အခန်း (၁၂၁၄)
Vol. 79 Ch. 1214
Chapter 1214
ကမ္ဘာပျက်ကပ်နိမိတ် (၁)
“စာအိတ်ဟုတ်လား”
“ဟုတ်တယ် တောင်ဘက်ကောင်းကင်ဂိတ်က လက်ခံရရှိခဲ့တဲ့ သတင်းစကားအမျိုးအစားနဲ့ အတူတူပဲ၊၊ အကြောင်းအရာကတော့ အရမ်းရိုးရှင်းပါတယ်… ကမ္ဘာပျက်ကပ်ကို ကြိုတင်နိမိတ်ပြထားတယ်”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ကမ္ဘာပျက်ကပ်နေ့လား”
ယဲ့လန်က ခေါင်းညိတ်ပြသည်။
“ဒါပေမဲ့ ဒီသတင်းအချက်အလက်ဟာ အစပိုင်းမှာ အမြင့်ဆုံးအလေးထားမှုကို မရရှိခဲ့ဘူး၊၊ ဘာလို့လဲဆိုတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေနဲ့ ဒေသတွေမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့လို့ပဲ၊၊ ဒါကြောင့် ငါ့အဖေ ယဲ့ပေ့ကျီက သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံရေးပိုင်းကလူတွေကို တက်ကြွစွာ စည်းရုံးပြီး ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဒီလိုအမှောင်ဒြပ်ဝတ္ထုသတင်းအချက်အလက်တွေကို ဆက်တိုက်လေ့လာစောင့်ကြည့်ဖို့ အဖွဲ့အစည်းတစ်ခုကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်၊၊ ပြီးတော့ အဖွဲ့အစည်းအသီးသီးကို ကမ္ဘာပျက်ကပ်နိမိတ်ရဲ့ အကျပ်အတည်းအပေါ် ရင်းနှီးမြှုပ်နှံပြီး ဂရုစိုက်လာအောင် စည်းရုံးလှုံ့ဆော်ခဲ့တယ်”
“တဖြည်းဖြည်းနဲ့ ငြင်းပယ်လို့မရတဲ့ သိပ္ပံပညာဆိုင်ရာသက်သေအထောက်အထားတွေကြောင့် ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ အကျပ်အတည်းတည်ရှိမှုကို စတင်အသိအမှတ်ပြုလာကြတယ်၊၊ တစ်ပြိုင်နက်တည်းမှာပဲ ဒီအကြောင်းရင်းကြောင့် မူလက ရှုပ်ထွေးနေတဲ့ ကမ္ဘာ့အစီအစဉ်ဟာ နဂါးနိုင်ငံက ဦးဆောင်တဲ့ ကမ္ဘာ့ဖက်ဒရယ်စနစ်ဆီကို အလျင်အမြန်ကူးပြောင်းသွားခဲ့တယ်။ ကမ္ဘာပျက်ကပ်နေ့ရောက်ရှိလာမှုကို ပြင်ဆင်ဖို့ တစ်ကမ္ဘာလုံးက နည်းပညာတွေကို တစ်ညီတစ်ညွတ်တည်းပေါင်းစည်းပြီး စတင်ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်၊၊ ကမ္ဘာကြီးဖရိုဖရဲဖြစ်ပြီး လူသားတွေ မျှော်လင့်ချက်မဲ့သွားမှာကို ကာကွယ်ဖို့အတွက် ဒီအစီအစဉ်ဟာ ဖက်ဒရယ်ရဲ့ အမြင့်ဆုံးလျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှတက်လာတဲ့ နိုင်ငံရေးသမားအများအပြားတောင် ဒါကိုမသိကြဘူး၊၊ ဘာလို့လဲဆိုတော့ ပန်းတိုင်ကို သတ်မှတ်ပြီးတာနဲ့ အဲဒါက လုံလောက်နေပြီမို့လို့ပဲ”
“ပြီးတော့ ကမ္ဘာပျက်ကပ်ကို လေ့လာပြီး ဆက်တိုက်စောင့်ကြည့်သတိပေးနေတဲ့ ဒီလျှို့ဝှက်အဖွဲ့အစည်းကတော့ ဖီးနစ်ပဲ”
လင်းရှန်၏ မျက်နှာအမူယာပြောင်းလဲသွားသည်။
“ဒါဆို ခဗျားတို့က ကမ္ဘာပျက်ကပ်အကြောင်းကို အစကတည်းက သိနေခဲ့တာပေါ့”
“သိနေရင်ကော ဘာလုပ်နိုင်မှာလဲ”
ယဲ့လန်က သက်ပြင်းချသည်။
“ငါတို့က ထိပ်တန်းအဆင့် စတားဖလိ့စစ်တပ်ကို တည်ဆောက်ခဲ့တယ်၊၊ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းနဲ့ ဥက္ကာခဲကာကွယ်ရေးပလက်ဖောင်းဖြစ်တဲ့ တောင်ဘက်ကောင်းကင်ဂိတ်ကို တီထွင်ခဲ့တယ်… ကွမ်တမ်ကွန်ပျူတာတွေကို ပိုင်ဆိုင်ခဲ့တယ်… ဒါပေမဲ့ ကမ္ဘာပျက်ကပ်နေ့ကို တကယ်ရောက်လာတဲ့အခါ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိတော့ဘူး… ငါတို့ရဲ့ စွမ်းအားဝတ်စုံတွေနဲ့ ကြယ်သင်္ဘောတွေက အမှောင်ကျူးကျော်မှုစွမ်းအင်ကို မခုခံနိုင်ခဲ့သလို ကမ္ဘာတစ်ဝန်းက ဘီလီယံနဲ့ချီတဲ့ လူသားတွေဟာ တစ်ညတည်းမှာတင် ဖုတ်ကောင်တွေအဖြစ် သန္ဓေပြောင်းသွားခဲ့ကြတယ်—”
“အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး” လင်းရှန်က လေးနက်သောအမူယာဖြင့် ပြောလိုက်သည်။
“အနည်းဆုံးတော့ ဖက်ဒရယ်ရဲ့ တစ်ညီတစ်ညွတ်တည်းဦးဆောင်မှုအောက်မှာ အရေးပေါ်တုံ့ပြန်မှုယန္တရားကို အလျင်အမြန်အသက်သွင်းနိုင်ခဲ့လို့ အသက်ရှင်ကျန်ရစ်သူအများစုကို စုစည်းနိုင်ခဲ့တာပဲ မဟုတ်ဘူးလား”
“ဒါတော့ မှန်ပါတယ်”
ယဲ့လန်က ခေါင်းညိတ်သည်။
“ဒါကလည်း ဖီးနစ်ရဲ့ မူလရည်ရွယ်ချက်ပဲလေ… အခုပြန်တွေးကြည့်ရင် ငါတို့ကို နောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးရင်တောင် ရလဒ်က သိပ်ထူးခြားလာမှာ မဟုတ်ဘူး၊၊ ငါတို့က ဘာမှန်းမသိရသေးတဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို ခဗျားတို့က ဖောင်ဒေးရှင်းရဲ့ တကယ့်နောက်ကြောင်းကို သိနေခဲ့တာပေါ့… ပြီးတော့ သူတို့ကလည်း ကမ္ဘာပျက်ကပ်ရောက်လာတော့မယ်ဆိုတာကို သိနေခဲ့တာလား”
ယဲ့လန်က ခေတ္တတိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်းပြောလာသည်။
“အတိအကျပြောရရင် ဖောင်ဒေးရှင်းနဲ့ ဖီးနစ်ဟာ အစပိုင်းမှာ အဖွဲ့အစည်းတစ်ခုတည်းပဲ”
“ဘာ”
လင်းရှန် လုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူ တကယ်ကို ဆွံ့အသွားရသည်။ ဖောင်ဒေးရှင်းနဲ့ ဖီးနစ်က တကယ်ပဲ အဖွဲ့အစည်းတစ်ခုတည်းဖြစ်ခဲ့တာလား…
“ဒါပေမဲ့—”
လင်းရှန်၏ စိတ်ထဲတွင် လုံးဝကို ရှုပ်ထွေးသွားပြီး ရင်ထဲ၌ မြင်းရိုင်းတစ်သောင်း ဒုန်းစိုင်းပြေးနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါဆို သူတို့က ဘယ်လိုလုပ်ပြီး အမှောင်ထုကို ကိုးကွယ်တဲ့ဂိုဏ်းဖြစ်သွားရတာလဲ”
“ဘာလို့လဲဆိုတော့ ငါတို့က ရှင်သန်ခြင်းအပေါ် နားလည်မှုချင်းမတူညီကြလို့ပဲ”
ယဲ့လန်က ပြောသည်။
“အစပိုင်းမှာ ငါတို့ရဲ့ ပန်းတိုင်က လူသားယဉ်ကျေးမှုဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ပဲ”
“ရလဒ်အနေနဲ့ သူတို့က ပိုမိုမြင့်မားတဲ့ ဒိုင်မေးရှင်းယဉ်ကျေးမှုတွေက အနိုင်မတိုက်နိုင်ဘူးဆိုတာကို ရှာဖွေတွေ့ရှိသွားပြီး ‘လူသားတွေဟာ ရှုံးနိမ့်ဖို့ပဲ ကံပါလာတယ်’ ဆိုတဲ့ အတွေးမျိုးဝင်သွားကြတာပေါ့ ဟုတ်လား”
လင်းရှန်လည်း ဟွာရှောင်လင်း၏ စကားများကို ပြန်အမှတ်ရသွားသည်။
“ဟုတ်တယ်”
ယဲ့လန်က တည်ငြိမ်စွာ ရှင်းပြသည်။
“ဒါကြောင့် သူတို့က ငါတို့ကို သတိပေးချက်ပို့ပေးခဲ့တဲ့ ယဉ်ကျေးမှုကို ကယ်တင်ရှင်အဖြစ်သတ်မှတ်ခဲ့ကြပြီး အဲဒီယဉ်ကျေးမှုက လူသားတွေကို ကယ်တင်ဖို့ ဆင်းသက်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်လေ”
လင်းရှန်၏ မျက်ခွံများလှုပ်ရှားသွားကာ သက်ပြင်းချမိသည်။
“ထွက်ပြေးဖို့ ကြိုးစားတာက ရှက်စရာတော့မဟုတ်ပါဘူး၊၊ ကျုပ်သာ အဲဒီအခြေအနေမှာဆိုရင်လည်း ဒီလိုပဲ တွေးမိမှာပဲ… ဒါပေမဲ့ ပြဿနာက—”
“ဒါပေမဲ့ ပြဿနာက သူတို့ကဘာလို့ လူသားတွေဘက်ကို သေနတ်ပြောင်းလှည့်ပြီး မျိုးတုန်းအောင်လုပ်ရတာလဲဆိုတာပဲ မဟုတ်ဘူးလား”
ယဲ့လန်က ခေါင်းခါပြသည်။
“အစပိုင်းမှာ ငါတို့က ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားခဲ့တယ်၊၊ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ သုတေသနရင်းမြစ်အများအပြားက အဲဒီမှာရှိနေလို့ပဲ၊၊ ဒါပေမဲ့ တောင်ဘက်ကောင်းကင်ဂိတ်က သတင်းစကား ကမ္ဘာကို ထွက်ပေါ်လာပြီးတဲ့နောက်မှာ အခြေအနေတွေ စတင်ပြောင်းလဲသွားခဲ့တယ်—”
လင်းရှန်၏ မျက်ဝန်းများ စူးရှသွားသည်။
“ကျုပ်ခန့်မှန်းတာ မှန်နေတာပဲ၊၊ အဲဒီသတင်းစကားက တကယ်ပဲ လူသားတွေကို ရည်ညွှန်းထားတာပေါ့”
“ဒါပေမဲ့ ဘာလို့လဲ… သူတို့က ကမ္ဘာပျက်ကပ်ရောက်တော့မယ်လို့ ကျုပ်တို့ကိုပြောခဲ့ပြီးတော့ ဘာလို့ ပြန်မခုခံဖို့ ပြောရတာလဲ”
“ငါလည်း ဒီမေးခွန်းကို အကြာကြီးစဉ်းစားခဲ့ဖူးတယ်”
ယဲ့လန်က လင်းရှန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်တော့ အဖြေက မင်းကိုယ်ပေါ်မှာ ရှိနေတာပဲ”
လင်းရှန် တောင့်တင်းသွားသည်။
သူ့စိတ်ထဲတွင် မကောင်းသောအတွေးတစ်ခုဝင်လာခြင်းဖြစ်သည်။
ချူယန်နှင့် ဆက်သွယ်ပြောဆိုစဉ်ကတည်းက ဤအကြောင်းကို သူတွေးဖူးသော်လည်း ထိုစဉ်က ပြန်လည်ပယ်ဖျက်ခဲ့သည်။
ဝင်ရိုးစွန်းဒေသမှ ရေခဲရေများကြောင့် ကြည်လင်ပြီး လူသူကင်းမဲ့နေသည့် အိုင်ပြင်ကျယ်ပေါ်တွင် လေညင်းတစ်ချက်တိုက်ခတ်သွားသည်။ ကောင်းကင်ယံရှိ ဖန်တီးထားသော ဝင်လုဆဲဆဲ နေမင်းသည် မျက်စိပဒေသာဖြစ်လောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိလှသည်။
ယဲ့လန်၏ ငွေရောင်ဆံပင်များကို ကြည့်ရင်း လင်းရှန်သည် နက်ရှိုင်းသော မျက်ဝန်းများအောက်ရှိ တည်ငြိမ်သောအမူအရာနှင့် သက်ပြင်းချသံကို မြင်ယောင်နေမိသည်။
“စတားဖိုင်းယားစီမံကိန်းက မျှော်စင်ယဉ်ကျေးမှုရဲ့ စမ်းသပ်ချက်တစ်ခုတော့ မဟုတ်ဘူးမလား”
လေတိုက်သံက တဝူးဝူးနှင့် မြည်ဟည်းနေသည်။
ယဲ့လန်၏ အသက်ရှူသံက နှေးကွေးလွန်းလှပြီး သူ၏တိတ်ဆိတ်မှုမှာ ကောင်းကင်ယံမှ ဖိနှိပ်ထားသော မည်းမှောင်သည့်တိမ်တိုက်ကြီးတစ်ခုနှယ်ဖြစ်နေသည်။
အချိန်အတော်ကြာမှ ထိုတည်ငြိမ်သောအသံက ထွက်ပေါ်လာသည်။
“အဲဒီယဉ်ကျေးမှု (သတိပေးခဲ့တဲ့ ယဥ်ကျေးမှု)က အမှောင်ဒြပ်ထုနဲ့ ဖုံးအုပ်ထားတဲ့ အထူးပရိုတွန်နှစ်ခုကို ကမ္ဘာမြေဆီစေလွှတ်ခဲ့တယ်။ သူတို့ကို လေ့လာခြင်းအားဖြင့် ငါတို့လက်ရှိ ယဉ်ကျေးမှုအဆင့်ထက်သာလွန်တဲ့ အခြေခံရူပဗေဒနည်းပညာတွေ အများကြီးရခဲ့တယ်။ ဥပမာ- အာကာသဓာတ်လှေကားအတွက် နာနိုပြွန်ပစ္စည်းတွေ၊ ဂီဂါဝပ်အဆင့် စွမ်းအင်ထိန်းချုပ်မှုတွေ၊ အလင်းယိုင်မှုအတားအဆီးတွေ၊ အာကာသပတ်ဝန်းကျင်နဲ့ အလွန်ပေါ့ပါးတဲ့ ပစ္စည်းတွေပေါ့။ ဒီနည်းပညာတွေကြောင့်ပဲ ငါတို့ စတားဖလိ့စစ်တပ်ကို တည်ဆောက်နိုင်ခဲ့တာ… အခြေခံနည်းပညာတွေ ခုန်ပျံကျော်လွှားတိုးတက်လာလို့ပဲ ပျံသန်းနေတဲ့ မြို့တော်တွေ၊ ကမ္ဘာပတ်လမ်းကြောင်းအနီး ကာကွယ်ရေးပလက်ဖောင်းတွေနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းလိုမျိုး စူပါလူလုပ်အဆောက်အအုံတွေကို ဖန်တီးနိုင်ခဲ့တာပဲ”
“ဒါပေမဲ့ ဒါတွေအားလုံးရှိနေရင်တောင် ငါတို့က မျှော်စင်ယဉ်ကျေးမှုကို မယှဉ်နိုင်သေးဘူးပေါ့”
လင်းရှန်က မေးလိုက်သည်။
ယဲ့လန်က ခေါင်းခါပြကာ “ဘယ်သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုမဆို တစ်ညတည်းနဲ့ ပြီးမြောက်နိုင်တာမဟုတ်ဘူး။ အဖြေတွေရှိနေရင်တောင် မင်းပြောသလိုပဲဖြစ်မှာ။ အကယ်၍ ငါတို့ဆီမှာ ဒါတွေမရှိခဲ့ရင် ကမ္ဘာပျက်ကပ်နေ့ကနေ အခုထိရှင်သန်နိုင်မှာ မဟုတ်သလို ခွန်းလွန်မြို့တော်ကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး”
“ဒါ့အပြင် ဒြပ်ထုကန့်သတ်ချက်တွေကြောင့် အဲဒီအထူးပရိုတွန်နှစ်ခုထဲမှာ အဆင့်မြင့်စွမ်းအင်လက်နက်တွေ မပါဝင်ခဲ့ဘူး။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်အထိရောက်တော့မှ အဲဒီအထူးပရိုတွန်နှစ်ခုက တစ်စုံတစ်ခုကို လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ပေးနိုင်တဲ့ ယဉ်ကျေးမှုတည်ဆောက်ရေးကိရိယာတွေဆိုတာ ငါတို့ ရုတ်တရက်သိလိုက်ရတယ်”
“ကိရိယာဟုတ်လား”
“အတိအကျပြောရရင် ခေတ်သစ်လူသားတွေက လူရိုင်းတွေကို ပေးလိုက်တဲ့ ပေါက်တူးနှစ်ချောင်း ဒါမှမဟုတ် ဆွစ်ဇလန်လုပ်စစ်တပ်သုံးဓားမြှောင်တစ်လက်လိုမျိုးပေါ့”
“ဒီလိုတင်စားတာက ပိုပြီးတော့ သင့်တော်လိမ့်မယ်”
လင်းရှန် မျက်မှောင်ကြုတ်သွားပြီး “ဒီကိရိယာက မျှော်စင်ယဉ်ကျေးမှုကို ရင်ဆိုင်ဖို့ ရည်ရွယ်တာလား”
“ငါတို့လည်း အဲလိုပဲထင်ခဲ့တယ်”
ယဲ့လန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒီလိုကိရိယာ ဒါမှမဟုတ် ယန္တရားက ငါတို့ယဉ်ကျေးမှုရဲ့ နည်းပညာကို သင်ယူတုပပြီး အသစ်အဆန်းတစ်ခုခုဖန်တီးဖို့ လိုအပ်တယ်။ အတိုင်းအတာတစ်ခုအထိတော့ လူသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်သလို ပြန်လည်တည်ဆောက်ဖို့လည်း ကူညီပေးနိုင်တယ်”
လင်းရှန် ပို၍ မျက်မှောင်ကြုတ်သွားသည်၊၊
“ဒီယဉ်ကျေးမှုဖန်တီးရေးကိရိယာက ကျုပ်ရဲ့ ယန္တရားနှလုံးသားလို့တော့ မပြောနဲ့နော်”
ယဲ့လန်က သက်ပြင်းချရင်း လင်းရှန်ကို ကြည့်နေပြီး ဘာမှမပြောပေ။
လင်းရှန် စိတ်လေးသွားကာ ချက်ချင်းပင် ပြန်ချေပလိုက်သည်။
“ဒါလည်း ဖြစ်နိုင်ပါတယ်။ ကျုပ်ရဲ့ ယန္တရားနှလုံးသားက စွမ်းအားတစ်ခုမဟုတ်ဘူးဆိုတာသိပေမဲ့ ကိရိယာတစ်ခုမဟုတ်ဘူးဆိုတာလည်း သေချာပါတယ်။ ကျုပ်ရဲ့ အသိစိတ်ကနေတစ်ဆင့် အလင်းနှစ်ထောင်ပေါင်းများစွာ အဝေးကယန္တရားဂြိုဟ်သိမ်တစ်ခုကို ဖွင့်နိုင်တယ်။ ဒါ့အပြင် ကမ္ဘာပျက်ကပ်နေ့နောက်ပိုင်း ပထမဆုံးဝင်ရိုးစွန်းညကနေ လွတ်မြောက်ပြီးမှ ဒီစွမ်းရည်ကို ရခဲ့တယ်။ ဒါမှမဟုတ် ဒီကိရိယာက တစ်စုံတစ်ခုသော စိတ်စွမ်းအားကနေတစ်ဆင့် အသက်ဝင်လာတာလား”