← Chapters

အခန်း (၁၂၁၅)

Vol. 79 Ch. 1215

အခန်း (၁၂၁၅)

Vol. 79 Ch. 1215

Chapter 1215

ကမ္ဘာပျက်ကပ်နိမိတ် (၂)

ယဲ့လမ်က ဖြည်းဖြည်းချင်းပြောပြသည်။

“ဒီအထူးပရိုတွန်နှစ်ခုထဲမှာ တစ်ခုက ဖန်တီးခြင်းဖြစ်ပြီး နောက်တစ်ခုက စိတ်ပဲ။ သဘောထားကွဲလွဲမှုတွေကြောင့် တစ်ခုကိုတော့ ဖောင်ဒေးရှင်းက ယူပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သုတေသနတွေ လုပ်ခဲ့တယ်။ နောက်တစ်ခုအတွက်တော့ ငါတို့က မြောက်အမေရိကပေါင်းစည်းတပ်ဦးရဲ့ သိပ္ပံစင်တာနဲ့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်းတစ်ယောက် ရှာဖွေခဲ့တယ်”

“ချူယန်”

လင်းရှန် အသက်ပြင်းပြင်းရှူကာ နောက်သို့ဆုတ်လိုက်မိသည်။ ပြီးခဲ့သည့် မြင်ကွင်းများက သူ့မျက်စိထဲတွင် တရိပ်ရိပ်ပြန်ပေါ်လာသဖြင့် အသက်ရှူသံများမြန်ဆန်လာသည်။

‘ငါ့ရဲ့ ယန္တရားနှလုံးသားက စွမ်းအားတစ်ခုမဟုတ်ဘဲ ပိုမြင့်မားတဲ့အဆင့်ယဉ်ကျေးမှုတစ်ခုကနေလာတာလို့ ယုံကြည်တယ်’

‘ငါ့ရဲ့ ယန္တရားစွမ်းရည်ထဲက အထူးစွမ်းရည်ဖြစ်တဲ့ ဆွဲငင်အားမှန်ဘီလူးက ဒီကမ္ဘာမှာ ဒုတိယမြောက်တစ်ခုရှိနေသေးတယ်၊၊ အဲဒါကို ငါဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ဘူး’

‘ဒါက မြောက်အမေရိကပေါင်းစည်းတပ်ဦး သိပ္ပံစင်တာက တပ်ဆင်ပေးထားတဲ့ အတွင်းပိုင်းလက်နက်တစ်ခုပဲ။ တစ်ကြိမ်ကို နှစ်ခုအထိ သယ်ဆောင်နိုင်တယ်’

‘ဒီသိပ္ပံစင်တာက ဆွဲငင်အားအခြေခံလက်နက်တွေကို ဘာလို့ထုတ်လုပ်နိုင်ရတာလဲဆိုတာ မင်းတစ်ခါမှ မစဉ်းစားမိဘူးလား’

‘နင်မပေါ်လာခင်အထိ ငါ ဒါကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူး။ ပေါင်းစည်းတပ်ဦးရဲ့ သိပ္ပံစင်တာ၊ ညလမ်းလျှောက်သူများအဖွဲ့၊ အရင်ဖက်ဒရေးရှင်းရဲ့ အိန်ဂျယ်ဌာနနဲ့ ဖောင်ဒေးရှင်းတို့က အမှောင်စွမ်းအင်သုတေသနကို အတူတူလုပ်ဆောင်ခဲ့ပြီး အထူးလက်နက်အတော်များများကို ထုတ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဆွဲငင်အားမှန်ဘီလူးက အစွန်းရောက်အမှောင်စွမ်းအင်သုံးကိရိယာတစ်ခုဖြစ်ပြီး ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကလွဲလို့ ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး’

‘အာရုဏ်ဦးမြို့တော်မတိုင်ခင်က ဖောင်ဒေးရှင်းက ငါတို့ကို အများကြီးကူညီပေးခဲ့ပြီး အမြဲတမ်းပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ပြုပြင်မွမ်းမံမှုနည်းပညာတွေထဲကတစ်ခုဟာ ဖောင်ဒေးရှင်းရဲ့ အသိဉာဏ်တု Ai ယန္တရားစင်တာကနေလာတာပဲ’

‘ငါတို့ကြားမှာ ဘာလို့ စိတ်ချင်းဆက်နွှယ်မှုရှိနေရတာလဲ’

ဝူးးး၊၊

လင်းရှန်၏ နားထဲတွင် လေသံကြီးထွက်ပေါ်လာပြီးမှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့ရှေ့က လူရိပ်ကို ကြည့်ရင်း သူက ဖြည်းဖြည်းချင်းရေရွတ်လိုက်သည်။

“ဒါဆို ကျုပ်ရဲ့ ယန္တရားနှလုံးသားက ဖောင်ဒေးရှင်းရဲ့ လက်ဆောင်ပေါ့၊၊ ဒါပေမဲ့... ဘယ်တုန်းကလဲ... ဒါက မဖြစ်နိုင်တာ...”

လင်းရှန် လုံးဝရှုပ်ထွေးနေပြီး ခေါင်းပေါက်ထွက်လုမတတ် ခံစားနေရသည်။

ယဲ့လန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“မင်းရဲ့ စွမ်းအားတွေ မနိုးထခင်က မင်းဘယ်မှာရှိနေလဲ မှတ်မိသေးလား”

“သေချာပေါက်မှတ်မိတာပေါ့”

လင်းရှန်က အလောတကြီးပြောလိုက်သည်။

“ကျိအန်းမြို့က ချန်ကျင်းတိုက်ခန်း ၁၆၀၂၊ ကျုပ်ရဲ့ ခိုလှုံနေရာလေ။ ကျုပ်က ၃ နှစ်စာရှင်သန်ဖို့လုံလောက်တဲ့ ရိက္ခာတွေနဲ့ အနန္တရထားကို ဖန်တီးဖို့ ပစ္စည်းတွေကို ၃၃ ရက်ပတ်လုံး စုဆောင်းထားခဲ့တယ်။ အရှေ့ဘက်ကို ထွက်ပြေးဖို့ အားလုံးပြင်ဆင်ထားခဲ့တယ်။ ကျုပ် သေချာဂရုစိုက်ခဲ့လို့ ဘယ်တုန်းကမှ ဒဏ်ရာမရခဲ့ဘူး”

“ဒါဆို... အဲဒီ ၃၃ ရက်မတိုင်ခင်က မင်းဘယ်မှာလဲဆိုတာရော မှတ်မိလား” ယဲ့လန်က ရုတ်တရက် မေးလိုက်သည်။

“ကျုပ်...”

လင်းရှန် ဆွံ့အသွားသည်။ သူ၏ တက္ကသိုလ်ကျောင်းသားဘဝက အရာအားလုံးသည် သူ့စိတ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲဖြစ်သည်။ ဆရာမချန်၊ ဒါရိုက်တာလျန်နှင့် အရာရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။

သို့သော် ယဲ့လန်က ဤမေးခွန်းကို ရုတ်တရက်မေးလိုက်သည့်အခါ လင်းရှန်လည်း ကမ္ဘာပျက်ကပ်နေ့မတိုင်ခင်တစ်ရက်က ဘာဖြစ်ခဲ့သည်ကို သူ မမှတ်မိတော့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

သို့မဟုတ် ကမ္ဘာပျက်ကပ်နေ့မတိုင်မီ အချိန်ကာလအတော်ကြာအောင်ပင်...

လင်းရှန်သည် သူအိပ်မက်မက်တိုင်း ခိုလှုံနေရာ၏ အမှတ်တရများဆီသို့သာ ပြန်ရောက်သွားပြီး ထိုထက်စောသောမြင်ကွင်းများမရှိခဲ့သည်ကို သတိပြုမိသွားသည်။

ထို့အပြင် ချူယန်နှင့် စိတ်ချင်းဆက်နွှယ်မှုရရှိပြီးကတည်းက သူ အိပ်မက်ကမ္ဘာသို့ပြန်ရောက်တိုင်း ချူယန်က သူ့အိမ်တွင်အမြဲရှိနေတတ်သည်။

‘ဒါက ငါ့ရဲ့ ခိုလှုံနေရာလေ၊၊ မင်းက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ’

‘မင်း အရင်ပြော… မင်းက ဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလဲ’

“မဖြစ်နိုင်တာ။ ကျုပ်က ဖောင်ဒေးရှင်းရဲ့ စမ်းသပ်ခံသက်ရှိတစ်ယောက်လို့ ပြောချင်တာလား”

လင်းရှန် ခေါင်းကို ဆက်တိုက်ကုတ်ရင်း “ဒါက အဓိပ္ပာယ်မရှိတာပဲ”

“မင်းရဲ့ ယန္တရားနှလုံးသား ပထမဆုံးအကြိမ်နိုးထလာတုန်းက ဟွာရှောင်လင်း မင်းရှေ့မှာပေါ်လာတာက တိုက်ဆိုင်မှုသက်သက်ဆိုတာထက် ပိုလွန်းနေတယ်လို့ မထင်ဘူးလား”

ယဲ့လန်က မေးသည်။

“ဒါ့အပြင် ကျိအန်းမြို့ကနေ အာရုဏ်ဦးမြို့တော်အထိ လမ်းခရီးတစ်လျှောက်မှာ မင်းက သွေးကပ်ဘေးပန်းတွေနဲ့ တားမြစ်ပစ္စည်းတွေ အများကြီးရခဲ့တယ်မဟုတ်လား။ ဒီပစ္စည်းတွေက မင်းရဲ့ ယန္တရားနှလုံးသားကို မြှင့်တင်ဖို့ ကူညီပေးနိုင်ခဲ့တယ်လေ”

“ဥပမာပြောရရင် လမ်းခရီးမှာ မင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက တခြားအသက်ရှင်ကျန်ရစ်သူတွေထက် ဘာလို့အများကြီးပိုခက်ခဲနေရတာလဲ… နောက်ကွယ်ကနေ အရိပ်တစ်ခုက အမြဲတမ်းနောက်ယောင်ခံလိုက်နေသလိုမျိုးလေ”

လင်းရှန် နှုတ်ဆိတ်နေမိသည်။

ယဲ့လန် လျှောက်လာပြီး အိတ်ကပ်ထဲမှ စာရွက်အပိုင်းအစတစ်ခုကို ထုတ်ကာ လင်းရှန်ထံ ကမ်းပေးလိုက်သည်။

“ဒါ့အပြင်က မင်းရဲ့သူငယ်ချင်းက မင်းကိုပေးခိုင်းလိုက်တာ”

လင်းရှန် မော့ကြည့်လိုက်ရာ ဆရာမချန်၏ လက်ရေးကို မြင်လိုက်ရပြီး ထိုစာရွက်ထဲတွင် အန်စာတုံးတစ်ခုနှင့် ကီကီ ရေးထားသော စာလုံးတန်းအချို့ ပါဝင်နေသည်။

ဖော်ထုတ်လိုက်သောဂဏန်းများအရ လင်းရှန် ကီကီနှင့်အတူ သိမ်းဆည်းထားခဲ့သော သတ္တုအန်စာတုံး___ ယခုအခါ ထိုအန်စာတုံးမှ အချက်အလက်များအဖြစ် ပြန်လည်ရရှိလာခြင်းဖြစ်သည်။

ထိုဂဏန်းတန်းသည် အတိအကျ ၁၁ လုံးဖြစ်နေသည်။

လင်းရှန် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ လက်ကိုမြှောက်ပြီး ကြယ်နက်ပန်းပဲဖိုထဲမှ ရရှိခဲ့သော ဖိအားမြင့်ဆိုင်းငံ့ရည်ပါဝင်သည့် ကွန်တိန်နာဘူးကို ထုတ်လိုက်သည်။ ဂဏန်းများကို နှိပ်တော့မည့်အချိန်တွင် ဘေးနားမှ ယဲ့လန်၏အသံက ထွက်ပေါ်လာသည်။

“ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မသွားပါနဲ့”

လင်းရှန်၏ လက်သည် လေထဲတွင် ခဏမျှရပ်တန့်သွားပြီးနောက် လက်ကိုမြှောက်ကာ ဂဏန်းများကို တစ်လုံးချင်းနှိပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လေထုကိုယ်တိုင်ကပင် အနည်းငယ်လေးလံသွားသလို သူ ခံစားလိုက်ရသည်။

တီ... ချက်...

၁၁ လုံးသော ဂဏန်းများကို ရိုက်ထည့်ပြီးနောက် ထိုကိရိယာမှ နောက်ဆုံးတွင် ကြည်လင်ပြတ်သားသော သော့ပွင့်သံထွက်ပေါ်လာသည်။ လင်းရှန် မျက်တောင်မခတ်ပဲ စိုက်ကြည့်နေစဉ် အတွင်းရှိ အနီရောင်အရည်များသည် ကြည်လင်သောအရည်များအဖြစ် တဖြည်းဖြည်းချင်းအစားထိုးသွားပြီး တစ်ချိန်တည်းမှာပင် အတွင်းပိုင်းသတ္တုတိုင်သည် မြင့်တက်လာသည်။

ရင်းနှီးသလိုရှိသော်လည်း စိမ်းသက်နေသောအရာဝတ္ထုတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ကိရိယာ၏ အတွင်းပိုင်းတွင် ပန်းရောင်သန်းပြီး ကျန်းမာသော လူသားနှလုံးသားတစ်ခုရှိနေသည်။

၎င်းသည် အားနည်းသော ဇီဝလျှပ်စစ်စီးကြောင်းတစ်ခု၏ သက်ရောက်မှုကြောင့် အနည်းငယ်တုန်ခါနေသည်။

လင်းရှန်သည် ထိုနှလုံးသားကို မလှုပ်မယှက်စိုက်ကြည့်နေပြီး မျက်လုံးကိုမှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

‘ကပ္ပတိန်လင်း မစိုးရိမ်ပါနဲ့။ ကျွန်မ အခုလေးတင်ပြောခဲ့သလိုပဲ ကျွန်မတို့က ကြားနေအဖွဲ့အစည်းတစ်ခုပါ။ ရှင်ပြောတဲ့ ဗျာဒိတ်တော်ဂိုဏ်းက အမှောင်စွမ်းအားတွေကို အရူးမူးကိုးကွယ်ပြီး ကမ္ဘာပျက်ကပ်ရဲ့ စွမ်းအားကို နတ်ဘုရားလို့ သတ်မှတ်ကြတဲ့သူတွေကို ရည်ညွှန်းတာဖြစ်လိမ့်မယ်’

‘ကျွန်မတို့ သိပ္ပံပညာရှင်တွေရဲ့ အမြင်အရတော့ ဒီလူစုဟာ စိတ္တဇဝေဒနာရှင်တွေပါပဲ’

‘ဒါဆို ကျုပ်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးလုပ်ချင်တာလဲ’

‘ယန္တရားဆန်းသစ်တီထွင်မှုပေါ့’

‘အကယ်၍ ယဉ်ကျေးမှုအသွင်ကူးပြောင်းရေးအခွင့်အလမ်းအကြောင်းပြောမယ်ဆိုရင် ကျွန်မတို့ သိပ္ပံပညာရှင်တွေအတွက်တော့ အလားအလာအကောင်းဆုံးနယ်ပယ်တွေက ဉာဏ်ရည်တုနဲ့ အဆင့်မြင့်နည်းပညာတွေပဲ။ ဒါကလည်း ကျွန်မတို့ယဉ်ကျေးမှုရဲ့ တစ်ခုတည်းသောကျန်ရှိနေတဲ့ ဆန္ဒပဲ။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုနဲ့ စွမ်းအားတွေကတော့ ကျွန်မတို့အတွက် စိမ်းနေသေးတဲ့ လမ်းကြောင်းတွေပေါ့။ ရှင်လည်း အဲလိုပဲ မထင်ဘူးလား’

ရေအိုင်ကို ဖြတ်တိုက်နေသည့် လေညင်းသည် ဝါဂွမ်းကဲ့သို့ ပေါ့ပါးလှသည်။ လင်းရှန်သည် အိုင်နားတွင် ထိုင်ကာ နှလုံးသားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း သူ့ရဲ့ ဘယ်ဘက်ရင်ဘတ်ကို လှမ်းကိုင်ကြည့်သည်။ သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“လျှပ်စစ်စီးကြောင်းကို ဘာလို့ခံစားရလဲ… အင်ဂျင်မြည်ဟည်းသံကို ဘာလို့ကြားရလဲဆိုတာ မဆန်းတော့ပါဘူး။ ယန္တရားနှလုံးသားဆိုတာ တကယ်ပဲ နှလုံးသားတစ်ခုဖြစ်နေတာကိုး”

“နာမည်က ကဗျာဆန်သလိုရှိပေမဲ့ အတိအကျပြောရရင်တော့ ဒါဟာ ဘက်ပေါင်းစုံကနေ ဖြန့်ကျက်လိုက်တဲ့အခါ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းထက် အဆပေါင်းရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီ ပိုကြီးမားတဲ့ စူပါဖန်တီးမှုတစ်ခုပဲ”

ယဲ့လန်က ရှင်းပြသည်၊၊

လင်းရှန် ခေါင်းငြိမ့်ကာ “ကျုပ်က ယန္တရားနှလုံးသားရဲ့ အတွင်းပိုင်းကို မြင်ဖူးတယ်”

“ဘယ်မှာလဲ”

“ကြယ်နက်ပန်းပဲဖိုထဲမှာ”

လင်းရှန် သူ ယခင်က နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့စဉ်က သူ့စိတ်ဝိညာဉ်သည် ကြယ်နက်ပန်းပဲဖို၏ ဂြိုဟ်ဗဟိုချက်ထဲသို့ ကျဆင်းသွားခဲ့သည်ကို ပြန်တွေးမိသွားသည်။

ထိုနေရာသည် ခမ်းနားထည်ဝါသောဂြိုဟ်ကြီးတစ်လုံး ဖြစ်သည်

၎င်းသည် အလုပ်လုပ်နေသောနှလုံးသားတစ်ခုပင်။

All Chapters