အခန်း (၁၂၁၀)
Vol. 79 Ch. 1210
Chapter 1210
ခွန်းလွန် (၁)
ချူယန်က ခေါင်းညိတ်သည်၊၊
“နင်ကြောင့်မို့လို့ လူအများကြီးအသက်ရှင်ခဲ့ရတာ”
“ငါ့ကို နည်းနည်းလောက် ပိုပြီးအနားပေးလို့ မရဘူးလား”
လင်းရှန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊၊
“ငါ့ရဲ့ အသိစိတ်ထဲကို သီးသန့်ဝင်ရောက်လာတာက အန္တရာယ်မရှိဘူး မဟုတ်လား”
“ငါက နင်အဆင်ပြေရဲ့လားဆိုတာ သေချာအောင်လုပ်ချင်ရုံတင်ပါ၊၊ ပြီးတော့ ဒီအခြေအနေက...”
“...မင်းလည်း မထိန်းချုပ်နိုင်ဘူးလား”
ချူယန်က ခေါင်းညိတ်၏။
“ငါ့ရဲ့အသိစိတ်နဲ့ နင့်ရဲ့အသိစိတ်က ရှုပ်ထွေးဆက်နွယ်နေတယ်၊၊ ဥပမာအားဖြင့် အခု ငါက နိုးကြားမှုရှိနေရင်းနဲ့ နင်နဲ့ စကားပြောနေတာမျိုးပေါ့”
“ငါတို့ရဲ့ အသိစိတ်တွေက အချင်းချင်းရောထွေးသွားတာမျိုးတော့ မရှိနိုင်ဘူးမလား”
“ငါမသိဘူး...”
“အင်းလေ... ဒါဆို အခုအခြေအနေက ဘယ်လိုလဲ”
“ဗိုင်အိုလာက နင့်ကို ရထားပေါ် ပြန်ခေါ်လာခဲ့တယ်၊ ငါတို့ ဆင်းသက်ခဲ့တာက တကယ့်ကို သည်းထိတ်ရင်ဖိုပဲ၊၊ တိတ်ဆိတ်မြို့တော်နဲ့ ကောင်းကင်အမိုးခုံးရထား… ပြီးတော့ စတားဖလိ့ရဲ့ ဝေဟင်ကူညီရေးတပ်ဖွဲ့တွေ ရောက်လာလို့ ပေါင်းစည်းယာဉ်တန်းက ပင်လယ်ထဲပြုတ်ကျမသွားခဲ့တာပဲ… ဒီလုပ်ငန်းစဉ်မှာ... လူအများကြီး အသက်စွန့်ခဲ့ရတယ်၊၊ ဒါပေမဲ့ နင့်ရဲ့ နောက်ဆုံးတံတားသာမရှိရင် ဒီလူသန်းပေါင်းများစွာထဲက အများစုက အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ချူယန်သည် တည်ငြိမ်စွာ ပြောနေခဲ့သော်လည်း ထိုစကားအနည်းငယ်က ထိုအချိန်က ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကို ပုံဖော်ပေးနေ၏။
သို့သော် သူမသည် အသေးစိတ်ထပ်မံမရှင်းပြဘဲ ရလဒ်က ကောင်းမွန်နေဆဲဖြစ်ကြောင်းသာ လင်းရှန်ကို ပြောပြခဲ့၏။
“နင့်ရဲ့ စွမ်းအားက အလွန်အကျွံထုတ်သုံးမိသွားလို့ ကျောက်ကပ်ပျက်စီးတာနဲ့ တခြားနောက်ဆက်တွဲဝေဒနာအချို့ ဖြစ်သွားတယ်၊၊ သုံးရက်ကြာကယ်ဆယ်ကုသပြီးတဲ့နောက်မှာတော့ နင့်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်”
လင်းရှန်က ဘာမှမတတ်နိုင်သလိုပြုံးလိုက်ပြီး “ငါ အသက်ရှင်ခွင့်ရတာ တကယ်ကံကောင်းတာပဲ...”
လင်းရှန်သည် တစ်ချိန်က သူနေထိုင်ခဲ့ဖူးသော ခိုလှုံရာအခန်းလေးကို ပြန်လည်ကြည့်ရှုရင်း ထိုအရာသည် သူ၏မှတ်ဉာဏ်ထဲကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေသဖြင့် စိတ်ထဲတွင် လှုပ်ရှားတမ်းတမိသွား၏။
“မင်းသိလား ငါဒီမှာရှိနေတုန်းက စိတ်အလုံခြုံဆုံးပဲ ညတိုင်းလည်း နာရီအနည်းငယ်လောက် ကောင်းကောင်းအိပ်ပျော်တယ်၊၊ ပြီးတော့ ကာကွယ်ရေးပြင်ဆင်မှုအားလုံးကိုလည်း အတော်လေး ကောင်းကောင်းလုပ်ထားနိုင်ခဲ့တယ်”
“ဒါက နင် သန္ဓေပြောင်းမွန်းစတားတစ်ကောင်နဲ့မှ မတွေ့ခဲ့ဖူးလို့လေ”
“မင်းလာနောက်နေတာပဲ”
လင်းရှန်က ရယ်မောလိုက်သည်၊၊
“တကယ်လို့သာ တွေ့ခဲ့ရင် ငါအခုထိ အသက်ရှင်နေဦးမယ်ထင်လို့လား”
ထိုစဉ်က ကျိအန်းမြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ပရိဘောဂအရောင်းဆိုင်ကြီးတစ်ခု၌ ပထမဆုံးသော မွန်းစတားနှင့် စတင်ရင်ဆိုင်ခဲ့ရပုံကို လင်းရှန် ပြန်လည်သတိရမိသွား၏။ ထိုအရာကား သူ၏ဝိညာဉ်ပင် လွင့်စင်မတတ်ထိတ်လန့်စေခဲ့သည့် အဖြူရောင်သတ္တဝါကြီးတစ်ကောင် ဖြစ်ပေသည်။ ထိုအချိန်က ၎င်းသည် သာမန် C-Class အဆင့်ရှိ သန္ဓေပြောင်းမွန်းစတားတစ်ကောင်မျှသာဖြစ်သော်လည်း လင်းရှန်နှင့် ချန်ဆီရွှမ်တို့ကို အထိတ်တလန့်ဖြင့် ထွက်ပြေးတိမ်းရှောင်စေခဲ့၏။ အကယ်၍ ရထားပေါ်ရှိ သံမဏိချပ်ကာများ၏ အကာကွယ်မရှိခဲ့ပါက သူတို့သည် ကျိအန်းမြို့မှပင် ထွက်နိုင်လိမ့်မည်မဟုတ်ဘဲ သေဆုံးသွားကြပေလိမ့်မည်။
စကားပြောပြီးနောက် သူသည် ချူယန်ကို ကြည့်ကာ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်၊၊
“ငါတို့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”
ချူယန်က ခေါင်းခါပြလိုက်သည်၊၊
“ငါမသိဘူး”
လင်းရှန်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်၊၊
“မျှော်စင်ယဉ်ကျေးမှုရဲ့ ဒိုင်မေးရှင်းမြှင့်တင်ရေးဇုန်က ဝင်ရိုးစွန်းဒေသဆီရောက်နေပြီလေ… မင်းက အချိန်ကို မသိနိုင်ဘူးလို့ ပြောနေတာလား”
“နင်နိုးလာရင် နားလည်သွားလိမ့်မယ်”
ချူယန်က ထိုအချိန်တွင် ဆက်ပြောလာသည်၊၊
“လက်ရှိအခြေအနေက... ငါတို့ထင်ထားသလိုမျိုး မဟုတ်ဘူး”
ထိုစကားကြောင့် လင်းရှန်၏ မျက်နှာအမူယာချက်ချင်းပြောင်းလဲသွားသည်။ သူက သူ့မှတ်ဉာဏ်ထဲရှိ ခိုလှုံရာအခန်းလေးကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ချူယန်ဘက်သို့ လှည့်ကာ မေးလိုက်၏၊၊
“တစ်ခုခုဖြစ်ခဲ့လို့လား”
ချူယန် နှုတ်ဆိတ်နေခဲ့သည်။ ခေတ္တကြာပြီးနောက် သူမက လင်းရှန်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။
“လင်းရှန်... ငါ နင့်ကို အမြဲတမ်းယုံကြည်နေမှာပါ”
ထပ်နေသော အရိပ်များနှင့် နေဝင်ဆည်းဆာအလင်းတန်းများသည် သူမ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး ဝေဝါးနေသော်လည်း တောက်ပထင်ရှားနေသည်။
…
လင်းရှန် နိုးလာခဲ့ပြီ ဖြစ်၏။ သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်မှာ ကျယ်ဝန်းပြီး လင်းထိန်နေသော အခန်းတစ်ခန်းဖြစ်သည်။
အခန်း၏ အရောင်အသွေးသည် အဖြူရောင်ဖြစ်၏။ ၎င်းသည် ကြယ်သင်္ဘောပေါ်ရှိ ဇိမ်ခံအခန်းတစ်ခန်းနှင့် ဆင်တူလှပေသည်။ အလှဆင်ပစ္စည်းအားလုံးသည် ဆန်းသစ်သော နည်းပညာဆန်ဆန်ရိုးရှင်းမှုအလှကို ဖော်ဆောင်နေပြီး ကြမ်းပြင်သည်လည်း ကျောက်စိမ်းဖြူကဲ့သို့ ဖုန်တစ်မှုန်မျှမရှိဘဲ သန့်ရှင်းပြောင်စင်နေသည်။
နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျနေပြီး နွေးထွေးသောအလင်းပြန်မှုကို ပေးစွမ်းနေ၏။
သူ ဖြည်းဖြည်းချင်းထိုင်လိုက်ရာ အရိုးအဆစ်များဆီမှ တောင့်တင်းသော တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာသည်။ အခန်းထဲတွင် သူတစ်ယောက်တည်းသာရှိနေသည်ဟု ထင်ရသော်လည်း သူ၏ယန္တရားစွမ်းအားကမူ ဖုံးကွယ်ထားသော စောင့်ကြည့်ကင်မရာ ၂၇ ခုကို ချက်ချင်းစကင်ဖတ်မိသွား၏။ သူ ထရပ်လိုက်သည့် လှုပ်ရှားမှုနောက်သို့ ထိုကင်မရာမျက်မှန်ဘီလူးများက တိတ်ဆိတ်စွာ လိုက်ပါလှည့်ပတ်နေကြသည်။
လေထုထဲတွင် ပန်းရနံ့တစ်မျိုးကဲ့သို့ သင်းပျံ့သောအနံ့တစ်ခု ရှိနေ၏။ လင်းရှန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ထကာ ရေချိုးခန်းထဲသို့ လျှောက်လှမ်းသွားသည်။
မှန်ထဲတွင်မူ သူ၏ဦးခေါင်းနောက်ဘက် ဝဲယာတစ်ဝိုက်ရှိ ဆံပင်အချို့မှာ ရိတ်ထားခြင်းခံထားရပြီး ဦးနှောက်အာရုံကြောဆိုင်ရာ အရေးပေါ်ပြုပြင်ကုသမှု ခွဲစိတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ရသကဲ့သို့ ရှိနေ၏။ လင်းရှန်သည် လက်ကို မြှောက်ကာ ထိုနေရာကို ထိကိုင်ကြည့်လိုက်ရာ ချက်ချင်းပင် စူးခနဲနာကျင်မှုကို ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံးကွဲအက်မတတ် ပြင်းထန်သောဝေဒနာကြောင့် အမြင်အာရုံများပြာဝေကာ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။
ဟူး ဟူး...
သူသည် လက်ဆေးကန်ကို အားပြုကိုင်ထားရင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားကာ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၏။ လင်းရှန်သည် မှန်ထဲရှိ ပုံရိပ်ကို ပြန်လည်ကြည့်ရှုနေစဉ် ကောင်းကင်၏ ဒိုင်မေးရှင်းများကွဲအက်သွားခဲ့သည့် မြင်ကွင်းများသည် သူ၏ဦးနှောက်ထဲ၌ တစ်ဖန်ပြန်၍ ထင်ဟပ်လာသည်။
“ဒီလောက်ကြီးမားတဲ့ လွှဲပြောင်းမှုကို သုံးလိုက်တာက ငါ့ရဲ့ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပုံပဲ ရထားတစ်စင်းလုံးကို ဒီနည်းလမ်းနဲ့ ရွှေ့ပြောင်းဖို့ဆိုရင် ငါ့ရဲ့အသက်နဲ့ရင်းရလိမ့်မယ်... ဒါတောင် အောင်မြင်ပါ့မလား မသေချာဘူး...”
ကိုက်ခဲနေသော ဦးခေါင်းကို ပွတ်သပ်ရင်း လင်းရှန်သည် ဝရန်တာဘက်သို့ ထွက်လာခဲ့သည်။ သို့သော် အလိုအလျောက်တံခါးပွင့်သွားချိန်တွင် အပြင်ဘက်မှ မြင်ကွင်းကြောင့် သူခေတ္တမျှမှင်တက်သွားရ၏။
သူ၏အမြင်အာရုံထဲတွင် ဝင်ရိုးစွန်းရေခဲပြင်ကြီးထက်၌ တည်ဆောက်ထားသော ဧရာမကွင်းပတ်ပုံစံကမ္ဘာကြီးတစ်ခု တည်ရှိနေသည်။ ထိုဧရာမကွင်းပတ်အဆောက်အအုံသည် အနည်းဆုံးမီတာ ၁၀၀၀ခန့် မြင့်မားပြီး အာရုဏ်ဦးမြို့တော်၏ တံတိုင်းဆယ်ခုကို စုပုံထားသည်ထက်ပင် ပိုမိုမြင့်မားကာ နတ်ဘုရားတစ်ပါးက ထိုတိုက်ကြီးကို သော့ခတ်ရန် ကောင်းကင်မှ ချပေးလိုက်သည့် ကွင်းကြီးနှင့် တူလှပေသည်။
ထိုကွင်းပတ်ပုံစံ ဧရာမတံတိုင်းကြီးသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ အံ့မခန်းဖန်တီးမှုကြီးတစ်ခုကဲ့သို့ မိုးကုတ်စက်ဝိုင်းအထိ ဆန့်တန်းတည်ရှိနေ၏။
အောက်ခြေ၌မူ ရေခဲတောင်များနှင့် ရေခဲအိုင်ကြီးများ၏ ဘေးတွင် အလိုအလျောက်စနစ်သုံးစက်မှုဇုန်များ ပြည့်နှက်နေပြီး ၎င်းတို့ကြား၌ ပျံသန်းရေးယာဉ်ပေါင်းများစွာသည် ရှုပ်ယှက်ခတ်ပျံသန်းနေကြသည်။
လင်းရှန်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများပြည့်နှက်သွား၏။ သူ ဒရုန်းတစ်စင်းကို ချက်ချင်းလွှတ်တင်ကာ ကောင်းကင်ထက်သို့ ပို့ဆောင်လိုက်ပြီး ၎င်းမှတစ်ဆင့် မြင်ကွင်းများကို ချိတ်ဆက်ကြည့်ရှုလိုက်သည်။ ထိုအခါ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့ကို ဒီရေလှိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်သွားတော့၏။
ထိုမီတာတစ်ထောင်မြင့်သော ဧရာမတံတိုင်းကြီးသည် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ယန္တရားကျောရိုးတစ်ခုကဲ့သို့ ဖြတ်သန်းတည်ရှိနေပြီး တံတိုင်း၏ အပြင်ဘက်တွင်မူ အဆုံးမရှိသော မွန်းစတားလှိုင်းလုံးကြီးများပြည့်နှက်နေသည်။
လင်းရှန် မြောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဝင်ရိုးစွန်းရေခဲပြင်၏ အလယ်ဗဟို၌ ဧရာမကြယ်သင်္ဘောမျှော်စင်ကြီးသည် ကောင်းကင်ယံထက်သို့ တန်းမတ်စွာထိုးထွက်နေပြီး ၎င်း၏ထိပ်ဖျားမှ ကမ္ဘာ့လေထုအလွှာအပြင်ဘက်ဆီသို့ ဆန့်တန်းထားသော ဧရာမအာကာသဓာတ်လှေကားကြီးသည် အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
“ဒါက... ဝင်ရိုးစွန်း ခွန်းလွန်မြို့တော်ပေါ့”
မြေပြင်မှ ထိုးထွက်လာသော ကမ္ဘာပျက်ကပ်၏ အံ့ဖွယ်ဖန်တီးမှုကြီးကို ငေးကြည့်ရင်း လင်းရှန်သည် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို တစ်ဖန်ပြန်၍ အံ့ဩမိသွားသည်။ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း၌ လူသားများသည် ဝင်ရိုးစွန်းရေခဲပြင်ထက်တွင် ယခုကဲ့သို့သော ခိုလှုံရာမြို့တော်ကြီးကို တည်ဆောက်နိုင်ခဲ့သည့် အင်အားကို မည်သို့ရရှိခဲ့ကြသည်ကို စဉ်းစားရခက်လှပေ၏။
လူတိုင်းက ဤဝင်ရိုးစွန်းဒေသသို့ အသက်လုထွက်ပြေးခဲ့ကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ ဖီးနစ်သည် ဤနေရာကို အမှန်တကယ်ပင် ဘေးကင်းရာဆိပ်ကမ်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။
အမှန်စင်စစ် ဤနေရာသည် လူသားတို့၏ နောက်ဆုံးကျန်ရှိသော အထက်တန်းလွှာများနှင့် အရင်းအမြစ်များကို စုစည်းကာ စတားဖလိ့များ၊ ကီဟွာစက်မှုလုပ်ငန်းကြီးနှင့် အင်ဂျင်နီယာပေါင်းများစွာ၏ ပူးပေါင်းဖန်တီးမှုပင်ဖြစ်ပေသည်။
ဤအရာအားလုံးကို မြင်တွေ့ရသောအခါ လင်းရှန် သက်ပြင်းချမိသွား၏။
နှမြောစရာကောင်းလှပေသည်။ တကယ်လို့သာ မျှော်စင်ယဉ်ကျေးမှုက ကမ္ဘာဂြိုဟ်တစ်ခုလုံး၏ ဒိုင်မေးရှင်းကို ပြန်လည်ပုံဖော်ရန် စီစဉ်နေသည်ကို မသိရှိခဲ့ပါက ယခုကဲ့သို့သောနေရာတွင် နေထိုင်ရခြင်းသည် လူတစ်ယောက်အား လုံခြုံမှုခံစားချက်ကို ပေးစွမ်းနိုင်မည် ဖြစ်၏။
“ဒီလောက် ခမ်းနားထည်ဝါတဲ့ မြို့တော်ကြီးက ငါတို့ရဲ့ နောက်ဆုံးခိုလှုံရာနေရာမဖြစ်နိုင်တော့တာကို နှမြောနေတာလား”
ဟိန်းထွက်နေသော အသံတစ်ခုထွက်ပေါ်လာ၏။ လင်းရှန် ခေါင်းလှည့်ကြည့်လိုက်ရာ တရုတ်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ဦးသည် သူ၏သတိမမူမိခင်မှာပင် အခန်းထဲသို့ ရောက်ရှိနေပြီး ၎င်း၏နောက်တွင် အစောင့်နှစ်ဦးလိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
ထိုလူအိုကြီး၏ မျက်နှာပေါ်တွင် အရေးအကြောင်းများထင်ဟပ်နေသော်လည်း သူ၏ငွေရောင်ဆံပင်များသည် ကြမ်းတမ်းထောင်မတ်နေကာ သိမ်းငှက်ကဲ့သို့သော မျက်ဝန်းများသည် စူးရှတောက်ပလျက်ရှိ၏။ သူ၏ပုံစံသည် သာမန်အသက်ကြီးသောလူတစ်ဦးကဲ့သို့မဟုတ်ဘဲ စူးရှထက်မြက်သော ဓားတစ်စင်းကဲ့သို့ဖြစ်မေသည်၊၊
ထိုလူအိုကြီးက လက်ဝှေ့ယမ်းပြလိုက်ရာ အစောင့်နှစ်ဦးက ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြသည်။
လင်းရှန်သည် ထိုလူအိုကြီးကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်၊၊
“လူကြီးမင်းက ဘယ်သူလဲ မသိဘူး”
“လီဟယ်ပင်း”
လီဟယ်ပင်းက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်ရင်း မျက်ဝန်းများတွင် ခပ်မှိန်မှိန်အပြုံးတစ်ခုကို ဖော်ပြနေ၏၊၊
“အခုအချိန်ကလွဲရင် ငါမင်းနဲ့ အနီးကပ်ဆုံးရှိခဲ့ဖူးတာကတော့ မင်းအာရုဏ်ဦးမြို့တော်မှာရှိနေတုန်းကဖြစ်လိမ့်မယ်”