အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း ၁၉၈ အစပျိုးရာ
ကျန်းရိဟွမ်းကလည်း စူးယောင်ကွမ်းကို မြင်လိုက်သည်နှင့် သူမ၏ ခေတ်ဆန်ဆန် ဝတ်စားဆင်ယင်မှုဆီသို့ ချက်ချင်း မျက်လုံးရောက်သွားခဲ့သည်။
သူမက သူမကိုယ်သူမ တစ်ချက် ငုံ့ကြည့်လိုက်မိပြီး သူမ၏ မျက်ဝန်းထဲတွင် မနာလိုမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
'ငါ နောက်ဆုံးအကြိမ် အဝတ်အစားအသစ် ဝယ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ...'
ရှောင်းယန်ချီနှင့် လက်ထပ်ပြီးကတည်းက သူမ၏ဘဝ တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာပြီး လုပ်ကိုင်စရာကိစ္စများလည်း ပိုများလာခဲ့သည်။ ယခင်ကဆိုလျှင် သူမ အင်အားသုံးရသည့် မည်သည့်အလုပ်ကိုမှ ကိုယ်တိုင် မလုပ်ခဲ့ရပေ။ သူမ လုပ်ရမည့်အလုပ်များကို အခြားသူများက လုယူလုပ်ပေးခဲ့ကြသည်။ ယခုအချိန်တွင်တော့ သူမက အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပြီး ယခင်က သူမကို ဝိုင်းဝိုင်းလည်နေခဲ့သည့် ယောကျာ်းသားအများစုလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်ရာ သူမ၏ ဆွဲဆောင်မှုများ ကုန်ဆုံးသွားပြီလားဟုပင် တွေးနေမိသည်။ သို့သော်လည်း ယန်ချွမ်က သူမကို အမြဲတမ်း ဂရုစိုက်နေဆဲ ဖြစ်သည်ကို မြင်ရသဖြင့် သူမ၏ ဆွဲဆောင်မှုက ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ သူမ အိမ်ထောင်ကျသွားပြီ ဖြစ်သည့်အတွက် ထိုယောကျာ်းသားများက သူမကို ပိုင်ဆိုင်ခွင့် မရှိတော့မည်အား သိနေကြသဖြင့် အချည်းနှီး အချိန်မကုန်ချင်တော့ခြင်းသာ ဖြစ်လိမ့်မည်။
သူမက ရှောင်းယန်ချီ၏ လက်မောင်းကို အောင်ပွဲခံနေသည့် ကြက်ဖကဲ့သို့ တွဲထားရင်း စူးယောင်ကွမ်း၏ ဘေးမှ မာန်ပါပါဖြင့် ဖြတ်လျှောက်သွားသည်။
စူးယောင်ကွမ်းက သူမကို မျက်စိလှန်ကြည့်လိုက်ပြီး လောင်းကစားခန်းမထဲသို့ ဝင်သွားလိုက်သည်။
"သခင်မလေးစူး... ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
လောင်းကစားခန်းမ၏ ပိုင်ရှင်ဖြစ်သူ ကျုံးချူရှန်း၏ ဖခင်က အပြုံးဖြင့် နှုတ်ဆက်လာသည်။
"ဒီနေ့ တစ်ပွဲလောက် ကစားချင်လား"
"ဦးလေးကျုံး... ဦးလေးရဲ့သားက ကျွန်မရဲ့အမေကို သူ့ရဲ့မွေးစားအမေလို့ ခေါ်နေတာပဲ၊ အဲ့တော့ ကျွန်မတို့က တစ်မိသားစုတည်းလို ဖြစ်နေပြီလေ။ အခုထိ ကျွန်မဆီက ငွေတွေကို လိမ်လည်ပြီး ယူချင်နေသေးတာကတော့ နည်းနည်း လွန်လွန်းနေပြီ မဟုတ်ဘူးလား"
သခင်ကြီးကျုံးက ရယ်မောလိုက်သည်။
"သူ့ကိစ္စက သူ့ကိစ္စ၊ ငါ့ကိစ္စက ငါ့ကိစ္စလေ။ သူနဲ့ ငါနဲ့ ဆွေမျိုးတော်တာနဲ့ ငါက ပိုက်ဆံမရှာတော့ဘူးဆိုရင် ငါ့ရဲ့ လောင်းကစားခန်းမကြီးက ဘယ်လို လည်ပတ်နိုင်တော့မှာလဲ"
"အဲ့ဒီလို ပြောမယ်ဆိုရင်တော့ ကျွန်မရဲ့ ဝမ်ရှူကို ဦးလေးသားရဲ့ စာသင်ကြားရေးမှာ ကူညီမပေးဖို့ ပြောလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ်လေ... သူက သူ၊ ဦးလေးက ဦးလေးပဲ။ သူ စာမေးပွဲ မဖြေချင်ဘူးဆိုရင် သူ့ကို အတင်းအကျပ် စာသင်ခိုင်းနေတာက ဘာမှ အကျိုးမရှိဘူး"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့... ဦးလေးကျုံးက စနောက်တာပါ။ ဦးလေးကျုံးက သခင်မလေးစူးကို ဘယ်တော့မှ မလှည့်စားပါဘူး"
"ဦးလေးကျုံး... သူတို့ ဒီကို ဘာလာလုပ်တာလဲ။ သူတို့ဆီက အကြွေးတွေ ပြန်ရပြီလား"
"လျန်တစ်ထောင်ဆိုတာက ချက်ချင်း ဆပ်နိုင်မယ့် ပမာဏလား။ သူတို့ရဲ့ ဖုန်းဟွာကော့ကတော့ တန်ဖိုးရှိသား။ ဒါပေမဲ့ အဲ့ဒီမိန်းမကြီးက အကုန်လုယူသွားပြီ။ ငါက ကုန်ပစ္စည်းတွေကိုပဲ သိမ်းနိုင်လိုက်တယ်။ ကုန်ပစ္စည်းတွေကို ရှင်းထုတ်ပြီးတဲ့နောက်မှာတောင် သူတို့ဆီက ရစရာ လျန်ရှစ်ရာ လိုနေသေးတယ်။ အဲ့ဒီ ရှောင်းမျိုးရိုးကောင်က ဒီကို ရောက်လာပြီး လျန်ရှစ်ရာကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပါ့မယ် ပြောပြီး အကြွေးစာချုပ် လာရေးပေးသွားတာလေ"
"ဖြည်းဖြည်းချင်း ဟုတ်လား။ အဲ့ဒါက ဆယ်နှစ်၊ နှစ်နှစ်ဆယ်အတွင်း ပြန်ဆပ်မယ်လို့ ပြောတာလား"
"အိပ်မက် မမက်နဲ့။ ငါ သူတို့ကို ငါးနှစ်သက်တမ်း ပေးထားတယ်။ တစ်နှစ်ကို လျန်တစ်ရာ့ခြောက်ဆယ်၊ တစ်လကို ဆယ့်နှစ်လျန်နှုန်းနဲ့ ပေးရမှာ"
"သူတို့ မပေးနိုင်ဘူးဆိုရင်ရော...”
"အဲ့ဒီ ရှောင်းမျိုးရိုးက အကြွေးစာချုပ်မှာ လက်မှတ်ထိုးထားပြီး အစိုးရသက်သေပါ ရှိသွားပြီ။ သူ ကမ္ဘာ့အဆုံးထိ ထွက်ပြေးရင်တောင် ဒီငွေကို မပေးဘဲ နေလို့ မရဘူး။ တစ်လကို အနည်းဆုံး ဆယ့်နှစ်လျန် ပေးရမယ်၊ ကျန်တာကိုတော့ နှစ်ကုန်ခင်မှာ အပြီးရှင်းရမယ်။ တကယ်လို့ မရှင်းနိုင်ဘူးဆိုရင် အတိုးတက်လိမ့်မယ်။ သူတို့ အတိုးတက်မခံချင်ဘူးဆိုရင်တော့ ရိုးရိုးသားသားနဲ့ အကြွေးပြန်ဆပ်ဖို့ လိုလိမ့်မယ်"
စူးယောင်ကွမ်းတစ်ယောက် လောင်းကစားရုံမှ ပြန်ထွက်လာခဲ့ပြီး သူမ စိတ်ကြည်လင်နေသည့်အတွက် ရွှေဆိုင်သို့ ဝင်ကာ လက်ဝတ်ရတနာများ ဝယ်ယူလိုက်သည်။ အမျိုးသမီးတိုင်းအတွက်သာမက ကျိုးဝမ်ရှူအတွက်ပါ ရွှေဆံထိုးလေးတစ်ချောင်းကို ဝယ်လိုက်သေးသည်။
အလုပ်ရုံသို့ ပြန်ရောက်လာပြီးနောက် သူမက ဝယ်လာသည့် ရွှေငွေရတနာများကို မိသားစုဝင်များအားလုံးဆီ ဝေပေးလိုက်သည်။ ကျိုးဝမ်ရှူ၏ ဆံပင်တွင် ရွှေဆံထိုးလေး တပ်ဆင်ပေးလိုက်သည့်အချိန်တွင်တော့ ပတ်ဝန်းကျင်မှ လူများက ချီးကျူးစကားဝိုင်းပြောနေကြသည်။
"ထူးဆန်းတယ်၊ ငါတို့ ဝမ်ရှူက ဘာပဲဝတ်ဝတ်၊ ဘာပဲ တပ်တပ်ကြည့်ကောင်းနေတာပဲ။ ဒီရွှေဆံထိုးက ဘယ်လောက်တောင် ထူထဲလဲ ကြည့်စမ်း။ တခြားသူသာ ဆိုရင်တော့ တောသူဌေး ပုံစံပေါက်ပြီး ကြည့်ရ ရုပ်ဆိုးနေမှာ သေချာတယ်"
ဘေးနားမှ ကျန်းဖန့်တိက ဝင်ပြောလိုက်သည်။
"သူက ရုပ်ချောတာကိုး၊ ဘာပဲ တပ်တပ် ကြည့်ကောင်းနေမှာပေါ့"
ကျိုးဝမ်ရှူက သူ့၏ရွှေဆံထိုးလေးကို လက်ဖြင့် တို့ကြည့်လိုက်ရင်း လှမ်းမေးနေသည်။
"ဒီနေ့ ဘာတွေများ ဖြစ်ပျက်ခဲ့လို့ ဒီလောက်တောင် ပျော်နေရတာလဲ"
စူးယောင်ကွမ်းက သူမ ကြားသိခဲ့ရသမျှကို ပြောပြလိုက်သည်။
"ခုန လောင်းကစားခန်းမ အဝင်ဝမှာ ကျန်းရိဟွမ်းတို့နဲ့ ဆုံခဲ့တယ်လေ။ သူတို့က လျန်ရှစ်ရာ ကြွေးတင်နေတာတဲ့။ ဖုန်းဟွာကော့လည်း ပျက်စီးသွားပြီဆိုတော့ တစ်လကို ဆယ့်နှစ်လျန်နှုန်းနဲ့ ပြန်ဆပ်ရမယ်။ သူတို့တော့ ခါးကျိုးအောင် အလုပ်လုပ်ရတော့မှာပဲ။ သူတို့က ကြွေးတင်နေပေမဲ့ ငါတို့ကတော့ အဆင်ပြေနေတယ်လေ။ ဘာပဲဖြစ်ဖြစ် အခု ငါတို့ဆီမှာ ပိုက်ဆံ တော်တော်များများ စုမိနေဆိုတော့ ကိုယ့်အတွက်ကိုယ် သုံးရမှာပေါ့။ ငါတို့ လှပအောင် ဝတ်စားမယ်၊ လက်ဝတ်ရတနာလေးတွေ ဆင်မြန်းမယ်၊ ဒါမှ ငါတို့မိသားစုက အမျိုးသမီးတွေ ဘယ်လောက် အဆင်ပြေနေတယ်ဆိုတာ လူတိုင်း သိမှာ"
ကျန်းကျောက်တိကလည်း ဘေးမှ ဝင်ပြောလိုက်သည်။
"ယောကျာ်းလေးတွေလည်း အဆင်ပြေပါတယ်၊ နင့်ဦးလေးရဲ့ ကျန်းမာရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်။ အရင်က သူ့ကျန်းမာရေး မကောင်းခဲ့တာက ဆေးကုဖို့ ပိုက်ဆံမရှိလို့၊ သေချာ ဂရုမစိုက်နိုင်ခဲ့လို့ ဖြစ်မယ်လို့ ငါ ထင်တယ်။ ပြောရဦးမယ်၊ အချိန်ကို တွက်ကြည့်ရင် နင့်ဦးလေးက ဒီနှစ် ဆောင်းဦးရာသီ စာမေးပွဲ ဝင်ဖြေနိုင်လိမ့်မယ်။ နင့်ရဲ့ဒေါ်လေးက သူ တိတ်တိတ်ဆိတ်ဆိတ် စာကျက်နိုင်အောင် အပြင်မှာ အိမ်တစ်လုံး ငှားပေးဖို့ စဉ်းစားနေတယ်"
"ဒါက ကောင်းတဲ့ကိစ္စပါပဲ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"ဒေါ်လေး... ပိုက်ဆံ လုံလောက်ရဲ့လား"
ကျန်းယင်းတိက ပြန်ဖြေလိုက်သည်။
"လုံလောက်ပါတယ်၊ နင်က နင့်ရဲ့ဒေါ်လေးနဲ့ ဦးလေးအပေါ်မှာ အရမ်း ရက်ရောခဲ့တယ်လေ၊ အိမ်ငှားဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ စာမေးပွဲက ဘယ်လိုဖြစ်မလဲဆိုတာ မသိသေးတော့ ခဏလောက်ပဲ ငှားနေမှာပါ၊ အိမ်တော့ မဝယ်သေးဘူး"
"ကျွန်မတို့ ကူရှာပေးရမလား"
"ငါ သူ့ကို သူ့ဘာသာ ရှာခိုင်းထားတယ်"
ကျန်းယင်းတိက ဆက်ရှင်းပြနေသည်။
"သူက အိမ်မှုကိစ္စကို ဘာမှ မသိတဲ့လူစားမျိုး မဟုတ်ဘူး။ ဒီလောက်ကလေးကို ငါကပဲ စိတ်ပူပေးနေရမယ်ဆိုရင် သူ့အပေါ် ဘာမျှော်လင့်ချက် ထားလို့ရတော့မှာလဲ။ ငါကတော့ သူ မိသားစုအတွက် တစ်ခုခု လုပ်ပေးစေချင်တယ်"
ကျန်းကျောက်တိက ကျန်းယင်းတိ၏ နားထဲသို့ တစ်ခုခု တိုးတိုးလေး ပြောလိုက်သည်။
ကျန်းယင်းတိ၏ မျက်နှာက နီရဲသွားပြီး ရှက်ရွံ့ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"သူက အခုမှ နေကောင်းခါစပဲ ရှိသေးတယ်၊ ပြီးတော့ စာမေးပွဲအတွက် ပြင်ဆင်ရဦးမှာ၊ စိတ်ရှုပ်စရာတွေ မလုပ်သင့်သေးဘူး"
"သူက အဲ့လို ပြောလို့လား"
ကျန်းဖန့်တိက သူမတို့ ဘာအကြောင်း ပြောနေကြသည်ကို သိနေပုံရသည်။
"ကျွန်မကတော့..."
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ နားနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်ပြီး သူမကို အခြားဘက်သို့ ဆွဲခေါ်သွားသည်။
"နင် ဘာလို့ ငါ့နားတွေကို အုပ်ထားတာလဲ။ သူတို့ ငါ မကြားသင့်တဲ့စကားတွေ ပြောနေကြတာလား"
ကျိုးဝမ်ရှူက အနည်းငယ် ညည်းတွားလိုက်သည်။
"အမေတို့ စကားပြောနေတာကို ခင်ဗျားလည်း မြင်နေတာပဲ၊ ဒေါ်လေးက ရှက်လွန်းလို့ သေတော့မယ်။ လာပါ၊ ဒီလောက်လည်း စပ်စုမနေပါနဲ့တော့"
စူးယောင်ကွမ်းက ဝမ်ရှူ၏ ရွှေဆံထိုးလေးကို ပြန်ပြင်ပေးရင်း ထပ်ပြောလိုက်သည်။
"ဒီဆံထိုးလေး တပ်လိုက်တော့ နင်က ကြွယ်ဝခြင်းနတ်ဘုရားရဲ့ အစေခံလေးလိုပဲ"
.....။......။....
အချိန်များက အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး မကြာသေးခင်ကမှ အိမ်ငှားရန် စိတ်ပူနေခဲ့သော ဝမ်ဟွမ်ကျစ်တစ်ယောက် ယခုအချိန်တွင် ကျိုးဝမ်ရှူအပါအဝင် တခြားကျောင်းသားများနှင့်အတူ ဆောင်းဦးရာသီစာမေးပွဲအတွက် ခရီးနှင်ကြရတော့မည် ဖြစ်သည်။
ပြည်နယ်အဆင့် စာမေးပွဲကို ပြည်နယ်မြို့တော်ရှိ စာမေးပွဲခန်းမကြီးတွင် ကျင်းပမည်ဖြစ်သည်။ သူတို့ စာမေးပွဲမတိုင်မီ ရက်အနည်းငယ်အလို၌ စတင် ထွက်ခွာရမည် ဖြစ်ပြီး ထိုနေရာတွင် တည်းခိုရန် နေရာရှာရမည် ဖြစ်သည်။ ထိုရက်အနည်းငယ်အတွင်းမှာပင် အခြားကျောင်းသားများနှင့် တွေ့ဆုံခြင်း၊ အပြန်အလှန် အချက်အလက်များ မေးမြန်းစုံစမ်းခြင်းနှင့် စာမေးပွဲကြီးကြပ်သူအရာရှိက မည်သို့သော လူစားမျိုးဖြစ်သည်ကို သိအောင် လုပ်ရဦးမည် ဖြစ်သည်။
စူးယောင်ကွမ်းက ရထားလုံးအတွင်းမှ နေပြီး ကန့်လန့်ကာကို လှပ်ကာ အပြင်ဘက်တွင် မြင်းစီးနေသော ကျိုးဝမ်ရှူကို ငေးကြည့်နေသည်။
ထိုအခြေအနေကို မြင်လိုက်သော ကျန်းယင်းတိက အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"ဝမ်ရှူနဲ့အတူ မြင်းစီးချင်ရင်လည်း ပြောလိုက်ပါလား။ ဒီလောက်တောင် အားကျနေစရာ မလိုပါဘူး"
ကျန်းယင်းတိနှင့် ဝမ်ဟွမ်ကျစ်တို့က ရထားလုံးထဲတွင် ရှိနေကြသည်။ ကျန်းယင်းတိ၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်ဟွမ်ကျစ်က စူးယောင်ကွမ်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
‘ငယ်ရွယ်နေသေးတာက တကယ်ကို အခွင့်ထူးကြီးတစ်ခုပဲ’
‘ယောင်ကွမ်းမှာ ဘယ်တော့မှ မကုန်ခန်းနိုင်တဲ့ အားအင်တွေ ရှိနေသလို ဝမ်ရှူကလည်း အတူတူပဲ၊ နုပျိုလန်းဆန်းပြီး စွမ်းအားတွေ ပြည့်ဝနေတယ်’
ဝမ်ဟွမ်ကျစ်အနေဖြင့် ဤလူငယ်များနှင့် ယှဉ်နိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း သူက ခက်ခက်ခဲခဲ ရရှိလာသော ဤအခွင့်အရေးကို အလွန်တန်ဖိုးထားနေခဲ့သည်။ ထို့ကြောင့်ပင် သူက အခြားမည်သည့်အရာကိုမျှ အာရုံမစိုက်ဘဲ စာကိုသာ မရပ်မနား ဖတ်ရှုနေခဲ့သည်။
စူးယောင်ကွမ်း ပြတင်းပေါက်ကို မှီနေသည်ကို မြင်ရသဖြင့် ကျန်းယင်းတိက သူမ အန္တရာယ်ရှိမည်ကို စိုးရိမ်ကာ သတိပေးလိုက်သည်။
"ဝမ်ရှူ... ဒီကလေးမလေးကို ထိန်းပေးဦး"
ကျန်းယင်းတိက ကျိုးဝမ်ရှူကို အော်ပြောလိုက်သည်။
"သူက မင်း မြင်းစီးနေတာကို မြင်ပြီး အပြင်မှာ လေကောင်းလေသန့် ရှူချင်နေတယ်"
ကျိုးဝမ်ရှူက မြင်းဇက်ကြိုးကို တင်းတင်းဆွဲလိုက်ပြီး ရထားလုံးမောင်းသူကို လှမ်းပြောလိုက်သည်။
"ရထားလုံးကို ရပ်လိုက်ပါ"
ထို့နောက် သူက မြင်းကျောကို ပုတ်လိုက်ပြီး စူးယောင်ကွမ်းကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"တက်လာခဲ့"