အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း ၁၉၇ ကောင်းမွန်သောဂုဏ်သတင်း
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျန်းကျောက်တိ၏ ဒေါသများက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက လက်နှစ်ဖက်လုံးဖြင့် ခါးထောက်ကာ အော်ပြောလိုက်သည်။
"နင့်ရဲ့ ပုတ်စက်တဲ့ ပါးစပ်ကြောင့် ကောင်းကင်က နင့်ကို ပြစ်ဒဏ်ပေးတာပဲ"
"ဘာဖြစ်လို့လဲ အမေ"
စူးယောင်ကွမ်းက ဘာကိစ္စမှန်း မသိသဖြင့် လှမ်းမေးလိုက်သည်။
လက်ရှိအချိန်တွင် ကျန်းကျောက်တိက စိတ်တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ခါတိုင်းဆိုလျှင် ဤမျှအထိ ဒေါသထွက်လေ့မရှိချေ။ ထိုအဖိုးကြီးမက မည်ကဲ့သို့သော စကားမျိုး ပြောလိုက်သဖြင့် မိခင်ဖြစ်သူ ဤမျှအထိ စိတ်ဆိုးသွားရသည်ကို သူမ မသိရသေးပေ။
"ယောင်ကွမ်း... ဒီအဖွားကြီးက ငါတို့အတွက် အိမ်ထောင်ရေး လာပြောတာတဲ့။ ငါတို့က ငြင်းလိုက်တော့ နင့်အမေက နင့်အဖေကို အသက်တိုအောင် လုပ်တယ်ဆိုပြီး လျှောက်ပြောနေတယ်။ တကယ့်ကို ဒေါသထွက်စရာ စကားတွေပဲ"
ကျန်းဖန့်တိက ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် စူးယောင်ကွမ်းက အင်္ကျီလက်မောင်းကို ပင့်တင်လျက် တံခါးဝဆီသို့ ပြေးထွက်သွားတော့သည်။
အောင်သွယ်လီတစ်ယောက် ရွှံ့ဗွက်ထဲမှ လူးလဲထလာပြီး ခါးကို နှိပ်နေစဉ်မှာပင် အနောက်ဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သည်နှင့် ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး အသည်းအသန် ထွက်ပြေးသွားတော့သည်။ သို့သော် လမ်းတွင် ထပ်မံ ခြေချော်လဲသွားပြန်ရာ ယခုတစ်ကြိမ်တွင်တော့ နာကျင်မှုူကြောင့် အော်ဟစ်ရန်ပင် အချိန်မရတော့ဘဲ ခြေဦးတည့်ရာသို့ အစွမ်းကုန် ထွက်ပြေးနေရသည်။
"ရှင် သတ္တိရှိရင် မပြေးနဲ့လေ... ကျွန်မ ရှင့်ကို အသေရိုက်ပြမယ်"
စူးယောင်ကွမ်းက အောင်သွယ်လီ ထွက်ပြေးသွားရာ လမ်းဘက်သို့ လှမ်းအော်ကာ ခြိမ်းခြောက်နေလေသည်။
"သူဌေးစူး... ဘာဖြစ်လို့လဲ"
လမ်းသွားလမ်းလာတစ်ဦးက လှမ်းမေးလိုက်သည်။
စူးယောင်ကွမ်းက မျက်ဝန်းများ နီမြန်းလျက် သနားစဖွယ်အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ဒီအဖွားကြီးက ကျွန်မအမေကို လင်ယောကျာ်းကို အသက်တိုအောင် လုပ်တဲ့ နိမိတ်မကောင်းတဲ့ မိန်းမလို့ ပြောသွားတယ်။ ကျွန်မအဖေက တိုင်းပြည်အတွက် စစ်မြေပြင်ကို သွားပြီး သူရဲကောင်းဖြစ်ခဲ့တာကို လူတိုင်း သိကြတာပဲ မဟုတ်ဘူးလား။ စစ်မြေပြင်ကို သွားတဲ့လူတိုင်းက တိုင်းပြည်ကို အလုပ်အကျွေးပြုချင်လို့ သွားကြတာလေ၊ တကယ်လို့ စစ်မြေပြင်မှာ အသက်ပေးလိုက်ရရင်ပဲ သူတို့ရဲ့ ဇနီးသည်တွေက နိမိတ်မကောင်းတဲ့ မိန်းမတွေ ဖြစ်ရတော့မှာလား။ အဲ့ဒီလိုဆိုရင် တိုင်းပြည်အတွက် သစ္စာရှိရှိ အသက်ပေးသွားခဲ့တဲ့ ဝိညာဉ်တွေကရော အေးအေးချမ်းချမ်း အနားယူနိုင်ပါဦးမလားရှင်"
"ဒီအောင်သွယ်လီကတော့ တကယ့်ကို လွန်လွန်းသွားပြီပဲ၊ ဘယ်လိုဖြစ်လို့ ဒီလို စကားမျိုးကို လျှောက်ပြောရတာလဲ။ ငါလည်း နောက်ဆိုရင် ငါ့သမီးရဲ့ အိမ်ထောင်ရေးကို သူ့ဆီ လုံးဝ မအပ်တော့ဘူး"
"ငါ့သားအတွက်လည်း သူ့ကို အောင်သွယ်မလုပ်ခိုင်းတော့ဘူး"
"စူးမိသားစုက လူတွေအားလုံးက စိတ်ထားကောင်းကြတာကို သူက ဘာလို့ ဒီလို စကားမျိုး ပြောရတာလဲ"
"အဒေါ်တို့ရယ်... ယောင်ကွမ်းအတွက်နဲ့ အဲ့ဒီအောင်သွယ်လီကို သွားပြီး မပြစ်မှားကြပါနဲ့။ အောင်သွယ်တွေဆိုတာ အမှားကို အမှန်လုပ်တတ်တဲ့ နေရာမှာ အရမ်းကျွမ်းကျင်တဲ့လူတွေလေ။ သူ အဒေါ်တို့ကို ငြိုငြင်သွားရင် နောက်ဆို အရွယ်ရောက်နေတဲ့ သားသမီးတွေအတွက် အိမ်ထောင်ဖက်ရှာဖို့ ခက်ခဲသွားပါလိမ့်မယ်"
"ငါတို့ဆီမှာ အောင်သွယ်က သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ သူ့ဆီမှာ အိမ်ထောင်ရေး မစုံစမ်းရင် အခြားလူဆီမှာ စုံစမ်းလို့ ရတာပဲလေ။ ဒီလောက် စိတ်ပုပ်တဲ့ အဖွားကြီးကို ငါတို့ သည်းခံနေဖို့ မလိုဘူး"
"ဟုတ်တယ်... ငါလည်း သူ့ကို အောင်သွယ် လုံးဝ မလုပ်ခိုင်းတော့ဘူး"
စူးယောင်ကွမ်းက သူမဘက်မှ ဝင်ရောက်ပြောဆိုပေးကြသော အဒေါ်ကြီးများကို ကျေးဇူးတင်စကား ပြောပြီးမှ ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ကျိုးဝမ်ရှူက သူမကို လက်မထောင်ပြလိုက်သည်။
စူးယောင်ကွမ်းက ခေါင်းကို အနည်းငယ် မော့လျက် ကျေနပ်ဂုဏ်ယူသော အမူအရာမျိုး ပြန်လုပ်ပြလိုက်သည်။
"အဲ့ဒီလူအိုကြီးနှစ်ယောက်ကလည်း လူကောင်းတွေ မဟုတ်ကြဘူး၊ တကယ်တော့ သူတို့က ငါတို့ ညီအစ်မနှစ်ယောက်ဆီကနေ အမြတ်ထုတ်ချင်နေကြတာ။ သူတို့တွေက ငါတို့ရဲ့ ဆိုင်ကို မျက်စိကျနေကြတာ သေချာတယ်"
ကျန်းကျောက်တိက ဝင်ပြောလိုက်သည်။
ကျန်းဖန့်တိကတော့ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
"အကြီးဆုံးအစ်မက ဆိုင်ပိုင်ရှင်ရဲ့ အမေဆိုတော့ အစ်မနဲ့ လက်ထပ်လိုက်ရင် ဆိုင်ကို ရသွားမှာက ငြင်းစရာမလိုပါဘူး။ ဒါပေမယ့် ငါက ဆိုင်ပိုင်ရှင်လည်း မဟုတ်ဘဲနဲ့ သူတို့တွေက ငါ့ကို ဘာဖြစ်လို့ လက်ထပ်ချင်နေကြတာလဲ"
"ဒုတိယဒေါ်လေးက မျက်နှာချေမှုန့်တွေ လုပ်တတ်နေလို့လေ"
စူးယောင်ကွမ်းက ဘေးမှ ဝင်ပြောလိုက်သည်။
"သူတို့သာ မျက်နှာချေလုပ်နည်း လိုချင်နေတာဆိုရင် ဒုတိယဒေါ်လေးကို ပစ်မှတ်ထားဖို့က အလွယ်ဆုံးပဲလေ။ ဒေါ်လေးက စိတ်သဘောထားနူးညံ့တော့ အနိုင်ကျင့်ရ အလွယ်ဆုံးလို့ တွတ်ဆထားမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စအသေးအမွှားလေးပါ၊ ဒီလိုလူစားမျိုးတွေကြောင့်နဲ့ ဒေါသထွက်မခံပါနဲ့"
စူးယောင်ကွမ်းက သူမတို့ကို ဆက်ချော့မော့လိုက်သည်။
"ကဲပါ... အမေနဲ့ ဒေါ်လေး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သမီး ကျောလေး နှိပ်ပေးမယ်လေ"
နောက်တစ်နေ့တွင် အောင်သွယ်လီက သခင်ကြီးဝမ်၊ သခင်ကြီးကျန်းတို့နှင့်အတူ လူကိုယ်တိုင် လာရောက်ပြီး အိမ်ထောင်ရေး ကမ်းလှမ်းခဲ့ကြသည်။ သူတို့က လက်ဆောင်ပစ္စည်း အများအပြားကိုလည်း ယူဆောင်လာခဲ့ကြသည်။ သို့သော်လည်း သူတို့ တံခါးဝသို့ပင် မဝင်ရသေးမီ ထိုလက်ဆောင်ပစ္စည်းများအားလုံး အပြင်သို့ လွှင့်ပစ်ခံလိုက်ရသည်။
ကျန်းကျင့်နှင့် ကျားချွန်းနီတို့က တံခါးဝကို ပိတ်ရပ်ထားကြပြီး ကျန်းကျင့်က အေးစက်စက် လေသံဖြင့် လှမ်းပြောနေသည်။
"မနေ့က ကျွန်မတို့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ၊ ဒီနေ့ကျတော့ ရှင်က အရှက်မရှိ သိက္ခာအကျခံချင်နေတယ်ပေါ့။ ရှင့်မျက်နှာပေါ်က အရေခွံက တကယ်ကို ထူတာပဲ"
"ဟုတ်ပါ့"
ကျားချွန်းနီကလည်း သူမ၏ မျက်နှာလေး ဖောင်းတက်သွားသည်အထိ ဒေါသဖြင့် ဝင်ထောက်ခံလိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာက မည်သူမျှအနားမကပ်ရဲလောက်အောင် တင်းမာနေချေသည်။
"သမားတော်ကျန်းရယ်... မနေ့က ကျွန်မ တော်တော်လေး စော်ကားမိသွားပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မ ခေါင်းတွေ မူးနောက်နေလို့ စကားတွေ မှားကုန်တာပါ။ တောင်းပန်ပါတယ်။ ကျွန်မ သခင်မကြီးကျန်းနဲ့ ဒုတိယသခင်မကျန်းကို တွေ့ပါရစေ။ ကျွန်မ ဒူးထောက်ပြီး သူတို့ကို တောင်းပန်ပါ့မယ်"
ယခုအချိန်တွင် အောင်သွယ်လီလည်း နောင်တတသီတတန်းကြီး ရနေချေပြီ။
သူမအနေဖြင့် မနေ့က ဒေါသဖြေသိမ့်ရန်အတွက် ကျန်းကျောက်တိကို ထိုကဲ့သို့ ရန်စသည့် စကားမျိုး မပြောခဲ့သင့်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ အိမ်သို့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် ယခင်က သူမထံတွင် အိမ်ထောင်ရေးအတွက် အပ်နှံထားခဲ့ဖူးသည့် မိသားစုများအားလုံးက သူတို့အတွက် အောင်သွယ်ပေးရန် မလိုတော့ကြောင်းနှင့် နောက်နောင်တွင်လည်း သူမထံသို့ လုံးဝ လာရောက်တော့မည် မဟုတ်ကြောင်း လာရောက် အကြောင်းကြားခဲ့ကြသောကြောင့် ဖြစ်သည်။ ဤအခြင်းအရာက သူမကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူမ၏ မိသားစုတစ်ခုလုံးက သူမ၏ အောင်သွယ်လုပ်ငန်းအပေါ်တွင်သာ မှီခိုပြီး အသက်မွေးနေကြရခြင်း ဖြစ်ရာ အကယ်၍ မည်သူမျှ အိမ်ထောင်ရေး လာမအပ်ကြတော့လျှင် သူတို့အားလုံး ငတ်ပြတ်ကုန်ရပေလိမ့်မည်။
အစပိုင်းတွင် သူမက မိသားစုအတွင်း အဆင့်အတန်း မြင့်မားသူတစ်ဦး မဟုတ်ခဲ့သော်လည်း ဤအောင်သွယ်လုပ်ငန်းကြောင့်သာ နေရာရလာခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် လင်ယောကျာ်း၏ နေ့စဉ် ရိုက်နှက်ခြင်းကို ခံခဲ့ရသော အတိတ်မှ ဘဝမျိုးဆီသို့ လုံးဝ ပြန်မသွားချင်တော့ချေ။
"သခင်မလေးတို့... ကျွန်တော် ဂါရဝပြုပါတယ်"
သခင်ကြီးဝမ်က ခါးကို ညွတ်ပြီး အပြုံးမျက်နှာဖြင့် အရိုအသေပေးနေလေသည်။
"ကျွန်တော်က သခင်မကျန်းကို စိတ်ရင်းမှန်နဲ့ လက်ထပ်ချင်တာပါ။ အဲ့ဒါကြောင့် ကျွန်တော်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး သူနဲ့ တွေ့ခွင့်ပေးပါဦး။ ကျွန်တော်ရဲ့ စိတ်ရင်းမှန်ကို သိစေဖို့အတွက် ကျွန်တော်ရဲ့ ခံစားချက်တွေကို လူကိုယ်တိုင် ဖွင့်ဟပြောပြချင်လို့ပါ"
"မလိုဘူး"
ကျန်းကျင့်က ပြန်ပြောလိုက်သည်။
"ကျွန်မရဲ့ မွေးစားအမေက သခင်ကြီးကို မတွေ့ချင်ဘူး။ အဲ့ဒါအပြင် သူက နောက်အိမ်ထောင်ပြုဖို့လည်း စိတ်ကူးမရှိဘူး။ အဲ့ဒါကြောင့် လာပြီး မနှောင့်ယှက်ပါနဲ့တော့။ ဒါနဲ့... သခင်ကြီးက သခင်ကြီးကျန်း ထင်တယ်၊ ကျွန်မရဲ့ ဒုတိယဒေါ်လေးကလည်း နောက်အိမ်ထောင်ပြုဖို့ စိတ်ကူး လုံးဝ မရှိဘူး"
"မင်းတို့ မိသားစုကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ တစ်ယောက်က မုဆိုးမ၊ တစ်ယောက်က စွန့်ပစ်ခံထားရတဲ့မိန်းမ၊ ကျန်တဲ့တစ်ယောက်ကျတော့လည်း အမြဲတမ်း နာမကျန်းဖြစ်နေတဲ့ ယောကျာ်းနဲ့ လက်ထပ်ထားတယ်။ အခု ငါတို့က သဘောကောင်းပြီး လက်ခံပေးဖို့ ဆန္ဒရှိတာတောင် မင်းတို့က မကျေနပ်နိုင်ကြသေးဘူးပေါ့၊ ဟုတ်လား"
သူတို့ မည်သို့မျှ မဝင်နိုင်သည်ကို နားလည်သွားချိန်တွင် သခင်ကြီးကျန်းက ချက်ချင်း မျက်နှာပြောင်းသွားပြီး သူ၏ အရုပ်ဆိုးလှသော မျက်နှာဘက်ခြမ်းကို ထုတ်ပြလာတော့သည်။
ကျန်းကျင့်နှင့် ကျားချွန်းနီတို့က အချင်းချင်း မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး ဘေးသို့ ရှောင်ပေးလိုက်ကြသည်။ ထိုအချိန်တွင် အတွင်းထဲမှ ဆိုင်အကူ အမျိုးသားတစ်စုက အပြင်သို့ ပြေးထွက်လာကြသည်။
သူတို့အားလုံးက တုတ်အရှည်ကြီးများကို ကိုင်ဆောင်ထားကြပြီး ဒေါသတကြီးဖြင့် သူတို့ထံသို့ ဦးတည်ကာ ပြေးဝင်လာကြချေပြီ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အောင်သွယ်လီနှင့် သခင်ကြီးနှစ်ဦးတို့လည်း ပျာပျာသလဲ ထွက်ပြေးကြတော့သည်။ သို့သော်လည်း သူတို့က အသက်ကြီးနေကြပြီဖြစ်သောကြောင့် မြန်မြန်မပြေးနိုင်ကြဘဲ ဆိုင်အလုပ်သမားများ၏ အမှီဖမ်းခြင်းကို ခံလိုက်ရကာ အသေအလဲ အရိုက်ခံကြရတော့သည်။
"သူ့ကို ပိုပြီး ပြင်းပြင်းရိုက်ပေး၊ ဆက်ရိုက်..."
ကျားချွန်းနီက သူမ၏ လက်ကို ဝှေ့ယမ်းကာ အော်ဟစ်နေသည်။
"အရှက်မရှိတဲ့ လူအိုကြီးတွေ၊ သူ့မြေးကတောင် ပြေးလွှားဆော့ကစားနေပြီ၊ အခုထိလည်း ငါ့ဒေါ်လေးကို လာပြီး ပတ်သက်ချင်နေသေးတယ်"
ကျန်းကျင့်က မဲ့ပြုံးပြုံးလျက် လှမ်းပြောလိုက်သည်။
"ငါ သူတို့ကို အပ်နဲ့ အချက်အနည်းငယ်လောက် ထိုးပြီး လေဖြတ်သွားအောင် လုပ်ချင်နေပြီ"
.....။.....။......
စူးယောင်ကွမ်းက ပန်းဈေးတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်းပြီးသွားပြီကာ ပန်းဈေးထဲမှ ပြန်ထွက်လာခဲ့သည်။ သူမက နောက်ထပ် ကုန်ကြမ်းတစ်သုတ်ကို အလုပ်ရုံဆီသို့ ပို့ပေးရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အလုပ်ရုံကို စတင်ဖွင့်လှစ်လိုက်သည့်အချိန်မှစပြီး နေ့စဉ် ထုတ်လုပ်မှုနှုန်းက သိသိသာသာ တိုးတက်လာခဲ့ရာ ကုန်ကြမ်းပစ္စည်းများ ပိုလိုအပ်လာပြီး ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ပေးသွင်းသူများကိုလည်း ပိုမို ရှာဖွေနေရသည်။
စူးယောင်ကွမ်းတစ်ယောက် လောင်းကစားခန်းမဘေးမှ ဖြတ်လျှောက်သွားစဉ် ရှောင်းယန်ချီက ကျန်းရိဟွမ်းနှင့် သူမ၏အမေကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ ထွက်လာသည်ကို လှမ်းမြင်လိုက်ရသည်။
ရှောင်းယန်ချီနှင့် အခြားလူများကလည်း သူမကို မြင်သွားကြသည်။
ယခုအချိန်တွင် စူးယောင်ကွမ်းက အလွန်တင့်တယ်လှပသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ အသားအရေကလည်း ဖြူဖွေးနူးညံ့နေသည်။ သူမကို ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝသော မိသားစုမှ ပျိုးထောင်ထားသည့် သူဌေးသမီးလေးဟု ပြောလျှင်ပင် မည်သူမျှ သံသယဝင်ကြမည် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေနှင့် ကျန်းရိဟွမ်းကတော့ ယခင်ကကဲ့သို့ ကြော့ကြော့ရှင်းရှင်း ဝတ်ဆင်နိုင်ခြင်း မရှိတော့ပေ။ သူမ၏ အဝတ်အစားများက ပုံစံအရ မဆိုးသော်လည်း အထည်သားက ကြမ်းတမ်းနေသည်။ သူမ၏ ဆံပင်များကို စည်းနှောင်ထားသော်လည်း လက်ဝက်ရတနာဟူ၍ တစ်စုံတစ်ရာမျှ မရှိတော့ပေ။ သို့သော်လည်း သူမက ယောကျာ်းသားတို့၏ စိတ်ကို နားလည်သူဖြစ်ပြီး အလှဆင်စရာမလိုဘဲ သူမ၏ဆံပင်ကို သနားစဖွယ် အားကိုးခံချင်ဖွယ် ဖြစ်အောင် ပုံသွင်းထားသဖြင့် အိမ်ထောင်သည်ဇနီးတစ်ယောက်နှင့် လုံးဝ မတူတော့ချေ။
သူမ၏ မျက်လုံးအောက်တွင် အမည်းစက်များ ရှိနေပြီး မကြာသေးမီက သူမ ကောင်းကောင်း အိပ်မပျော်ဖြစ်နေကြောင်း ပြသနေသည်။ တစ်ချိန်က နှင်းကဲ့သို့ ဖြူစင်ခဲ့သော သူမ၏ အသားအရေကလည်း ယခုအခါတွင် အသက်ဝင်မှုမရှိတော့ဘဲ မှေးမှိန်နေကာ တစ်စုံတစ်ယောက်က သူမ၏ အသက်ဓာတ်ကို စုပ်ယူသွားသကဲ့သို့ ဖြစ်နေလေသည်။
ရှောင်းယန်ချီကတော့ ပိန်သွားသည်မှလွဲပြီး အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ရှောင်းယန်ချီ၏ စရိုက်အတိုင်းဆိုပါက သူက နေ့စဉ် စာပေများကိုသာ လေ့လာနေမည်ဖြစ်ပြီး စာပေလေ့လာခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ အာရုံစိုက်နေမည် မဟုတ်ချေ။
ဖုန်းဟွာကော့ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ကျန်းယီဟွေ့ကလည်း အကြွေးတောင်ကြီးကို ချန်ထားခဲ့သည်။ သူ ၎င်းကို လျစ်လျူရှုထားနိုင်သော်လည်း လောင်းကစားခန်းမနှင့် ပြည့်တန်ဆာအိမ်ကတော့ ကျုံးလန်ဟွာနှင့် သူမ၏သမီးကို အကြွေးအတွက် လိုက်လံရှာဖွေကြလိမ့်မည်မှာ အသေအချာပင်။ စူးယောင်ကွမ်းကတော့ သူတို့ ထိုကိစ္စအား မည်သို့ဖြေရှင်းကြမည်ကို သိချင်နေသေးသည်။
ရှောင်းယန်ချီဘက်တွင်လည်း စူးယောင်ကွမ်းကို ပြန်မြင်တွေ့လိုက်ရသောကြောင့် ခံစားချက်များ ရှုပ်ထွေးသွားရသည်။
သူက ကျန်းရိဟွမ်းနှင့် သူမ၏ မိခင်ကို ခေါ်ဆောင်ကာ သူမဘေးမှ ဖြတ်ကျော်သွားခဲ့သည်။