို သူ မသိဘူးလား။ ဒါပေမယ့် သမီးကလည်း သူတပါးအိမ် ရောက်နေပြီဆိုတော့ နောက်ဆုံးကျရင် သမက်ရဲ့ သဘောထားအပေါ်မှာပဲ မူတည်နေ‌တော့မှာ မဟုတ်ဘူးလား"

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို အနောက်သို့ ဆွဲခေါ်နေပြီး မိခင်ဖြစ်သူ ထိုထက်ပိုပြီး စိတ်လိုက်မာန်ပါ မလုပ်မိစေရန် တားဆီးနေရှာသည်။

သူမက ရှောင်းယန်ချီကို ကြည့်ကာ တောင်းပန်နေသေးသည်။

"အစ်ကိုရှောင်း... တောင်းပန်ပါတယ်၊ အမေက စိတ်ဒဏ်ရာ အပြင်းအထန်ရသွားလို့ စိတ်နောက်သွားတာပါ"

ရှောင်းယန်ချီက ကျုံးလန်ဟွာ၏ ပုခုံးနှစ်ဖက်ကို ထိန်းကိုင်ပေးလိုက်ရင်း ကျန်းရိဟွမ်းကို ပြန်ပြောလိုက်သည်။

"ကိုယ် နားလည်ပါတယ်။ အမေက လောလောဆယ် စိတ်ရှုပ်ထွေးနေလို့ပါ၊ သူ စိတ်ငြိမ်သွားရင် ပြန်အဆင်ပြေသွားမှာပါ။ ကိုယ် အမေ့ကို အပြစ်မတင်ပါဘူး"

"ကြည့်စမ်းပါဦး... ဒီလောက်ကောင်းတဲ့ သမက်မျိုးကို ရထားတာတောင် ဒီရူးနေတဲ့ မိန်းမက ကျေးဇူးမတင်တတ်သေးဘူး။ ငါ ကြားတာတော့ သူ့သားက လောင်းကစားတွေ လုပ်ပြီး အကြွေးတွေ အများကြီးတင်နေတာတဲ့၊ အဲ့ဒါကို မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတာ ဖြစ်ရမယ်"

ကျုံးလန်ဟွာက သူမ၏ အင်္ကျီလည်ပင်းစကို ဆုပ်ကိုင်ထားရင်း ရင်ကွဲမတတ် ငိုကြွေးနေရှာသည်။

ကျန်းရိဟွမ်းက သူမကို တွဲထူပေးလိုက်ပြီး ဘေးမှ ရဲမက်တစ်ယောက်ကို လှမ်းပြောလိုက်သည်။

"ကျွန်မအမေက ဒီအခြေအနေနဲ့ လက်မှတ်မထိုးနိုင်တော့ဘူး။ ကျွန်မရဲ့ ခင်ပွန်းက အမေ့ကိုယ်စား လက်မှတ်ထိုးပေးလို့ ရမလားရှင်"

ထိုရဲမက်က ခေါင်းငြိမ့်ပြလိုက်သည်။

"ရတယ်"

ကျန်းရိဟွမ်းက ရှောင်းယန်ချီဘက်သို့ လှည့်ကြည့်လိုက်ရာ သူက အလောင်းကို စိုက်ကြည့်နေပြီး အတွေးကမ္ဘာထဲသို့ နစ်ဝင်နေသည်ကို သူမ မြင်လိုက်ရသည်။ ထို့ကြောင့် ကျန်းရိဟွမ်းက သူ့ကို လှမ်းထိကာ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် သယ်ဆောင်သွားနိုင်ဖို့ လက်မှတ်ထိုးရန် နောက်တစ်ကြိမ် သတိပေးလိုက်ရသည်။

ထောင်ယောင်ဖန့်တွင်တော့ ကျန်းကျောက်တိက သူမတို့ ဆိုင်သို့ လာနေကျ ဖောက်သည်တစ်ဦးထံမှ ကျန်းမိသားစု၏ အခြေအနေများကို ကြားသိလိုက်ရသည်။ ကျုံးလန်ဟွာတစ်ယောက် သားဖြစ်သူ ဆုံးရှုံးသွားရပြီးနောက် လုံးဝ ရူးသွပ်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူမ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။

သူမ၏ စိတ်မကောင်းဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ကျန်းဖန့်တိက လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ။ အစ်မတို့နှစ်ယောက် အနှစ်နှစ်ဆယ်ကျော်တောင် ရန်သူတွေလို ဖြစ်လာခဲ့ကြတာမဟုတ်ဘူးလား။ သူ အခုလို အခြေအနေမလှဖြစ်နေတာကို ကြားရတော့ အစ်မ ဝမ်းမသာဘူးလား"

"သူ စီးပွားပျက်သွားတာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ဆီကနေ အပယ်ခံရတာမျိုးဆိုရင်တော့ ငါ သေချာပေါက် ပျော်မိမှာပဲ။ ဒါပေမယ့် သူက သားတစ်ယောက် ဆုံးရှုံးသွားခဲ့တာလေ၊ ငါ မရယ်ရက်ပါဘူး။ ငါတို့ မိန်းမသားတွေဆိုတာက ကိုယ့်ကလေး ဒုက္ခရောက်တာကို မြင်ရမယ့်အစား ကိုယ်တိုင်ပဲ အနစ်နာခံချင်ကြတာမျိုးပါ။ ကလေးတွေဆိုတာ မိဘတွေရဲ့ အသည်းနှလုံးတွေပဲလေ။ အခုတော့ သူလည်း သူ့ရဲ့ အဖိုးတန်သားလေး ဆုံးရှုံးသွားရတဲ့ မိခင်တစ်ယောက်ဖြစ်နေပြီဆိုတော့ ငါလည်း ကြင်နာမှု ထားပြီး သူ့ကို ဆက်မကျိန်ဆဲတော့ပါဘူး"

ထိုအချိန်တွင် တောက်ပြောင်စွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဆိုင်ထဲသို့ လျှောက်လှမ်းလာပြီး ဆိုင်ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ကာ သူမ၏ အကြည့်က ကျန်းကျောက်တိနှင့် ကျန်းဖန့်တိတို့ထံတွင် ရပ်တန့်သွားခဲ့သည်။

"နင်တို့နှစ်ယောက်လုံး ဒီမှာ ရှိနေတာပဲ။ ငါ နင်တို့နဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ၊ စကားပြောလို့ အဆင်ပြေမယ့် နေရာလေးတစ်ခုကို သွားကြမလား"

"အောင်သွယ်လီပါလား"

ကျန်းကျောက်တိနှင့် ကျန်းဖန့်တိတို့က တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။

အောင်သွယ်ရောက်လာသည်ဆိုခြင်းက ကျားချွန်းနီ သို့မဟုတ် ကျန်းကျင့်အတွက် အိမ်ထောင်ရေးကိစ္စ လာပြောခြင်း ဖြစ်နိုင်သည်။

ဤမိန်းကလေးနှစ်ဦးက အနည်းငယ် ငယ်ရွယ်သေးသော်လည်း ယခုကတည်းက တွေ့ဆုံကြည့်ပြီး သဘောကျပါက ကြိုတင်စေ့စပ်ထားနိုင်ပြီး နောက်ထပ် နှစ်အနည်းငယ်ကြာမှ လက်ထပ်ပေးလျှင်လည်း သင့်တော်သောကိစ္စ ဖြစ်နေသေးသည်။

စူးယောင်ကွမ်းကတော့ အိမ်ထောင်ကျသွားခဲ့ပြီ ဖြစ်ပြီး ထိုဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးက မည်မျှကောင်းမွန်ကြောင်း လူတိုင်း သိကြသဖြင့် သူမအတွက် လာပြောစရာ အကြောင်းမရှိချေ။ လက်ရှိ မိသားစုထဲတွင် အိမ်ထောင်မပြုရသေးသူဆို၍ ကျားချွန်းနီနှင့် ကျန်းကျင့်တို့သာ ရှိနေခဲ့သည်။

ကျန်းကျောက်တိက ကျန်းကျင့်၏ မွေးစားမိခင် ဖြစ်သလို ကျန်းကျင့်ထံတွင် အခြားဆွေမျိုးသားချင်းလည်း မရှိတော့သဖြင့် ကျန်းကျောက်တိက သူမ၏ အိမ်ထောင်ရေးကို စီစဥ်ပေးရန် တာဝန်ရှိနေခဲ့သည်။

"အောင်သွယ်လီ... ရေနွေးကြမ်း သောက်ပါဦး"

ကျန်းဖန့်တိက ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ထိုအချိန်တွင် ကျန်းကျောက်တိက အောင်သွယ်လီကို အတွင်းခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ ဤနေရာတွင် လူစိမ်းများမရှိသဖြင့် အတင်းအဖျင်း စကားများ ထွက်သွားမည်ကို စိုးရိမ်စရာမလိုချေ။

"ကျွန်မက မင်္ဂလာကိစ္စ လာပြောတာပါ"

အောင်သွယ်လီက အပြုံးကြီးကြီးဖြင့် စပြောလိုက်သည်။

"မြို့အရှေ့ဘက်က ပဲငံပြာရည်ရောင်းတဲ့ သခင်ကြီးဝမ်ကို သိကြတယ်မလား။ ပြီးတော့ ကျန်းမိသားစုရွာက သခင်ကြီးကျန်းအကြောင်းကိုလည်း ကြားဖူးကြမှာပေါ့၊ သူက လယ်မြေဧက ရာနဲ့ချီ ပိုင်ဆိုင်ထားပြီး နှစ်တိုင်း လယ်ငှားခတင် အမြောက်အမြား ရနေတာလေ။ အဲ့ဒါအပြင် သူက သက်တော်စောင့်လုပ်ငန်းတစ်ခုကိုလည်း ထောင်ထားသေးတော့ တကယ့်ကို သူဌေးကြီးလို့ ပြောနိုင်တယ်"

"သခင်ကြီးဝမ်ကိုတော့ ငါ သိပါတယ်။ သူ့ရဲ့ အကြီးဆုံးသားက ထူးချွန်တဲ့ စာသင်သားတစ်ယောက်ပဲ၊ ငါတို့ ဝမ်ရှူနဲ့ တစ်နှစ်တည်း စာမေးပွဲဝင်ဖြေတာ၊ အဆင့် ငါးဆယ်လောက်တောင် ရခဲ့သေးတယ်မလား"

ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။

သူမအနေဖြင့် ထိုအကြောင်းမျာကို လိုက်မစုံစမ်းနေသော်လည်း ထောင်ယောင်ဖန့်သို့ လာရောက်ကြသော ဖောက်သည်များက စုရုံးကာ ဟိုအိမ်အကြောင်း ဒီအိမ်အကြောင်း အတင်းပြောလေ့ရှိကြသဖြင့် ဤသတင်းများက သူမ၏ နားထဲသို့ အလိုလို ရောက်ရှိလာခြင်း ဖြစ်သည်။

"ဟုတ်ပါ့... ဟုတ်ပါ့၊ အဲ့ဒီအိမ်က လူပဲပေါ့"

ကျန်းဖန့်တိက အနားသို့ တိုးကပ်လာပြီး ကျန်းကျောက်တိ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဒီတစ်ယောက်က တော်တော်လေး အခြေအနေကောင်းတယ်နော်။ ချွန်းနီအတွက်ပဲဖြစ်ဖြစ်၊ ကျင့်အာအတွက်ပဲဖြစ်ဖြစ် စဥ်းစားကြည့်လို့ ရတယ်"

ကျန်းကျောက်တိက ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါနဲ့ ကျန်းမိသားစုရွာက သခင်ကြီးကျန်းရဲ့ အကြောင်းကရော ဘယ်လိုလဲ။ ငါ မှတ်မိသလောက်ဆိုရင် သူက ဇနီးသုံးယောက်တောင် သေဆုံးသွားခဲ့တာလေ၊ တစ်ယောက်မှလည်း ကလေးချန်မထားခဲ့ဘူး။ သူတို့ဆီမှာ သင့်တော်တဲ့ သားပျို သမီးပျို ရှိပုံမရဘူးနော်"

ကျန်းကျောက်တိက အောင်သွယ်လီကို ထပ်မေးလိုက်သည်။

"အောင်သွယ်လီက သူ့ရဲ့ ဆွေမျိုးတစ်ယောက်ယောက်နဲ့ ငါတို့ကို လာမိတ်ဆက်ပေးမလို့လား"

"မဟုတ်ပါဘူး၊ သခင်ကြီးကျန်း ကိုယ်တိုင်အတွက်ပါ"

အောင်သွယ်လီက ပြန်ရှင်းပြနေသည်။

"သခင်ကြီးကျန်းမှာ စည်းစိမ်ချမ်းသာတွေ အများကြီးရှိတယ်၊ သူနဲ့လက်ထပ်လိုက်ရင် အဓိကဇနီး ဖြစ်လာမယ်၊ ပြီးတော့ အစေခံတွေအများကြီး ခြံရံပြီး စည်းစိမ်အပြည့်နဲ့ ဘဝကို ဖြတ်သန်းရမှာနော်"

ကျန်းကျောက်တိက မျက်မှောင်ကြုတ်လိုက်၏။

"ချွန်းနီရော ကျင့်အာရောက အိမ်ထောင်ပြုရမယ့် အရွယ်ကိုတောင် မရောက်သေးဘူး။ နင်က အရွယ်မရောက်သေးတဲ့ မိန်းမငယ်လေးတွေကို ဒီအိုမင်းရင့်ရော်နေတဲ့ အဖိုးကြီးနဲ့ ပေးစားချင်တာလား"

ကျန်းဖန့်တိကလည်း ဒေါသတကြီးဖြင့် ဝင်ပြောလိုက်သည်။

"ဒီဆံဖြူအဖိုးကြီးက ဇနီးသည် ပြောင်းပြီး လူသတ်နေတာမဟုတ်ဘူးလား"

အောင်သွယ်လီက ပျာပျာသလဲ ပြန်ရှင်းပြနေသည်။

"မဟုတ်ရပါဘူး... နင်တို့ နားလည်မှု လွဲကုန်ပြီ။ သခင်ကြီးကျန်းက သဘောကျနေတာက... ကျန်းအိမ်ရဲ့ ဒုတိယသခင်မဖြစ်တဲ့ နင့်ကို သဘောကျနေတာပါ"

ကျန်းဖန့်တိတစ်ယောက် မှင်တက်သွားကာ တိုးတိုးလေးရေရွတ်လိုက်မိသည်။

"ကျန်းအိမ်ရဲ့ ဒုတိယသခင်မ..."

‘ဒီဒုတိယသခင်မဆိုတာ ငါ့ကို ပြောနေတာလား’

သူမအနေဖြင့် ဤကဲ့သို့ စိမ်းသက်သော အခေါ်အဝေါ်ဖြင့် ခေါ်ဆိုသည်ကို တစ်ခါမျှ မကြားဖူးသဖြင့် မရင်းနှီးသလို ဖြစ်နေရသည်။ သို့သော် သူမ၏ မျိုးရိုးက ကျန်းဖြစ်ပြီး မိသားစုတွင်လည်း ဒုတိယမြောက်သမီးဖြစ်ရာ သူမမှလွဲပြီး အခြားမည်သူမျှ မဖြစ်နိုင်ချေ။

သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်း နီမြန်းသွားပြီး မျက်လုံးများ ပြူးကျယ်လာကာ ထိတ်လန့်နေဟန်ဖြင့် ပြန်မေးလိုက်သည်။

"နင်က ငါ့သမီးအတွက် အိမ်ထောင်ရေးကိစ္စ လာပြောတာ မဟုတ်ဘဲ ငါ့အတွက် လာပြောတာပေါ့ ဟုတ်လား"

"ဟုတ်တယ်၊ ငါက နင်တို့ ညီအစ်မနှစ်ယောက်လုံးအတွက် အိမ်ထောင်ရေးကိစ္စ လာပြောတာပါ"

အောင်သွယ်လီက ဤအချိန်မှသာ ထိုညီအစ်မနှစ်ဦး နားလည်မှုလွဲနေသည်ကို သဘောပေါက်သွားပြီး အလျင်အမြန် ရှင်းပြနေသည်။

"စောစောက ငါပြောတဲ့ သခင်ကြီးဝမ်နဲ့ သခင်ကြီးကျန်းလေ။ သခင်ကြီးဝမ်က အစ်မကြီးကျန်းကို သဘောကျနေတာ၊ သခင်ကြီးကျန်းကတော့ ဒုတိယသခင်မကျန်းကို သဘောကျနေတာပါ။ အိုက်ယား... တကယ့်ကို နားလည်မှုလွဲသွားတာပဲ၊ တောင်းပန်ပါတယ်ရှင်။ သခင်ကြီးဝမ်ရဲ့ အကြီးဆုံးသားက စေ့စပ်ထားပြီးပြီ၊ နောက်လထဲမှာပဲ လက်ထပ်တော့မှာ"

ကျန်းကျောက်တိ၏ မျက်နှာက ချက်ချင်း အေးစက်သွားခဲ့သည်။

"ဒါဆိုရင်လည်း နင် ပြန်လို့ရပြီ။ ငါ့သမီးက အရွယ်ရောက်နေပြီဖြစ်သလို ငါကိုယ်တိုင်လည်း နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး"

"ငါလည်း အတူတူပဲ"

ကျန်းဖန့်တိကလည်း ဒေါသတကြီးဖြင့် ဝင်ပြောလိုက်သည်။

"ငါ အခုလို နေရတာ တော်တော်လေး အဆင်ပြေနေတာပဲ။ ဘာဖြစ်လို့ ဒုက္ခရှာဖို့ ယောကျာ်း ထပ်ရှာရမှာလဲ။ အရင်လို ဘဝမျိုးကို ငါ ထပ်ပြီး မဖြတ်သန်းချင်တော့ဘူး"

"နင်တို့ သေချာ ပြန်စဉ်းစားပါဦးဟယ်။ ဒီသခင်ကြီးနှစ်ယောက်လုံးက တကယ့်ကို ချမ်းသာကြတာနော်"

"ငါတို့ စိတ်မဝင်စားဘူး"

ကျန်းကျောက်တိက မတ်တတ်ထရပ်လိုက်သည်။

"ကဲ... ငါတို့လည်း ဆိုင်အလုပ်တွေနဲ့ အလုပ် ရှုပ်နေလို့ နင့်ကို ဆက်ပြီး ဧည့်မခံနိုင်တော့ဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်၊ သွားတော့၊ သွားတော့"

ကျန်းဖန့်တိက အောင်သွယ်လီကို တံခါးဝသို့ တွန်းထုတ်လိုက်သည့် အချိန်မှာပင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က အပြင်မှ ပြန်ရောက်လာကြသည်။

အောင်သွယ်လီက စူးယောင်ကွမ်းကို မြင်သည်နှင့် ကျန်းညီအစ်မနှစ်ဦးနှင့် ငြင်းခုံနေသည်ကို ရပ်တန့်လိုက်ပြီး စူးယောင်ကွမ်းထံသို့ အပြေးအလွှား ရောက်လာတော့သည်။

"ဆိုင်ရှင်စူး... ငါတို့ စကားလေးနည်းနည်း ပြောကြရအောင်"

"နင်ကတော့ ပါးစပ်ကို ပိတ်မထားနိုင်ဘူးလား"

ဤမြင်ကွင်းကို မြင်သည်နှင့် ကျန်းကျောက်တိက ကြက်မွှေးတံမြက်စည်းကို ကိုင်ဆွဲလျက် အပြင်သို့ ပြေးထွက်လာကာ ကြိမ်းမောင်းနေလေသည်။

"နင်သာ ငါ့သမီးကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောရဲရင် ငါ နင့်ပါးစပ်တစ်ခုလုံး စုတ်ပြတ်သွားအောင် ဆွဲဖြဲပစ်မယ်"

အောင်သွယ်လီက ပျာပျာသလဲ ရှောင်တိမ်းရင်း အပြင်ဘက်သို့ အတင်းပြေးထွက်သွားသည်။

"အိုက်ယား... အစ်မကြီးကျန်းရယ်၊ နင့်ရဲ့ ဒေါသကလည်း အရမ်းကြီးတာပဲ။ ကဲပါ... ငါ နောက်ထပ် ဘာမှ မပြောတော့ပါဘူး။ ဒီလောက် စရိုက်ကြမ်းတဲ့ မိန်းမကို ဘယ်ယောကျာ်းကမှ သည်းခံနိုင်မှာ မဟုတ်ဘူး၊ နင့်ယောကျာ်း အသက်တိုပြီး သေသွားတာလည်း မဆန်းတော့ပါဘူး"

"နင် ဘာပြောလိုက်တယ်"

ကျန်းကျောက်တိက နောက်မှ လိုက်လံရိုက်နှက်ရန် ပြင်လိုက်စဉ်မှာပင် တံခါးဝသို့ ရောက်ရှိသွားသော အောင်သွယ်လီတစ်ယောက် ခြေချော်ကာ ရွှံ့ဗွက်ထဲသို့ မျက်နှာနှင့် တည့်တည့် စိုက်ကျသွားသည်ကို မြင်လိုက်ရသည်။

"အား..."

All Chapters