အခန်း ၁၅၇၆
Vol. 106 Ch. 1576
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၅၇၆) လျှိုဖန်းဟွာ၏စွမ်းအား။
ချင်ယွင်သည်လည်း သူ့ရှေ့မှ ဤမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ သူ၏ စတုတ္ထ မြောက် စီနီယာအစ်ကိုသည် အလွန်အစွမ်းထက်မည်ဟု သူ မျှော်လင့်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ထိုမျှလောက် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားပေ။
ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးတောင်မှ သူ့ရှေ့တွင် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ဤအရာက သိပ်ကို ကြောက်ဖို့ကောင်းလွန်းသည် မဟုတ်ပါလား။
ဥပမာအနေနှင့် အခုနက တည်နေရာရွေ့ပြောင်းခြင်းကို ကြည့်နိုင်ပါသည်။ ချင်ယွင်သည် လေဟာနယ်စွမ်းအားကို ဆုပ်ကိုင်ထားသော်လည်း ချင်ယွင်သည် လေဟာနယ်ကို ထိန်းချုပ်ရာမှာ လျှိုဖန်းဟွာကဲ့သို့ တည်နေရာရွေ့ပြောင်းခြင်းကို ချောမွေ့စွာ မလုပ်ဆောင် နိုင်သေးပေ။ သူလုပ်နိုင်သည့်အရာက လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ရုံသာ ဖြစ်သည်။
တည်နေရာရွေ့ပြောင်းခြင်းနှင့် လေဟာနယ်ဖြတ်သန်းသွားလာခြင်းတို့ကြားမှာ ခြားနားမှု တစ်ခု ရှိနေပါသည်။ ယခင်တစ်ခုသည် နောက်ပိုင်းတစ်ခုထက် ပိုမိုမြန်ဆန်သောကြောင့် တည်နေရာရွေ့ပြောင်းခြင်းသည် ပြိုင်ဘက်အား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှ မပေးဘဲ တစ်ကြိမ်တည်းတွင် ရန်သူများကို အနိုင်ယူရန် မကြာခဏ အသုံးပြုနိုင်ပြီး၊ လေဟာနယ် ဖြတ်သန်းသွားလာခြင်းကတော့ အချိန်များစွာ နှေးကွေးပါသည်။
ချင်ယွင်၏ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်တွင်၊ တည်နေရာရွေ့ပြောင်းခြင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု ရှိသော်လည်း ချင်ယွင်၏လက်ရှိအင်အားဖြင့် ၎င်းကို မဆုပ်ကိုင်နိုင်သေး ပေ။
ချင်ယွင်သည် ယုထန်းနူကို အမှတ်မထင် ကြည့်လိုက်မိသည်။ လျှိုဖန်းဟွာသည် ဤမျှ အစွမ်းထက်နေပါက ယုထန်းနူသည် ပို၍ပင် အစွမ်းထက်နေမည် မဟုတ်ပေလော။
"ကြည့်ရတာ, ငါ ဒီစီနီယာညီအကိုနှစ်ယောက်ကို လျှော့တွက်ထားပုံပဲ။ ဟုတ်မှာပါလေ။ လေဟာနယ် ဘိုးဘေးနတ်ဘုရားရဲ့ တရားဝင်တပည့်အဖြစ် လက်သင့်ခံနိုင်တဲ့ လူတစ်ယောက်က ထူးခြားမူ ဘာတစ်ခုမှမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ချင်ယွင်သည် ဤစီနီယာ ညီအကိုနှစ်ယောက်၏ ခွန်အားကို လျှော့တွက်ထားမိသော ကြောင့် ရှက်ရွံ့စိတ်ဖြင့် ခန့်မှန်းမိသည်။
ထိုအခိုက်အတန့်တွင် အပျက်အစီးကြားထဲမှာ လဲလျောင်းနေသော လျှန်ဖန်သည်လည်း အလွန်တုန်လှုပ်သွားလေသည်။ သူသည် မတ်တပ်ရပ်ရန် ရုန်းကန်လိုက်သော်လည်း သူ့ရင်ဘတ်မှ ထွက်ပေါ်လာသော နာကျင်မှုက သူ့ကို သနားစရာကောင်းသည့် ညီးညူသံကို ထွက်ပေါ်လာစေသည်။
လျှိုဖန်းဟွာ၏ လက်ဖဝါးသည် သူ့ရင်ဘတ်ပေါ်တွင်သာ ဖိထားလိုက်ရုံထင်ရသော်လည်း လျှိုဖန်းဟွာ၏ လက်ဖဝါးသည် သူ့ရင်ဘတ်ပေါ် ဖိချလိုက်သည့်အခိုက်တွင်၊ ကြီးမားလှ သော လေဟာနယ်စွမ်းအားက သူ့ရင်ဘတ်ကို ပြင်းထန်စွာ လှုပ်ခါလိုက်ပြီး သူ့ရင်ဘတ်ရှိ ဆဲလ်များအားလုံး ကွဲအက်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်နည်းဆိုရသော်, ယခုအခါ လျှန်ဖန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ သူသည် အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ်တစ်ဦး၏ လက်ဖဝါးရိုက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ အကယ်၍, ဤသတင်းကိုသာ ဖြန့်လိုက်မည်ဆိုရင် သူသည် မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မည်။
"မင်းက အတိအကျ ဘယ်သူလဲ " လျှန်ဖန်သည် သူ့လက်ထဲမှ နတ်ဘုရားဓားကို အသုံးပြု ကာ သူ့ခန္ဓာကိုယ်ကို ထောက်ထားပြီး ဖြည်းညှင်းစွာ မတ်တတ်ထလိုက်သည်။ နတ်ဘုရား တန်ခိုးစွမ်းအား ပြန်လည်ကုစားမှုအောက်တွင် သူ့နတ်ခန္ဓာကိုယ်၏ ဆဲလ်များသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
လျှိုဖန်းဟွာသည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေကာ သူ့တကိုယ်လုံးကို ထိန်းထားရန် ရုန်းကန်နေရသော လျှန်ဖန်ကို ကြည့်နေ၏။
"မင်းမှာ ငါဘယ်သူလဲဆိုတာ သိဖို့ အရည်အချင်း မရှိဘူး။ မင်း မေးချင်ရင်, ငရဲဘုရင်ကို သွားမေးလိုက်တော့" လျှိုဖန်းဟွာက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူ့ရုပ်အသွင်သည် သူ့နေရာမှ ပျောက်ကွယ်သွားပြီး လျှန်ဖန်၏ရှေ့တွင် ပြန်လည်ပေါ်လာ သည်။ ထို့နောက် သူ့လက်ဖဝါးသည် လျှန်ဖန်၏ ကောင်းကင်ဝိညာဉ်အလွှာဆီသို့ အပြင်းအထန် ပုတ်လိုက်ရင်း သူ့လက်ဖဝါးတွင် အားကောင်းသည့် လေဟာနယ် စွမ်းအင် အတက်အကျလှိုင်းတစ်ခု ရှိနေခဲ့သည်။
အကယ်၍ ဤလက်ဖဝါးသာ ထိမှန်သွားပါက၊ လျှန်ဖန်သည် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားတစ်ပါး၏ အစွမ်းကို ပိုင်ဆိုင်ထားလျှင်ပင်၊ သူသည် ယုံမှားဖွယ်မရှိ သေဆုံးသွား လိမ့်မည်။
လျှန်ဖန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျက်လုံးများက နီမြန်းလာ သည်။ "မင်းက ငါ့ကို အတင်းကြပ် တွန်းအားပေးနေတာပဲ"
လျှန်ဖန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး၊ ပြင်းထန်သော ဓားဆန္ဒက သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။ ဓားစွမ်းအားသည် အမှန်တကယ်ပင် မမြင်နိုင်သော နတ်ဘုရားဓားအဖြစ် ပေါင်းစပ်သွားပြီး လျှိုဖန်းဟွာ၏ လက်ဖဝါးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
"ဘုန်း…”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လျှိုဖန်းဟွာ၏ လက်ဖဝါးသည် မမြင်နိုင်သော ဓားစွမ်းအားနှင့် ထိမှန်သွားရာ နေရာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ထို့နောက်တွင် ကြီးမားသော စွမ်းအားတစ်ခုက ချက်ချင်း ပေါက်ကွဲလာသည်။
လျှိုဖန်းဟွာ၏ ခန္ဓာကိုယ်သည် တွန်းထုတ်ခံလိုက်ရပြီး သူ့မျက်လုံးများတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။
"ဘိုးဘေးနတ်ဘုရားအဆင့် ဓားဆန္ဒတစ်ခု။ မင်းမှာ ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းတစ်ခု ရှိနေဖို့ ငါမမျှော်လင့်ထားဘူး။" လျှိုဖန်းဟွာက အံ့သြစွာ ပြောသည်။
ဤအခိုက်အတန့်တွင် လျှန်ဖန်သည် လုံးဝ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားပုံရ သည်။ အနက်ရောင်ဆံပင်များက သူ့နောက်တွင် ကခုန်နေပြီး လျှိုဖန်းဟွာကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးများက အဆုံးမဲ့ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက် နေသည်။
"နဂိုကတော့, ငါ ဘိုးဘေးနတ်ဘုရားပစ္စည်းကို အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမယ့် မင်းက အတင်းကြပ် လုပ်ခိုင်းခဲ့တယ်။ မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒီနေ့ မင်းတို့ အားလုံး သေရလိမ့်မယ်" လျှန်ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရားဓားက လုံးဝ ပုံစံပြောင်းသွားသည်။ ရွှေရောင် သတ္တုပါးကဲ့သို့ ထူးဆန်းသော သတ္တုကြိုးများက ရေစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရားဓားပေါ်၌ သွန်းလောင်းချသည်။ ဤထူးဆန်းသော သတ္တု၏ပံ့ပိုးမှုဖြင့်၊ ထိပ်တန်းအဆင့် နတ်ဘုရားဓားသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ် တန်ခိုးတော်ကို ထုတ်လွှတ်သည်။
"ဟမ့်၊ အဲဒါက ဘိုးဘေးနတ်ဘုရားပစ္စည်း အစစ်အမှန်ဆိုရင်၊ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်မပါဘဲ မင်း အသုံးပြုဖို့က မဖြစ်နိုင်ဘူး။ တကယ်လို့, ငါခန့်မှန်းတာ မမှားရင်၊ အဲဒါက ဘိုးဘေး နတ်ဘုရားပစ္စည်းအတု ဖြစ်သင့်တယ်။ ဟုတ်တယ်မဟုတ်လား။ အဲဒါကို ဖန်တီးဖို့အတွက် တကယ်ကို ငွေကြေးအမြောက်အမြား ကုန်ဆုံးလိမ့်မယ်။ ဘိုးဘေး နတ်ဘုရားပစ္စည်းအတုတစ်ခုကို ဖန်တီးဖို့အတွက် တကယ်ကို ဒီလောက်များပြားတဲ့ တန်ဖိုးကို အသုံးပြုခဲ့တယ်။ မင်းနောက်မှာရှိတဲ့ ဘိုးဘေးနတ်ဘုရားက မင်းအပေါ် တကယ် ချစ်မြတ်နိုးပုံပဲ။” လျှိုဖန်းဟွာက တခစ်ခစ် ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက မထီမဲ့မြင် ပြုမူများဖြင့် ပြည့်နှက်နေတုန်းပင်။
လျှိုဖန်းဟွာ၏ အမူအရာက လျှန်ဖန်၏မျက်လုံးများထဲသို့ ဝင်ရောက်သွားပြီး သူ့ကို ပို၍ပင် ဒေါသထွက်စေသည်။ သူသည် သူ့ဝှက်ဖဲကို အသုံးပြုထားပြီး ဖြစ်သော်လည်း အခြား တဖက်လူက ဤမျှလောက် မထီမဲ့မြင်ပြုလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ငါ မင်းကို သေစေချင်တယ်!" လျှန်ဖန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲ က နတ်ဘုရားဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်ပါသည်။
ဤဓား၏တန်ခိုးစွမ်းအားသည် ကြီးမားလှသည်။ ကောင်းကင်ဘုံက မြေကြီးကို ဖွင့်လိုက်သည့်အလား မြေကြီးပေါ်၌ တုနှိုင်းမရအောင် ကြီးမားသည့် အက်ကွဲကြောင်းကြီး ကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။ ဤကြီးမားသော အက်ကွဲကြောင်းကြီးသည် အဆက်မပြတ် ပျံ့နှံ့နေဆဲဖြစ်ပြီး လျှိုဖန်းဟွာ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ဖြတ်သွား လေရာ၊ ၎င်းဖြတ်သန်းသွားသည့်နေရာတစ်လျှောက် ကြီးမားသော ချောက်နက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
အနီးပတ်ဝန်းကျင်မှလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက အေးစက် သည့်လေကို ရှုရှိုက်လိုက်ကြသည်။ အကယ်၍, ဤအတိုင်းသာ ဆက်တိုက်နေမည်ဆိုလျှင်, လွင့်မျောနှင်းမြို့တော်တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မည်။ တစ်ချိန်တည်းမှာပင်၊ လျှိုဖန်းဟွာသည် ဤကြောက်မက်ဖွယ်ကောင်းသော ထိုဓားချက်ကို တားဆီးနိုင်စွမ်း ရှိမရှိဟု သူတို့လည်း သိချင်နေကြသည်။
လျှိုဖန်းဟွာသည် လျင်မြန်စွာ နီးကပ်လာသော ဓားအလင်းကို မြင်သောအခါ သူ့မျက်နှာ ပေါ်ရှိ အပြုံးက တဖြည်းဖြည်း လျော့ပါးလာပြီး သူ့အမူအရာမှာ လေးနက်လာသည်။
လျှန်ဖန်သည် သူ့ပြိုင်ဘက်ဖြစ်သည်ဟု သူ မထင်ထားသော်လည်း၊ ဘိုးဘေးနတ်ဘုရား ပစ္စည်းအတုသည် ဘိုးဘေးနတ်ဘုရားပစ္စည်းနှင့် ဆက်နွှယ်နေဆဲ ဖြစ်သည်။ ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် ၎င်းကို အလေးအနက်ထားရ မည် ဖြစ်သည်။
ဘန်း…။
သူ့ခန္ဓာကိုယ်မှ လေဟာနယ်စွမ်းအင် အများအပြား ထွက်ပေါ်လာပြီးနောက် ထိုလေဟာနယ် စွမ်းအင်သည် သူ့ရှေ့တွင် ကြီးမားသော လေဟာနယ်ဒိုင်းတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။
လေဟာနယ်ဒိုင်းသည် အလွန်ထူထပ်သည်။ အနှိုင်းမဲ့ ထူထဲသိပ်သည်းသည့် စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။ ထွင်းဖောက်မြင်နိုင်သည့် သိမ်မွေ့ နက်နဲလှသော အလင်းရောင်သည် ကျော်လွှားရန်ခက်ခဲ့သည့် ခံစားချက်ကို ပေးစွမ်းသည်။
"ဘုန်း…"
ဒိုင်းကို ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်း တန်းသည် ဒိုင်းအတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်သွားကာ မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာသည်။
ထို့နောက်တွင် မမြင်နိုင်သောဒိုင်းနှင့် ကြီးမားပြင်းထန်လှသော ဓားအလင်းတန်းတို့သည် ဆယ်စက္ကန့်နီးပါး ရှေးမတိုးသာ နောက်မဆုတ် သာအခြေအနေဖြင့် ရှိနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
"ဘုန်း…"
နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဒိုင်းသည် ပေါက်ကွဲသွားသည်။ ဤအခိုက်တွင် ဓားအလင်းသည်လည်း ကွဲအက်သွားကာ၊ ပြန့်ကျဲသွားသော ဓားစွမ်းအင် ကြောင့် မြေပြင်သည် အပေါက်များနှင့် ပိန်းပိတ်သွားလေသည်။
လျှန်ဖန်သည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် သူ၏ မျက်ခုံးများက တွန့်သွားသည်။ မီးခိုးတွေပြည့်နေသည့် ကောင်းကင်ကို လှမ်းကြည့်လိုက်ရင်း လျှိုဖန်းဟွာသည် ဤဓားချက်ကြောင့် ဒဏ်ရာရသွားပြီလားဆိုသည်ကို သူ တကယ် သိချင်နေခဲ့သည်။
"ဟမ့်၊ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုက အစွမ်းထက်ပေမယ့် မင်းရဲ့ ခွန်အားက အရမ်း အားနည်းနေသေးတယ်။ တကယ်လို့ မင်းသာ ဓားတာအိုရဲ့ကနဦးအဆင့်ကို တက်လှမ်း နိုင်ခဲ့ရင်, ငါ ဒီဓားချက်ကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းမှာ အခု အခွင့်အရေး မရှိတော့ဘူး။"
ထိုအချိန်တွင် လျှန်ဖန်၏နားမှ အေးစက်စက် နှာချေမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုအေးစက်စက် နှာခေါင်းရှုံ့သံသည် ကောင်းကင်ဘုံကိုးခုက မိုးကြိုးထက်ပင် ပို၍ကြောက်စရာ ကောင်းနေပြီး လျှန်ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းသွားစေ သည်။
လျှိုဖန်းဟွာသည် မည်သည့်အချိန်ကတည်းကမှန်းမသိ လျှန်ဖန်၏နောက်သို့ ရောက်ရှိ နေပြီဖြစ်သည်။ သူသည် ပြင်းထန်သော လေဟာနယ် နတ်ဘုရားတန်ခိုးစွမ်းအင် အတက် အကျလှိုင်းများပါရှိသော လက်ဖဝါးတစ်ဖက်ကို မြှောက်ထားပြီး ဖြစ်နေသည်။ သူ့လက်ဖဝါးကို ရိုက်ချလိုက်သည်နှင့် လျှန်ဖန်သည် ရွှံ့ဗွက်အိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားလိမ့်မည်။
"မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့အဖေက ဘိုးဘေးနတ်ဘုရားပဲ" လျှန်ဖန်က ကမန်းကတန်း အော်လိုက်သည်။ သူ့စိတ်ထဲမှ မာနသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းကြောင့် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သည်။