အခန်း ၁၆၄၅
Vol. 110 Ch. 1645
အခန်း (၁၆၄၅) နတ်ဆိုးနတ်ဘုရား မဟူရာကမ္ဘာ။
ပင်လယ်နတ်ဆိုးဘုရင်၏ မျက်နှာသည် ကြောက်ရွံ့ခြင်းများနှင့် ပြည့်နှက်နေသည်။ ချင်ယွင်၏ တရစပ်တိုက်ခိုက်မှုကြောင့် သူ့စိတ်ဝိညာဉ်သည် ကွဲကြေသွားသကဲ့သို့ ခံစားလာရသည်။
ထိုလက်သီး၏အစွမ်းက အရင်တိုက်ခိုက်မှုတွေထက် ပိုကြောက်စရာကောင်းသည်။ ထိုပြင်းထန်သော တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး တစ်ကိုယ်လုံး ထုံကျင်သွားစေသည်။
သို့သော် ဤအရာက အဆုံးသတ်မဟုတ်ခဲ့ပေ။ ချင်ယွင်၏ လက်သီးသည် သူ့ခန္ဓာကိုယ် ပေါ်သို့ ကျရောက်ပြီးနောက်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နောက်ထပ် လက်သီးချက်က သူ့မေးစေ့ကို ထိမှန်သွားပြန်သည်။
ထို့နောက် ဒူးတိုက်ချက်တွေက ဆက်တိုက် ကျရောက်လာခဲ့ပြီး၊ ကောင်းကင်နှင့်မြေကြီး ကို ထိတ်လန့်တုန်လှုပ်စေကာ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုအောက်တွင် ပတ်ဝန်းကျင် ပင်လယ်ရေပြင် သည် အနှိုင်းမဲ့ကြီးမားသော ရေအောက်လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ဆီသို့ အရူးအမူး တိုးဝင်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ပင်လယ်ရေပြင် ဧရိယာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါနေပြီး ပင်လယ်ရေပြင်တစ်ခုလုံး မှောက်လှန်တော့မည့်အတိုင်းပင်။
ဤကြီးမားလှသော စွမ်းအင်ကြောင့် ရှင်းလင်းသုတ်သင်ခြင်း မခံရသေးသည့် ကောင်းကင် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် ဤမြင်ကွင်းကို မြင်သောအခါ မယုံနိုင်ဟန်ဖြင့် ပါးစပ်များ ကျယ်လောင်စွာ ဟသွားကြသည်။
"ဘုန်း…၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း..”။
ချင်ယွင်၏လက်သီးများက ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် နှုတ်ဆက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ပင်လယ်နတ်ဆိုး ဘုရင်သည် သွေးများ ပြင်းထန်စွာ အန်ထွက်ကာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ပြောင်းလဲ သွားစေခဲ့သည်။
"တော်လောက်ပြီ"
နောက်ဆုံးတွင် ပင်လယ်နတ်ဆိုးဘုရင်သည် ချင်ယွင်၏ အရှက်ခွဲမူကို မခံနိုင်တော့ဘဲ တုန်လှုပ်ချောက်ချားစွာ ဟစ်အော်လိုက်လေသည်။ ကြောက်စရာကောင်းသော မိုးကြိုး မုန်တိုင်းတစ်ခု သူ့ခန္ဓာကိုယ်မှ ချက်ချင်း ထုတ်လွှတ်လိုက်ရင်း ချင်ယွင်ကို နောက်သို့ တွန်းထုတ်လိုက်သည်။
ချင်ယွင်သည် ပင်လယ်ရေပြင်ထက်မှာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။ သူ၏ အနက်ရောင် ဆံပင်များက လှိုင်းလုံးများနှင့်အတူ တရွေ့ရွေ့ လူးလိမ့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ဖော်မပြနိုင်အောင် ပြင်းထန်သော ခံစားချက်ကို ထုတ်လွှတ်ရင်း၊ လူများကို ပြင်းထန်သော အမြင်အာရုံသက်ရောက်မူနှင့်အတူ အကြောက်တရားကို ပေးစွမ်းသည်။
သူသည် သူ့ရှေ့က ပင်လယ်နတ်ဆိုးဘုရင်ကို တွင်းနက်ကြီးတစ်ခုကဲသို့ အေးစက်စွာ ကြည့်နေမိသည်။ ယခုတစ်ခါတော့ သူသည် အလျင်စလို မလှုပ်ရှားတော့ပေ။ သူသည် ကမ္ဘာကြီးကို ငုံ့ကြည့်နေသော ဧရာမနတ်ဘုရားကြီးတစ်ပါးကဲ့သို့ အေးစက်စွာ ကြည့်နေခဲ့ သည်။
ဤအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးဘုရင်လည်း အလွန်အမင်း ရူးသွပ်နေပြီ။ သူ့မျက်နှာ၊ မျက်လုံးနှင့် ပါးစပ်ထောင့်များမှ သွေးများ ဖြာကျနေပြီး၊ သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည်။ သူ့တစ်ကိုယ်လုံး ထူးထူးခြားခြား ဒေါသပေါက်ကွဲနေပုံ ရသည်။
"ကောင်စုတ်၊ မင်း ငါ့ကို အတင်းအကြပ် တွန်းအားပေးခဲ့တယ်။ ငါပင်လယ်နတ်ဆိုးဘုရင် က ဒီနေ့ မင်းကို မသတ်ဘူးဆိုရင် ငါက လူမဟုတ်ဘူးလို့ ကျိန်ဆိုတယ်။" ပင်လယ်နတ်ဆိုး ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ ကျယ်လာသည်။
"အောင်း..."
နက်ရှိုင်းသော ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်သည် ချက်ချင်း ကျယ်ပြန့်လာသည်။ အနှိုင်းမဲ့ကြီးမားသော နဂါးဝေလငါးကြီး သည် လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။
နဂါးဝေလငါး၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ဝေလငါး၏ဦးခေါင်းသည် တုနှိုင်းမရလောက်အောင် ကြီးမားသည်။ ဝေလငါး၏ ဦးခေါင်း အပေါ်တွင် အနှိုင်းမဲ့ကြီးမားသော မျက်လုံးတစ်စုံ ရှိနေသည်။ ၎င်း၏မျက်လုံးများသည် ပြာလဲ့လဲ့ တောက်ပနေပြီး၊ ကြယ်ရောင်တောက်ပနေသော ကောင်းကင်ကြီးကဲ့သို့ပင်။
ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်လျှပ်စီးများသည် ၎င်း၏ ခန္ဓာကိုယ်ကို ရစ်ပတ် ထားသည်။ ပြင်းထန်သော အငွေ့အသက်တစ်ခုက ကီလိုမီတာ သန်းပေါင်းများစွာကို ဖြတ်ကျော်သွားပြီး၊ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် ကီလိုမီတာဒါဇင်ပေါင်းများစွာ အထိ ဆန့်ထွက်ကာ လူများကို ထိတ်လန့်စေခဲ့သည်။
"ပင်လယ်နတ်ဆိုးဘုရင်ကို ဒီအချက်အထိရောက်အောင် အတင်းအကျပ် တွန်းအားပေးနိုင် ခဲ့တယ်။ သူက တကယ်ပဲ သူ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်တောင် ပြောင်းလဲလိုက်ရတယ်" လူတိုင်း တုန်လှုပ်သွားကြသည်။
မူလက မထင်မရှား မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့အား မတော်တဆမှုများ ထပ်ခါထပ်ခါ သယ်ဆောင်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားသ လို၊ နောက်ဆုံးတွင်၊ ပင်လယ်နတ်ဆိုးဘုရင်အား သူ၏ အစစ်မှန်ပုံစံကိုပင် အတင်းကြပ် ပြောင်းလဲရန် တွန်းအားပေးနိုင်ခဲ့သည်။
နတ်ဆိုးသားရဲတစ်ကောင်သည် ၎င်း၏ပုံစံ အစစ်အမှန်သို့ ပြောင်းလဲသွားသည်နှင့် ၎င်း၏ စစ်မှန်သော ခွန်အားကို ပြသနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်နတ်ဆိုးဘုရင်သည် ၎င်း၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲစေရန် တွန်းအားပေးခံခဲ့ရပြီး၊ ၎င်းသည် အမှန်တကယ် ဒေါသထွက်သွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ကောင်စုတ်၊ သေလိုက်တော့"
ပင်လယ်နတ်ဆိုးဘုရင်သည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့် ကျယ်လောင် သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ့ပါးစပ်မှ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုကြောက်စရာကောင်းသည့် လျှပ်စီးကြောင်းက ပင်လယ်ရေထဲကို တိုက်ရိုက် ထိုးဖောက် ပြီး ချင်ယွင်ကို တိုက်ခိုက်သည်။
လျှပ်စီးကြောင်းတွင် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားတစ်ခု ပါရှိသည်။ ထိုစွမ်းအားက အရာအားလုံးကို ချေမှုန်းပစ်ရန် လုံလောက်ပါသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူတို့၏နှလုံးခုန်သံကို ခံစားရပြီး သူတို့၏စိတ်ဝိညာဉ်များ တုန်လှုပ်သွားကြသည်။
သို့သော်လည်း ချင်ယွင်၏ အမူအရာမှာ အေးစက်ပြီး ဘာမှမထူးခြားဘဲ သူ့မျက်လုံးများ တွင် မည်သည့်အပြောင်းအလဲမှ မရှိပေ။
ဘန်း….။
လျှပ်စီးကြောင်းက ချင်ယွင်ကို ရိုက်ခတ်ခါနီးမှာ ချင်ယွင်က လှုပ်ရှားသွားသည်။ ယခုတစ်ကြိမ်မှာတော့ သူသည် ရှောင်ပြေးမသွားခဲ့ပါဘူး။ ယင်းအစား သူသည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး၊ သူမ၏လက်ဖဝါးမှ အနှိုင်းမဲ့ သိပ်သည်းသော အမှောင်အငွေ့အသက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
"ဘုန်း"
ကြောက်စရာကောင်းသော လျှပ်စီးကြောင်းသည် ချင်ယွင်၏ လက်ဖဝါးကို တိုက်ရိုက် ထိမှန်သွားသည်။ သို့သော် လျှပ်စီးသည် သူ့လက်ဖဝါးကို ထိုးဖောက်မသွားခဲ့။ ယင်းအစား၊ ချင်ယွင်၏ လက်ဖဝါးမှ တွင်းနက်တစ်ခုက ဝါးမျိုသွားသည့်အတိုင်းပင်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ပင်လယ်နတ်ဆိုးဘုရင်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
သူ့ရှေ့က ဤကောင်စုတ်သည် သူ့တိုက်ခိုက်မှုကို နည်းနည်းလေးမှ ထိခိုက်မှုမရှိဘဲ ချေမှုန်းနိုင်ခဲ့သည်။ သူ့အမြင်အရဆို, ဤအရာက မဖြစ်နိုင်ပါဘူး။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ ပင်လယ်ထဲမှာ လွင့်မျောနေသည့် ချင်ယွင်ကို ကြည့်ရင်း၊ ချင်ယွင် မည်သို့လုပ်ဆောင်ခဲ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။
သို့သော် ထိုသို့သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေခဲ့သော ချင်ယွင်သည် အစစ်အမှန် ပုံစံအဖြစ် သို့ ပြောင်းလဲပြီးဖြစ်သော ပင်လယ်နတ်ဆိုးဘုရင်အား အေးစက်စွာ ကြည့်နေစဉ်, သူ့ပုံစံက အလေးမထားသည့် အမူအရာ ရှိနေဆဲပင်။
"မဟုတ်ဘူး။ ဒီကောင်ရဲ့အကြည့်တွေက တစ်ခုခုလွဲနေပြီ။ သူ့အကြည့်တွေက ကြောက်စရာကောင်းလွန်းတယ်။ ဒီကောင်က ဘယ်လိုမွန်းစတားမျိုးကို ဆင့်ခေါ်လိုက် တာလဲ။" ပင်လယ်နတ်ဆိုးဘုရင် အံ့အားသင့်သွားသည်။
သူ့ရှေ့က ဤလူသည် ယခင်လူနှင့် အတူတူပင် ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် အနှိုင်းမဲ့ အစွမ်းထက်ပြီး မှောင်မိုက်သော အငွေ့အသက် ဖြစ်သည်။ ပင်လယ်နတ်ဆိုးဘုရင်ပင် သူ့နှလုံးသား တုန်လှုပ်သွားသည်ကို ခံစားရသည်။
တကယ်တော့ ပင်လယ်နတ်ဆိုးဘုရင်၏ မှန်းဆချက်က မှန်ပါသည်။ ချင်ယွင်၏ ယခုအကြိမ် နတ်ဆိုးနတ်ဘုရားကို ဆင့်ခေါ်ခြင်းသည် အမှန်တကယ်ပင် အနှိုင်းမဲ့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို ဆင့်ခေါ်မိခဲ့သည်။
ဆင့်ခေါ်ခံရသူ ကျွမ်းကျင်သူ၏အဆင့်ကို ဆုံးဖြတ်ရန်မှာ ဆင့်ခေါ်သူ၏ စိတ်ဝိညာဉ်အဆင့် မူတည်ပါသည်။ ချင်ယွင်၏ အမှောင်နတ်ဆိုးနဂါးကိုယ်ပွားအနေဖြင့်၊ ၎င်း၏ စိတ်ဝိညာဉ် အဆင့်မှာ ဘိုးဘေးနတ်ဘုရားအဆင့် ဖြစ်သောကြောင့် အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ဖြင့် ဆင့်ခေါ်ခြင်းက အနှိုင်းမဲ့ အစွမ်းထက်ပါသည်။
"ဘယ်လောက် ရင်းနှီးတဲ့ အငွေ့အသက်တွေလဲ။ ဒါက နတ်ဘုရားကမ္ဘာလား။ ငါ မဟူရာကမ္ဘာဟာ နှစ်ထောင်ပေါင်းများစွာ အိပ်ပျော်ပြီးနောက် တဖန် ပြန်နိုးထနိုင်လိမ့်မယ် လို့ ငါ မမျှော်လင့်ထားဘူး။" သူ့ပတ်ဝန်းကျင်ကို ဂရုတစ်စိုက် ကြည့်နေရင်း စိတ်လှုပ်ရှားစွာ ပြောနေချိန်မှာ ချင်ယွင်၏ မျက်လုံးများက တောက်ပနေခဲ့သည်။
နောက်ဆုံးတော့ သူ့အကြည့်တွေက သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားကာ အေးစက်စွာ ပြောလိုက်သည် "ဘယ်လောက်တောင် ပျော့ညံ့တဲ့ ခန္ဓာကိုယ်လဲ။ ဘိုးဘေးနတ်ဘုရား နယ်ပယ်ထဲ ဝင်ရောက်ခါစ နဂါးငယ်လေးတစ်ကောင်ပဲ။ ဒါပေမယ့်, ကောင်စုတ်လေး၊ ဒါက မင်းရဲ့ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ် ဟုတ်ပုံမရဘူး။ ဟုတ်တယ်မလား"
"မှန်ပါတယ် စီနီယာ။ ဒါက ကျွန်တော်ရဲ့ ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ် မဟုတ်ပါဘူး။ ဒီအမှောင် နတ်ဆိုးနဂါး ရုပ်ခန္ဓာကိုယ် ကျွန်တော့် ကိုယ်ပွားပါ" ချင်ယွင်၏အသံက ထွက်လာသည်။
နတ်ဆိုးနတ်ဘုရား ဆင်းသက်လာခြင်း နတ်ဘုရားစွမ်းရည်ကို သူ အသုံးပြုပြီးကတည်းက အမှောင်နတ်ဆိုးနဂါးကိုယ်ပွားအပေါ် သူ့ထိန်းချုပ်နိုင်မှုက ဆုံးရှုံးသွားခဲ့တယ်။ မဟူရာ ကမ္ဘာဟုခေါ်သော ဤကျွမ်းကျင်သူ၏ စိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်း နိုးထလာ ခဲ့သည်။ အခုတော့ သူ့အသိစိတ်က အခြေခံအားဖြင့် ပြန်ပေါ်လာပြီး ချင်ယွင်၏ စိတ်ဝိညာဉ်က နီဝမ်နန်းတော်၏ ထောင့်တစ်နေရာမှာသာ ပုန်းနေနိုင်တော့သည်။ နီဝမ်နန်းတော်တစ်ခုလုံးကို မဟူရာကမ္ဘာဟုခေါ်သော ဤပုဂ္ဂိုလ်က သိမ်းပိုက်ထားသည်။
ချင်ယွင်၏ စိတ်ဝိညာဉ်သည် အရမ်းအားနည်းနေခြင်း မဟုတ်ဘဲ၊ သူ့ရှေ့က မဟူရာကမ္ဘာဟုခေါ်သည့် ဤပုဂ္ဂိုလ်က အရမ်းကို သန်မာနေသောကြောင့် ဖြစ်ပါသည်။ ဤမဟူရာကမ္ဘာ၏ အထွတ်အထိပ် အခြေအနေရှိ စွမ်းအားသည် လေဟာနယ်ဘိုးဘေး နတ်ဘုရားထက် မနိမ့်ကြောင်း သူ ခံစားနိုင်သည်။
"ကိုယ်ပွားလား… စိတ်ဝင်စားဖို့ကောင်းတယ်။ မြေကမ္ဘာနတ်ဘုရားတစ်ပါးရဲ့ ကိုယ်ပွား တစ်ခုအနေနဲ့ ဘိုးဘေးနတ်ဘုရားအဆင့် ရုပ်ခန္ဓာကိုယ် ရှိနေတယ်။ ကောင်လေး, မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်။" မဟူရာကမ္ဘာသည် ရုတ်တရက် သရော်သံဖြင့် ပြောသည်။
ချင်ယွင်သည် ချက်ချင်းပင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့ သည်။ မဟူရာကမ္ဘာသည် သူ့အစစ်အမှန် ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် စိတ်ကူးနေသည်။ မူလက မဟူရာကမ္ဘာသည် သူ၏ အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို တိုက်ခိုက်ရန် ပြင်ဆင် ထားပြီးဖြစ်သော်လည်း မဟူရာကမ္ဘာသည် သူ၏ အစစ်မှန် ခန္ဓာကိုယ်အပေါ် အာရုံကျလာ မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားပေ။
သူ့ အစစ်မှန် ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်များစွာ ရှိနေခဲ့ပါသည်။ မဟူရာကမ္ဘာသည် ထိုလျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိမည် မဟုတ်ဟု မူလက ထင်ခဲ့သော်လည်း နောက်ဆုံး တွင်, သူသည် ဤမဟူရာကမ္ဘာကို လျှော့တွက်မိခဲ့သေးသည်။
"ကောင်လေး၊ စိတ်မပူပါနဲ့။ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ စိတ်မဝင်စားဘူး။ တိတ်ဆိတ် မနေစမ်းပါနဲ့။ ငါ့ရှေ့က ငါးလေးကို ကိုင်တွယ်ပြီးမှ မင်းနဲ့ စကားပြောမယ်။" မဟူရာ ကမ္ဘာက ရယ်မောလိုက်ပြီး ပင်လယ်နတ်ဆိုးဘုရင်ထံ တစ်ဖန် လှည့်ကြည့်လိုက်သည်။