အခန်း (၁၂၀၈)
Vol. 79 Ch. 1208
Chapter 1208
တိမ်လွှာများကြား (၁)
ရထားတွဲ ငါးရာ၊ ခြောက်ရာ၊ ခုနစ်ရာ။
၁၀မိနစ်ကျော်အတွင်းမှာပင် ကောင်းကင်သို့ ပျံတက်နေသော ရထားကြီးသည် ဆူပွက်ကာပြိုကျနေသော မြေပြင်အထက်တွင် ဖြောင့်တန်းနေသော အလင်းတန်းတစ်ခုဖြစ်လာပြီး ဆက်တိုက်မြင့်တက်နေသည်။
တစ်ချိန်တည်းမှာပင် သတ္တုများ၏ ခံနိုင်ရည်သည် အကန့်အသတ်သို့ရောက်ရှိသွားပြီ ဖြစ်သည်။ ချိတ်ဆက်မှုများသာမက ရထားတွဲအချို့ပင်လျှင် တွန့်ခေါက်လာပြီး အက်ကွဲကြောင်းများပွင့်လာသည်။
ရှီတိယွမ်က ကျားသစ်တစ်ကောင်အသွင်သို့ ပြောင်းလဲကာ အဓိကရထားတွဲတစ်ခုချင်းစီ၏ ဘေးတစ်ဖက်စီကို ထိန်းထားသော်လည်း သူ၏ စွမ်းအားဝတ်စုံချပ်ကာများပင်လျှင် ပုံစံပျက်ယွင်းလာသည်။ သို့သော် ဤကဲ့သို့သော ဧရာမ ဆွဲတင်အားကြီးကို ယှဉ်ပါက သူ၏ ကြိုးစားမှုမှာ ရေတစ်စက်မျှသာရှိသည်။
“ပြတ်တော့မယ်”
မြေပြင်ပေါ်တွင် ရှိနေဆဲဖြစ်သော ယူတိုးပီးယာရထားပေါ်မှလူများသည် အရှိန်ဖြင့်ခုတ်မောင်းနေရင်း ကောင်းကင်ပေါ်၌ ဆွဲငင်အားကြောင့် တွဲလောင်းကျနေသော ရထားတွဲများကို ကြည့်ကာ မျက်နှာပျက်သွားကြသည်။
“ဒါက အရမ်းဖိအားများလွန်းတယ်။ ဒီအစီအစဉ်က ဘယ်လိုမှ မ—”
ထိုအချိန်တွင် သန်းနှင့်ချီသော လူများ အသုံးပြုနေသည့် အများသုံး ဆက်သွယ်ရေးလိုင်းထဲသို့ စူးရှသော လျှပ်စစ်သံလိုက်သံများ တိုးဝင်လာပြီးနောက် လင်းရှန်၏ ရူးသွပ်လုနီးပါးဟိန်းဟောက်သံက ထွက်ပေါ်လာသည်။
“အကုန်လုံး... အားကုန်ထိန်းထားကြ”
“ဘာ”
ရှောနှင့် တခြားသူများတုန်လှုပ်သွားကြသည်။ မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ကောင်းကင်အထက်မှ ပြင်းထန်သောလှိုင်းလုံးကြီးတစ်ခု အောက်သို့ရိုက်ခတ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
ဘွန်း၊၊
“အဲဒါ ဘာကြီးလဲ”
ဂျင်းနီက ရထားလမ်း၏ အဆုံးသတ်ဘက်ဆီသို့ အထက်ရှိ ဖုန်မှုန့်များနှင့် ကျောက်တုံးများဖုံးလွှမ်းနေသော ကောင်းကင်ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။
ရုတ်တရက် ကီလိုမီတာအနည်းငယ် ရှည်လျားသော အနီနက်ရောင်စီးကြောင်းကြီးတစ်ခုသည် လေထဲတွင် မျောပါနေသော ကျောက်တုံးများနှင့် ပူပြင်းလှသော လေလှိုင်းကို ဖောက်ထွက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးမည့်အသွင်ဖြင့် မိုးကုတ်စက်ဝိုင်းမှ အောက်သို့ တဟုန်ထိုးဆင်းသက်လာသည်။
ရှောင်၏မျက်ခွံများ ပြင်းထန်စွာ တုန်ရင်သွားပြီး တီးတိုးရေရွတ်လိုက်သည်၊၊
“ဥက္ကာခဲလား”
“ဥက္ကာခဲမိုးလား”
အချို့သော ယာဉ်တန်းခေါင်းဆောင်များက ဆက်သွယ်ရေးလိုင်းထဲတွင် အော်ဟစ်လိုက်ကြသည်။
“ဘာကြီးပြုတ်ကျလာတာလဲ”
“ကောင်းကင်ကြီး ပြိုကျနေတာလား”
“အဲဒါက...”
ထိုအခိုက်အတန့်တွင် တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
“အဲဒါ လမ်းတစ်ခုလား”
“ကောင်းကင်ကနေ ထိုးဆင်းလာတဲ့ လမ်းတစ်ခုလား”
လူအားလုံး၏ စိတ်ထဲတွင် တစ်ခဏချင်း ဗလာကျင်းသွားကြသည်။
ဘွန်း ဝေါ၊၊
ပူပြင်းလှသော အဆီအနှစ်များပါဝင်သည့် အနီနက်ရောင်ရေစီးကြောင်းကြီးသည် မြေပြင်ဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။ ဤဧရာမအရည်စီးကြောင်းကြီး၏ ရှေ့တွင် အပေါ်သို့ ပျံတက်နေသော ရထားကြီးသည် မြွေငယ်လေးတစ်ကောင်ကဲ့သို့ ရှိနေသည်။ ထူးဆန်းသည်မှာ ထိုအရည်စီးကြောင်းများကို တိကျစွာ ထိန်းချုပ်ထားပြီး အရှိန်အဟုန်ဖြင့် ပျံတက်နေသော ရထားကို ဝင်မတိုက်ဘဲ ရထား၏ ပျံတက်ရာလမ်းကြောင်းအောက်တွင် ကီလိုမီတာအနည်းငယ်ကျယ်ဝန်းသော ဧရာမကောင်းကင်တံတားကြီးတစ်ခုအဖြစ် တိကျစွာထောက်ပံ့ပေးလိုက်ခြင်း ဖြစ်သည်။
အနန္တ၊ ငွေကြယ်နှင့် နဂါးတောင် ၁ ရထားများပေါ်ရှိ လူများအားလုံး ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် ယူပေမြို့၏ ကောင်းကင်စင်္ကြံဓာတ်လှေကားပေါ်ပေါက်လာစဉ်က အချိန်သို့ ပြန်လည်အိပ်မက်မက်နေသကဲ့သို့ရှိနေသည်။ အကြောင်းမှာ ကောင်းကင်ထက်မှ ဤသွယ်တန်းနေသော တံတားကြီးသည် ဧရာမမိုးပျံလမ်းမကြီးနှင့်တူလှပြီး ရထားလမ်းကို အပေါ်သို့ တောက်လျှောက်သယ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။
ကောင်းကင်ပေါ်တွင် လင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပူပြင်းသော နီရဲသည့်လေလှိုင်းများ၏ ရိုက်ခတ်မှုကို ခံနေရပြီး သူ၏ အထက်တွင် ဧရာမယန္တရားတံခါးကြီးပွင့်နေသည်။
ဧရာမဂြိုဟ်ကြီးပေါ်တွင် ပြင်းထန်သော ဆွဲငင်အား၏ ဖမ်းယူမှုကို ခံထားရသည့် ကုန်ကြမ်းပစ္စည်းများသည် ကီလိုမီတာအနည်းငယ်ရှည်လျားသော အရည်စီးကြောင်းကြီးတစ်ခုအဖြစ်ပေါ်လာပြီး နက်မှောင်သော ယန္တရားကိုယ်ထည်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ဖုန်မှုန့်များသည် ဆွဲငင်အားစက်ကွင်းတစ်ဝိုက်၌ မျောပါနေပြီး ဂြိုဟ်၏ ပတ်လမ်းပေါ်တွင် ချိတ်ဆွဲထားသော မီးခိုးရောင်ကွင်းကြီးတစ်ခုနှင့် တူလှသည်။
တစ်ချိန်တည်းမှာပင် ဤဖမ်းယူရရှိထားသော သတ္တုရေစီးကြောင်းအားလုံးသည် အာကာသတံခါးတစ်ခုအတွင်းသို့ တိုးဝင်သွားပြီး အပြာရောင်ဂြိုလ်၏ မြေပြင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
လင်းရှန်သည် တိုင်တန်ဂြိုဟ်တည်ဆောက်ရန်အတွက် ရည်ရွယ်ထားသော သတ္တုအရည်စီးကြောင်းကို ဖိအားပေးအသုံးပြုကာ ယန္တရားတံခါး၏ လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ပျံတက်နေသော ပေါင်းစည်းယာဉ်တန်းအတွက် ကောင်းကင်လမ်းမကြီးတစ်ခုကို လေထဲတွင် ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။
သူ့ အထက်တွင် မြည်ဟီးနေသော သတ္တုစီးကြောင်းကို ကြည့်ရင်း စွမ်းအားဝတ်စုံမျက်နှာဖုံးအတွင်းရှိ လင်းရှန်၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျလာပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း အရှိန်ပြင်းစွာမောင်းနှင်နေသော အနန္တရထားနှင့်အတူ အမြင့်ဆုံးသို့ရောက်ရှိနေသည်။
ဤဧရာမအာကာသတံခါးကြီးသည် သူ၏ အသက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေသော်လည်း ဤစက္ကန့်အနည်းငယ်အတွင်းမှာပင် ကောင်းကင်တစ်ခွင်၌ ကီလိုမီတာဆယ်ဂဏန်းခန့် ရှည်လျားသော ယာယီကောင်းကင်လမ်းမကြီးကို အောင်မြင်စွာ ပုံဖော်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
အထက်စီးမှကြည့်လျှင် ၎င်းသည် မြေပြင်သို့ စောင်းလျက်ရှိသော နက်မှောင်သည့် ဧရာမကွေးညွှတ်တံတားကြီးတစ်ခုနှင့် တူလှသည်။
ဤအထောက်အပံ့ကို အသုံးပြု၍ ပေါင်းစည်းယာဉ်တန်း၏ ပြင်းထန်သော ဆွဲအားကို ခွဲဝေလိုက်ရာ ရထားတွဲတစ်ထောင်ကျော်သည် ရှေ့သို့ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်နိုက်သွားပြီး ဆူပွက်နေသောလေထဲတွင် မျောပါနေသည့် ဇုန်ကို ဖောက်ထွက်ကာ ကီလိုမီတာအနည်းငယ်မြင့်သော ကောင်းကင်သို့ တိုက်ရိုက်ရောက်သွားသည်။
ဂျိန်း၊၊
အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း၌ ကီကီ၏ စိတ်စွမ်းအားဒိုင်းကာ၏ ကာကွယ်မှုအောက်တွင် ချန်ဆီရွှမ်နှင့် ချူယန်တို့သည် ရထားကြီးက မျောလွင့်နေသော ကျောက်တုံးဇုန်ကို ဖြတ်သန်းသွားသည်ကို ကြည့်နေကြ၏။ မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး ဂြိုဟ်မျက်နှာပြင်၏ လှိုင်းလုံးကြီးများထဲမှ ရုန်းထွက်လာသကဲ့သို့ ရှိသည်။
ဤအချိန်တွင် ရထားကြီးသည် တိမ်လွှာများကို ဖောက်ထွက်ခဲ့ပြီဖြစ်ပြီး မီတာတစ်သောင်းနီးပါးအမြင့်သို့ ရောက်ရှိသွားကာ ထိန်းချုပ်ခန်းရှေ့တွင် မြင်ကွင်းကျယ်ကြီးပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဂြိုဟ်၏ ကွေးညွတ်မှုက မျက်စိရှေ့တွင် ပေါ်လာသည်။ တိုက်ကြီး၏ ပုံရိပ်ကို အာရုဏ်ဦးနှင့် နေဝင်ဆည်းဆာမျဉ်းကြားတွင် မထင်မရှားမြင်တွေ့နိုင်ပြီး ပါးလွှာသောလေထုကြီးက နက်ရှိုင်းလှသော စကြဝဠာ၏ အမှောင်ထုကို ဖော်ပြနေသည်။ အော်ရိုရာအလင်းတန်းများသည် အထက်တွင် ရောင်စုံကန့်လန့်ကာများကဲ့သို့ ကခုန်နေကြပြီး စိမ်းနီရောင်အလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ပါးလွှာသောလေထုထဲသို့ တိုးဝင်နေသည့် လျှပ်စစ်ဓာတ်ပြုအမှုန်အမွှားများကို အနုပညာလက်ရာတစ်ခုအလား ဖန်တီးပေးနေသည်။
သို့သော် ယခုအခါ အောက်ခြေရှိတိုက်ကြီးသည် မီးခိုးနက်ရောင်တိမ်တိုက်များ ဆူပွက်နေသည့်မြင်ကွင်းကို အထင်အရှားပြသနေသည်။ ပင်လယ်ပြင်သည် မြင့်မားသောအရပ်သို့ မျောပါသွားပြီး လှိုင်းလုံးများသည် ကမ်းခြေသို့ မရိုက်ခတ်တော့ဘဲ လွတ်မြောက်သွားသော ဧရာမမြွေဆိုးကြီးတစ်ကောင်ကဲ့သို့ ရေခဲတောင်များကို ရစ်ပတ်ထားကြသည်။
ရေကာတာကျိုးသွားသကဲ့သို့ လေထုကြီးသည် အာကာသထဲသို့ တဟုန်ထိုးတတ်သွားသည်။
တိမ်လွှာများသည် အပိုင်းပိုင်းပြတ်ကာ အကြွင်းအကျန်များအဖြစ်ပြောင်းလဲသွားပြီး အောက်ဆီဂျင်မော်လီကျူးများသည် အသံထက်မြန်သော အရှိန်ဖြင့် လွတ်မြောက်နေကာ ငွေဖြူရောင်အိုင်းယွန်းလမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
“ငါတို့ တိမ်လွှာတွေကို တကယ်ပဲ ဖောက်ထွက်လာခဲ့ပြီ”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ဆီရွှမ်နှင့် တခြားသူများ၏ မျက်နှာတွင် မိန်းမောတွေဝေမှုများပေါ်လာသည်။ မျက်စိရှေ့ရှိအရာအားလုံးသည် ကမ္ဘာကြီးပျက်စီးခြင်း၏ ရှေးဦးမူလအခြေအနေကို တကယ်ပဲ ဖော်ပြနေသကဲ့သို့ပင်၊၊
“ကမ္ဘာမပျက်ခင်မှာပေါ့”
ကီကီသည် ထိုငွေရောင်ရထားလမ်း၏ အဝေးဆုံးအဆုံးသတ်ကို ကြည့်ရင်း သိသိသာသာစိတ်လှုပ်ရှားသွားသည်။
ထိုနေရာတွင် သေးငယ်သော ခန္ဓာကိုယ်တစ်ခုသည် စွမ်းအားဝတ်စုံမှ အမှုန်အမွှားစီးကြောင်းများကိုထုတ်လွှတ်လျက် အာကာသတံခါးကို မိုးကုတ်စက်ဝိုင်းတစ်လျှောက် ဥက္ကာခဲတစ်ခု၏ ကွေးညွတ်မှုကဲ့သို့ ဆွဲခေါ်သွားနေသည်။
ဂျိန်း ဂျိန်း ကလန် ကလန်၊၊
ရှုပ်ထွေးလှသော မြည်ဟီးသံများနှင့် အော်ဟစ်သံများကြားတွင် ငွေကြယ်ရထား၊ နဂါးတောင် ၁ ရထား၊ ယူတိုးပီးယာရထား၊ နှင်းဆီနီရထား၊ သမုဒ္ဒရာရထား...
ကမ္ဘာပျက်ကပ်ရထားတစ်စီးပြီးတစ်စီး နောက်မှလိုက်ပါလာကြပြီး မီတာတစ်သောင်းအမြင့်သို့ ပျံတက်ကာ ကောင်းကင်အကာကွယ်၏ အစွန်းသို့ရောက်ရှိသွားကြသည်။ ၎င်းတို့သည် ကြယ်တာရာများပြိုကွဲပျက်စီးနေသော ကောင်းကင်အောက်တွင် ကွေးညွတ်သောလမ်းကြောင်းအတိုင်းပျံသန်းနေကြသည်။
[သတိထားပါ… သွေးနီရောင်ဒိုင်မေးရှင်းဇုန်မှ ထွက်ခွာနေပြီဖြစ်လို့ ဆွဲငင်အားအခြေအနေက ပုံမှန်အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။ ဆင်းသက်မယ့် ပလက်ဖောင်းကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်]
ဗိုင်အိုလာ၏ အသံသည် လင်းရှန်၏ နားကြပ်ထဲသို့ တိုးဝင်လာသည်။ ဂရေ့စ်၏ ဝေဟင်သတင်းအချက်အလက်နှင့် ဗိုင်အိုလာ၏ တွက်ချက်မှုစွမ်းအားကို ပေါင်းစပ်လိုက်ရာ နောက်ထပ် မိနစ်နှစ်ဆယ်အတွင်းမှာပင် သူတို့သည် တောင်အမေရိကတိုက်၏ သွေးနီရောင်ခါးပတ်ဇုန်မှ ထွက်ခွာနိုင်ကြမည် ဖြစ်ကြောင်း တွက်ချက်ရရှိသည်။
လင်းရှန် အဝေးသို့လှမ်းကြည့်လိုက်ရာ သွေးနီရောင်များဖုံးလွှမ်းနေသော ကမ္ဘာကြီးသည် တခြားသောဒိုင်မေးရှင်းပုံရိပ်တစ်ခုကို ပြသနေသကဲ့သို့ ရှိပြီး ဂြိုဟ်တစ်ခုလုံးပျော်ဝင်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
သို့သော် ထူးဆန်းသည်မှာ မျောပါနေသော ဒြပ်ဝတ္ထုများသည် လုံးဝပျက်စီးမသွားဘဲ အပြာရောင်ဂြိုလ်သည်လည်း ပြိုကွဲမသွားဘဲ ထူးဆန်းသော တည်ငြိမ်မှုကို ပြသနေသည်။
ပိတ်ဆို့ထားသော အကွာအဝေးအတွင်း၌ တခြားသော စွမ်းအားတစ်ခုက ဒြပ်ဝတ္ထုများ၏ လည်ပတ်မှုကို ထိန်းချုပ်ထားသကဲ့သို့ ရှိသည်။
လင်းရှန်လည်း အခြေအနေမကောင်းမှန်းသိသဖြင့် ဆက်၍အရှိန်မြှင့်လိုက်သည်။ လေထုခုခံမှုမရှိခြင်းနှင့် ဆွဲငင်အား လုံးဝနီးပါးပျောက်ကွယ်သွားခြင်းကြောင့် သူ၏ အရှိန်သည် စက္ကန့်အနည်းငယ်အတွင်း အသံထက်မြန်သော အရှိန်ကို ဖောက်ထွက်သွားသည်။
သူသည် လေထုကန့်လန့်ကာထဲသို့ တစ်ဖန်ကြို၍ဝင်ရောက်ပြီး ဆင်းသက်မည့် နေရာကို ရှာဖွေရန် လိုအပ်သည်။
ဂျစ် ဂျစ်...
နောက်ဘက်မှ ဆက်သွယ်ရေးလိုင်းများမှာ လုံးဝအချက်ပြမှုမရရှိတော့ချေ။ လင်းရှန်လည်း ဂရုစိုက်ရန်အချိန်မရှိဘဲ ရထားလမ်းကို ဆွဲကာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းပြီးနောက် လေထုထဲသို့ တိုက်ရိုက်ပြန်လည်ဝင်ရောက်လိုက်သည်။