← Chapters

အခန်း (၁၂၂၄)

Vol. 80 (End) Ch. 1224

အခန်း (၁၂၂၄)

Vol. 80 (End) Ch. 1224

Chapter 1224

မီးခတ်ကျောက် (၂)

“ဝမ်ကျိုး… ခဗျား ကျုပ်ကိုစောင့်နေဖို့မလိုပါဘူး”

လင်းရှန်သည် အပေါ်မော့ကာ စကားပြောလိုက်၏။

“ခဗျား ရှေ့တန်းစစ်မျက်နှာဆီသွားပြီး ကူညီချင်နေတယ်မဟုတ်ဘူးလား”

“ဟုတ်တယ်… ဒါပေမယ့် ဒါက ငါ့ရဲ့တာဝန်ပဲ”

ဝမ်ကျိုး၏ ဟိုလိုဂရမ်ပုံရိပ်သည် သူ့ဘေးတွင် ပေါ်ထွက်လာပြီး ရေကန်ကို ကြည့်လိုက်၏။

သူသည် လင်းရှန်ကို စောင့်ကြည့်နေမည့်အစား အပြင်ထွက်ပြီး ရန်သူများကို သတ်ဖြတ်ချင်စိတ်ကို မငြင်းပယ်ခဲ့ပေ။

“ကျုပ် ကျိုးဝူနဲ့ စတွေ့တုန်းက သူက စကားတစ်ခွန်းပြောခဲ့ဖူးတယ်”

လင်းရှန်က ပြန်တွေးရင်း ပြောလိုက်၏၊၊

“သူပြောတာက ကျုပ်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့ ကြိုးစားတာ မသင့်တော်ဘူးတဲ့။ ဒီကမ္ဘာမှာ လုံးဝခိုင်မာတဲ့ ခံတပ်ဆိုတာမရှိဘူး။ ဒါဟာ အမှောင်ယဉ်ကျေးမှုအတွက်ရော… ဖောင်ဒေးရှင်းအတွက်ရော ကျုပ်တို့အတွက်ပါ အတူတူပဲတဲ့”

ဝမ်ကျိုးက တိတ်ဆိတ်စွာ ရှိနေ၏။

“ခဗျားရဲ့ တာဝန်က ဘာတွေလဲဆိုတာ ခဗျားသိလား”

ဝမ်ကျိုးက “လူသားတွေကို ကယ်တင်ဖို့ပဲ”

လင်းရှန် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သည်။ “ဟုတ်ပါတယ်လေ… ကျုပ်ကလည်း လူတစ်ယောက်ပဲကိုး”

သူက ငြိမ်သက်နေသော ရေကန်ကို ကြည့်ကာ မေးလိုက်၏။

“ကျုပ်တို့ ကျရှုံးမယ့်နေ့ကို ခဗျားစဉ်းစားဖူးလား”

“ငါတို့က အမြဲတမ်း ကျရှုံးနေခဲ့တာပဲ”

ဝမ်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

“ဒါဟာ အစကတည်းက မညီမျှတဲ့စွမ်းအားတစ်ခုပဲ။ ဒီစိတ်ဓာတ်နဲ့ဆိုရင် ငါတို့က အရာအားလုံးကို ပိုပြီးလက်ခံနိုင်လိမ့်မယ်”

“ဟုတ်တယ်”

လင်းရှန်က သက်ပြင်းချလိုက်၏။

“ဒါဟာ မညီမျှတဲ့ စွမ်းအားတစ်ခုပဲ။ ကျုပ်တို့ ဘယ်တုန်းကမှ အမှန်တကယ်အနိုင်မရခဲ့ဘူး။ ကျုပ်တို့လုပ်နိုင်တာက ထွက်ပြေးဖို့ပဲ”

ယူပေမြို့ရှိ ကောင်းကင်စင်္ကြံဖြစ်စေ၊ စီလန်မြို့ရှိ တိုက်ပွဲဖြစ်စေ၊ အာရုဏ်ဦးမြို့တော်ရှိ သုံးရက်သုံးညတိုက်ပွဲဖြစ်စေ သူတို့ အနိုင်မရခဲ့ကြပေ။ နောက်ဆုံးတွင် သူတို့သည် ထွက်ပြေးနေကြရဆဲဖြစ်ပြီး အမှောင်ထု၏ အက်ကြောင်းများကြားတွင် အနိုင်နိုင်အသက်ရှင်ကျန်ရစ်ကာ အလင်းရောင်ကို ရှာဖွေနေကြရဆဲဖြစ်သည်။

လင်းရှန်တွင် ယခင်က လက်တွေ့မကျသော စိတ်ကူးယဉ်မှုများရှိခဲ့ဖူး၏။ သူ၏ ယန္တရားစွမ်းရည်သည် အခြားသော ဒိုင်မင်ရှင်းမှ အမှန်တကယ်လာခြင်းဖြစ်ပြီး ထိုသို့သော စွမ်းအားသည် မျှော်စင်ယဉ်ကျေးမှု၏ ဖျက်ဆီးရေးလုပ်ငန်းစဉ်ကို တုန်လှုပ်စေနိုင်သည်ဟု စိတ်ကူးယဉ်ခဲ့သည်။

သို့သော် ဤစိတ်ကူးယဉ်မှုသည် နောက်ဆုံးတွင် လက်တွေ့သဘောတရားကြောင့် ပျက်စီးသွားခဲ့ရပြီး ပိုမိုကြောက်စရာကောင်းသော လက်တွေ့အခြေနေများပေါ်ထွက်လာခဲ့၏။

ဝမ်ကျိုးက လင်းရှန်ကို ကြည့်ကာ မေးလိုက်၏။

“ငါ မင်းကို မေးခွန်းတစ်ခုမေးလို့ရမလား”

“ရတာပေါ့”

“ဓားကိုင်ဆောင်သူဖြစ်ရတာကို မင်းနောင်တရဖူးလား”

ဤစကားကို ကြားသောအခါ လင်းရှန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့၏။

“နောင်တရစရာမရှိပါဘူး။ ဘယ်သူ့ကိုဖြစ်ဖြစ် ယန္တရားနှလုံးသားတပ်ပေးထားရင် သူတို့က အသက်ရှင်သန်ဖို့ ရုန်းကန်ရမှာပါပဲ”

“ဒါပေမယ့် အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ လူတစ်ယောက်နဲ့ အခြားသူတွေကို ကယ်တင်ဖို့ မတ်တပ်ရပ်တဲ့ လူတစ်ယောက်ဆိုတာ မတူညီတဲ့အယူအဆနှစ်ခုပါပဲ”

“အဓိပ္ပာယ်မရှိတာတွေ… ကျုပ်က ကိုယ့်ကိုယ်ကို ကယ်တင်ချင်ရုံသက်သက်ပါ”

လင်းရှန်၏ မျက်လုံးများသည် ဗလာဖြစ်နေပြီး ရေရွတ်လိုက်၏။

“ကျုပ် ဘယ်တုန်းကမှ ကယ်တင်ရှင်ဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး”

“အိုး တကယ်လား”

ဝမ်ကျိုးက ပြောလိုက်၏။

“စီလန်မြို့မှာတုန်းက မင်းက ယူနစ် ၀၁နဲ့ S-Class အဆင့်တွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိခဲ့တာပဲမဟုတ်လား။ မင်းပြောသလိုသာဆိုရင် မင်းက နှင်းမုန်တိုင်းထဲကထွက်သွားဖို့လိုမျိုး ဒုတိယရွေးချယ်မှုမျိုးလုပ်နိုင်ခဲ့တာပဲလေ”

လင်းရှန်က ပြုံးလိုက်ပြီး “ဒါက ကျုပ်တစ်ယောက်ထဲလုပ်နိုင်ခဲ့တာမဟုတ်ပါဘူး… ကျုပ်တစ်ယောက်ထဲမောင်းလို့မရဘူး၊၊ ကျုပ်က ချန်ဝေကို လိုတယ်လေ။ အဲ့ဒီယန္တရားကြီးက လူနှစ်ယောက်ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်”

ဝမ်ကျိုးက သူ့ကို ကြည့်လိုက်၏။

“အဲဒါက မင်းရော… ချန်ဝေရော… ဆုတ်ခွာဖို့စိတ်ကူးလုံးဝမရှိခဲ့ကြဘူးဆိုတာကို သက်သေပြမနေဘူးလား”

လင်းရှန်က တိတ်ဆိတ်စွာ ရှိနေ၏။

ဝမ်ကျိုး လှည့်ထွက်သွားခဲ့ပြီး ဟိုလိုဂရမ်ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကာ နောက်ဆုံးစကားတစ်ခွန်းကို ပြောခဲ့သည်။

“မင်းကိုယ်မင်းလိမ်နေတာကို ရပ်လိုက်ပါတော့ လင်းရှန်။ မင်းရဲ့ နှလုံးသားက လူသားမဟုတ်ပေမယ့် မင်းက လူကောင်းတစ်ယောက်ဖြစ်ဖို့ ကံပါလာတာပါ”

လေသည် မြက်ခင်းပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ငြိမ်သက်ခြင်းကို ချန်ထားခဲ့၏။

လင်းရှန်သည် ရေကန်ကို ကြည့်လိုက်ပြီး နာရီပေါင်းများစွာကြာလင်းလက်နေသော ယန္တရားနှလုံးသား၏ အကြောင်းကြားချက်ကို ကြည့်လိုက်သည်။

ကာဆီမီယာ လျှပ်စစ်လေဟာနယ်အင်ဂျင်ကို ထုတ်လုပ်ပြီးပါပြီ။

【ပြင်းထန်သော တုံ့ပြန်မှုကန့်သတ်ချက်စက်ကွင်းကို ဖန်တီးလိုက်ပြီ ဖြစ်သည်】

【ကြယ်မှုန်မီးဖို ဆောက်လုပ်မှု ပြီးစီးပါပြီ မီးခတ်ကျောက်ဖြင့် မီးမွှေးရန် စောင့်ဆိုင်းနေပါသည်】

ကြယ်နက်ယန္တရားဂြိုလ်၏ ရှေ့တွင် ခန့်ညားသော ယန္တရားကြီး၏ ပုံရိပ်ကို အကြမ်းမျဉ်းမျှသာမြင်တွေ့နိုင်တော့သည်။

“လင်းရှန်”

သူ၏ စိတ်ထဲတွင် ချူယန်၏အသံက ထွက်ပေါ်လာ၏။ “နင့်ရဲ့ မေးခွန်းကို အဖြေရှာတွေ့ပြီလား”

“မတွေ့သေးဘူး”

လင်းရှန်က ပြောလိုက်၏။

“ငါတို့မှာ အမြဲတမ်းအဖြေရှိချင်မှ ရှိလိမ့်မယ်။ ငါတို့ရဲ့ အတွေးတွေက သူတို့အတွက် အရေးမပါတာလည်းဖြစ်နိုင်တာပဲ”

“ဒါလည်းဖြစ်နိုင်တာပဲ ဒါဆို ငါတို့မစဉ်းစားတော့ဘူး”

“အင်း မစဉ်းစားတော့ဘူး”

“ဘလက်ခ်အမ်ဘဲလားစီမံကိန်းက ငါတို့အပေါ် မျှော်စင်ယဉ်ကျေးမှုရဲ့ တိုက်ခိုက်မှုကို အချိန်စောပြီး အောင်မြင်စွာ ဖြစ်ပေါ်စေခဲ့တယ်။ ငါတို့အနေနဲ့ ကမ္ဘာ့အဆင့်သတ္တဝါတွေကို အိန်ဂျယ်တွေက ဝါးမျိုနေတဲ့လုပ်ငန်းစဉ်ကို တားဆီးနိုင်ရင် ခွန်းလွန်မြို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု အမှန်တကယ်ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်လိမ့်မယ်”

ချူယန်၏ အသံက ပြောလိုက်၏။

လူသားများအနေဖြင့် အမှောင်မျှော်စင် ယဉ်ကျေးမှုကို အနိုင်ယူရန် အခွင့်အရေးမရှိကြောင်း သူတို့သိထားကြသည်။ သို့သော် ဤဗျူဟာမှတစ်ဆင့် ကောင်းကင်အကာကွယ်ကို ထိုးဖောက်ရန်နှင့် လူအချို့ကို လွတ်မြောက်စေရန် အခွင့်အရေးတစ်ခုရှာဖွေနိုင်လောက်ပေမည်၊

အမှန်ပင် ဖီးနစ်စစ်ရေးကော်မတီမှ သဘောတူညီခဲ့သော ဘုံသဘောတူညီချက်မှာ ကမ္ဘာ့အဆင့်သတ္တဝါတစ်ကောင်ဖြစ်၏။

မည်သည့်သတ္တဝါဖြစ်စေ ကောင်းကင်အကာကွယ်မှတစ်ဆင့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးနိုင်သမျှကာလပတ်လုံး ၎င်းကို အောင်မြင်မှုအဖြစ် သတ်မှတ်ပေသည်။

၎င်းသည် ကောင်စီ၏ အစီအစဉ်အတိအကျပင်ဖြစ်သည်၊၊ အပြည့်အဝတန်ပြန်တိုက်ခိုက်မှုအတွင်း ကမ္ဘာ့အဆင့်သတ္တဝါတစ်ကောင်ကို အမဲလိုက်ခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းဖြင့် ဇီဝဆဲလ်အစိတ်အပိုင်းအချို့ကို ရယူရန်နှင့် ထို့နောက် ဖီးနစ်မြို့နှင့် တိတ်ဆိတ်မြို့တော်၏ အင်ဂျင်များအဖြစ် အသုံးပြုကာ ကောင်းကင်အကာကွယ်ဆီသို့ ပျံသန်းရန်ဖြစ်၏။

“ဒါဆို ငါတို့မှာ ရွေးချယ်စရာတစ်ခုပဲကျန်တော့တယ်”

လင်းရှန်သည် တိုင်တန်ဂြိုဟ်အဆင့်ယန္တရားကြီး၏ ဦးခေါင်းဧရိယာဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ ထိုနေရာတွင် ကြီးမားသော တွင်းနက်ကြီးကဲ့သို့ မျက်လုံးလေးလုံးသည် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေကြ၏။

ထိုနေရာကား စတင်ရန် စောင့်ဆိုင်းနေသော ကြယ်မှုန်မီးဖိုဖြစ်သည်။

【ဂုဏ်ယူပါတယ်။ ယန္တရားနှလုံးသားကို အဆင့် ၉ သို့ အဆင့်မြှင့်တင်လိုက်ပါပြီ】

【ကြယ်မှုန်ယန္တရားဗဟိုချက်ကို အဆင့်မြှင့်တင်ရန် အတည်ပြုပါ】

ယန္တရားနှလုံးသား အလင်းမျက်နှာပြင်က လင်းလက်သွားပြီး လင်းရှန်သည် သူ၏ ရှေ့တွင်ရှိသော စကားလုံးများကို လုံးဝတည်ငြိမ်သော အမူယာဖြင့် ကြည့်လိုက်သည်။

သူ ဒါကို အစောကြီးကတည်းက ခန့်မှန်းထားခဲ့သင့်တာ…

ကမ္ဘာ၏ နည်းပညာအားလုံးကို ဝါးမျိုပြီး စုပ်ယူခဲ့သော ယန္တရားနှလုံးသားသည် နောက်ဆုံးတွင် ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သောသတ္တဝါကြီးအဖြစ်သို့…

….

၎င်းသည် လူသားတို့၏မြို့တော်အတွက် သမိုင်းတစ်လျှောက်မကြုံဖူးသေးသည့် ခံစစ်တိုက်ပွဲကြီးဖြစ်သည်။

သန်းခေါင်ယံနေရောင်အောက်တွင် ကောင်းကင်ကြီးမှာ ကြည်လင်နေဆဲဖြစ်ပြီး နေရောင်ခြည်သည် လေထု၏ အလင်းပေါက်လုနီးပါးရှိသော အနားစွန်းများပေါ်သို့ဖြာကျကာ မိုးကုတ်စက်ဝိုင်းတွင် တောက်ပသော ရောင်စုံတိမ်တိုက်များကို ဖန်တီးနေသည်။

သို့သော်လည်း ခွန်းလွန်မြို့သည် အမှောင်ထုအောက်တွင် လုံးဝနီးပါးဖုံးလွှမ်းခံထားရသည်။

မိုးတိမ်များကြောင့်မဟုတ်ဘဲ အဆမတန်များပြားလှသည့် မီးခိုးများနှင့် အဆုံးမဲ့ပျံသန်းနေသည့် မိုးပျံသတ္တဝါများကြောင့်ဖြစ်၏။

အကာအကွယ်ဒိုင်းကြီးသည် တစ်စက္ကန့်လျှင် အကြိမ်ထောင်ပေါင်းများစွာ မြင့်မားသော စွမ်းအင်လျှပ်စီးများကို တလက်လက်ထနေစေပြီး မီးတောင်ပြာများကဲ့သို့ မီးခိုးများသည် ဝင်ရိုးစွန်းဒေသတစ်ခုလုံးကို လွှမ်းမိုးထားသည်။ အာကာသထဲမှကြည့်လျှင်ပင် ဆူပွက်နေသော မီးခိုးလုံးကြီးများလှိုင်းထလာသည်ကို မြင်တွေ့နိုင်လေ၏။

ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော ရေခဲပြင်ကမ်းရိုးတန်းများမှ မွန်းစတားများသည် တစ်စုံတစ်ခုသော စွမ်းအား၏ ဦးဆောင်မှုကို ခံထားရသကဲ့သို့ ပင်လယ်ပြင်အောက်မှ မြေပြင်ပေါ်သို့ တက်လာကြကာ လူသားတို့၏ နောက်ဆုံးခံတပ်ဆီသို့ ဦးတည်ချီတတ်လာကြသည်။

ရွေ့လျားနေသော မုန်တိုင်း၏ ဗဟိုချက်အလား S-Class အဆင့် မွန်းစတားကြီးများသည် ကောင်းကင်‌‌ပေါ်မှ မိုးပျံသတ္တဝါများ၊ မြေပြင်ပေါ်မှ ဧရာမ မွန်းစတားကြီးများနှင့်အတူ အဖျက်စွမ်းအားအပြည့်နှင့် ရောက်ရှိလာကြသည်။

ဤသတ္တဝါများသည် ကိုယ်ပိုင်အသိစိတ်ပျောက်ဆုံးသွားခဲ့ပုံရပြီး အမိန့်အတိုင်း တစ်ညီတညွှတ်တည်းစနစ်တကျလှုပ်ရှားနေကြသည်။

ခွန်းလွန်မြို့တော်အတွင်း၌ စတားဖလိ့စစ်တပ်သည် စစ်ပွဲအတွင်းရောက်ရှိနေပြီး ကြီးမားလေးလံသော မီကာကြီးများက ဟိန်းဟောက်နေကာ ဘီလီယံပေါင်းများစွာသော အလိုအလျောက်လက်နက်များသည် အရှိန်မြင့်ကွန်ရက်ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်နေကြသည်။

နေ့ညခွဲခြားမှုမရှိဘဲ ဤပြင်းထန်လှသော နောက်ဆုံးတိုက်ပွဲသည် ၁၆ ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

တိုက်ပွဲစတင်ချိန်တွင် လိပ်နက်တံတိုင်းကြီးနှင့် စွမ်းအင်မြင့်ကောင်းကင်မျက်နှာပြင်ဒိုင်းကာတို့သည် ခြိမ်းခြောက်မှုခံရခြင်းမရှိသေးဘဲ ရေခဲပြင်ပေါ်တွင် သတ္တဝါဆိုးကြီးများ၏ အလောင်းတောင်ကြီးများဖြင့် မီတာရာပေါင်းများစွာ ဖုံးလွှမ်းစေခဲ့သည်၊၊

သို့သော် S-Class အဆင့် မွန်းစတားကြီးများနီးကပ်လာသည်နှင့်အမျှ နယ်မြေတစ်ခုချင်းစီ၏ ကာကွယ်ရေးလိုင်းများသည် ချက်ချင်းပင် ကြီးမားသော ဖိအားများနှင့်ရင်ဆိုင်လာရသည်။

ရေခဲပုံဆောင်ခဲများပါဝင်သော နှင်းမုန်တိုင်းသည် မီတာထောင်ချီ မြင့်မားသော လိပ်နက်တံတိုင်းကြီးကို ရိုက်ခတ်နေသည်။ ဝင်ရိုးစွန်းနေ့၏ မှိန်ဖျော့ဖျော့နေရောင်ခြည်သည် မီးခိုးများကို ဖြတ်ကျော်ကာ သတ္တဝါဆိုးများ၏ အလောင်းကောင်ပုံကြီးများပေါ်သို့ ပုံသဏ္ဌာန် ပျက်ယွင်းနေသော အရိပ်များကို ထုတ်လွှတ်နေသည်။

“တပ်ရင်း A1 က ကိုဩဒိနိတ် G1254.21 မှ G1091.08 သို့ ရွှေ့ပြောင်းနေတယ်၊ အမြင့် မီတာ ၁၀၀၀ လျှော့ချပါ၊၊ မိုးပျံဂျယ်လီဖစ်ရဲ့ လျှပ်စီးစက်ကွင်းတွေကို လျော့ချပါ”

ရှင်းဂျီ၏ အသံသည် တိတ်ဆိတ်မြို့တော်၏ ပင်မကွပ်ကဲခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ၏ မျက်လုံးအိမ်ထဲတွင် သုံးဖက်မြင်စားပွဲပေါ်မှ ပေါက်ကွဲထွက်လာသော စွမ်းအင်ရေစီးကြောင်းများ အလင်းပြန်နေ၏။ အလွန်မြင့်မားသော တွက်ချက်မှုစွမ်းအားရှိသော ကွမ်တမ်ဦးနှောက်အနေဖြင့် သူသည် လက်ရှိနယ်မြေရှိ ကြယ်သင်္ဘောအားလုံး၏ ဝေဟင်ကွပ်ကဲမှုကို တာဝန်ယူထားပြီး နည်းဗျူဟာမြောက် တုံ့ပြန်မှုများအားလုံးသည် မီလီစက္ကန့်ပိုင်းအတွင်းဖြစ်ပေါ်နေသည်။

ကောင်းကင်ထက်တွင် ဧရာမ မိုးပျံဂျယ်လီဖစ်ကြီး သုံးကောင်သည် နေရောင်ကို ဖုံးကွယ်ထားသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ဖျက်အားပြင်းလျှပ်စီးလုံးများက ခွန်းလွန်မြို့တော်၏ ကာကွယ်ရေးဒိုင်းကာပေါ်သို့ မိုးရွာသလို ကျရောက်နေခြင်းဖြစ်သည်။ ပေါက်ကွဲမှုတစ်ခုစီသည် ပြင်းထန်သောအွိုင်နိုလှိုင်းများကို ဆောင်ကြဉ်းလာပြီး အကာကွယ်ဒိုင်းကို အပြင်းအထန်ရိုက်ခတ်နေသည်။

ရွှန်းက အသေခံ ဒရုန်း ၃၀၀ ကို ထိန်းချုပ်ထားပြီး ထိုဒရုန်းများသည် လျှပ်စီးကွန်ရက်ကို ငွေရောင်လွန်းပျံများကဲ့သို့ တိုးဝှေ့ဖြတ်သန်းနေကြသည်၊၊

“ရူဂျီ… အပိုင်း B7 မှာ အပေါက်တစ်ပေါက် ပွင့်သွားပြီ”

“ရှင်းလိုက်ကြ”

တိုင်ရီလန်၏ သွေးနီရောင်ကြာပန်းမီကာသည် လျှပ်စီးကွင်းဆက်များကို ဖြတ်သန်းကာ ၎င်း၏ ပလာစမာအမြှောက်ဖြင့် မိုးပျံဂျယ်လီဖစ်တစ်ကောင်၏ စွမ်းအင်ဗဟိုချက်သို့ တိုက်ရိုက်ပစ်ခတ်လိုက်သည်၊၊

“အမြန်လေး…. စက်ကွင်းက အများဆုံး ၃ စက္ကန့်ပဲ ခံလိမ့်မယ်”

“သူတို့ ရောက်လာပြီ”

ရူဂျီ၏ ယန္တရားရုပ်သေးကြီး ၁၂ ကောင်သည် ရှီဇီ၏ အကာကွယ်အောက်တွင် ဓားရှည်ကြီးတစ်လက်ကို တပ်ဆင်နေကြသည်။ ထို့နောက် ၎င်းတို့သည် ဓားရှည်ကြီးကို ဆုပ်ကိုင်ကာ မိုးပျံဂျယ်လီဖစ်၏ ထီးသဏ္ဌာန်ခန္ဓာကိုယ်ကြီးကို အောက်မှ တိုက်ရိုက်ထိုးဖောက်လိုက်ရာ အပြာရောင်သွေးများ ချက်ချင်းပန်းထွက်လာခဲ့သည်။

“ရှီဇီကို ဂရုစိုက်ကြ”

“ကျွန်မ အဆင်ပြေပါတယ်”

ရူဂျီနောက်မှ ကူညီရန်လိုက်ပါလာသည့် ရှီဇီက အံကြိတ်ကာ ပြောလိုက်သည်။ သူမ ဝတ်ဆင်ထားသည့် စွမ်းအားဝတ်စုံမှာ လင်းရှန်က ပြုလုပ်ပေးထားခြင်းဖြစ်ပြီး လိုက်လျောညီထွေရှိသော ကာကွယ်ရေးစနစ်ပါဝင်သောကြောင့် ဤကဲ့သို့လှုပ်ရှားနိုင်ခြင်းဖြစ်သည်။

All Chapters