← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀ တည်းခိုခြင်း

စားသောက်ဆိုင်တွင် စားသောက်ပြီးနောက် နောက်ထပ် စဉ်းစားစရာက တည်းခိုမည့်နေရာ ရှာဖွေရန် ဖြစ်သည်။

စွေ့ရုန်က ဤမြို့တွင် သူ ပိုင်သော နေအိမ်တစ်လုံးရှိသဖြင့် သူတို့အား ထိုနေရာတွင် တည်းခိုရန် ဖိတ်ခေါ်လိုက်သည်။

ယခုကဲ့သို့ အချိန်အခါမျိုးတွင် အိမ်ငှားရန် ခက်ခဲကြောင်း စူးယောင်ကွမ်းလည်း သိနေခဲ့သည်။ အိမ်ငှားခများက ပုံမှန်ထက် နှစ်ဆ၊ သုံးဆ ဈေးကြီးရုံတင်မကဘဲ ငှားချင်သူကလည်း များပြားလွန်းသဖြင့် ငှားချင်လျှင်ပင် နေရာလွတ် ရှာမရနိုင်သော အခြေအနေ ဖြစ်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူထံသို့ အနည်းငယ် တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"သခင်လေးစွေ့ရုန်က ဒီလောက်တောင် စေတနာကောင်းပြနေတာကို ငြင်းဖို့က အားနာစရာကောင်းတယ်လေ၊ နင် ဘယ်လို ထင်လဲ"

"ကျွန်တော် အိမ်တစ်လုံး ငှားပြီးသားပါ။ အခု ငြင်းလိုက်ရင် ပိုင်ရှင်က ပိုက်ဆံပြန်အမ်းပေးမှာ မဟုတ်ဘူး"

ကျိုးဝမ်ရှူက ပြန်ဖြေလိုက်သည်။

"ဘယ်တုန်းက ငှားထားတာလဲ"

စူးယောင်ကွမ်း အံ့သြတကြီး ပြန်မေးလိုက်သည်။

"ကျွန်တော့်ရဲ့ အစေခံတစ်ယောက်ကို လွန်ခဲ့တဲ့လဝက်လောက်ကတည်းက အိမ်လာငှားခိုင်းထားတာလေ။ ကျွန်တော်တို့ အိမ်ငှားဖို့ လာမယ်ဆိုတာ ကြားတော့ ဝမ်ရှူက သူအတွက်ပါ အိမ်နှစ်လုံး ငှားပေးဖို့ တောင်းဆိုခဲ့တာ။ ပိုက်ဆံလည်း ပေးပြီးသား"

ကျုံးချူရှန်းက ဝင်ပြောသည်။

"ကျွန်တော်တို့က လဝက်‌လောက် ကြိုငှားထားတာဆိုတော့ အခုပေါက်ဈေးထက် အများကြီး သက်သာတယ်၊ တကယ်ကို တန်တာပဲ။ အရေးကြီးတာက အဲ့ဒီနေရာမှာ စာပေပညာရှင်တွေချည်းပဲဆိုတော့ သူတို့နဲ့ စကားပြောလို့ ရတာပေါ့။ အိမ်က သိပ်မကြီးပေမယ့် အဒေါ်တို့နဲ့ ဦးလေးတို့အိမ်နဲ့ ဘေးချင်းကပ်လျက် ရှိနေတာ"

ကျိုးဝမ်ရှူက ဆက်ပြောနေသည်။

"လူတွေကလည်း များတာဆိုတော့ သူတို့ဆီမှာ သွားတည်းပြီး အနှောင့်အယှက် ဖြစ်အောင် မလုပ်ချင်ဘူး။ ခင်ဗျားနဲ့ စွေ့ရုန်နဲ့မှာ ကုန်သွယ်ရေးအတွက် အလုပ်ကိစ္စတွေ ရှိပေမယ့် ကျေးဇူးစကား ပြောရတာက ခက်ခဲတဲ့ကိစ္စလေ"

စူးယောင်ကွမ်းက ခေါင်းညိတ်လိုက်ပြီး စွေ့ရုန်ကို လှမ်းပြောလိုက်သည်။

"ကျွန်မတို့ အိမ်ငှားပြီးသားဖြစ်နေတော့ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး။ ကျေးဇူးတင်ပါတယ် စွေ့ရုန်"

စွေ့ရုန်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမနှင့်အတူ ပြည်နယ်မြို့တော်တွင် လုပ်ငန်းကိစ္စများ ဆွေးနွေးရမည့်အကြောင်းကို တွေးမိလိုက်ချိန်တွင်တော့ ထိုစိတ်ပျက်မှုများ ပျောက်ကွယ်သွားရသည်။

"ဒါဆို မနက်ဖြန် မင်းတို့ကို ငါ လာခေါ်မယ်၊ ပြီးတော့ ဒီနေရာက ပိုင်ရှင်နဲ့ မိတ်ဆက်ပေးမယ်"

"အလျင်စလို မလုပ်ပါနဲ့ဦး။ ဒီရက်ပိုင်းတော့ ဝမ်ရှူ ဒီနေရာနဲ့ ရင်းနှီးအောင် အရင် ကူညီပေးလိုက်ဦးမယ်။ သူ စာမေးပွဲခန်းထဲဝင်ပြီးမှပဲ အလုပ်ကိစ္စတွေကို စဉ်းစားတော့မယ်"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"ဒါဆိုရင်လည်း ငါ မင်းတို့ကို အဲ့ဒီနေရာအထိ လိုက်ပို့ပေးမယ်၊ ဒီနေရာနဲ့ ရင်းနှီးသွားရင် နောက်ပိုင်း ဆက်သွယ်ရ ပိုလွယ်တာပေါ့"

ချန်ပုယွိက ကျုံးချူရှန်းဘက်သို့ တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီကောင်လေးရဲ့ တိုက်စစ်ကတော့ ပြင်းထန်လွန်းတယ်။ ငါတို့ဝမ်ရှူက တကယ်ပဲ အယုံလွယ်သွားတော့မှာလား"

"ဒါက အခွင့်အရေးတစ်ခုလို့ ငါထင်တယ်"

ကျုံးချူရှန်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။

"သူ့ကို နည်းနည်းလေး လှုံ့ဆော်မပေးရင် သူက သူ့နှလုံးသားအစစ်အမှန်ကို ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူး"

ကျုံးချူရှန်းတို့ ငှားထားသည့်အိမ်က စာပေပညာရှင်များ စုဝေးရာနေရာတွင် တည်ရှိပြီး ထိုပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည်နယ်စာမေးပွဲ ဖြေဆိုရန် ရောက်ရှိလာကြသည့် တစ်တိုင်းပြည်လုံးမှ ကျောင်းသားများဖြင့် ပြည့်နှက်နေလေသည်။

အမှန်စင်စစ်တွင် ထိုနေရာရှိ အိမ်များက ဒေသခံများအနေဖြင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက် အထူးဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။ အိမ်တိုင်းက သေးငယ်သော်လည်း လိုအပ်သမျှ ပရိဘောဂ အစုံအလင် ပါရှိသည်။

ကျိုးဝမ်ရှူက အိမ်နှစ်လုံး ငှားထားသောကြောင့် ဒေါ်လေးနှင့် ဦးလေးတို့က အိမ်တစ်လုံးတွင် နေထိုင်ပြီး စူးယောင်ကွမ်းက ကျိုးဝမ်ရှူနှင့်အတူ အိမ်ဘေးတွင် နေထိုင်ကြသည်။ ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ကတော့ လမ်းတစ်ဖက်ခြမ်းတွင် နေထိုင်ကြသည်။

လူတိုင်းပစ္စည်းများ ရွှေ့ပြောင်းနေကြစဉ် ဘေးအိမ်မှ လူများလည်း ရောက်လာကြသည်။ သူတို့က အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်ကာ ရထားလုံးပေါ်မှ ဆင်းလာကြသည်ကို မြင်လိုက်ရပြီး အချိန်များ ရပ်တန့်သွားသယောင် ဖြစ်နေလေသည်။ ထိုအုပ်စုကို မြင်လိုက်ရသောအခါ သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံ့အားသင့်နေကြသည်။

‘ကံကြမ္မာဆိုတာက တကယ်ကို မလွတ်မြောက်နိုင်ဘူးပဲ’

ရှောင်းယန်ချီ၏ လက်မောင်းကို ဆွဲထားသည့် ကျန်းရိဟွမ်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ယောက်ျား... ဒီလို အိမ်အသေးလေးကို ငွေငါးလျန်တောင် ပေးလိုက်ရတယ်၊ အရမ်းဈေးကြီးလွန်းတယ်"

ရှောင်းယန်ချီက ပြန်ဖြေလိုက်သည်။

"ပစ္စည်းတွေကို အရင် အိမ်ထဲ သယ်ကြရအောင်"

စူးယောင်ကွမ်းကလည်း မျက်မှောင်ကြုတ်ရင်း ညည်းတွားလိုက်သည်။

"သူတို့က ဘာလို့ ဒီလောက်တောင် လိုက်ပတ်သက်နေကြရတာလဲ"

ကျိုးဝမ်ရှူလည်း ဤမျှ နက်နဲသော ကံကြမ္မာ၏ ပတ်သတ်မှုကို မမျှော်လင့်ထားခဲ့ပေ။ သူတို့ကို သွားလေရာရာ၌ တွေ့နေရသည်မှာ ထူးဆန်းလှသည်။ သို့သော်လည်း သူ ဤမိသားစုကို မတွေ့ရသည်မှာ ကြာနေပြီ ဖြစ်သည်။

ကျုံးလန်ဟွာက ကျန်းရိဟွမ်းနောက်သို့ လိုက်ကာ ပန်းထိုးအလုပ်ရုံတွင် ဝင်လုပ်နေသည်ဟု သူ ကြားသိထားခဲ့သည်။ မိခင်နှင့်သမီးတို့က မနက်မှ ညအထိ ပန်းထိုးရင်း ငွေအတော်အတန် ရခဲ့သော်လည်း ထိုငွေအားလုံးကို ကြွေးရှင်များထံ ပြန်ဆပ်နေရသည်။

ထို့ပြင် ယန်ချွမ် အမည်ရှိ လက်မှုပညာရှင်တစ်ဦးကလည်း ကျန်းရိဟွမ်းအတွက် ဆက်လက်အလုပ်လုပ်ပေးနေဆဲ ဖြစ်သည်။ သူက ကျန်းရိဟွမ်း၏ ခြံဝင်းအတွင်း၌ အိမ်တစ်လုံး ငှားကာ နေ့စဉ် ဈေးဆိုင်တစ်ခု၌ ရောင်းချရန် ပါးနီမှုန့်နှင့် မျက်နှာချေမှုန့်များ ပြုလုပ်နေခဲ့သည်။

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ငှားထားသည့်အိမ်တွင် အခန်းတစ်ခန်းသာ ပါသော်လည်း ကုတင်အပြင် နူးညံ့သည့် ညောင်စောင်း(ခုံတန်းရှည်)တစ်လုံးလည်း ပါဝင်သည်။

ရာသီဥတုက ပူပြင်းနေဆဲဖြစ်သဖြင့် အိပ်ရာခင်းများ ထပ်ဝယ်စရာ မလိုတော့ပေ။ ကောက်ရိုးဖျာတစ်ချပ်နှင့် ပါးလွှာသော အဝတ်စတစ်ခုကိုသာ အခင်းအဖြစ် သုံးလိုက်ကြသည်။

သူတို့ ပြည်နယ်မြို့တော်သို့ ရောက်ခါစဖြစ်ပြီး ခရီးလည်းပန်းလာကြသဖြင့် ထိုနေ့တွင် အိမ်၌ ရိုးရိုးရှင်းရှင်း စားသောက်လိုက်ကြပြီး အပြင်မထွက်ဘဲ အသီးသီး အနားယူလိုက်ကြသည်။

သူမ၏ဦးလေးက အခြားကျောင်းသားများထက် ပိုစိတ်ဖိစီးနေပြီး အချိန်အများစုကို စာကြည့်ခြင်းဖြင့်သာ ကုန်ဆုံးနေကြောင်း စူးယောင်ကွမ်း သိထားခဲ့သည်။ ထို့ကြောင့် သူမက သူတို့ကို အနှောင့်အယှက် မပေးဘဲ လွတ်လပ်စွာ နေထိုင်ခွင့် ပေးလိုက်သည်။

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ထံတွင်လည်း ပြုစုပေးမည့် အစေခံများ ရှိနေကြသည်။ သူမတို့က သူတို့နှင့် အနည်းငယ် ရင်းနှီးမှုရှိသော်လည်း သူတို့၏ကိစ္စများကို စပ်စုစရာ မလိုသဖြင့် စူးယောင်ကွမ်းလည်း ဘာမှ မမေးမြန်းတော့ပေ။

ကျိုးဝမ်ရှူက ရေချိုးခန်းမှ ထွက်လာပြီး ဆံပင် သုတ်နေစဉ် စူးယောင်ကွမ်းတစ်ယောက် ပြတင်းပေါက်နား၌ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဆံပင်များက စိုစွတ်နေဆဲဖြစ်သဖြင့် သူက ပုဝါတစ်ထည်ကို ယူကာ သူမ၏ဆံပင်ကို သုတ်ပေးလိုက်သည်။

စူးယောင်ကွမ်းက သူ၏ လှုပ်ရှားမှုနှင့် အသံကြောင့် နိုးလာခဲ့သည်။ သူမက မျက်စိကို မှေးကြည့်ရင်း လှမ်းမေးနေသည်။

"ပြီးပြီလား... သွားအိပ်တော့လေ။ ငါ ဒီအတိုင်း လေနဲ့ပဲ အခြောက်ခံလိုက်မယ်"

ကျိုးဝမ်ရှူက မလှုပ်မယှက်ဖြင့် သူမ၏ဆံပင်ကို ဆက်သုတ်ပေးနေဆဲပင်။

"ရာသီဥတုက ပူပေမဲ့ ဒီနေရာမှာ လေတိုးခံနေရင် အအေးမိဖို့ လွယ်တယ်"

"ဒီလောက် ပူတဲ့လေက မျက်နှာကို တိုးနေတာပါ၊ ငါက ဒီလောက်တောင် နုနယ်နေတာ မဟုတ်ပါဘူး"

စူးယောင်ကွမ်းက ထထိုင်ရင်း သန်းဝေလိုက်သည်။

"ငါ ညောင်စောင်းပေါ်မှာပဲ အိပ်လိုက်မယ်၊ နင် ကုတင်ပေါ်မှာ အိပ်"

ကျိုးဝမ်ရှူက သူမ၏ဆံပင်ကို သုတ်ပေးရင်း သူမ၏ပါးပြင်လေးကိုပါ ပွတ်သပ်လိုက်သည်။

"နင် ဘာလုပ်တာလဲ"

အိပ်ချင်မူးတူး ဖြစ်နေသေးသည့် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ပွတ်သပ်မှုကြောင့် နိုးလာခဲ့သည်။

ကျိုးဝမ်ရှူက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ခင်ဗျား နှိုးအောင် လုပ်လိုက်တာ။ ဆံပင်တွေ လုံးဝ ခြောက်သွားမှ အိပ်ရမယ်"

ထိုအချိန်တွင် ဘေးအိမ်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ အစပိုင်းတွင် သူတို့နှစ်ဦးလုံး ဂရုမစိုက်မိသော်လည်း နောက်ပိုင်းတွင် အသံများက ပိုမိုကျယ်လောင်လာသဖြင့် တုံ့ဆိုင်းနေတတ်သည့် ကျိုးဝမ်ရှူပင်လျှင် တစ်ခုခု မှားယွင်းနေမှန်း သဘောပေါက်သွားသည်။

.....။.....။.....

ဘေးအိမ်တွင်...

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို ဖိထားပြီး သူ၏မျက်လုံးများက သွေးရောင်လွှမ်းနေခဲ့သည်။

သူ့စိတ်ထဲတွင် ခုနလေးကမှ ဖြတ်ပြေးသွားသည့် မြင်ကွင်းတစ်ခုက လှည့်ပတ်နေခဲ့သည်။ စူးယောင်ကွမ်းက မီးဖိုချောင်ထဲမှ ဟင်းပွဲများကို သယ်လာသည်ကို ကျိုးဝမ်ရှူက အဝေးမှ ဆီးကြိုကာ ချွေးသုတ်ပေးနေသည့် မြင်ကွင်းပင်။

ထိုမြင်ကွင်းက သူ့မျက်လုံးထဲတွင် အလွန်ပင် မခံမရပ်နိုင်စရာ ကောင်းနေလေသည်။

'ငါ မှားယွင်းတဲ့အရာ ဘာမှမလုပ်ခဲ့ဘူးဆိုတာ လူတိုင်းကို သက်သေပြရမယ်။ အရင်ဘဝတုန်းက ငါ ကျန်းရိဟွမ်းကို ရွေးချယ်ခဲ့ပြီး စူးယောင်ကွမ်းကို ရုပ်သေးရုပ်တစ်ရုပ်လိုပဲ သဘောထားခဲ့တာ... ငါရွေးချယ်ခဲ့တာ မှန်တယ်။ ဒီဘဝမှာ ငါ ခံစားနေရတဲ့ ဆိုးကျိုးတွေက စူးယောင်ကွမ်းကို စွန့်ပစ်ခဲ့လို့ ရတဲ့ ကံတရားတွေ မဖြစ်စေရဘူး။ ကျန်းရိဟွမ်းတစ်ယောက်ပဲ ငါ့ကို ကျေနပ်မှု ပေးနိုင်တာ၊ သူကပဲ ငါ တကယ်လိုချင်တဲ့ အမျိုးသမီး ဖြစ်နေတုန်းပဲ'

တစ်ဖက်မှ ကျိုးဝမ်ရှူ၏ မျက်နှာက ပို၍ ပို၍ မှောင်မိုက်လာချေပြီ။

'ဒီအိမ်နီးချင်းတွေက တကယ်ကို အရှက်မဲ့လွန်းတယ်။ သူတို့မှာ ရှက်တတ်တဲ့ စိတ်ကလေးနည်းနည်းတောင် မရှိဘူးလား'

ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ လက်ကို ဆွဲယူကာ သူမ၏ နားနှစ်ဖက်ကို အုပ်ခိုင်းလိုက်သည်။

"နားတွေကို ပိတ်ထားလိုက်၊ မကြားရအောင် လုပ်ထား။ ကျွန်တော် ခဏအပြင်ထွက်လိုက်ဦးမယ်၊ ချက်ချင်း ပြန်လာခဲ့မယ်"

စူးယောင်ကွမ်းလည်း အနည်းငယ် ရှက်ရွံ့နေမိသည်။ သို့သော်လည်း သူမ နားမလည်နိုင် ဖြစ်နေသေးသည်။

‘ဝမ်ရှူက ဒီအချိန်ကြီး ဘာသွားလုပ်မှာလဲ၊ ဒီလို အရေးမကြီးတဲ့ ကိစ္စအတွက်နဲ့တော့ အာရုံစိုက်နေစရာ မလိုဘူးလေ’

ကျိုးဝမ်ရှူ ထွက်သွားသည်နှင့် သူမ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ခရီးဆောင်အိတ်ကို စတင် ဖြည်နေခဲ့သည်။

ဘေးအိမ်မှ ရှက်မရှိသော စုံတွဲ၏ ဆူညံသံများကြောင့် သူမ၏ အိပ်ချင်စိတ်လည်း ပျောက်ကွယ်သွားကာ အလုပ်လုပ်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

မကြာခင်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။

စူးယောင်ကွမ်းလည်း စပ်စုချင်စိတ်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ ကျိုးဝမ်ရှူက ကျောင်းသားအချို့နှင့်အတူ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော်တို့အားလုံးက စာပေပညာရှင်တွေပဲ၊ အန္တရာယ်ရှိနေတဲ့အချိန်မှာ ဒီအတိုင်း ရပ်ကြည့်နေလို့ မဖြစ်ဘူး မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က အားနည်းလွန်းတော့ သူခိုးကို တစ်ယောက်တည်း မဖမ်းနိုင်ဘူး။ ဒီမိတ်ဆွေတွေကို ကျွန်တော်နဲ့အတူလိုက်ပြီး ဒီခိုးဝင်တဲ့လူကို ဖမ်းပေးဖို့ အကူအညီတောင်းချင်ပါတယ်"

"ကျိုးဝမ်ရှူ ပြောတာ မှန်တယ်။ စာပေသမားချင်း ခရီးသွားရင်း ကူညီရမယ်လေ။ စိတ်မပူနဲ့၊ ငါတို့ လူအများကြီးနဲ့ဆိုတော့ အဲ့ဒီခိုးဝင်တဲ့သူ ဘယ်ပြေးနိုင်ပါ့မလဲ"

ထိုသို့ပြောပြီးနောက်တွင် ကျောင်းသားများက ရှောင်းယန်ချီ၏ အခန်းထဲသို့ အလုအယက် ပြေးဝင်သွားကြသည်။

ထို့နောက်တွင်တော့ အခန်းထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

ကျိုးဝမ်ရှူကတော့ အခန်းထဲ ဝင်သွားပြီး မည်သူ့ကိုမျှ မစော်ကားမိချင်သောကြောင့် ခြံဝင်းတံခါးအပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။

စူးယောင်ကွမ်း: "..."

All Chapters