အခန်း ၁၅၉၀
Vol. 106 Ch. 1590
အခန်း (၁၅၉၀) လျှန်ဖန်နှင့် ထပ်မံတိုက်ခိုက်ခြင်း။
အားကောင်းပြင်းထန်သော အငွေ့အသက်နှစ်ခုသည် အချင်းချင်း အပြင်းအထန် တိုက်မိပြီး ကြောက်မက်ဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်ကာ ပတ်ဝန်းကျင်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဝေးမှာ မတ်တပ်ထရပ်လိုက်သော မာကျိသည် ဤကြောက်စရာကောင်းသော စွမ်းအင် မုန်တိုင်းကြောင့် ချက်ချင်းပင် လွင့်ပျံသွားခဲ့သည်။ တဖြည်းဖြည်း ပြန်လည်သက်သာလာ သော သူ့ဒဏ်ရာတွေက ချက်ချင်း ပိုဆိုးလာပြီး ပါးစပ်မှ သွေးချောင်းများ အဆက်မပြတ် ဆိုးနေသည်။
မာကျိသည် အနှိုင်းမဲ့ တုန်လှုပ်သွားသည်။ ဤလူနှစ်ယောက်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကပင် သူ့ကို ဒဏ်ရာရစေလောက်သည်။ အကယ်၍, သူတို့သာ သူ့ကို တကယ် တိုက်ခိုက်ချင်သည်ဆိုလျှင်, လက်တစ်ချောင်းတည်းဖြင့် သူ့ကို အသေသတ်ရန် လုံလောက်လိမ့်မည်။
ကောင်းကင်နတ်ဘုရားတစ်ပါးသည် ဤမျှလောက် အစွမ်းထက်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားခြင်းက အဆင်ပြေပါသေးသည်။ ထိတ်လန့်စရာ အကောင်းဆုံးမှာ သူနှင့် ကျင့်ကြံမှုတူညီရှိသည့် ဤလူငယ်သည် ထိုကဲ့သို့ ပြင်းထန်သော အငွေ့အသက်ကို အမှန်တကယ် ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းက သူ၏ ကမ္ဘာကြီးအပေါ် မြင်သည့်အမြင်သည် လုံးဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည်ဟု သူ ခံစားလိုက်ရသည်။
မာကျိ ထိတ်လန့်တုန်လှုပ်နေစဉ်မှာ, ချင်ယွင်သည် လျှန်ဖန်နှင့် ကောင်းကင်ယံတွင် တိုက်ခိုက်နေပြီ ဖြစ်သည်။
လျှန်ဖန်သည် ဤတစ်ကြိမ်တွင် သူ၏နတ်ဘုရားဓားကို အသုံးမပြုဘဲ, သူသည် သူ၏ ဓားသိုင်းပညာကိုသာ အသုံးပြုခဲ့သည်။ သူသည် သူ့လက်ချောင်းကို ဓားတစ်လက်အဖြစ် အသုံးပြုကာ ကမ္ဘာကြီးကို ထိုးညွှန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဓားအလင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ့လက်ထဲတွင်ရှိသောဓားသည် ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းရင်း ပေတစ်ထောင်ရှည့်သည့် စွမ်းအင်ဓားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်လည်း လုံးဝ မကြောက်ပေ။ သူသည် သူ့ခန္ဓာကိုယ်ထဲမှ သိုင်းတာအို အစစ်အမှန် အနှစ်သာရကို စတင်စုစည်းလိုက်ပါသည်။ အစစ်အမှန် အနှစ်သာရ ဉပဒေသ ကွင်းဆက် များသည် သူ့လက်ပေါ်တွင် တိုက်ရိုက် ပေါ်လာသည်။ ချက်ခြင်းပင်၊ သူ၏ လက်မောင်းအား ဉပဒေသကွင်းဆက်များဖြင့် ကောင်းချီးပေးထားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ချင်ယွင်သည် လက်သီးတစ်ချက် ထိုးလွှတ်လိုက်ပြီး ပေတစ်ထောင်စွမ်းအင်ဓားအလင်းနှင့် တိုက်ရိုက် ထိမိသွားသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေတစ်ထောင် စွမ်းအင်ဓားအလင်းသည် တိုက်ရိုက် ကွဲအက်သွားခဲ့သည်။
တခဏအတွင်း ကောင်းကင်ကြီးသည် မှေးမှိန်သွားကာ လေပြင်းများ တိုက်ခတ်လာသည်။ ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ ကျောက်တုံးများအားလုံးသည် အရပ်ရပ်မှ ထွက်ပေါ်နေသော ဓားစွမ်းအားကြောင့် ကွဲကြေသွားကြသည်။
အဝေးမှာရှိနေသည့် မာကျိတစ်ယောက်သာ အံ့အားသင့်နေသည်မဟုတ် အဝေးမှာ ပုန်းနေ သည့် ရှောင်ဘိုင်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပါသည်။
ဤတိုက်ပွဲမျိုးသည် သူတို့၏ ယခင်တိုက်ပွဲများထက် အဆပေါင်း ရာနှင့်ချီ၍, အဆပေါင်း ထောင်နှင့်ချီ၍ပင် ပိုမိုပြင်းထန်ပြီး နေရာတိုင်းတွင် ပြန့်ကျဲနေသော ဓားစွမ်းအင်များသည် သူတို့၏ အင်အားအပြည့် တိုက်ခိုက်ခြင်းထက်ပင် ပိုမိုအားကောင်းပါသည်။
"အစ်ကိုကြီးက ဒီလောက်သန်မာဖို့ ငါ မျှော်လင့်မထားဘူး။ ရှောင်ကျင်းနဲ့ငါက အစ်ကိုကြီး ကို လျှော့တွက်ထားတာပဲ။" ရှောင်ဘိုင်သည် ချင်ယွင်၏ ဝင့်ကြွားသော အမူအရာကို အဝေးမှ လှမ်းကြည့်ရင်း နှလုံးသားထဲတွင် သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
ထိုအချိန်တုန်းက၊ သူသည် ချင်ယွင်၏ခွန်အားကို ရှောင်ကျင်းနှင့်အတူ ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတွင်၊ သူနှင့် ရှောင်ကျင်းတို့သည် ချင်ယွင်၏ခွန်အားက မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အလယ်အဆင့်တွင် ရှိသင့်သည်ဟု သဘောတူခဲ့ကြသည်။ သို့သော်၊ ချင်ယွင်၏ ခွန်အားသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ရောက်နေပြီဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သူသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကိုပင် တွန်းလှန်နိုင် ခဲ့သည်။
ချင်ယွင်သည် နှစ်အနည်းငယ်အတွင်းမှာ ဤအဆင့်အထိ ကြီးပြင်းလာခဲ့သည်။ ထိပ်တန်း အဆင့် နတ်သားရဲများဖြစ်သည့် သူတို့ပင် ဤမျှ အစွမ်းထက်မထက်ကြပေ။ သူသည် သူ့နှလုံးသားထဲတွင် ရှက်ရွှံ့ခြင်းကို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။ ဟုတ်ပါသည်၊ သူ ရှက်ရွံ့နေချိန်မှာ, ချင်ယွင်အတွက် သူသည် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့ပါသည်။
အကယ်၍, ဖန်ယွမ်ရှန်သာ အသက်ရှင်နေဦးမည်ဆိုလျှင် ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းရည်ကြောင့် တုန်လှုပ်သွားမည် ဖြစ်သည်။
"ဘုန်း..."
ထိုအချိန်တွင် ချင်ယွင်သည် လျှန်ဖန်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူ့လက်သီးများသည် နဂါးများကဲ့သို့ဖြစ်ပြီး၊ သူ၏လက်သီးချက်များ၏ လေတိုးသံများက မိုးကြိုးနတ်ဘုရားတစ်ပါး ဟိန်းဟောက်နေသကဲ့သို့ပင်။ လျှန်ဖန်၏ လက်ချောင်းများသည် ဆက်တိုက် တုန်ခါသွားပြီး ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။
လျှန်ဖန်၏ဓားစွမ်းအားသည် ချင်ယွင်၏ လက်သီးချက်ကြောင့် ပြိုကွဲသွားသည်။ အချိန်အတော်ကြာသည်အထိ လျှန်ဖန်၏ဓားစွမ်းအားသည် ချင်ယွင်ကို ဘာမှ မလုပ်နိုင်ခဲ့ ပေ။
'"ဉပဒေသကွင်းဆက်တွေ။ စိတ်ဝင်စားစရာပဲ။ ကြယ်နတ်ဘုရားအဆင့်မှာတင် စစ်မှန်တဲ့ အဓိပ္ပါယ်ရဲ့ ကနဦးအဆင့်ကို နားလည်နိုင်တယ်။ ဒါက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။ ဆရာကြီးတောင်မှ လေဟာနယ်ဘိုးဘေးနတ်ဘုရားရဲ့ အမျက်ဒေါသကို ခံယူပြီး သူ့ကို သတ်ပစ်ချင်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီလိုပါရမီရှင်မျိုးကို အသက်ရှင်ခွင့် ပေးထားက တကယ့်ကို အနာဂတ် အန္တရာယ်ကြီးပဲ။" ကောင်းကင်ယံတွင် ရှိနေသည့် ယွမ်ဟန်သည် လျှန်ဖန်ကို အဆက်မပြတ် တိုက်ခိုက်နေသော ချင်ယွင်ကို ကြည့်ကာ သူ့မျက်လုံးများက အနှိုင်းမဲ့ လင်းလက်တောက်ပနေသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
အထူးသဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော ဉပဒေသကွင်းဆက်များကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများက အနှိုင်းမဲ့ ပြင်းထန်သော သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက်လာခဲ့သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှာပင်, ရှေးခေတ်ပုဂ္ဂိုလ်များမဟုတ်ပါက ဉပဒေသကွင်းဆက်များကို အသုံးချနိုင်စွမ်း မရှိကြပေ။ နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှာ ဉပဒေသကွင်းဆက်များကို နားလည်နိုင်သူများသည် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။ အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်မှာ ဉပဒေသ ကွင်းဆက်ကို နားလည်နိုင်သူများကိုတော့ မွန်းစတားများအဖြစ်သာ ဖော်ပြနိုင်တော့ သည်။ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ဉပဒေသကွင်းဆက်များကို နားလည်သူများသည် နတ်ဘုရားကမ္ဘာ၏ သမိုင်းတစ်လျှောက်လုံးမှာပင် ဖီးနစ်အမွေးများ နှင့် စိန်များကဲ့သို့ ရှားပါးလှပါသည်။
ချင်ယွင်ကဲ့သို့ ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်ဖြင့် ဉပဒေသကွင်းဆက်ကို နားလည်နိုင်သည့် လူမျိုးသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာပင် ထူးခြားသော တည်ရှိမှု တစ်ခု ဖြစ်သည်။ ထို့ကြောင့် လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်ကို တရားဝင် တပည့်အဖြစ် လက်ခံလိုခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ချင်ယွင်၏ အကြိမ်ကြိမ် ငြင်းဆိုခြင်းကို လုံးဝ ဒေါသမထွက်ခြင်းဖြစ်သည်။
ချင်ယွင်၏ အရည်အချင်းက အလွန် ကြောက်စရာကောင်းလွန်းသည်။ သူသည် ယခုအချိန် တွင် နတ်ဘုရားကမ္ဘာမှဦ နာမည်ကြီးသူ မဟုတ်သေးသော်လည်း တစ်နေ့တွင် သူ၏ ဂုဏ်သတင်းသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့သွားမည် ဖြစ်သည်။
ထို့ကြောင့်၊ ချင်ယွင်၏လက်ရှိ စွမ်းရည်သည် ယွမ်ဟန်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို လုံးလုံးလျားလျား လှုံ့ဆော်ပေးနိုင်ခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် နောင်တရနေခဲ့သည်။ ချင်ယွင်ကို သူကိုယ်တိုင် တိုက်ခိုက်ရသည်အထိ ချင်ယွင်က တောင့်ခံထားနိုင်မည်ဟု သူမထင်ခဲ့ပေ။
ချင်ယွင်၏ လက်ရှိခွန်အားသည် လျှန်ဖန်နှင့် များစွာကွာခြားပုံ မပေါ်သော်လည်း သူ့ဂျူနီယာ ညီငယ်သည် သူ့စွမ်းအားကို အမှန်တကယ်ပင် ထုတ်ဖော်ခြင်း မရှိသေး ကြောင်း သူ သိသည်။ သူ့စွမ်းအား ထုတ်ဖော်လိုက်သည်နှင့် သူ့ရှေ့မှ ဤချင်ယွင်သည် ကျိန်းသေပေါက် ရှုံးနိမ့်သွားလိမ့်မည်။ ထို့ကြောင့်၊ ဤတိုက်ပွဲတွင် သူ့အတွက် လှုပ်ရှားစရာ မလိုတော့ဟု ခံစားရသည်။
"ဘုန်း..."
ဟုတ်ပါသည်, ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်နှင့် တစ်ချိန်တည်းမှာပင် လျှန်ဖန်၏ လက်ထဲမှ ဓားအလင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး ချင်ယွင်၏ရင်ဘတ်ဆီသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ချင်ယွင်၏ရင်ဘတ်ကို အတင်းထိုးဖောက်ပြီး ချင်ယွင်ကို လွင့်ပျံ သွားစေခဲ့သည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးသွားခဲ့သည်။
ထိုဓားချက်၌ပါဝင်သော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။ သာမန် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
'"ဟား ဟား၊ မင်းက မင်းရဲ့ခွန်အားကြောင့် အခုထိ မင်းငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေသေးတာလား။ အမှန်အတိုင်းပြောရရင်, အခုနက ငါ မင်းကို လှည့်စားနေတာ။ ငါ နည်းနည်းလေး အလေးနက်ထားလိုက်ရင် မင်း ရှုံးသွားမှာပဲ။ နောက်ဆုံး, မင်းရဲ့ခွန်အားက အရမ်းကို အားနည်းနေသေးတယ်" လျှန်ဖန်သည် သူ့ကြောင့် မြေပြင်ပေါ်သို့ ပစ်ချခံထား ရသော ချင်ယွင်ကို ကြည့်ကာ သူ့မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
အစကတည်းက သူသည် ချင်ယွင်နှင့် ကစားနေခဲ့သည်။ သူ ကစားလို့ ပင်ပန်းသွားသည့် အခါ ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာပေးနိုင်ရန် သူ၏ စစ်မှန်သည့် စွမ်းအားကို အနည်းငယ် အသုံးပြုခဲ့ပါသည်။
"အခု မင်းကို အနောက်ဘက် ကောင်းကင်ဘုံကို ပို့ပေးတော့မယ်" ထိုသို့ပြောပြီးသည်နှင့် ပင်လယ်ကဲ့သို့ ကျယ်ဝန်းသော ဓားရှည်ကြီးတစ်စင်းကို ထုတ်လွှတ်လိုက်ရင်း လျှန်ဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပါသည်။ ထို့နောက်တွင် နတ်ဘုရားတန်ခိုးလျှပ်စီး စွမ်းအားမှ ဖြစ်ပေါ်လာသော နတ်ဘုရားဓားတစ်စင်းက သူ့ခေါင်းထက်တွင် ပေါ်လာသည်။
ဤနတ်ဘုရားဓားမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများသည် ဤနတ်ဘုရား ဓား ဆင်းသက်ပြီးသည်နှင့် တစ်ကမ္ဘာလုံး ပျက်စီးသွားမည့်အလား လူတိုင်းအား နှလုံးခုန် စေသည်။
"သွား"
လျှန်ဖန်၏ နူးညံ့သော အော်သံ ထွက်ပေါ်လာပြီးနောက်၊ သူ့ခေါင်းထက်တွင် လွင့်မျောနေ သော နတ်ဘုရားဓားသည် ချင်ယွင်၏အပေါ်သို့ လျင်မြန်စွာ ဖိနှိပ်လာရင်း ကြောက်မက် ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်လာသည်။
ချင်ယွင်သည် ကောင်းကင်မှ နတ်ဘုရားဓားကို ခါးသီးသော အပြုံးဖြင့် ကြည့်နေသည်။
"ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်က အရမ်းကြီးနေပါသေးလား။ ဒါဆိုလည်း ငါ ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့" ချင်ယွင်က သူ့ကိုယ်သူ တိတ်တိတ်လေး ရေရွတ်လိုက် သည်။ တစ်ချိန်တည်းမှာပင် သူ့အကြည့်များက သိသိသာသာ စူးရှလာသည်။
ဘန်း…။
ချင်ယွင်သည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ညာဖက်လက်ဖဝါးပေါ်တွင် ဒေါင်လိုက်မျက်လုံးတစ်ခု ရုတ်တရက် ပွင့်လာပြီး အနှိုင်းမဲ့ ထူးခြားစွာ လင်းလက် တောက်ပနေပါသည်။
ထို့နောက်တွင်၊ မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချင်ယွင်ကို ဗဟိုပြုပြီး လှိုင်းလုံးပုံစံဖြင့် လွင့်စင်သွားတော့သည်။
ဧရာမဓားကြီးသည် ကောင်းကင်မှ ဆင်းသက်လာသောအခါ၊ ၎င်းသည် ရွှံ့ညွှန်ဗွက်အိုင်ထဲ သို့ ရောက်ကျသွားသလိုပင်။ ၎င်း၏အရှိန်ဟုန်သည် လျင်မြန်စွာ နှေးကွေးလာခဲ့သည်။ အဆုံးတွင်၊ နတ်ဘုရားဓားတစ်စင်းလုံးသည် ချင်ယွင်၏မျက်ခုံးမှ တစ်မီတာအကွာတွင် ရပ်သွားခဲ့သည်။ တစ်လက်မလောက်ပင် ရှေ့တိုးရန် အခွင့်အလမ်း မရှိတော့ပေ။
စာစဉ် (၁၀၆) ပြီးပါပြီ။
ဘာသာပြန်သူနေဇင်။