← Chapters

အခန်း (၁၂၂၀)

Vol. 80 (End) Ch. 1220

အခန်း (၁၂၂၀)

Vol. 80 (End) Ch. 1220

Chapter 1220

ဘလက်ခ်အမ်ဘဲလားစီမံကိန်း (၂)

ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်၏မျက်နှာအမူယာက သိသိသာသာပြောင်းလဲသွားသည်၊၊

“ခင်ဗျားတို့ လာနောက်နေတာလား။ ဖုန်မှုန့်တိမ်တိုက်တစ်ခုဖြန့်ပစ်မလို့လား။ ဒါက ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ ရှင်သန်နိုင်စွမ်းကို လုံးဝချေမှုန်းပစ်လိုက်သလိုဖြစ်မသွားဘူးလား”

“ကောင်းပြီလေ” သူ ခဏမျှ စဉ်းစားလိုက်သည်၊၊

“အဲဒါကို ထည့်မတွက်ဘူးဆိုရင်တောင် ခင်ဗျားတို့က အစီအစဉ်ဆွဲပြီးသားပဲကို… ဘာလို့ ကျုပ်ကို ဦးဆောင်ခိုင်းနေရတာလဲ”

“ဘာလို့လဲဆိုတော့ မင်းက ဓားကိုင်ဆောင်သူမို့လို့ပဲ”

လီဟယ်ပင်း ပြောသည်၊၊

“အသက်ရှင်ကျန်ရစ်သူတွေကို လမ်းပြပေးဖို့ လိုအပ်တယ်ဆိုရင် မင်းက ပိုပြီးသင့်တော်တဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်။ ဒါကြောင့် မင်းက ဒီအစီအစဉ်ကို ဦးဆောင်မယ်ဆိုရင် လူသားတွေရဲ့ ပြန်လည်တိုက်ခိုက်မယ့် စိတ်ပိုင်းဖြတ်မှုကို ပိုပြီး ကိုယ်စားပြုနိုင်သလို… ဖောင်ဒေးရှင်းရဲ့ ကောလာဟလတွေကိုလည်း တိုက်ရိုက်တုံ့ပြန်ရာရောက်လိမ့်မယ်လို့ ငါတို့ တွေးခဲ့တာ”

“ဒါက ကောလာဟလတွေကို တုံ့ပြန်တဲ့အနေနဲ့ ကောင်းကင်အကာကွယ်ကို ဖွင့်လို့မရဘူးလို့ပြောပြီး၊ လူသားတွေရဲ့ နောက်ဆုံး‌ Arkသင်္ဘောကို ဖုန်မှုန့်တိမ်တိုက်အဖြစ်ဖောက်ခွဲပစ်ပြီး ကမ္ဘာပေါ်က သက်ရှိတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောတာပေါ့ ဟုတ်လား”

“ဟုတ်တယ်… ဒါက နောက်ထပ် အသေခံတိုက်ပွဲဝင်မယ့် ပုံစံတစ်မျိုးပဲ”

“တစ်ချိန်တည်းမှာပဲ ဒါက ဖီးနစ်ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသရာရောက်ပြီး ဘယ်လိုရပ်တည်ချက်အပေါ်မဆို ငြင်းခုံနေတာတွေထက် ပိုပြီးထိရောက်မှုရှိလိမ့်မယ်”

လင်းရှန် ကြောင်အမသွားခဲ့သည်။ အတော်ကြာမှ သူက ပြုံးလိုက်ပြီး ပြောသည်၊၊

“ဖောင်ဒေးရှင်းရဲ့ နားတွေက နေရာတိုင်းမှာရှိနေတယ်လို့ ပြောကြတယ်မဟုတ်ဘူးလား။ ဒါကို ဒီအတိုင်း အတိအလင်းထုတ်ပြောလိုက်ရင် သူတို့က ကျုပ်တို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးမှာကို မကြောက်ဘူးလား”

“ဖောင်ဒေးရှင်းက နည်းလမ်းအချို့ကတစ်ဆင့် ငါတို့ကို ရာနှုန်းပြည့်စောင့်ကြည့်နိုင်ပြီး လူတစ်စုကို ဆူပူအုံကြွအောင် လှုံ့ဆော်ပြီး ဖျက်ဆီးမှုတွေလုပ်နိုင်တယ်ဆိုတာ သက်သေပြပြီးသားပါ။ ဒါပေမဲ့ ဒါကြောင့်ပဲ ငါတို့က ဒီစီမံကိန်းရဲ့ ဦးဆောင်မှုကို မင်းဆီလွှဲပေးတာတာပါ”

“ဘာကိုဆိုလိုတာလဲ”

အလင်းမျက်နှာပြင်က ပြောင်းလဲသွားပြီး ဟိုလိုဂရမ်ပေါ်တွင် အချက်အလက်များက လျင်မြန်စွာ ခုန်တက်လာသည်။

“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နာရီ ၅၀ ကတည်းက ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းက အရှိန်ပြင်းပြင်းနဲ့ ပတ်လမ်းထဲမှာ စတင်မောင်းနှင်နေပြီဖြစ်ပြီး နောက် ၄၂ ရက်မှာ L1 အမှတ်ကို ရောက်ရှိမှာဖြစ်လို့ပဲ။ တစ်ချိန်တည်းမှာပဲ ငါတို့က တောင်ကောင်းကင်ဂိတ်အပေါ် ကြယ်တာရာဓာတ်ခွဲခန်းရဲ့ ထိန်းချုပ်မှုအားလုံးကို ပိတ်ပစ်လိုက်ပြီ။ ဒါကြောင့် အခု မင်းတစ်ယောက်တည်းပဲ တောင်ကောင်းကင်ဂိတ်ကို ထိန်းချုပ်ပိုင်ခွင့်ရှိတော့တယ်။ အဲဒီအချိန်ကျရင် မင်းက ပစ်လွှတ်ဖို့ အမိန့်ပေးလိုက်ရုံနဲ့ အကောင်အထည်ဖော်မှုပြီးဆုံးသွားလိမ့်မယ်”

“ဒါက တကယ်ကို စွန့်စားလွန်းရာကျတယ်”

“စွန့်စားခြင်းဝါဒက အကောင်းဆုံး စိတ်ကူးယဉ်အယူဝါဒပဲလေ။ ယဥ်ကျေးမှုတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက တဖြည်းဖြည်းချင်းဖြစ်လာတာမဟုတ်ဘူး။ ငါတို့ နှမ်းစေ့လောက်မျှော်လင့်ချက်လေးရချင်တယ်ဆိုရင် ရှေ့ကိုပဲ တိုးရမှာပဲ”

ဖီးနစ်က နောက်ကွယ်တွင် ဤမျှများပြားသော လှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်ထားသည်ကို လင်းရှန် မသိခဲ့သလို… ကောင်စီက ကမ္ဘာဂြိုဟ်၏ သက်ရှိများကို ဖျက်ဆီးနိုင်လောက်သည့် ပြင်းထန်သောခလုတ်တစ်ခုကို သူ့လက်ထဲ အပ်နှံလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

နောက်ပိုင်းကာလများတွင် ဝါးမျိုမှုများအပြင်၊ မဟာဗျူဟာမြောက်ကောင်စီအစည်းအဝေးများသည် အမျိုးမျိုးသော အရေးပေါ်အစီအစဉ်များကို ဆွေးနွေးခြင်းဖြင့်သာ ပြည့်နှက်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ခွန်းလွန်မြို့တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။ သန်းပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများသည် ဖီးနစ်ထံမှ အကာကွယ်ကို ဖျက်ဆီးမည့် အစီအစဉ်ဖြစ်စေ၊ သို့မဟုတ် အခြားသောကယ်တင်ခြင်းအစီအစဉ်တစ်ခုခုဖြစ်စေ ရလဒ်အချို့ ထုတ်ပြန်ပေးရန် မျှော်လင့်နေကြသည်။ ကျန်ရှိနေသော လူသားများအတွက် ဤသုံးလမှာ အားလပ်ရက်မဟုတ်ဘဲ စိတ်ပျက်အားငယ်မှုဆီသို့ ဦးတည်နေသော အချိန်ရေတွက်ခြင်းသာဖြစ်နေသည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများဖြင့် ဆူညံနေပြီး အမျိုးမျိုးသော ဆန်းပြားသည့်စိတ်ကူးစိတ်သန်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစွမ်းထက်သော စွမ်းအားရှင်များပင်လျှင် အဆင့်မြင့်လေ့ကျင့်မှုများနှင့် ယှဉ်ပြိုင်မှုများကို ပြုလုပ်ခဲ့ကြသည်။ ညလမ်းလျှောက်သူအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ကြီးမားသော စွမ်းအားရှင်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ခွန်းလွန်မြို့ပြင်ရှိ ထူးဆန်းသည့် သတ္တဝါများကို ရှာဖွေဖမ်းဆီးကာ ၎င်းတို့၏ စွမ်းအားများဖြင့် ကောင်းကင်အကာကွယ်ကို စမ်းသပ်ထိုးဖောက်ရန် ကြိုးစားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တတိယမျိုးဆက် အင်ပါယာယန္တရားစက်ရုပ်များက ထုတ်လုပ်မှုလိုင်းမှ တစ်ခုပြီးတစ်ခုထွက်လာခဲ့သည်။ ကီဟွာစက်မှုလုပ်ငန်းကြီးသည် စူပါလူသားပုံစံ လက်နက် စုစုပေါင်း ၁၂ ခုကို ထုတ်လုပ်ရန် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းအားအားလုံးကို အသုံးချခဲ့သည်။ ထို့အပြင် ထုတ်လုပ်မှုလိုင်းပေါ်တွင် ကြယ်တာယာစီးနင်းသူများကဲ့သို့သော အလတ်စားမီကာစက်ရုပ်အမြောက်အမြားလည်း ရှိနေခဲ့သည်။

အာရုံကြောပေါင်းစပ်လေ့ကျင့်ရေးစင်တာတွင် အဆင့် ၅ အညွှန်းကိန်းသတ်မှတ်ချက်သို့ ရောက်ရှိထားသော ပိုင်းလော့ထောင်ပေါင်းများစွာသည် ခန္ဓာကိုယ်အပြည့်ဝတ်စုံများကို ဝတ်ဆင်ကာ ပြင်းထန်သော လေ့ကျင့်မှုများကိုနေ့စဥ်ပြုလုပ်နေကြသည်။ အင်ပါယာယန္တရားစက်ရုပ်များကို မောင်းနှင်မည့် ပိုင်းလော့များကို ၎င်းတို့ထဲမှ ရွေးချယ်မည် ဖြစ်သည်။ လာမည့် သွေးနီရောင်များနှင့် ကြယ်တာရာစစ်ဆင်ရေးများအတွက် ပြင်ဆင်သည့်အနေဖြင့် စတားဖလိ့စစ်တပ်သည် ခန္ဓာကိုယ်အပြည့်စွမ်းအားဝတ်စုံများကို အပြည့်အဝတပ်ဆင်ထားပြီး… ၎င်းတို့ကို တိုက်ပွဲဝင်ရန် ဆန္ဒရှိသော အရည်အချင်းမြင့်မားသည့် အဖွဲ့သားများထံသို့လည်း ဖြန့်ဝေပေးနေသည်။

လင်းရှန်က ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်း၏ တည်နေရာကို နေ့စဉ်စောင့်ကြည့်ရင်း ဘလက်ခ်အမ်ဘဲလားစီမံကိန်းတွင် လုံးဝစိတ်နှစ်ထားခဲ့သည်။ ချူယန် ဘာလုပ်နေသည်ကို သူ လုံးဝမသိရပေ။ သူတို့နှစ်ဦး စိတ်ချင်းဆက်သွယ်နိုင်သော်လည်း ချူယန်သည် ဤအချိန်အတောအတွင်း သူ့ကို တစ်ကြိမ်ပင် စကားမပြောခဲ့ပေ။ ဘလက်ခ်အမ်ဘဲလားစီမံကိန်းကို ဆွေးနွေးခဲ့သည့်တိုင် ကော်မတီသည် တောင်ကောင်းကင်ဂိတ်ကို ထိန်းချုပ်နိုင်သည့် ချူယန်ကို ဆွေးနွေးပွဲတွင် ထည့်မတွက်ခဲ့ပေ။

လင်းရှန်လည်း အကြောင်းရင်းအချို့ကို ခန့်မှန်းမိလေသည်။ အခြားသူများကဲ့သို့ သီးသန့်ခွဲထားရန် သို့မဟုတ် စောင့်ကြည့်ရန်လိုအပ်သည်ထက် ချူယန်က လင်းရှန်၏ အတွေးများကို တကယ်နားလည်နိုင်သူဖြစ်သည်။ သူမသည် ယခင်က ဖောင်ဒေးရှင်း၏ အသွင်ပြောင်းလဲခြင်းကို ခံခဲ့ရဖူးပြီး လင်းရှန်က ဖောင်ဒေးရှင်းသည် ချူယန်၏ စိတ်ဝိညာဥ်စွမ်းရည်များကို အသုံးပြု၍ ခွန်းလွန်မြို့တစ်ခုလုံးကို စောင့်ကြည့်နိုင်ခြင်းဖြစ်နိုင်သည်ဟုပင် တွေးမိသည်။ လင်းရှန်က ဤအရာကို ချူယန်နှင့် အတည်မပြုခဲ့သော်လည်း သူမ၏ နာကျင်မှုကို သူခံစားမိလေသည်။

“ငါ နင့်ကို အမြဲယုံကြည်နေမှာပါ”

လင်းရှန်၏ အိပ်မက်ထဲတွင် ထိုစကားကို ပြောပြီးနောက် ချူယန်သည် လင်းရှန်၏ အသိစိတ်ထဲမှ ပျောက်ကွယ်သွားပုံရသည်။

နောက်ဆုံးတွင် တစ်နေ့၌ ဖီးနစ်အသင်းသည် ‘ဘလက်ခ်အမ်ဘဲလားစီမံကိန်း’ နှင့် တန်ပြန်တိုက်စစ်အတွက် အချိန်ရေတွက်ခြင်းကို တရားဝင်ကြေညာခဲ့သည်။ ကောင်းကင်အကာကွယ်ကို လူသားများမဖျက်ဆီးနိုင်တော့ကြောင်းနှင့် ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းက ကမ္ဘာမြေ၏ အနီးပတ်လမ်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ အင်တာနက်ပေါ်တွင် ပေါက်ကွဲသံများထွက်ပေါ်လာခဲ့သည်။

ပထမတော့ ဝမ်းနည်းပူဆွေးမှု၊ ဒေါသနှင့် စိတ်ပျက်အားငယ်မှုများရှိခဲ့သည်။

ယောကျ်ားများ တိတ်ဆိတ်သွားကြပြီး မိခင်များငိုကြွေးကြကာ ၎င်းတို့၏ စိတ်ပျက်အားငယ်ဖွယ် အော်ဟစ်သံများသည် လမ်းဘေးခိုလှုံနေရာအသီးသီးတွင် ပဲ့တင်ထပ်နေခဲ့သည်။

ဖီးနစ်တွင် မည်သူမျှ အောင်ပွဲမခံခဲ့ကြပေ။ အကြောင်းမှာ လင်းရှန်က ဘလက်ခ်အမ်ဘဲလားစီမံကိန်းကို ကွပ်ကဲပြီးနောက် သူသည် ခွန်းလွန်မြို့ရှိ စစ်ပွဲကိုလည်း တစ်နည်းတစ်ဖုံဖြင့် ကွပ်ကဲခွင့်ရရှိသွားသောကြောင့် ဖြစ်သည်။

ဓားကိုင်ဆောင်သူက ပေါ်မလာခဲ့သလို လူအများကိုလည်း သူ ဘာကြောင့်ပေါ်မလာရသလဲဆိုတာ ရှင်းမပြခဲ့ပေ။

ထို့ကြောင့် လင်းရှန်သည် ဘလက်ခ်အမ်ဘဲလားစီမံကိန်းတွင် ပိုမိုမြှုပ်နှံလေ၊ သူ၏ယန္တရားနှလုံးသားကို အဆုံးစွန်ထိနိုးထလာစေရန် ပိုမိုအားထုတ်လေလေ၊ ကမ္ဘာကြီးက သူ့အပေါ် ပိုမိုစိတ်ပျက်လာလေဖြစ်သည်။ ဘာဖြစ်လာမလဲဆိုတာ မည်သူမျှမသိကြသလို ဖီးနစ်ကိုယ်တိုင်ပင်လျှင် မသိပေ။ သေချာတာတစ်ခုကတော့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း ပျက်ဆီးသွားလိမ့်မည်ဖြစ်သည်။ မျှော်စင်ယဉ်ကျေးမှုကို ထိရောက်စွာ ရပ်တန့်နိုင်မလား၊ သို့မဟုတ် ရပ်တန့်သွားခဲ့လျှင်တောင် ထိုအစွမ်းထက်သော ယဉ်ကျေးမှုကို ဘယ်လိုတိုက်ခိုက်ရမလဲ၊ တန်ပြန်တိုက်စစ်တွင် မဟာဗျူဟာမြောက်အခွင့်အရေးကို ဘယ်လိုရှာရမလဲ… အားလုံး မရေရာသေးပေ။

၎င်းက အနိုင်ရဖို့ အခွင့်အရေးမရှိတဲ့ ကြီးမားတဲ့ လောင်းကစားတစ်ခုဖြစ်သော်လည်း ရှေ့ဆက်သွားဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိပေ။ ယင်းက နည်းဗျူဟာလည်းမဟုတ်သလို မဟာဗျူဟာလည်းမဟုတ်ပေ။ လူအများစုအတွက်တော့ ရိုးရှင်းမှုသည် လူသားများ၏ ဇွဲမလျော့သော မျှော်လင့်ချက်သက်သက်သာဖြစ်သည်။ ပုရွက်ဆိတ်များက သူတို့၏ အသိုက်မဖျက်ဆီးခံရခင်၌ တစ်ခုခုကို ပြာပြာသလဲလုပ်နေကြသည်နှယ်… သို့သော် အသိုက်ကို ဖျက်ဆီးတော့မည့် လူသားများသည် ၎င်းတို့ကို သိပ်ပြီး ဂရုစိုက်မည်မဟုတ်ပေ၊၊

ကံကောင်းစွာပင် အမှောင်ထုထဲမှာ ကြီးပြင်းလာရတဲ့ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဓာတ်သည် ကမ္ဘာပျက်ကပ်နေ့လူသားများထက် အများကြီးပို၍ကြံ့ခိုင်ကြသည်။ ၎င်းသည် မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုများ လျင်မြန်စွာရောက်ရှိလာတတ်သည့် ခေတ်ကာလတစ်ခုဖြစ်သည်။

မကြာမီမှာပင် ယာဉ်တန်း၏ အတွေ့အကြုံရင့်ခေါင်းဆောင်များနှင့် အဓိကပုဂ္ဂိုလ်များစွာက ရှေ့သို့ တက်လှမ်းလာကြပြီး အများပြည်သူ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အလံများကို ဝှေ့ယမ်းကာ ကြွေးကြော်ခဲ့ကြသည်။

“ပျက်စီးခြင်းက ရှောင်လွှဲလို့မရဘူးဆိုမှတော့ ငါတို့လုပ်နိုင်သမျှ အရာအားလုံးက အံ့ဖွယ်အရာတွေပဲ”

တစ်စုံတစ်ယောက်က ဤအော်ဟစ်သံကို အင်တာနက်ပေါ်တွင် စတင်ခဲ့သည်။ အမှောင်ထုထဲတွင် ထွန်းညှိလိုက်သော ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ပင် ၎င်းသည် လူအများ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ လမ်းပြပေးခဲ့သည်။

“ဓားကိုင်ဆောင်သူကို ယုံကြည်ပါ”

“ဓားကိုင်ဆောင်သူက လူသားတွေကို နောက်တစ်ကြိမ်ကယ်တင်လိမ့်မယ်”

“သူက ကောင်းကင်ပေါ်ကနေ လူသုံးသန်းကို ကယ်တင်ခဲ့ဖူးတယ်”

“ငါတို့ ဘယ်လိုပဲဖြစ်ဖြစ်သေရမှာသေချာနေပြီဆိုမှတော့ သူတို့ကို ပြန်တိုက်ကြစို့”

“တစ်ယောက်သတ်နိုင်ရင် အရင်း၊ နှစ်ယောက်သတ်နိုင်ရင် အမြတ်ပဲ”

တစ်ချိန်တည်းမှာပင် အချို့လူများက ကျိုးကြောင်းဆီလျော်သော ခွဲခြမ်းစိတ်ဖြာမှုများကိုပြုလုပ်နေကြသည်။

“မျှော်စင်ယဉ်ကျေးမှုက စွမ်းအင်ရဖို့ နေရောင်ခြည်ကို စုပ်ယူဖို့ လိုအပ်နေတယ်ဆိုတဲ့အချက်က သူတို့ရဲ့ ယဉ်ကျေးမှုအဆင့်က ငါတို့ထက် အများကြီးမမြင့်မားလောက်ဘူးဆိုတာကို ပြသနေတာပဲ”

“တကယ့် အဆင့်မြင့်ဒိုင်မေးရှင်းက ယဉ်ကျေးမှုတစ်ခုဆိုရင် ငါတို့ကို စက္ကန့်ပိုင်းအတွင်း သုတ်သင်ပစ်နိုင်ရမှာပေါ့။ ဒါပေမဲ့ သူတို့ ဒီလောက်အချိန်ယူနေရတာတောင် ကမ္ဘာမြေကို လုံးဝမသိမ်းပိုက်နိုင်သေးဘူး”

“သူတို့မှာ စွမ်းအင်လိုတယ်၊၊ ပြီးတော့ ငါတို့ရဲ့ ဘလက်ခ်အမ်ဘဲလားစီမံကိန်းက စွမ်းအင်ကူးပြောင်းမှုရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ပိတ်ဆို့နိုင်တယ်။ ကောင်းတဲ့ဘက်က ကြည့်ရင် ဒါက သွေးနီရောင်မြူတွေ ပျံ့နှံ့မှုကို အနည်းဆုံးတော့ နှေးကွေးသွားစေနိုင်တယ်”

“အဖွဲ့ငယ်လေးတွေခွဲပြီး ပြောက်ကျားတိုက်စစ်ဆင်နွှဲကြမယ်။ ငါတို့မှာ ကိုယ်လုံးပြည့်စွမ်းအားဝတ်စုံတွေ ရှိနေသရွေ့ သွေးနီရောင်မြူတွေကြားထဲမှာ အသက်ရှင်နိုင်တယ်”

လူသားမျိုးနွယ်က အောင်ပွဲခံလိမ့်မယ်။

All Chapters