← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉ ပြည်နယ်အဆင့် စာမေးပွဲ

စူးယောင်ကွမ်းက ရထားလုံးထဲမှ အပြင်ကို ထွက်လာပြီး ကျိုးဝမ်ရှူ၏ လက်ကို ဆွဲကိုင်ကာ မြင်းပေါ်သို့ တက်လိုက်သည်။ သူမက ကျိုးဝမ်ရှူ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။

ရထားလုံးထဲတွင် နေရာကျဉ်းကျပ်ပြီး လှုပ်ရှားရ ခက်ခဲလွန်းသောကြောင့် လမ်းတစ်လျှောက် ရှုခင်းများကို ခံစားရင်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် သွားလာရသည့် မြင်းစီးရခြင်းနှင့်တော့ ကွာခြားလွန်းလှသည်။

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကတော့ တခြားရထားလုံးတစ်စီးတွင် ရှိနေကြသည်။ သူတို့၏ အစေခံများက သူတို့အတွက် ဝန်ဆောင်မှုပေးနေသဖြင့် လက်ဖက်ရည်သောက်လိုက်၊ မုန့်စားလိုက်နှင့် အင်မတန် အေးဆေးသက်သာ ရှိနေကြသည်။

သို့သော်လည်း ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့ မြင်းစီးသွားပုံကို ကြည့်ရင်း သူတို့ ရုတ်တရက် အားကျမိသွားကြသည်။

"ချူရှန်း... ဒီပြည်နယ်စာမေးပွဲ ဖြေပြီးရင် ငါတို့လည်း ဇနီးမယား ရှာကြမလား။ သူတို့နှစ်ယောက်ကို ကြည့်စမ်း၊ တကယ်ကို ပျော်ရွှင်နေကြတာ"

ချန်ပုယွိက အဖော်စပ်လိုက်သည်။

ကျုံးချူရှန်းက ဖရုံစေ့ ကိုက်နေရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဘာဇနီးမယားလဲ။ သူတို့က မောင်နှမတွေ"

ချန်ပုယွိက ရထားလုံးပြတင်းပေါက်ကို မှီလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

"လူတစ်ယောက်ကတော့ မောင်နှမဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး လင်မယားတွေ လုပ်သင့်သမျှ အကုန်လုပ်နေတာပဲလေ"

ထိုအချိန်တွင် စူးယောင်ကွမ်း၏ ခါးကို ဖက်ထားသော ကျိုးဝမ်ရှူတစ်ယောက် ရုတ်တရက် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရသည်။

“ခင်ဗျား မကြာသေးခင်က ကိုယ်အလေးချိန်ကျသွားတာလား”

‘ဘာလို့ သူမရဲ့ခါးက ဒီလောက်တောင် သေးသွယ်နေရတာလဲ'

စူးယောင်ကွမ်းကတော့ ကြွားလုံးထုတ်နေလေသည်။

"ငါ မကြာသေးခင်ကမှ ခန္ဓာကိုယ်အလှပြင်တဲ့ နည်းလမ်းသစ်တစ်ခု စတင်လိုက်တယ်။ အဲ့နည်းလမ်းက မကြိုက်တဲ့ နေရာတိုင်းကို ပြန်ပုံသွင်းပေးနိုင်တယ်လေ။ အခုတော့ အလုပ်ဖြစ်နေပုံပဲ"

ကျိုးဝမ်ရှူကတော့ မွှေးပျံ့နေသော မိန်းမပျိုလေးကို ရင်ခွင်ထဲ ပိုက်ထားရပြီး မနေတတ် မထိုင်တတ် ဖြစ်နေကာ စိတ်မသက်မသာဖြစ်နေရသည်။ ၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် ပိုးကောင်လေးများ တွားသွားနေသလိုမျိုး ဖြစ်နေလေသည်။

ဘာကိုမှ သတိမထားမိသေးသော စူးယောင်ကွမ်းက သူမ၏ လက်ကောက်ဝတ်ကို သူ့နှာခေါင်းနားသို့ မြှောက်ပြနေသေးသည်။

"ပြီးတော့ ဒီအမွှေးနံ့လေးကို ရှူကြည့်ဦး၊ ငါ တော်တော်လေး ကြိုးစားပြီး ပေါင်းစပ်ထားတာ။ အနံ့က နူးညံ့ပြီး သဘာဝအမွှေးနံ့လေးလိုပဲ၊ အကြာကြီးလည်း စွဲကျန်နေတယ်။ ငါ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သုံးထားတာ အခုထိ မွှေးနေတုန်းပဲ"

"ဒီတစ်ခါ ပြည်နယ်မြို့တော်ကို လာတဲ့ခရီးမှာလည်း အများကြီး ယူလာခဲ့တယ်။ အဲ့ဒီမှာ ရောင်းအားတက်အောင် လုပ်မလို့။ နင်တို့ စာမေးပွဲပြီးသွားရင် ငါ ဘယ်လောက်တောင် အရောင်းအဝယ်တွေ ဖြစ်နေမလဲ မသိဘူး"

ကျိုးဝမ်ရှူက ပြုံးစစဖြင့် ပြန်ပြောလိုက်သည်။

"ဒါကြောင့် ခင်ဗျားက ကျွန်တော် ပြည်နယ်စာမေးပွဲဖြေဖို့ လိုက်ပို့ပေးမယ်လို့ အတင်းပြောနေခဲ့တာပေါ့လေ၊ အမေ့ကိုတော့ စာမေးပွဲအတွက် လိုက်ပို့ပေးမယ်လို့ ပြောပြီး တကယ်တော့ စီးပွားရေး လုပ်ချင်နေတာ မဟုတ်လား"

"နင်တို့ကို စာမေးပွဲခန်းထဲအထိ လိုက်မပို့ပေးဘူးလို့ ပြောမိလို့လား"

စူးယောင်ကွမ်းက ပြန်ရန်တွေ့လိုက်သည်။

"ဘာပဲဖြစ်ဖြစ် လိုက်ပို့ပေးမှာပဲလေ၊ အဲ့ကြားထဲကနေ အရောင်းအဝယ်လေး နည်းနည်းပါးပါး လုပ်တာပဲ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတော့ ငါ့ကို ချီးကျူးသင့်တာ မဟုတ်ဘူးလား"

ကျိုးဝမ်ရှူ၏ မျက်ဝန်းထဲတွင် ရယ်မောရိပ်များ ဖြတ်ပြေးသွားသည်။

"ဟုတ်ပါတယ်... ခင်ဗျားကို ချီးကျူးပေးရမှာပေါ့"

"ဟုတ်တယ်လေ"

စူးယောင်ကွမ်းက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ထပ်ပြောနေသေးသည်။

"ပြည်နယ်မြို့တော်က ငါတို့ခရိုင်မြို့ထက် အများကြီး ပိုကြီးတယ်၊ ချမ်းသာတဲ့လူတွေလည်း ပိုများတယ်။ စီးပွားရေး လုပ်ရတာ ပိုလွယ်မှာ အသေအချာပဲ"

"ငြိမ်ငြိမ်လေး ထိုင်၊ ဟိုဘက်ဒီဘက် ယိမ်းမနေနဲ့"

ကျိုးဝမ်ရှူက သူမကို ထိန်းပေးရင်း သတိပေးလိုက်သည်။

စူးယောင်ကွမ်းက မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။

"ကြာကြာထိုင်ရတော့ ငါ့တင်ပါးတွေ နာလာပြီ။ ဆက် မထိုင်နိုင်တော့ဘူး၊ ရထားလုံးထဲပဲ ပြန်ဝင်တော့မယ်"

ကျိုးဝမ်ရှူက သူမ၏ခါးကို ညှစ်လိုက်ရင်း ငြင်းဆန်လိုက်သည်။

"အခုမှ တက်လာတာ ပြန်ဆင်းဖို့ တွေးမနေနဲ့။ ငြိမ်ငြိမ်လေး နေစမ်းပါ"

သူက ထိုသို့ပြောပြီးနောက် မြင်းကို လှည့်လိုက်ပြီး ကျုံးချူရှန်းကို ရထားလုံးထဲမှ သူ့ဝတ်ရုံတစ်ထည် ယူပေးရန် ပြောလိုက်သည်။ ထို့နောက် ထိုဝတ်ရုံကို သူမ ထိုင်မည့်နေရာတွင် ခင်းပေးလိုက်ရာ အနည်းငယ် ပိုနူးညံ့သွားခဲ့သည်။

စူးယောင်ကွမ်းက သူ့ကို မှီလိုက်ပြီး အမှန်တကယ် ပိုသက်တောင့်သက်သာ ရှိသွားခဲ့သည်။

သူမက ရထားလုံးစီးရခြင်းကို မနှစ်သက်ပေ။ မြင်းပေါ်တွင် ဆက်နေနိုင်ပြီး အပြင်ဘက်မှ ရှုခင်းများအား ခံစားနိုင်ခြင်းက သူမကို ပိုပျော်ရွှင်စေသည်။

စူးယောင်ကွမ်းက အနေအထားတစ်ခုကို ရှာဖွေကာ သက်တောင့်သက်သာ ဖြစ်အောင် ပြင်လိုက်ပြီး သူ့ကို မှီချလိုက်သည်။ ခဏအကြာတွင်တော့ သူမဆီသို့ အိပ်ငိုက်ခြင်းများ တိုးဝင်လာတော့သည်။

ကျိုးဝမ်ရှူကတော့ သူ ကိုယ့်ဒုက္ခကိုယ် ရှာနေမိပြီဟု တွေးနေလေသည်။ စူးယောင်ကွမ်းက သူ့ကို ထိုမျှအထိ ပျော့ပျော့ပျောင်းပျောင်း မှီထားသောကြောင့် သူ မြင်းကို ထိန်းရုံတင်မကဘဲ သူမကိုပါ ထိန်းထားရသည်။

အဓိကအချက်အနေဖြင့် ထိုအမွှေးနံ့လေးက သူ့နှာခေါင်းထဲကို အမြဲတမ်း တိုးဝင်နေခြင်း ဖြစ်သည်။ သူက လူပျိုပေါက်အရွယ်၊ သွေးဆူနေသည့်အချိန် ဖြစ်ပြီး တုံ့ပြန်မှု မရှိဘဲ နေနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

သို့သော် သူမ သိသွားမည်ကို စိုးရိမ်သဖြင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကို ထိန်းညှိရန် တစ်နည်းနည်းဖြင့် ကြိုးစားနေရသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ သူတို့အဖွဲ့ ပြည်နယ်မြို့တော်သို့ ရောက်ရှိလာကြသည်။

"မမလေးယောင်ကွမ်း... ရောက်ပါပြီခင်ဗျ”

ချန်ပုယွိက သူ့ခေါင်းကို အပြင်ဘက်သို့ ထုတ်လိုက်ပြီး မြင်းပေါ်တွင် ရှိနေသည့် စူးယောင်ကွမ်းကို လှမ်းပြောသည်။

"မမလေးယောင်ကွမ်းက မြင်းပေါ်မှာတောင် ဒီလောက်အိပ်ပျော်နေနိုင်တာပဲ"

"ဒါကတော့ ကျွန်တော်တို့ရဲ့ ဝမ်ရှူက စိတ်ချရလို့ပေါ့။ ဒီရက်ပိုင်းတွေကို ကြည့်လေ၊ မမလေးယောင်ကွမ်းက ရထားလုံးထဲ ပြန်သွားရမယ့်အစား ဝမ်ရှူ့ရင်ခွင်ထဲမှာပဲ နေချင်နေတာ၊ ဝမ်ရှူ့ရင်ခွင်က တကယ်ကို အသက်ဝင်ပြီး သက်တောင့်သက်သာ အရှိဆုံးပဲဆိုတာ ပြနေတာလေ"

စူးယောင်ကွမ်းကတော့ ထိုလူနှစ်ယောက်၏ နောက်ပြောင်စကားများကို လုံးဝသတိမထားမိဘဲ ပြည်နယ်မြို့တော်၏ စည်ကားနေသော မြင်ကွင်းကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ကျိုးဝမ်ရှူကတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ သူက စူးယောင်ကွမ်းကို ကြည့်လိုက်ပြီး ထိုကောင်မလေးက ဤလူနှစ်ယောက်၏ စနောက်စကားများကို ဘာမှ နားမလည်ဘဲ ဂရုမစိုက်သည်ကို မြင်လိုက်ရသည်။

"နောက်ပိုင်း ဘယ်တည်းခိုခန်းမှာ တည်းကြမလဲ၊ ဒါမှမဟုတ်..."

စူးယောင်ကွမ်း စကားစလိုက်စဉ်မှာပဲ တစ်ဖက်ခြမ်းမှ စွေ့ရုန်၏ အသံထွက်ပေါ်လာသည်။

"ယောင်ကွမ်း..."

ကျိုးဝမ်ရှူက အောက်ကို ငုံ့ကြည့်လိုက်ရာ စွေ့ရုန်တစ်ယောက် ရထားလုံးထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် စွေ့ရုန်နှင့် စူးယောင်ကွမ်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက ပိုချောမွေ့လာသလို ဝင်ငွေများလည်း ပိုရလာကြသည်။ သဘာဝကျစွာပင် သူတို့၏ မိတ်ဆွေဆက်ဆံရေးကလည်း ပိုခိုင်မြဲလာခဲ့သည်။

လက်ရှိ စွေ့ရုန်က ယခင်လို မောက်မာပြီး အခြားလူကို အထင်သေးတတ်သည့်သူ မဟုတ်တော့ပေ။ ယခုဆိုလျှင် သူက စူးယောင်ကွမ်း၏ ရူးသွပ်သော ပရိသတ်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။ ကျိုးဝမ်ရှူက လွန်ခဲ့တဲ့ လအနည်းငယ်ကို စာဖတ်ရင်း ကုန်ဆုံးနေခဲ့ရသော်လည်း စွေ့ရုန်ကတော့ စူးယောင်ကွမ်းနှင့် အချိန်ပိုပေးပြီး အတူရှိနေခဲ့ကြခြင်း ဖြစ်သည်။

"ဒီမှာ လာတွေ့တာ တိုက်ဆိုင်လိုက်တာ"

စူးယောင်ကွမ်းက မြင်းပေါ်မှ နေပြီး စွေ့ရုန်ကို လှမ်းနှုတ်ဆက်လိုက်သည်။

စွေ့ရုန်၏ အကြည့်တို့က စူးယောင်ကွမ်း၏ခါးကို ဖက်ထားသော ကျိုးဝမ်ရှူ၏လက်ပေါ်တွင် ခဏတာ ရပ်တန့်သွားခဲ့သည်။

သို့သော်လည်း သူက ရယ်ကျဲကျဲဖြင့် ပြန်ပြောလာခဲ့သည်။

"တိုက်ဆိုင်တာ မဟုတ်ပါဘူး။ မင်းတို့ ဒီနေ့ရောက်မယ်ဆိုတာ ငါ ခန့်မှန်းမိလို့ မနက်ကတည်းက စောင့်နေတာပါ။ ခရီးပန်းလာကြမှာဆိုတော့ အရင်ဆုံး တစ်ခုခု စားဖို့ ငါ ခေါ်သွားပေးမယ်"

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် စူးယောင်ကွမ်းက ရထားလုံးထဲမှ ကျန်းယင်းတိနှင့် ဝမ်ဟွမ်ကျစ်တို့ဘက်သို့ လှည့်ပြောလိုက်သည်။

"ဒေါ်လေး၊ ဦးလေး... စွေ့ရုန်က ဒီမှာ လုပ်ငန်းခွဲ စစ်ဆေးဖို့ ရောက်နေတာလေ။ သူက ဒီနေရာကို ကျွမ်းကျင်တယ်ဆိုတော့ ကျွန်မတို့ သူ ခေါ်တဲ့နေရာမှာပဲ အရင်ဆုံး သွားစားကြမယ်"

"ရတယ်ပါ... သခင်လေးစွေ့ရုန်ကိုလည်း ကျေးဇူးတင်ပါတယ်"

ဝမ်ဟွမ်ကျစ်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

စွေ့ရုန်ကလည်း ချက်ချင်း ပြန်ပြောလိုက်သည်။

"ရပါတယ် ဦးလေး"

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကတော့ ကျိုးဝမ်ရှူကို သနားသလိုလို၊ အားပေးသလိုလို အကြည့်များဖြင့် ကြည့်နေကြသည်။

'ဦးလေးတဲ့လား... ဒီကောင်လေးကတော့ တော်တော်လေး လက်သွက်နေတာပဲ'

"ယောင်ကွမ်း... အခု မြို့ထဲရောက်နေပြီ။ နှစ်ယောက်သား ဒီလိုပုံစံနဲ့ မြင်းစီးတာက မကောင်းဘူး၊ အရင်ဆုံး ဆင်းလိုက်ဦး"

စွေ့ရုန်က စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။

"ဟုတ်သားပဲ"

စူးယောင်ကွမ်းက မြင်းပေါ်မှ ဆင်းရန် ပြင်လိုက်သော်လည်း ကျိုးဝမ်ရှူက သူမကို တားလိုက်သည်။

ကျိုးဝမ်ရှူက စွေ့ရုန်ကို စိုက်ကြည့်ပြီးမှ လှမ်းပြောလိုက်သည်။

“သူ ခရီးပန်းလာလို့ နားချင်နေပြီ။ မင်း သွားချင်တဲ့ စားသောက်ဆိုင်ကို ပြောလိုက်၊ ငါပဲ သူ့ကို ခေါ်သွားပေးမယ်"

စွေ့ရုန်က အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ဒီနားလေးတင်ပါ၊ နည်းနည်းပဲ လမ်းလျှောက်ရမှာ။ ယောင်ကွမ်းက ကုန်သွယ်ရေး လုပ်မယ့်သူဆိုတော့ ပြည်နယ်မြို့တော်အကြောင်း သိထားဖို့ လိုတယ်လေ။ ငါပဲ လိုက်ပြပေးမယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးယောင်ကွမ်းက မြင်းပေါ်မှ ဆင်းရန် ထပ်ကြိုးစားလိုက်ပြန်သည်။ သို့သော် ကျိုးဝမ်ရှူက သူမကို ခပ်တင်းတင်းဖက်ထားပြီး လှုပ်မရအောင် တားဆီးထားလိုက်သည်။

သူမက သူ့ကို လှည့်မေးလိုက်သည်။

"ဘာဖြစ်ပြန်တာလဲ"

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်ပြီး ဒုက္ခရောက်နေသည့်ပုံစံ ဖမ်းလိုက်သည်။

"ကျွန်တော့်ရဲ့ခြေထောက်တွေ ထုံနေပြီ။ ခင်ဗျားသာဆင်းသွားရင် ကျွန်တော် တစ်ယောက်တည်းဖြစ်ပြီး မြင်းပေါ်က ပြုတ်ကျသွားလိမ့်မယ်။ ဟူး... မဖြစ်သေးပါဘူး၊ ဒီလိုနှစ်ယောက်အတူ မြင်းစီးတာက မကောင်းမှန်း ကျွန်တော် သိပါတယ်၊ ခင်ဗျား ဆင်းလိုက်ပါ၊ ကျွန်တော့်အတွက် စိတ်မပူနဲ့"

"စွေ့ရုန်... ကျွန်မ ရှင် ပြောတဲ့ စားသောက်ဆိုင်ကိုပဲ တန်းသွားလိုက်တော့မယ်"

နောက်ဆုံးတွင် စူးယောင်ကွမ်းက ဆုံးဖြတ်ချက်ချလိုက်သည်။

"မြို့ထဲကို ရောက်ခါစဆိုတော့ အနားယူဖို့ လိုတယ်"

စွေ့ရုန်က အမြင့်ဆုံးစားသောက်ဆိုင်ကို လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ၊ အဲ့ဒါက ပြည်နယ်မြို့တော်မှာ အကြီးဆုံး စားသောက်ဆိုင်ပဲ၊ ပြီးတော့ ငါ့အဒေါ်ပိုင်တာလေ။ အဲ့ဒီမှာ သီးသန့်အခန်း မှာထားပြီးပြီ၊ အဲ့ဒီကိုပဲ တန်းသွားကြတာပေါ့"

"ကျေးဇူးပါပဲ၊ ဒါဆိုရင် ကျွန်မတို့ အရင်သွားပြီး သီးသန့်အခန်းထဲမှာ စောင့်နေမယ်နော်။ အဒေါ်နဲ့ ဦးလေးကိုတော့ သခင်လေးစွေ့ရုန်ကပဲ ဂရုစိုက်ပေးလိုက်ပါဦး"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့က ကျိုးဝမ်ရှူကို လက်မထောင်ပြလိုက်ကြသည်။

'ဒီကောင်လေးက တကယ်ကို ဉာဏ်များတာပဲ'

ကျိုးဝမ်ရှူကတော့ စူးယောင်ကွမ်းကို တင်းတင်းဖက်ထားလျက် မြင်းကို အရှိန်အပြင်းဆုံးဖြင့် မောင်းနှင်ထွက်ခွာသွားပြီ ဖြစ်သည်။

စွေ့ရုန်က နှုတ်ခမ်းကို စူလိုက်ပြီး ကျိုးဝမ်ရှူတို့ ထွက်သွားရာလမ်းကို မကျေမနပ် လှမ်းကြည့်နေသည်။

"သခင်လေး... သူတို့က လင်မယားတွေပဲလေ။ ဘုရားကျောင်းဆယ်ကျောင်း ဖျက်တာထက် အိမ်ထောင်တစ်ခုကို ခွဲရတာက ပိုဒုက္ခများပါတယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူကိုပဲ ရှာလိုက်ပါတော့လား"

ဘေးနားရှိ အိမ်တော်ထိန်းက တိုးတိုးလေး ပြောလိုက်သည်။

"ဦးလေးဝမ်... ခင်ဗျား နားမလည်ပါဘူး။ သူတို့က တကယ့်လင်မယားတွေ မဟုတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် ယောင်ကွမ်းက သူ့အပေါ် ဘာခံစားချက်မှ မရှိဘူး၊ ဒါကြောင့် ကျွန်တော့်မှာ အခွင့်အရေး ရှိသေးတယ်"

စွေ့ရုန်က ရထားလုံးပေါ် တက်လိုက်ရင်း အမိန့်ပေးလိုက်သည်။

"သွားကြမယ်... စားသောက်ဆိုင်ကိုပဲ မောင်းတော့"

All Chapters