← Chapters

အခန်း (၁၂၂၁)

Vol. 80 (End) Ch. 1221

အခန်း (၁၂၂၁)

Vol. 80 (End) Ch. 1221

Chapter 1221

Ark (၁)

ကက်ဆီမီရာလေဟာနယ်လှုပ်ရှားမှုအင်ဂျင်ကို ထုတ်လုပ်ပြီးစီးသွားပြီ ဖြစ်သည်။

【ပြင်းထန်သော အပြန်အလှန်သက်ရောက်မှုကန့်သတ်နယ်ပယ်ကို စတင်ဖန်တီးနေပါသည်】

【 ကြယ်မှုန်မီးဖိုတည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပါပြီ၊၊ မီးခတ်ကျောက်ကို စောင့်ဆိုင်းနေပါသည်】

ဖန်လုံအိမ်အတွင်း၌ လင်းရှန်သည် ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ဂရေ့စ်နှင့် ဆက်တိုက်ဆက်သွယ်နေသကဲ့သို့ သူ့၏ ယန္တရားနှလုံးသားကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

တိုင်တန်ဂြိုလ်တည်ဆောက်ရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ သူသည် ဤမျှအဆင့်အတန်းမြင့်မားသော လက်နက်ထုတ်လုပ်မှုကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အသုံးပြုထားသော စွမ်းအားများမှာလည်း သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ သူသည် ကြယ်နက်ပန်းပဲဖိုအတွင်းသို့ ရောက်ရှိနေခဲ့လျှင်တောင် ဤတိုင်တန်၏ မူလအရွယ်အစားနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းရှန်က ပြဿနာတစ်ခုကို အမြဲစိုးရိမ်နေမိသည်၊၊

ဒါကြီးက မြေပြင်ပေါ်မှာ တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်ပါ့မလား…

အဘယ်ကြောင့်ဆိုသော် မည်သည့်ကွန်ကရစ်လမ်းမျက်နှာပြင်မှ ဤမျှကြီးမားသော အတိုင်းအတာနှင့် ဒြပ်ထုကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ… ကမ္ဘာမြေကြီးသည် ၎င်းအတွက် ရွှံ့နွံအိုင်ကြီးတစ်ခုကဲ့သို့ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော် လင်းရှန်လည်း မိမိကိုယ်မိမိအတွေးလွန်နေသည်ဟု ခံစားလိုက်ရသည်။ သူ စိုးရိမ်ရမည့်အရာမှာ ထိုကမ္ဘာ့အဆင့်သတ္တဝါများကို ရင်ဆိုင်နိုင်ပါ့မလား သို့မဟုတ် မျှော်စင်လူသားများပေါ်လာမလားဆိုသည်ကိုသာဖြစ်သည်၊၊

ထို့အပြင် ထိုအရာများမတိုင်မီ ဘလက်ခ်အမ်ဘဲလားစီမံကိန်းသည် မျှော်မှန်းထားသည့်ရလဒ်များရနိုင်ပါ့မလားဆိုသည်ကို အရင်ဆုံးအတည်ပြုရမည် ဖြစ်သည်။ အကယ်၍ ၎င်းသည် မျှော်စင်ယဉ်ကျေးမှု၏ ဒိုင်မေးရှင်းအသွင်ပြောင်းလဲခြင်းဖြစ်စဉ်ကို မထိခိုက်စေနိုင်ပါက ဒုတိယရွေးချယ်မှုအနေဖြင့် သာမိုနျူကလီးယားဖြင့် အပြည့်အဝဗုံးကြဲတိုက်ခိုက်မှုကို စတင်ရမည်ဖြစ်သည်။

ဤအဆိုပြုချက်မှာ ဘလက်ခ်အမ်ဘဲလားစီမံကိန်းထက်ပင် ပို၍အစွန်းရောက်လှ၏။ ဖီးနစ်ကောင်စီသည် သာမိုနျူကလီးယားလက်နက်များက မည်မျှအထိ ပျက်စီးဆုံးရှုံးမှုဖြစ်စေမလဲဆိုသည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် အမှောင်စွမ်းအင်နျူကလီးယားလက်နက်များ၏ လမ်းကြောင်းမှာ ကျရှုံးမှုအဖြစ်အတည်ပြုပြီးသားဖြစ်ပြီး သာမိုနျူကလီးယားလက်နက်များသည် ကမ္ဘာ့အဆင့်သက်ရှိပုံစံများအတွက် ကြီးမားသော ခြိမ်းခြောက်မှုမဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ကောင်စီ၏ အစီအစဉ်မှာ တစ်ကမ္ဘာလုံးတွင် နျူကလီးယားဗုံး ပေါင်း ၁၈,၀၀၀ ကို ဖောက်ခွဲကာ နျူကလီးယားဆောင်းကပ်ဘေးကို ဖန်တီးရန် ဖြစ်သည်။ တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းထားပြီး နေရောင်ခြည်ကို ပိတ်ဆို့ထားသည့် ကောင်းကင်အကာကွယ်အောက်တွင် အဆမတန်များပြားလှသော မီးခိုးများနှင့် ဖုန်မှုန့်များကို မြင့်တက်လာစေရန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဖီးနစ်၏ မိမိကိုယ်ကိုယ်ဖျက်ဆီးမည့် နည်းလမ်းဟု ပြော၍ရသော နည်းလမ်းတစ်ခုကိုလည်းချန်ထားခဲ့သည်၊၊ လေထုအလွှာထဲတွင် အထူးထုတ်လုပ်ထားသော DMR-60 နျူကလီးယားဗုံးတစ်လုံးကို ဖောက်ခွဲခြင်းဖြင့် နျူကလီးယားပေါက်ကွဲမှုအပြီး ရေဒီယိုသတ္တိကြွဖုန်မှုန့်များသည် ရေငွေ့များကို စုပ်ယူကာ အွိုင်နိုလွှာကို ဓာတ်ကူပေးလိမ့်မည်။ ထို့နောက် DMR-60 ပျက်ပြယ်ခြင်းမှ ထွက်ပေါ်လာသော ရောင်ခြည်များသည် ဇီဝDNA များကို ဖျက်ဆီးပစ်မည်ဖြစ်ပြီး ပိုမိုပြင်းထန်သော ဂန်မာရောင်ခြည်များကိုလည်း ထုတ်လွှတ်လိမ့်မည် ဖြစ်သည်။

အဆိုပါရေဒီယိုသတ္တိကြွဖျက်ဆီးမှုအောက်တွင် ကာဗွန်အခြေခံသက်ရှိအားလုံး အသက်ရှင်ကျန်ရစ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ကမ္ဘာပျက်ရန် တစ်လကျော်သာလိုတော့သည့်အချိန်တွင် ခွန်းလွန်မြို့၌ ကြီးမားသောဆန္ဒပြပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ နာကျင်မွန်းကျပ်ဖွယ်စောင့်ဆိုင်းမှုကို မခံမရပ်နိုင်ဖြစ်လာကြသည့် လူအများအပြားသည် ဖီးနစ်နှင့် ဓားကိုင်ဆောင်သူ၏ လှုပ်ရှားမှုမရှိခြင်းကို ဆန္ဒပြရန် လမ်းမများပေါ်သို့ ထွက်လာကြသည်။

ထိုလူတွေထဲက အများစုမှာ ရပ်တည်ချက်ခိုင်မာသည့်သူများဖြစ်ကြသော်လည်း စိတ်အားထက်သန်မှုက အချိန်၏ စမ်းသပ်မှုကို မခံနိုင်ခဲ့ကြချေ။ ကမ္ဘာပျက်တော့မည့်အချိန်နီးကပ်လာသည်နှင့်အမျှ လူများစွာမှာ ပို၍စိုးရိမ်ပူပန်လာကြသည်။

အဘယ်ကြောင့်ဆိုသော် ပန်းတိုင်တစ်ခုမရှိဘဲ စောင့်ဆိုင်းနေရရုံသာဖြစ်ပြီး ဖီးနစ်က မည်သည့်အချိန်တွင် လှုပ်ရှားမည်ကို မသိကြသလို ဘလက်ခ်အမ်ဘဲလားစီမံကိန်းကို မည်သည့်အချိန်တွင် ဖောက်ခွဲမည်ဆိုသည်ကိုလည်း မည်သူမျှ မသိသောကြောင့် ဖြစ်သည်။

ကမ္ဘာပျက်တော့မည့်အချိန်ရောက်လာလျှင် ဝင်ရိုးစွန်းဒေသ၏ ဆွဲငင်အား ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဝင်ရိုးစွန်းဒေသ၏ ရေခဲပြင်တစ်ခုလုံးပြိုကျသွားလိမ့်မည်။ ထိုအချိန်ကျမှ တန်ပြန်တိုက်စစ်ဆင်လျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူများက ဓားကိုင်ဆောင်သူအနေဖြင့် တန်ပြန်တိုက်စစ်ကို စောစောစတင်လေ ပိုကောင်းလေဟု ယုံကြည်နေကြသည်။

ဤအခြေအနေကြောင့် လင်းရှန်၏ နာမည်ဂုဏ်သတင်းမှာ အင်တာနက်ပေါ်တွင် လှိုင်းထန်နေခဲ့ပြီး ဆဲဆိုကဲ့ရဲ့သံများက နေရာတိုင်းတွင် ပြည့်နှက်နေခဲ့သည်။ မြို့တစ်ခုလုံးကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်ပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အင်တာနက်ပေါ်ရှိ လူများသည် ယူပေမြို့ရှိ ကောင်းကင်စင်္ကြံဆွဲငင်ရေးအစီအစဉ်၊ စီလန်မြို့ရှိ အင်ပါယာပရောဂျက်ယန္တရားကြီးနှင့် တန်ပြန်တိုက်စစ်၊ အာရုဏ်ဦးမြို့တော်ရှိ နတ်ဘုရားပစ်ဒဏ်ခတ်ခြင်း (တောင်ဘက်ကောင်းကင်ဂိတ်ပစ်ခတ်ခြင်း)နှင့် တောင်-မြောက်လိုင်းကို ဖြတ်သန်းမောင်းနှင်သည့် ကောင်းကင်အမိုးခုံးရထားတို့အကြောင်းကို ဆက်တိုက်ဆွေးနွေးနေကြသည်။

ဤချီးမွမ်းသူများထဲတွင် လူအများအပြားက ဤဖြစ်ရပ်များကို စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်မွမ်းမံခဲ့ကြပြီး လင်းရှန်ကို လူသားမျိုးနွယ်ကို ကယ်တင်ရန် ကံပါလာသော သူရဲကောင်းတစ်ဦးအဖြစ် ဖော်ပြခဲ့ကြ၏။ သို့သော် တစ်ချိန်တည်းမှာပင် လူများစွာက မေးခွန်းထုတ်လာကြသည်။ ရည်ရွက်ချက်ရှိစွာပင် ဖီးနစ်ဘက်က တုံ့ပြန်မှုတစ်ခုခုရအောင် စေ့ဆော်သည့်အနေနှင့် တစ်ဖက်က ချီးမွမ်းပြီး တစ်ဖက်က သူ့ကို နာမည်ဖျက်ဖို့ နည်းလမ်းအမျိုးမျိုးသုံးခဲ့ကြသည်။

လင်းရှန်၏ နာမည်ဂုဏ်သတင်းကျဆင်းလာသည်နှင့်အမျှ ဓားကိုင်ဆောင်သူကို ပြစ်တင်ရှုတ်ချရန် လူအများအပြားရှေ့ထွက်လာကြသည်။ လင်းရှန်သည် အမှောင်ထဲတွင် ပုန်းမနေဘဲ ရှေ့ထွက်လာရန် လိုအပ်သည်ဟု တောင်းဆိုလာကြသည်၊၊

အမှန်တော့ ဤကဲ့သို့သော အချိန်မျိုးတွင် လင်းရှန်အနေဖြင့် တစ်ခုခုလုပ်ပြခြင်း သို့မဟုတ် ကြွေးကြော်သံအချို့ကို ဟစ်ကြွေးပြခြင်းဖြင့်ပင် တန်ပြန်တိုက်စစ်အတွက် စိတ်အားထက်သန်မှုကို လျင်မြန်စွာ မီးမွှေးပေးနိုင်လိမ့်မည်ဟု လူအများက တွေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် သေခြင်းတရားထက် ပိုကြောက်စရာကောင်းသောအရာက ဘာမှန်းမသိသောမရေရာသည့်အရာကို ထိုင်စောင့်နေရခြင်းပင်။

ဤအခြေအနေတွင် အလွန်မြင့်မားသောထောက်ခံမှုရရှိထားသည့် ခေါင်းဆောင်အချို့ ထွက်ပေါ်လာခဲ့ပြီး ထိုလူအများစုမှာ လင်းရှန်ကို ပြတ်ပြတ်သားသားထောက်ခံနေကြဆဲဖြစ်သည်။ ဖီးနစ်၏ ဖိနှိမ်မှုကြောင့်သာ စနစ်တကျရှိနေပြီး ရုန်းရင်းဆန်ခတ်မှုများမရှိခဲ့ပေ၊၊

၎င်းတို့အနက် အထင်ရှားဆုံးပုဂ္ဂိုလ်များမှာ ယာဥ်တန်းအချို့၏ ခေါင်းဆောင်ဟောင်းများဖြစ်ကြပြီး ၎င်းတို့မှာ Arctic Wind မဟာမိတ်အဖွဲ့မှ ဟန်ကျွမ့်၊ ယူတိုးပီးယာအဖွဲ့မှ ရှော၊ အာရုဏ်ဦးစောင့်ကြည့်သူများမဟာမိတ်မှ လင်းချင်းယွီနှင့် လေလွင့်မဟာမိတ်အဖွဲ့မှ ယုဟွေ့အန်း၊ ဖင်းဂါးအုပ်စုမှ ကျန်းရှု့ဝေနှင့် အခြားသူများဖြစ်ကြသည်။ ထို့ပြင် ယခုအခါ နာမည်ကြီးနေသော မီးနတ်ဘုရားလုရှင်းချန်သည် ကမ္ဘာပျက်ကပ်အတွင်း အသက်ကို လုံးဝလျစ်လျူရှုထားပြီး အမှောင်ထုကို တိုက်ခိုက်ရန် အစွန်းရောက်စွဲလမ်းမှုရှိသည့် အပြုသဘောဆောင်သော စိတ်ဓာတ်၊ ၎င်း၏ မီးစွမ်းအားတို့ကြောင့် အင်တာနက်ပေါ်ရှိ စစ်လိုလားသူအများအပြား၏ တခဲနက်အားပေးမှုကို ခံနေရသည်။

ထို့ပြင် အခြားသော အဓိကပုဂ္ဂိုလ်တစ်ဦးမှာ တိတ်ဆိတ်မြို့တော်မှ ရှင်းဂျီဖြစ်သည်။ ယခုအခါ ခွန်းလွန်မြို့အထက်တွင် ပျံဝဲနေသော ဧရာမယန္တရားမြို့တော်ကြီးနှင့် စတားဖလိ့စစ်တပ်၏ တိုက်သင်္ဘောထောင်ပေါင်းများစွာသည် လူသားမျိုးနွယ်၏ နောက်ဆုံးလေတပ်အင်အားစုဖြစ်လာခဲ့သည်။ ဤပျံသန်းရေးယာဉ်များကို လူသားများထွက်ပြေးတိမ်းရှောင်ရန်အတွက် အသုံးမပြုတော့ဘဲ တိုက်ပွဲဝင်ရန်အတွက်သာ အသုံးပြုတော့မည်ဖြစ်သည်။ လူသားများအတွက် အသေခံတိုက်ပွဲဝင်ရန် ရွေးချယ်စရာတစ်ခုသာ ကျန်တော့သည်။

၁၃ ကြိမ်မြောက် စစ်ရေးကောင်စီအစည်းအဝေးပြီးဆုံးသွားပြီးနောက် တစ်စုံတစ်ယောက်သည် လင်းရှန်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ သူမသည် ရေကန်နားရှိ တဲအိမ်သို့ ရောက်ရှိလာပြီး ဟောင်းလောင်းပွင့်နေသော တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အခန်းထဲမှ ပြင်းထန်လှသော အရက်နံ့၊ ဆေးလိပ်နံ့နှင့် ချဉ်စုတ်စုတ်အနံ့ဆိုးများကြောင့် အတွေ့အကြုံများစွာရှိသည့် သူမပင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။

သူမသည် လင်းရှန်ကို ချက်ချင်းမတွေ့ခဲ့ရဘဲ အခန်းထဲက မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။

အခန်းတစ်ခုလုံး၏ နံရံများကို တင်းကျပ်လှသော ယန္တရားချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။ ဤအရာသည် လင်းရှန်က သူ့ကို ပြင်ပစောင့်ကြည့်မှုများနှင့် ဖောင်ဒေးရှင်း၏ စောင့်ကြည့်မှုများမှ ကာကွယ်ရန်အတွက် မတူညီသောသတ္တုပစ္စည်းများကို ရောစပ်ကာ ပြုလုပ်ထားခြင်းဖြစ်မှန်း သူမသိလေသည်။ သို့သော် သူမ မသိသည်မှာ ထိုသတ္တုနံရံများပေါ်တွင် ယခုအခါ အမျိုးမျိုးသော သင်္ကေတများ၊ ဓာတ်ပုံများနှင့် ထူးဆန်းသော သတ္တုစက်ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး သတ္တုနှိုးစက်တစ်ခု၏ အတွင်းပိုင်းနှင့် တူနေခြင်း ဖြစ်သည်။

ထိုပုံများထဲတွင် ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်း၏ ပတ်လမ်းပြပုံ၊ တောင်ကောင်းကင်ဂိတ်၏ လည်ပတ်မှု ကန့်သတ်ချက်များ၊ အမည်မသိ ဂြိုဟ်အချို့နှင့် သတ္တုဖြင့် ထုဆစ်ထားသော ကမ္ဘာ့အဆင့်သတ္တဝါများ၏ ပုံစံငယ်အချို့ ရှိနေသည်။ အရက်ပုလင်းများနှင့် ဆေးလိပ်တိုများသည် ကြမ်းပြင်တစ်ခုလုံးတွင် ပျံ့ကြဲနေပြီး စတိတ်အမဲသားပြားပန်းကန်များမှာ စားပွဲတစ်ခုလုံးတွင် ပုံနေကာ ညစ်ပတ်နေသောအဝတ်အစားပုံကြီးမှာ ဟီးထနေသည်။

နောက်ဆုံးတွင် သူမသည် လင်းရှန်ကို အမှိုက်ပုံထဲ၌ ရှာတွေ့ခဲ့သည်။ သူသည် ဖိနပ်တစ်ဖက်တည်းသာ စီးထားပြီး ထောင့်စွန်းတစ်ခုတွင် ကွေးကွေးလေးထိုင်နေကာ ထိုသတ္တုဖွဲ့စည်းပုံအခန်းထဲတွင် အမှောင်ထုထဲက သစ်သားတုံးတစ်တုံးကဲ့သို့ဖြစ်နေသည်။

ချူယန်က သူ အိပ်ပျော်နေသည်ဟု ထင်ခဲ့သော်လည်း မကြာမီမှာပင် သူသည် အမှိုက်များပြည့်နှက်နေသော အခန်းကို ကြည့်ကာ မိန်းမောနေမှန်းသိလိုက်ရသည်။ သူ၏ နီမြန်းနေသော မျက်လုံးများက ချူယန်ဝင်လာသည်ကိုပင် မြင်ပုံမရချေ။ သူသည် မျက်နှာကြက်ပေါ်ရှိ သတ္တုနေမင်းပုံစံငယ်ကိုသာ လှုပ်ရှားမှုမရှိဘဲ စိုက်ကြည့်နေခဲ့သည်။

ချူယန်သည် လင်းရှန် ဤမျှအထိပင်ပန်းနွမ်းနယ်နေပုံကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ နေ့တိုင်း အလွန်အကျွံစားသောက်နေသော်လည်း သူ၏ခန္ဓာကိုယ်မှာ ပိန်လှီသွားခဲ့ပြီး မြူထုထဲတွင် လေလွင့်နေသော ဖုတ်ကောင်တစ်ကောင်အလားပင်၊၊

“လင်းရှန်”

ချူယန်၏ အသံက ဆိတ်ငြိမ်သော လျှိုမြောင်ထဲတွင် ပြုတ်ကျလာသည့် ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ လင်းရှန် ထိုအသံကို ကြားလိုက်ရသော်လည်း တုံ့ပြန်ရန် အချိန်အတော်ကြာယူခဲ့ရပုံရသည်။

သူက ခေါင်းကို ဖြည်းညှင်းစွာ လှည့်၍ ချူယန်ကို ကြည့်လိုက်သည်။ သူ၏ နီမြန်းနေသော မျက်လုံးများသည် အတော်ကြာမှ တစ်ချက်သာမှိတ်သွားပြီး သူ အသက်ရှင်နေသေးသည်ဟူသောအချက်ကို သက်သေပြသနေသကဲ့သို့ပင်၊၊

သို့သော် သိပ်မကြာခင်မှာပင် လင်းရှန် သူမကို မှတ်မိသွားသည်။ သူ၏မျက်လုံးများတောက်ပလာပြီး သူ၏ ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများတွင် အနည်းငယ်ပြုံးယောင်သန်းလာကာ သူမကို ပြောလိုက်သည်၊၊

“မင်း ရောက်လာပြီပဲ”

All Chapters