အခန်း (၁၂၀၇)
Vol. 79 Ch. 1207
Chapter 1207
ကမ္ဘာကြီးပြိုကွဲခြင်း (၂)
ဂျိန်း ဂျိန်း ဝုန်း၊၊
ကောင်းကင်နှင့် မြေကြီးတုန်ခါသွားပြီး လေထုကြီးသည် လစ်ဟာနေကာ မြေပြင်လေဖိအားက ဆက်တိုက်ကျဆင်းနေသည်။ လေထဲရှိ ရေငွေ့များသည်လည်း အရှိန်အဟုန်ဖြင့် အပေါ်သို့ ပန်းထွက်နေကြသည်။
အသက်ရှင်ကျန်ရစ်သူများသည် ကောင်းကင်ယံ၌ အော်ရိုရာအလင်းတန်းများ တဖျပ်ဖျပ်လက်နေသည်ကို မြင်တွေ့နေရပြီး မြေကမ္ဘာကြီးသည် အက်ကွဲကာ ဖိအားပြင်းဓာတ်ငွေ့များက ကောင်းကင်သို့ ပန်းထွက်နေလျက်ရှိသည်။ ပူပြင်းလှသော အနီရောင်ချော်ရည်များသည်လည်း မြေပြင်ကို ဖောက်ထွက်ကာ ပေါက်ကွဲထွက်လာကြပြီ ဖြစ်သည်။
ရထားတွဲများအတွင်း၌ နှလုံးသွေးညှစ်ထုတ်မှုဖိအားမလုံလောက်တော့သဖြင့် အောက်ဆီဂျင်ပြတ်လပ်မှုစတင်လာသည်။ မြေပြင်၏ အောက်ဆီဂျင်ပမာဏမှာ သိသိသာသာကျဆင်းလာပြီး ကမ္ဘာ့အပေါ်ယံလွှာကြီးသည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အပေါ်သို့မြင့်တက်လာနေသည်။
“ရှော”
ယူတိုးပီးယာရထား- ရထားအပြင်၌ တိုက်ပွဲဝင်နေသော မားကပ်စ်က ရုတ်တရက် လှုပ်ရှားမှုကို ရပ်လိုက်ပြီး အနောက်ဘက်ဆီသို့ ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေသည်။
ရှောနှင့် အဓိကအဖွဲ့ဝင်များအားလုံးလည်း လှည့်ကြည့်လိုက်ကြသည်။
“အဲဒါ ဘာကြီးလဲ”
လေထုကြီးလစ်ဟာသွားပြီး လေထုပါးလွှာသွားသည်နှင့်အမျှ မြင်ကွင်းသည် အပေါ်ရှိကြယ်တာရာများအထိ မြင်တွေ့နိုင်လောက်အောင် ကြည်လင်သွားသည်။ ဤအချိန်တွင် ရထား၏ အရှေ့ဘက်နှင့် အနောက်ဘက် အဝေးတစ်နေရာ၌ မီးခိုးပြာရောင် ကန့်လန့်ကာကြီးတစ်ခုသည် နေလုံးကို ဖုံးကွယ်ကာ ကောင်းကင်ယံထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
ယင်း၏ ပမာဏမှာ ဆယ်ကီလိုမီတာခန့်ရှိသော ဆူပွက်နေသည့် မုန်တိုင်းကြီးတစ်ခုကဲ့သို့ရှိပြီး လေထဲတွင် မျောပါနေသော ဧရာမကွင်းပတ်ပုံစံကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
မားကပ်စ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် အေးခဲသွားပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။
“အဲဒါ... အဲဒါ သမုဒ္ဒရာကြီးပဲ...”
“ပင်လယ်ရေတွေက ဆွဲငင်အားကနေ လွတ်မြောက်သွားပြီး ကောင်းကင်ပေါ် ပျံတက်ကုန်ပြီ။ အပြာရောင်ဂြိုလ်ကို ဝန်းရံထားတဲ့ ဧရာမရေစက်ကွင်းကြီးဖြစ်သွားပြီ”
ကျန်းရှု့ဝေ၏ အသံက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပေါက်ကွဲထွက်လာသည်။
ရထားပြင်ပတွင် တိုက်ပွဲဝင်နေသော သောင်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများသည် ဇောက်ထိုးဖြစ်သွားသော ဤကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြပြီး ဆက်သွယ်ရေးလိုင်းတစ်ခုလုံးတွင်လည်း ထိတ်လန့်တုန်လှုပ်နေသော အသက်ရှူသံများဖြင့် ပြည့်နှက်သွားသည်။
“ကမ္ဘာကြီးက ပျက်စီးတော့မှာလား”
“သမုဒ္ဒရာကြီးက... ကောင်းကင်ပေါ် ရောက်နေပြီ”
လင်းရှန် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကမ္ဘာကြီးသည် ပြိုကွဲပျက်စီးနေပြီ ဖြစ်သည်။
ကီလိုမီတာရာဂဏန်း ရှည်လျားသော ပေါင်းစည်းယာဉ်တန်းသည် အက်ကွဲနေသောမြေပြင်ပေါ်တွင် ဆူပွက်နေသည့် သံမဏိမျဉ်းကြောင်းအသေးစားလေးတစ်ခုကဲ့သို့ရှိနေပြီး မုန်တိုင်းကြားတွင် ယိမ်းထိုးနေသည်။
နောက်တစ်စက္ကန့်တွင် လင်းရှန်၊ ချူယန်၊ ချန်ဆီရွှမ်နှင့် ကီကီတို့အားလုံးသည် ရှေ့ဘက်ရှိ မြေမျက်နှာပြင်ကြီးအရှိန်အဟုန်ဖြင့် အပေါ်သို့ မြင့်တက်လာပြီး မီတာထောင်ချီမြင့်သော ဧရာမတောင်ကုန်းကြီးတစ်ခု မြေပြင်မှတိုက်ရိုက်ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။
ထို့ပြင် ရှေ့ဘက်ရှိ ကြံ့ခိုင်မှုမရှိသော ရထားလမ်းများသည်လည်း လုံးဝပြတ်တောက်သွားပြီး ကောင်းကင်ဆီသို့ တွန့်လိမ်ကာ မြင့်တက်သွားသည်။
“ငါတို့မှာ အချိန်မရှိတော့ဘူး”
လင်းရှန် အံတင်းတင်းကြိတ်လိုက်သည်။
“အခု ချက်ချင်းလုပ်ရမယ်”
“ရထားပျံတက်ဖို့ တည်ငြိမ်အောင် လုပ်ပေးမယ်”
ကီကီက ရုတ်တရက် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ တိုက်ရိုက်ပျံသန်းသွားသည်။ ဝူး… ပြင်းထန်သော စိတ်စွမ်းအားလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ရှေ့ဘက်ရှိ လေဟာပြင်လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ရှင်းလင်းပေးလိုက်သည်။
ချူယန်၏ မျက်လုံးများထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ တိုးထွက်လာပြီး လင်းရှန်၏ စိတ်ထဲသို့ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဝင်ရောက်သွားသည်။
“သွား”
လင်းရှန်က ချန်ဆီရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အရှိန်မြှင့်”
“အရှိန်မြှင့်”
“အရှိန်မြှင့်”
ငွေကြယ်ရထားပေါ်တွင် ကျန်းရှု့ဝေက တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။
“အရှိန်မြှင့်” ရှီတိယွမ်ကလည်း စွမ်းအင်တွဲအားလုံးကို အမြင့်ဆုံးအထိ တွန်းတင်လိုက်သည်။
“အရှိန်မြှင့်” ရှောက အော်ဟစ်အမိန့်ပေးလိုက်သည်။
တစ်ခဏချင်းတွင်ပင် ယန္တရားနှလုံးသား၏ တုံ့ပြန်မှုနှင့်အတူ ပေါင်းစည်းယာဉ်တန်း၏ နောက်ဘက်ရှိ စွမ်းအင်တွဲ ၆၀လုံး ပေါက်ကွဲထွက်လာသည်။ လျှပ်စစ်ရထားခေါင်းဖြစ်စေ၊ ဓာတ်ငွေ့သုံးရထားခေါင်းဖြစ်စေ အင်ဂျင်အားလုံးသည် ထိုအချိန်တွင် နောက်ဆုံးအကန့်အသတ်အထိ ဟိန်းဟောက်သွားကြသည်။
ဝူးးးး
နျူကလီးယားစွမ်းအင်ဗဟိုပြုရထားခေါင်းအမြောက်အမြားက စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ တွဲအားလုံးသည် ပြင်းထန်စွာအော်မြည်လျက် ရထားဘီးများကို ရူးသွပ်ဖွယ်အရှိန်ဖြင့် လည်ပတ်စေသည်။
မီးပွင့်များက သတ္တုများကို ဖြတ်သန်းသွားပြီး ပေါင်းစည်းယာဉ်တန်းသည် ၎င်း၏ နောက်ဆုံးကျန်ရှိသော စွမ်းအားများဖြင့် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။
အနန္တရထားပေါ်တွင် လင်းရှန် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဧရာမယန္တရားတံခါးကြီးတစ်ခုက ရထားတွဲများရှေ့တွင့် ပွင့်သွားပြီး တစ်ခဏချင်းတွင်ပင် တံခါးဝ၏ အစွန်းတစ်လျှောက်၌ ယန္တရားလက်တံအများအပြားလှုပ်ရှားလာကာ ချိတ်ဆက်ထားသော နှစ်ထပ်ရထားလမ်းတစ်ခု ထိုးထွက်လာပြီး ရှေ့ဘက်ရှိ ချောက်ကမ်းပါးထိပ်မှ ပြတ်တောက်နေသော ရထားလမ်းများနှင့် တိုက်ရိုက်ချိတ်ဆက်မိသွားသည်။
ဘန်း၊၊
အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသော အနန္တရထားသည် အပေါ်သို့ တိမ်းစောင်းနေသော မြေပြင်တစ်လျှောက်တွင် ရူးသွပ်စွာ အရှိန်မြှင့်တင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လင်းရှန်သည် စွမ်းအင်ကူးပြောင်းမှုကို စတင်လိုက်ပြီး ကီလိုမီတာအနည်းငယ်အကွာသို့ ရွှေ့ပြောင်းကာ ယန္တရားတံခါးကြီးကို ကောင်းကင်သို့ တိုက်ရိုက်ဆွဲတင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချန်ဆီရွှမ်၏ အမူယာက ချက်ချင်းပြောင်းလဲသွားသည်။
“လင်းရှန်”
“သူက ရထားလမ်းကို ကိုယ်တိုင်ဆွဲတင်တော့မလို့လား”
ချူယန် ဤအရာကို တစ်ခါမှ မတွေးဖူးချေ။ လင်းရှန်က ဆွဲတင်ရန်အတွက် ဒရုန်းအုပ်စုကို အသုံးပြုလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူသည် ကြယ်နက်ပန်းပဲဖို၏ ယန္တရားတံခါးကို ကရိန်းကြိုးအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။
“အားးး”
လင်းရှန် ပြင်းထန်သော တုန်ခါလှိုင်းလုံးကြီးများကြားတွင် ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်စိရှေ့တွင် ယန္တရားနှလုံးသား၏ အလင်းရောင်များလက်ခနဲဖြစ်သွားသည်။
လွန်ခဲ့သော နှစ်နာရီခန့်ကပင် သူ၏ ယန္တရားနှလုံးသားသည် ထူးဆန်းသောကုဗတုံး၏ စွမ်းအင်ပြောင်းလဲမှုကြောင့် အဆင့် ၈သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူက စွမ်းရည်အသစ်ကို မရရှိခဲ့သော်လည်း ကြယ်နက်ယန္တရားတံခါးကို ထိန်းချုပ်ခွင့်ရရှိခဲ့သည်။
ထို့ကြောင့် လင်းရှန် ပထမဆုံးစဉ်းစားမိသည်မှာ ယန္တရားတံခါးကို အပြည့်အဝဖွင့်ပြီး အမြင့်မှဆွဲတင်ရန်ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် ရထားလမ်းတစ်ခုလုံးကို ဆွဲတင်ရန် ကြယ်နက်ယန္တရားဂြိုလ်ကို အသုံးပြုနေခြင်းဖြစ်သည်။
ကျွီ ကျွီ ကျွီ၊၊
သံနဂါးကြီးကို ဆွဲတင်ထားသော အနန္တရထားသည် မီးပွင့်များနှင့် လျှပ်စီးကြောင်းများကို ထုတ်လွှတ်လျက် အပေါ်သို့ ဆက်တိုက်တက်လှမ်းနေပြီး ပူပြင်းလှသော လေထုအလွှာပေါင်းထောင်ချီကို ဖောက်ထွက်ကာ မြင့်တက်နေသော ချောက်ကမ်းပါးထိပ်သို့ရောက်ရှိသွားပြီးနောက် သတ္တုချင်းမြည်ဟီးသံနှင့်အတူ ကောင်းကင်ယံသို့ တိုက်ရိုက်ထိုးတက်သွားသည်။
ဝူးးးး
ထိုအချိန်တွင် အချိန်ကြီးသည် အေးခဲသွားသကဲ့သို့ ရှိသည်။
တွဲလောင်းချထားသောရထားလမ်းကိုသာ အားပြုထားရသည့် လေးလံလှသောရထားကြီးသည် ပျံတက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ထိုးတတ်သွားသည်။
ဤအချိန်တွင် သန်းနှင့်ချီသော လူများသည် ဆွဲငင်အားကင်းမဲ့ခြင်းဇုန်ထဲသို့ ရောက်ရှိသွားကြသည်။ အနန္တရထားပေါ်ရှိ လူအိုကြီးမို၊ လို့ဟွာ၊ ရှုချင်း၊ မြောင်လု၊ လုချန်၊ စွန်းယုကျန်း၊ ရှောင်ယွမ်၊ လို့ရှားရှား၊ ကီကီနှင့် တခြားသူများအားလုံးသည် ဦးခေါင်းကို လှည့်၍ ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။
ရထားကြီးက မြင့်တက်နေပြီး မြေပြင်ကြီးသည် နိမ့်ဆင်းသွားပြီ ဖြစ်သည်။
ဂျိန်း ခရက် ခရက်၊၊
ပြင်းထန်သော သတ္တုဆွဲဆန့်သံကြီးသည် ရထားတွဲတစ်ခုချင်းစီသို့ အစဉ်လိုက်ဖြတ်သန်းသွားပြီး စူးရှသောပေါက်ကွဲသံများထွက်ပေါ်လာသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် နောက်ဘက်ရှိ ငွေကြယ်ရထားသည် ကျန်းရှု့ဝေ၏ တင်းမာလှသော စိုက်ကြည့်မှုအောက်တွင် ငွေရောင်ဓားတစ်လက်ကဲ့သို့ ကောင်းကင်ယံသို့ တိုက်ရိုက်တိုးဝင်သွားသည်။
ထို့နောက် နဂါးတောင် ၁ ရထား...
သို့သော်လည်း ရထားကြီးသည် ကောင်းကင်ရှိ မျောပါနေသော သဲများနှင့် ကျောက်တုံးများကို ဖောက်မထွက်နိုင်မီမှာပင် ရထားတွဲတစ်ခုလုံး၏ စက်ခေါင်းပိုင်းမှ နားကွဲလုမတတ် သတ္တုဆုတ်ပြဲသံများ ထွက်ပေါ်လာပြီး မီးပွင့်များအဆက်မပြတ်ပေါက်ကွဲလာသည်။
“မရဘူး။ ဒါကို မခံနိုင်ဘူး။ ရထားတွဲတွေပြုတ်ထွက်တော့မယ်”
ရှုချင်းက ရထားတွဲ၏ အစွန်းကို ဆုပ်ကိုင်ထားရင်း ပြင်းထန်စွာ လိမ်ခေါက်နေသော တွဲချိတ်ဆက်မှုကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“ငါတို့ ပျံတက်တာ စောလွန်းသွားတယ်။ အခုအချိန်မှာ ဆွဲငင်အားက အရမ်းပြင်းသေးတယ်”
နန်ကျင်းက ပျံသန်းလာသော ကျောက်တုံးကြီးတစ်ခုကို လက်သီးဖြင့် ထိုးခွဲလိုက်ပြီး အော်ပြောလိုက်သည်။
“ငါတို့ ဘာလုပ်ကြမလဲ”
“ထိန်းထားကြ”
ကီကီက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး နောက်ဘက်ရှိ ရထားတွဲတစ်ခုချင်းစီကို စိတ်စွမ်းအားဖြင့် လှမ်းဖမ်းလိုက်သည်။
“မင်းတို့ရဲ့ ကယ်တင်ရှင်ရောက်လာပြီ”
လုရှင်းချန်ကလည်း ကူညီရန် ရှေ့သို့တတ်လာသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ စွမ်းရည်များက အသုံးမဝင်လှချေ။ သူသည် လွင့်မျောနေသော အပျက်အစီးများကို ရှင်းလင်းရန်သာကူညီနိုင်သည်။
ကောင်းကင်ယံတွင် ဒရုန်းအမြောက်အမြားပျံသန်းလာကြပြီး ဗိုင်အိုလာ၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် နောက်ဘက်ရှိ ရထားတွဲများကိုလှမ်းချိတ်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်ကြသည်။
သို့သော် ရထားကြီး အထက်သို့ ပိုမိုမြင့်တက်လာသည်နှင့်အမျှ လေထဲတွင် တွဲလောင်းကျနေသော ရထားတွဲများ ပိုမိုများပြားလာပြီး ဝန်မှာလည်း ပို၍လေးလံလာရာ ဤကဲ့သို့သော အကူညီမှာ ပြဿနာကို မဖြေရှင်းနိုင်ချေ။
ဗိုင်အိုလာ၏ တွက်ချက်မှုအရ ၎င်းတို့အနေဖြင့် နောက်ထပ် မိနစ်နှစ်ဆယ်ခန့် လိုအပ်နေသေးသည်။ လင်းရှန်က ရှေ့ဘက်ရှိ ရထားတွဲများကို အားဖြည့်ထားသော်လည်း နောက်ဘက်ရှိ သာမန်ရထားတွဲများပြတ်တောက်သွားပါက အားလုံးအချည်းနှီးဖြစ်သွားပေလိမ့်မည်။