အခန်း ၁၆၃၅
Vol. 109 Ch. 1635
အခန်း (၁၆၃၅) လွှမ်းမိုးကြီးစိုးလွန်းသော ပင်လယ်နတ်ဆိုးဘုရင်။
သူ့ရှေ့မှ ဖန်လုံမှတ်စုစာအုပ်သည် အမှန်တကယ် အတုဖြစ်နေသည်။ ယင်းက ပင်လယ် နတ်ဆိုးဘုရင်သည် အခြားသူများ၏ ရတနာများကို လိမ်ညှာလှည့်ဖြားရန်အတွက် ဖန်လုံ မှတ်စုစာအုပ်အတုကို အသုံးပြုလိုသည်ဟု ဆိုလိုရာမရောက်ပေဘူးလား။
ထိုအခိုက်တန့်တွင် လူတိုင်း၏အကြည့်များသည် ပင်လယ်နတ်ဆိုးဘုရင်ကို စိုက်ကြည့် နေကြပြီး၊ ပင်လယ်နတ်ဆိုးဘုရင်၏အမူအရာက လုံးဝ အုံ့မှိုင်းလာခဲ့သည်။ သူသည် ခန်းမအ၀င်ဝကို စိုက်ကြည့်နေရင်း, သူ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
"ဟမ့်၊ ငါရဲ့ပင်လယ်နတ်ဆိုးနန်းတော်မှာ ပြဿနာလာရှာရအောင် ဘယ်သူက ဒီလောက် အတင့်ရဲနေတာလဲ" ပင်လယ်နတ်ဆိုးဘုရင်က ခက်ထန်စွာ အော်ဟစ်လိုက်ပြီး သူ့အသံမှာ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားနှင့် ရောထွေးနေသည်။ ရောက်ရှိနေကြသည့် နတ်ဘုရားများစွာတို့သည် ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ အားလုံးသည် ကြောက်လန့် သည့် အမူအရာများကို ဖော်ပြလာကြသည်။
ပင်လယ်နတ်ဆိုးဘုရင်၏တန်ခိုးစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေ မည်။ ဤကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။
"ဟား….၊ ဟား…၊
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာ သည်။ ထို့နောက် ထွားကျိုင်းသော အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ သူသည် အနီရောင် ၀တ်စုံကို ၀တ်ထားကာ အနှိုင်းမဲ့ သွေးစွန်းနေသော အငွေ့အသက်ကို ထုတ်လွှတ်လိုက် သည်။
ချင်ယွင်သည် ထိုလူကိုမြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူ၏ ကျင့်ကြံမူသည် ပင်လယ်နတ်ဆိုးဘုရင်၏ အောက်မှာ မဟုတ်ဟု သူ ခံစားလိုက်ရသည်။ အရေးအကြီးဆုံးကတော့၊ ထိုလူ၏ခန္ဓာကိုယ်ပေါ်မှာ တုနှိုင်းမရအောင် အစွမ်းထက်သည့် သတ်ဖြတ်ချင်စိတ်တွေ ရှိနေခဲ့သည်။ ထိုသတ်ဖြတ်လိုစိတ်သည် ချင်ယွင် မြင်ဖူးသမျှထဲ တွင် အသိပ်သည်းဆုံး ဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသော ဆန္ဒကို အကောင်အထည်ဖော်ရန် လူပေါင်း မည်မျှ သတ်ဖြတ်ခံရမည်ကို သူ တွေးဆ၍ မရပေ။
"ရွှဲ့ခိုင်, ဒါဆို မင်းပေါ့။ မင်း ဒီမှာ ပေါ်လာဖို့ သတ္တိရှိသေးတယ်နော်" ပင်လယ်နတ်ဆိုး ဘုရင်သည် ထိုလူကိုတွေ့လျှင် ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။ သူ့မျက်လုံး ထောင့်စွန်းရှိ သွေးပြန်ကြောများက ချက်ခြင်း ပေါက်ကွဲထွက်ကာ သူ့မျက်လုံးများတွင် သတ်ပစ်လိုစိတ်က ချက်ချင်းပင် မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားသည်။
ပင်လယ်နတ်ဆိုးဘုရင်နှင့် ရွှဲ့ခိုင်တို့ကြားတွင် နက်ရှိုင်းသော မုန်းတီးမှုများ ရှိနေသည်မှာ ထင်ရှားသည်။
သို့သော်၊ ရွှဲ့ခိုင်ဟုခေါ်သော လူထွားကြီးသည် ပင်လယ်နတ်ဆိုးဘုရင်၏ ပြင်းထန်သော အကြည့်ကို လုံးဝ ဂရုမစိုက်ပေ။ သူက သက်သောင့်သက်သာ ပြောလိုက်သည် "မင်းရဲ့ သားရဲတွင်းထဲကို ငါလာဝံ့မှတော့, သဘာဝအတိုင်း မင်းကို ငါ မကြောက်လို့ပေါ့။ အခု ငါ့ရဲ့ခွန်အားက မင်းနဲ့ထူးမခြားနားတော့ဘူး။ မင်း တိုက်ခိုက်ရင်တောင် မင်း ငါ့ကို ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါကြောင့်, မင်းရဲ့ဒေါသကို မင်းနှလုံးသားထဲမှာပဲ မြုပ်နှံထားဖို့ ငါ အကြံပေးလိုက်မယ်။"
“မင်းက သေချင်နေတာပဲ” ပင်လယ်နတ်ဆိုးဘုရင်သည် ထိုစကားကိုကြားတော့ ပို၍ပင် ဒေါသဖြစ်သွားခဲ့သည်။
ထိုစကားကို ပြောပြီးနောက် သူ့လက်ဖဝါးမှ ပြင်းထန်သော လျှပ်စီးအလုံးတစ်ခုက ထွက်ပေါ်လာပြီး သူ့ရှေ့မှ လူထွားကြီးကို တိုက်ခိုက်တော့မည် ဖြစ်သည်။
"ပင်လယ်နတ်ဆိုးဘုရင်၊ အလောတကြီး လှုပ်ရှားစရာမလိုပါဘူး။ ဒီတစ်ကြိမ် မင်းက နတ်ဘုရားနန်းတော်ကြီးခုနစ်ခုကို မင်းရဲ့နေရာလာဖို့ လှည့်စားခေါ်ခဲ့တယ်။ မင်းက နတ်ဘုရားနန်းတော် ခုနစ်လုံးရဲ့ ရတနာတွေကို လှည့်စားပြီး ယူချင်နေတာ မဟုတ်ဘူး လား။ ဒါပေမယ့် မင်းရဲ့ စားချင်စိတ်က အရမ်းကြီးနေတယ်။ မင်း စားနိုင်စွမ်းရှိမရှိ ငါ မသိသေးဘူး" ရွှဲ့ခိုင်က ဆက်၍ လှောင်ပြောင်သည်။
"ဘာ…"
ထိုစကားကိုကြားတော့ ခန်းမထဲက လူတိုင်း အံ့ဩသွားကြသည်။ လူတိုင်း အံ့အားသင့်နေ သည့် အမူအရာတွေကို ထုတ်ဖော်ကြပါသည်။ အုပ်စိုးရှင်ကောင်းကင် နန်းတော်နှင့် ဒွမ်ဟောင်ချန်တို့ပင်လျှင် အံ့အားသင့်သည့် အမူအရာကိုယ်စီကို ဖော်ပြလာခဲ့သည်။
အကယ်၍ ရုတ်တရက် ထွက်ပေါ်လာသည့်လူ ပြောသည့်အတိုင်းသာ အမှန်တကယ် ဖြစ်နေခဲ့ပါက ပင်လယ်နတ်ဆိုးဘုရင်၏ အကြံအစည်သည် ရဲရင့်လွန်းလှသည်။ နတ်ဘုရား နန်းတော်ကြီးခုနစ်ခု၏ ရတနာအားလုံးကို တစ်ချက်တည်း မျိုချခြင်းသည် ကောင်းကင်ဘုံ ကို အံတုနေသည့် အကြံစည်တစ်ခုဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ပင်လယ်နတ်ဆိုးဘုရင်သည် ဖန်လုံမှတ်စုကို အဘယ်ကြောင့် ထုတ်ပေးရန် ဆန္ဒရှိနေသနည်းဟု အမြဲ တွေးနေခဲ့သည်။ ယခုဆိုလျှင် ဤဖန်လုံမှတ်တမ်းသည် ငါးစာတစ်ခုမျှသာ ဖြစ်ပုံရသည်။ သူသည် ဤအရာကို အခွင့်ကောင်းယူ၍ နတ်ဘုရားနန်းတော်ကြီး ခုနစ်ခု၏ ရတနာအားလုံးကို ဝါးမျိုးချင်နေ သည်။
"ဟား…၊ ဟား…၊ ငါက ငါ့ရည်ရွယ်ချက်ကို ဒီလောက် မြန်မြန်ဆန်ဆန်ကြီး မထုတ်ဖော် ချင်ခဲ့ဘူး။ ဒီလိုဆိုတော့ ဖုံးကွယ်စရာ မလိုတော့ဘူးပေါ့။ မှန်တယ်၊ ငါက နတ်ဘုရား နန်းတော်ကြီး ခုနစ်ခုရဲ့ ရတနာတွေကို ဝါးမျိုချင်နေတာ။ နတ်ဘုရားနန်းတော်ကြီး ခုနစ်ခု က လက်ရှိရတနာတွေကို ပေးအပ်တာနဲ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင် လိမ့်မယ်။ မဟုတ်ရင် ဒီနေ့ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။" ပင်လယ်နတ်ဆိုးဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ့မျက်နှာမှာလည်း အနှိုင်းမဲ့ မောက်မာသည့် အမူအရာ ပေါ်လာသည်။
ရွှဲ့ခိုင်က သူ့မျက်နှာဖုံးကို ထုတ်ဖော်ပြီးသားဆိုမှတော့, သူအနေဖြင့် နောက်ထပ် ဖုံးကွယ် ထားစရာ ဘာမှ မရှိတော့ပါဘူး။ သူ့အစွယ်တွေ တိုက်ရိုက် ဖော်ပြလိုက်သည်။
ရွှဲ့ခိုင်သည် ထိုးစကားကြားတော့ သူက ပီပြင်စွာ ပြုံးလိုက်သည်။
"ဟမ့်, မင်း အလွန်သန်မာနေရင်ရော ဘာဖြစ်လဲ။ မင်းကို ငါတို့အားလုံးက တစ်ချက်တည်း ဖမ်းဆီးနိုင်တုန်းပဲ" နတ်ဘုရားနန်းတော်ကြီးခုနစ်ခုမှ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက မကျေနပ်သည့်အသံဖြင့် ဟစ်အော်လိုက် သည်။
ပင်လယ်နတ်ဆိုးဘုရင်၏ အမူအရာက ပြောင်းသွားခဲ့ပြီး သူ့လက်ဖဝါးကို ဆန့်ထုတ်ကာ ချက်ခြင်း ရိုက်ချလိုက်သည်။ ချက်ခြင်းပင်၊ နတ်ဘုရားအလင်းတန်းတစ်ခုက ပျံထွက်လာ ပြီး ထိုကောင်းကင်နတ်ဘုရားနယ်ပယ် အထွက်အထိပ် ကျွမ်းကျင်သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင် ပညာရှင်သည် ချက်ခြင်း အသတ်ခံခဲ့ရသည်။ သူ့တစ်ကိုယ်လုံးမှာ အသားစများအဖြစ် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်တော့ အေးစက်စက် လေကို ရှုရှိုက်ပြီး စကားပြန် မပြောရဲတော့ဘဲ အားလုံး ငြိမ်ကျသွားကြသည်။
အုပ်စိုးရှင်ကောင်းကင်နန်းတော်၏ နန်းတော်သခင်နှင့် နတ်ဆိုးကောင်းကင်နန်းတော်၏ နန်းတော်သခင်တို့တောင် မျက်မှောင်ကြုတ်သွားကြပါသည်။ ပင်လယ်နတ်ဆိုးဘုရင်၏ အစွမ်းကြောင့် သူတို့လည်း အနည်းငယ် ထိတ်လန့်သွားသည်မှာ ထင်ရှားပါသည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကို တစ်ချက် လှုပ်ရှားရုံဖြင့် သတ်ဖြတ်နိုင်ခြင်းသည် အလွန်မင်း ကြောက်စရာကောင်းသည်။
"ဟမ့်၊ မယုံတဲ့လူ ရှိသေးလား။ မင်းတို့ မယုံရင် အသံကျယ်ကျယ်နဲ့ ပြောလိုက်စမ်း။ ငါ့ရဲ့ ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီးဝင်္ကပါရဲ့စွမ်းအားကို ငါ မြည်းစမ်းခွင့်ပေးမယ်။" ပင်လယ်နတ်ဆိုးဘုရင်က ရယ်မောလိုက်သည်။
"ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီးဝင်္ကပါလား။ သူက တကယ်ပဲ ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးဝင်္ကပါကို ဆုပ်ကိုင်ထားတာလား။" အားလုံး ထိုစကားကို ကြားသော အခါတွင် သူတို့၏ မျက်နှာများသည် အလွန်မင်း ရှက်ရွံ့သွားကြသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ခွန်အားသည် အလွန်အားကောင်းနေပြီ ဖြစ်သည်။ ယခု သူ့တွင် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး ဝင်္ကပါရှိနေသည်။ ဤအရာက ကျားတစ်ကောင်ကို အတောင်ပံတပ်ပေးလိုက်ခြင်း မဟုတ်ပေဘူးလား။ အခြားမည်သူကရော သူ့ပြိုင်ဘက် ဖြစ်နိုင်တော့မည်နည်း။
စောစောက ကျိန်ဆဲခဲ့သော ရွှဲ့ခိုင်ပင်လျှင် မျက်မှောင်ကြုတ်သွားသည်။ ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီးဝင်္ကပါကို ပိုင်ဆိုင်ထားသည့် ပင်လယ်နတ်ဆိုးဘုရင်သည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ မူလက ဤအခွင့်ကောင်းဟု သူ ထင်ခဲ့သော်လည်း၊ ပင်လယ်နတ်ဆိုးဘုရင်သည် သူ့လက်ထဲတွင် ဤမျှအားကောင်းသော အစီအရင်ဝင်္ကပါကို ဆုပ်ကိုင်ထားမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။
"ဒါက တကယ့် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး ဝင်္ကပါတစ်ခုပဲ” ပင်လယ်နတ်ဆိုး ဘုရင်ကို သတ်ဖြတ်ဖို့က ပိုခက်ခဲမယ့်ပုံပဲ" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက် သည်။
ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး ဝင်္ကပါသည် အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဘုရား လျှပ်စီး အစီအရင်ဝင်္ကပါတစ်ခု ဖြစ်သည်။ ဤအစီအရင်ဝင်္ကပါသည် သာမန် နတ်ဘုရား လျှပ်စီးကို ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီးဝင်္ကပါအတွင်းမှ ကျင့်ကြံသူ ပိုင်ဆိုင်နိုင် အောင် တိုက်ရိုက် ပြောင်းလဲပေးနိုင်ပြီး၊ အစီအရင်ဝင်္ကပါထိန်းချုပ်သူအား ပိုမိုကြီးမားသော တိုက်ခိုက်ရေး စွမ်းအားကို ပြဖော်ပြသနိုင်စေသည်။
ဤပင်လယ်နတ်ဆိုးဘုရင်သည် မူလကတည်းက လျှပ်စီးစွမ်းရည်ပိုင်ဆိုင်သည့် နတ်ဆိုး သားရဲတစ်ကောင် ဖြစ်သည်။ ယခု ဖရိုဖရဲနတ်ဘုရားလျှပ်စီးဝင်္ကပါ၏ ပံ့ပိုးမှုဖြင့် သူ၏ ခွန်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာခဲ့သည်။ ထို့အတွက်ကြောင့်လည်း သူသည် နတ်ဘုရားနန်းတော်ကြီး ခုနှစ်ခု၏ ရတနာများကို လုယူရန်အတွက် ယုံကြည့်မူ ရရှိလာခြင်းဖြစ်သည်။
"ဘုန်း…"
ပင်လယ်နတ်ဆိုးဘုရင်သည် လူတိုင်း၏မျက်နှာပေါ်မှ အကြောက်တရားကို မြင်သောအခါ ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူက သူ့ဝတ်စုံလက်မောင်းကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး ကြောက်စရာကောင်းသည့် ဖရိုဖရဲနတ်ဘုရားလျှပ်စီးကြောင်းတစ်ခု ထပ်မံ ထွက်ပေါ်လာ ပြန်သည်။ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သနားစဖွယ်အော်သံကို မထုတ်ဖော်နိုင်ခင် သေဆုံးသွားခဲ့ပြန်သည်။
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ပင်လယ်နတ်ဆိုးဘုရင်က သူတို့ကို လျှပ်စီးဖြင့် ပစ်သတ်ပစ်မှာကို လူတိုင်းက ကြောက်ရွှံ့သွားကြပြီး စကားမပြောဝံ့ကြတောပါ ဘူး။
"ကျွန်ုပ်တို့ ကောင်းကင်ဘုံအမှတ်နန်းတော်က အရှင်ပင်လယ်နတ်ဆိုးဘုရင်ထံ ရတနာကို အပ်နှံဖို့ တင်ပြလိုပါတယ်" ဤအခိုက်အတန့်တွင် ယခင်က သူ့ရတနာဖြင့် ကမ်းလှမ်းခဲ့ဖူး သော ကောင်းကင်ဘုံအမှတ်နန်းတော်မှ အဖိုးအိုသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်သည်။
ဤစကားများ ပြောပြီးသည်နှင့်၊ အင်အားစုအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပင်လယ်နတ်ဆိုးဘုရင်အား ဆက်သရန် ၎င်းတို့၏ရတနာများကို ကိုယ်စီ ထုတ်လာကြ သည်။
"ဟား…၊ ဟား…၊ ကောင်းတယ်၊ မင်းတို့ရတနာတွေ ငါ့ကို ပေးလာမှတော့ ငါ မင်းတို့ကို မသတ်ဘူး။" ပင်လယ်နတ်ဆိုးဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ သူ၏နတ်ဘုရားတန်ခိုးစွမ်းအားက ရတနာများ ကို လှိမ့်ယူသွားကာ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။
တခဏတာတောအတွင်း နတ်ဘုရားနန်းတော်ကြီး ခုနစ်ခုတွင် အုပ်စိုးရှင် ကောင်းကင် နန်းတော်နှင့် နတ်ဆိုးကောင်းကင်နန်းတော်တို့အပ အားလုံး လက်အောက်ခံသွားကြ သည်။ အခြားသော စွမ်းအားများ အားလုံးလည်း ခေါင်းငုံ့ရန် ရွေးချယ်ခဲ့ကြသည်။
အုပ်စိုးရှင် ကောင်းကင်နန်းတော်၏ နန်းတော်သခင်နှင့် နတ်ဆိုးကောင်းကင်နန်းတော်၏ နန်းတော်သခင်တို့သည် အကြည့်ချင်း ဖလှယ်ကြကာ သူတို့မျက်လုံးတွေဟာ တုံ့ဆိုင်းမှု အပြည့်နှင့်ပင်။ ထင်ရှားသည်မှာ၊ သူတို့သည် ပင်လယ်နတ်ဆိုးဘုရင်အား ယခုလို ပုံစံမျိုးဖြင့် သူတို့၏ရတနာများကို မပေးလိုသည်မှာ သိသာပါသည်။
စာစဉ် (၁၀၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။