အခန်း (၁၂၁၆)
Vol. 80 (End) Ch. 1216
Chapter 1216
အနာဂတ်ယဥ်ကျေးမှု
ဆိုင်းငံ့ရည်ကွန်တိန်နာဘူးအတွင်းရှိ နှလုံးသားကို ကြည့်ရင်း လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားက ဘာကြောင့် ပဲ့တင်ထပ်တုန်ခါနေရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အကြောင်းမှာ ဤအရာသည် သူ့၏နှလုံးသား၊ အစားထိုးပြီး ယန္တရားတပ်ဆင်ထားတဲ့ လူသားနှလုံးသားတစ်ခုဖြစ်နေ၍ပင်။
“ဟွာရှောင်လင်းက ဘာလို့ ဒီလောက်အထိ ဇွဲကောင်းနေရလဲ… ထူးဆန်းသောကုဗတုံးက အမှောင်စွမ်းအင်ကို ယန္တရားရင်းမြစ်အမှတ်အဖြစ် ဘာလို့ပြောင်းလဲပေးနိုင်ရတာလဲဆိုတာ မဆန်းတော့ပါဘူး။ ဒါတွေအားလုံးက ပရိုဂရမ်တွေပဲ။ သူတို့ တကယ်ပဲ ကျုပ်ကို အထင်ကြီးလွန်းခဲ့ကြတာကိုး”
“တကယ်တော့ မင်း အဲလိုမျိုးတွေးစရာမလိုပါဘူး”
ယဲ့လန်က ဆက်ပြောသည်။
“ဒီအထူးပရိုတွန်နှစ်ခုက ငါတို့ စိတ်ကြိုက်ထိန်းချုပ်နိုင်တာ ဒါမှမဟုတ် စမ်းသပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ငါတို့ရဲ့ စွမ်းဆောင်ရည်နဲ့တော့ ဒါကို လုံးဝမလုပ်နိုင်ဘူး။ ဒါကြောင့် မင်းအနေနဲ့ ဖောင်ဒေးရှင်းရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်လို့ ခံစားစရာမလိုဘူး။ သူတို့က မင်းအတွက် ပြဿနာအချို့ ဖန်တီးပေးရုံ ဒါမှမဟုတ် နောက်ကွယ်ကနေ အချက်အလက်တွေကို တိတ်တဆိတ်မှတ်တမ်းတင်ရုံပဲလုပ်နိုင်တဲ့ နောက်လိုက်တွေသာသာပဲ”
“ဒါဆိုရင် ချူယန်နဲ့ ကျုပ်က ဘာလို့အစကတည်းက ဒီလိုဆက်သွယ်မှုမျိုး မရှိခဲ့ဘဲနဲ့ အခုမှ...”
လင်းရှန် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
“ကျုပ်က ဆွဲငင်အားမှန်ဘီလူး စွမ်းရည်ကို ရပြီးတဲ့နောက်ပိုင်းကျမှ...”
ယဲ့လန်က ခေါင်းခါပြသည်။
“ငါပြောခဲ့သလိုပဲ ဒါတွေက ငါတို့ လုံးဝမထိန်းချုပ်နိုင်တဲ့ အရာတွေပဲ။ ဒီအထူးပရိုတွန်နှစ်ခုကို အခြေခံပြီး ငါတို့ဖော်ထုတ်ခဲ့တဲ့ ကိရိယာတွေက နောက်ဆုံးမှာ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
“ဒါပေမဲ့...” ယဲ့လန် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ငါ့ရဲ့ အမြင်အရတော့ စကြဝဠာရဲ့ အမျှင်သီအိုရီမှာ ဆွဲငင်အားဟာ အဆုံးသတ်မရှိတဲ့ အမျှင်စက်ဝိုင်းပုံစံမျိုးနဲ့ တည်ရှိနေပြီး ပိုမြင့်မားတဲ့ အာကာသဒိုင်မေးရှင်းတွေထဲမှာ လွတ်လပ်စွာ ပျံ့နှံ့နိုင်တယ်။ တခြားအခြေခံစွမ်းအားတွေဖြစ်တဲ့ လျှပ်စစ်သံလိုက်ဓာတ်၊ ပြင်းထန်တဲ့ နူကလီးယားသက်ရောက်မှုနဲ့ အားနည်းတဲ့ နူကလီးယားသက်ရောက်မှုတွေကတော့ နှစ်ဖက်ပွင့်အမျှင်တွေနဲ့ ဖွဲ့စည်းထားပြီး သုံးဖက်မြင်ဒိုင်မေးရှင်းတွေရဲ့ ကန့်သတ်မှုကို ခံရတယ်။ ဒါကြောင့် ဆွဲငင်အားဟာ စကြဝဠာရဲ့ အခြေခံစွမ်းအားကြီးလေးခုထဲမှာ ဒိုင်မေးရှင်းတွေရဲ့ကန့်သတ်မှုကို မခံရတဲ့ တစ်ခုတည်းသောစွမ်းအားပဲ။ ဒါက မင်း ဘာကြောင့် ဒီလိုနည်းနဲ့ စိတ်ချင်းဆက်နွှယ်မှုရခဲ့လဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်”
လင်းရှန် ခေါင်းငြိမ့်ကာ “အဲဒါက ကျိုးကြောင်းဆီလျော်မှုရှိပုံပဲ”
“ဒါဆို စတားဖိုင်းယားစီမံကိန်းက တကယ်တော့ အဲဒီယဉ်ကျေးမှုရဲ့ တုံ့ပြန်မှုကို အတည်ပြုဖို့ ကြောင်းလှမ်းနေတာပေါ့”
“မှန်ပါတယ်” ယဲ့လန်က ပြန်ဖြေသည်။
လင်းရှန် ဇဝေဇဝါဖြစ်သွားခဲ့၏၊၊
“ဒါပေမဲ့ အဲဒီယဉ်ကျေးမှုက ကျုပ်တို့ကိုကယ်တင်ဖို့ အချက်အလက်တွေနဲ့ အထူးပရိုတွန်တွေကို ပေးပို့ခဲ့တာဆိုရင် ဖောင်ဒေးရှင်းက ဘာလို့ အဲဒီလိုရပ်တည်ချက်မျိုးဖြစ်နေရတာလဲ။ ပြီးတော့ အဲဒီယဉ်ကျေးမှုက အခုဘာလို့ ဖောင်ဒေးရှင်းကို ကူညီပြီး လူသားတွေကို မျိုးတုံးအောင်လုပ်နေရတာလဲ။ ဒါက ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား”
“ငါလည်း ဒါကို ငါဘဝရဲ့ တစ်ဝက်လောက်အထိ တွေးခဲ့ပေမဲ့ အခုထိနားမလည်သေးဘူး။ လူသားတွေ ရှုံးနိမ့်ဖို့ကံပါလာပြီလို့ ယုံကြည်ရင်တောင် ငါတို့ ရှင်သန်မှုရဲ့ အခြေခံအုတ်မြစ်ကိုတော့ မလှုပ်ခါသင့်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီယဉ်ကျေးမှုက ငါတို့ကိုလာကယ်မှာ မဟုတ်သလို ငါတို့ဆီ ဆင်းသက်လာမှာလည်း မဟုတ်ဘူးဆိုတာ သိနေလို့ပဲ။ ဒါဆို ဖောင်ဒေးရှင်းက ဘာလို့ ဒါကိုလုပ်ရတာလဲ... ဒါပေမဲ့...”
ယဲ့လန်က ဖြည်းဖြည်းချင်းလှည့်ကာ ကောင်းကင်ယံက ဝင်လုဆဲဆဲနေမင်းကို ကြည့်လိုက်သည်။
“အာရုဏ်ဦးမြို့တော်တိုက်ပွဲမှာ မင်းနဲ့ ချူယန်က ချူကျောက်နန်ကို ရှေ့တန်းစီမံကိန်းပြီးမြောက်အောင် အောင်မြင်စွာ ကူညီပေးခဲ့တယ်”
“ဘာ”
လင်းရှန် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဒါက ရှေ့တန်းစီမံကိန်းနဲ့ ဘာဆိုင်လို့လဲ”
“သူတို့က အဲဒီယဉ်ကျေးမှု ဘယ်မှာရှိလဲဆိုတာသိလို့လား”
“ကောင်းကင်အကာကွယ်နဲ့ ဆက်စပ်နေတာလား”
“ဒါမှမဟုတ် ချူကျောက်နန်ကလည်း ဖောင်ဒေးရှင်းနဲ့ ပတ်သက်နေတာလား”
“မဟုတ်ဘူး... ကျုပ်ကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြပေးလို့ ရမလား...”
“ကျုပ် နားမလည်ခဲ့ဘူး၊၊ အဲဒီတုန်းက အနီရောင်ကမ္ဘာရဲ့ ရည်ရွယ်ချက်က...”
ပြောနေရင်း လင်းရှန် ရုတ်တရက်ဆွံ့အသွားသည်။
သူသည် ထိုနေရာတွင် ကြောင်အမ်းကာ ရပ်နေမိသည်။
အလွန်အေးစိမ့်သောခံစားချက်တစ်ခုက သူ့ရင်ဘတ်မှတစ်ဆင့် ငယ်ထိပ်အထိ တရှိန်ထိုးတက်လာသည်။
ထိုအခိုက်အတန့်တွင် သူသည် အသက်ရှူဖို့ပင် မေ့လျော့သွားသလို ခံစားလိုက်ရသည်။
ယဲ့လန်က လင်းရှန်ဘက်သို့ လှည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“သိပ္ပံလောကမှာ စကားပုံတစ်ခုရှိတယ်- အကယ်၍ ငါတို့က ရေစိုခံပြီး ထူထဲတဲ့ စာရွက်တစ်ရွက် (လက်ရေးတွေ ရှင်းလင်းပြီး မပျက်စီးစေဖို့) ပြင်ဆင်ပြီး အဲဒီပေါ်မှာ ငါတို့ရဲ့ ဆန္ဒကို ရေးသားခဲ့မယ်ဆိုရင်... အနာဂတ်မျိုးဆက်တွေက အချိန်ခရီးသွားနည်းပညာကို ဖော်ထုတ်ပြီးတဲ့နောက် ဒီစာရေးခဲ့တဲ့ အချိန်ဆီပြန်လာနိုင်ဖို့ပေါ့။ အကယ်၍ ဒီစာရွက်ကို သေချာသိမ်းဆည်းပြီး မီးခံသေတ္တာထဲ ထည့်ထားမယ်ဆိုရင်...”
“သီအိုရီအရတော့ အနာဂတ်က လူတွေဟာ ခဗျားရဲ့မျက်စိရှေ့မှာ ချက်ချင်းပေါ်လာလိမ့်မယ်...”
လင်းရှန်က ဖြည့်စွက်လိုက်သည်။
သူက ယဲ့လန်၏ ပုခုံးကိုကျော်၍ နှင်းဖုံးနေသော တောင်ကုန်းပေါ်ရှိ ကြယ်တာရာကောင်းကင်ကို ကြည့်ရင်း တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။
“ရှေ့တန်းစီမံကိန်း အောင်မြင်ပြီး အဲဒီကြယ်သင်္ဘောနှစ်စင်းထွက်ခွာသွားတဲ့ အချိန်ကတည်းက အနာဂတ်အသစ်တစ်ခုက မွေးဖွားပြီးသားဖြစ်နေခဲ့တာကိုး”
လင်းရှန် နှုတ်ခမ်းများ ခြောက်ကပ်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူ ရယ်မောချင်သော်လည်း မရယ်နိုင်မှန်း သိလိုက်ရသည်။ ဟွာရှောင်လင်း၏ အသံက သူ့နားထဲတွင် ဆက်တိုက်ပဲ့တင်ထပ်နေသည်။
‘ရှင်က အမှောင်ဂိုဏ်းသားတွေကို ငတုံးတွေ၊ အစွန်းရောက် ရူးသွပ်သူတွေ ဒါမှမဟုတ် ဘာသာရေးအစွန်းရောက်သမားတွေလို့ပဲ ထင်နေလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလိုအတွေးအခေါ်မျိုးရှိတဲ့ လူအများစုဟာ လူမှုအသိုင်းအဝိုင်းရဲ့ အဆင့်အတန်းတစ်ခုနဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားကြပြီး လူသားအဖွဲ့အစည်းတွေရဲ့ အာဏာတည်ဆောက်ပုံမှာ အလယ်အလတ်ကနေ အထက်တန်းအဆင့်မှာရှိနေကြသူတွေပဲ။ သာမန်လူတွေကတော့ ရှင်သန်ဖို့အတွက် မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်မှုတွေ ရှိနေသေးပေမဲ့ ဒီလူတွေကတော့ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အရှင်းလင်းဆုံးသိကြတဲ့သူတွေပဲ။ ဖက်ဒရယ်မပြိုကွဲခင် မြေအောက်မြို့တော်မှာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ ကျွန်မတို့ရဲ့ စတားဖလိ့စစ်တပ်နဲ့ ကျွန်မတို့ရဲ့ တွန်းလှန်မှုတွေဟာ ဘယ်လိုကပ်ဘေးမျိုးကို ရင်ဆိုင်တိုက်ခိုက်နေရလဲဆိုတာ သူတို့သိကြတယ်’
‘အာရုဏ်ဦးစီမံကိန်းမတိုင်မီက ဖက်ဒရေးရှင်းက ကြယ်သင်္ဘောလွှတ်တင်ရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပေမယ့်လည်း တစ်ခုမှ မအောင်မြင်ခဲ့ဘူး၊၊ ကောင်းကင်ရဲ့ အထက်တွင် အမှောင်ဒီရေထက် ပိုကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုတည်ရှိနေတယ်’
‘တွင်းနက်နဲ့ ဒီကမ္ဘာပျက်ကပ်ဘေးဒုက္ခက ဘာလဲ.. ကျွန်မတို့ဆီမှာ အချိန်ဘယ်လောက်ကျန်သေးလဲ၊ လူသားတွေဟာ ဒီကမ္ဘာပျက်ကပ်ဘေးဒုက္ခမှာ သေချာပေါက်ရှုံးနိမ့်မှာဆိုတာကို သူတို့က ရှင့်ထက် ပိုသိကြတယ်’
‘အတိအကျပြောရရင် ကျွန်မတို့ ဖောင်ဒေးရှင်းက လူသားယဉ်ကျေးမှုကို ကယ်တင်ဖို့ ဦးတည်ထားတာပဲ။ ဒါပေမဲ့ အမှောင်ထုထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်းရောက်သွားလေလေ၊ လူသားတွေဟာ ဘယ်လောက်အထိ သေးငယ်လေလဲဆိုတာ ပိုပြီး သိလာရလေပဲ။ ကျွန်မတို့ရဲ့ နည်းပညာက တွင်းနက်ကို ဖောက်ထွက်ဖို့ မလုံလောက်ဘူး။ ကျွန်မတို့ တိုးတက်မှုအသစ်တွေရပြီလို့ ထင်လိုက်တိုင်း ကျွန်မတို့နားလည်ထားတယ်ဆိုတဲ့အရာဟာ အမှောင်ထုရဲ့ ရေခဲတောင်ထိပ်ဖျားလေးပဲ ဖြစ်နေတာကို တွေ့ရတယ်’
‘ကပ္ပတိန်လင်း… ကမ္ဘာကြီး လည်ပတ်နေတဲ့ ယုတ္တိဗေဒက အဖြူနဲ့ အမည်း၊ မိတ်ဆွေနဲ့ ရန်သူ၊ အကောင်းနဲ့ အဆိုးဆိုတဲ့ ရိုးရှင်းတဲ့အရာမျိုး မဟုတ်ဘူးဆိုတာ ရှင်သဘောပေါက်သင့်တယ်။ လူသားယဉ်ကျေးမှု ရှင်သန်ရေးဆိုတာ ကမ္ဘာမြေကနေ ထွက်ပြေးရုံ ဒါမှမဟုတ် အမှောင်ယဉ်ကျေးမှုပျက်စီးသွားရုံတင် မဟုတ်ဘူး... ဒါက ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ ယုတ္တိဗေဒမဟုတ်ဘူး’
‘ဒါက လူသားအားလုံးအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုလို့ ရှုမြင်နိုင်တယ်လို့ ကျွန်မ ယုံကြည်တယ်’
‘ကျွန်မရဲ့ နားလည်မှုအရ လူသားယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖို့ အကောင်းဆုံးရွေးချယ်မှုက ယန္တရားဆန်းသစ်တီထွင်မှုပဲ။ ဒါကြောင့် ကောင်းကင်အကာကွယ်ကို ဖောက်ထွင်းပြီး လူသားယဉ်ကျေးမှုရဲ့ မီးပွားတွေနဲ့ ကြယ်တာရာခရီးစဉ်တွေကို စတင်ခြင်းက လူသားယဉ်ကျေးမှု၏ မီးပွားကို အမြင့်ဆုံးအတိုင်းအတာအထိ ထိန်းသိမ်းဖို့ နောက်ဆုံးဖြေရှင်းချက်ဖြစ်တယ်လို့ ကျွန်မယုံကြည်တယ်’
‘ရှင့်အနေနဲ့ ကျွန်မကို သံသယဝင်နေဖို့ မလိုဘူးလို့ ပြောချင်တာပါ။ ကျွန်မတို့ရဲ့ ပန်းတိုင်က လူသားတွေကို ကယ်တင်ဖို့ပဲ’
‘လူသားတွေရဲ့ စွမ်းအားနဲ့ လူသားတွေကို ကယ်တင်မယ်’
“အခုမှပဲ ဟွာရှောင်လင်းက လူသားယဉ်ကျေးမှု ရှင်သန်ရေးအကြောင်း ဘာလို့ခဏခဏပြောနေလဲဆိုတာ ကျုပ်နောက်ဆုံးတော့ နားလည်သွားပြီ”
“သူမက အဓိပ္ပာယ်မရှိတဲ့ ကြွေးကြော်သံတွေအော်ပြီး အရမ်းဟန်ဆောင်ကောင်းနေတာလို့ ကျုပ်အမြဲထင်ခဲ့တယ်”
“ဒါဆို သူမ ဆိုလိုတာက...”
ရေအိုင်နားတွင်ရပ်နေသော လင်းရှန်က ခါးသီးသောအပြုံးဖြင့် ရေရွတ်လိုက်ရင်း သူ့အကြည့်များက ဖြည်းဖြည်းချင်းထက်ရှလာသည်။
“သူမဆိုလိုတဲ့...”
“အဲဒါက ကျုပ်တို့ရဲ့ လူသားယဉ်ကျေးမှု မဟုတ်ဘူး”