အခန်း (၁၂၁၇)
Vol. 80 (End) Ch. 1217
Chapter 1217
အစီအစဉ် ၃ (၁)
လေတိုက်နှုန်းပြင်းလာသည်နှင့်အမျှ နှင်းဖုံးနေသော အိုင်ရေပြင်ကျယ်ပေါ်တွင် ရေလှိုင်းတွန့်များ ပျံ့လွင့်သွားသည်။
လင်းရှန် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“ဒါဆိုရင် အဲဒီကြယ်သင်္ဘောနှစ်စင်း ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက် အနာဂတ်လူသားတွေက အချိန်ရဲ့ ဖြစ်စဥ်ကို ပြီးမြောက်အောင် လုပ်ခဲ့ကြတာပေါ့။ သူတို့က ကမ္ဘာမြေဆီကို အချက်ပြမှုတစ်ခုပြန်ပို့ပြီး လူသားတွေကို ကူညီချင်ခဲ့တာပဲ”
သူက ပြောရင်း ယဲ့လန်၏ ကျောပြင်ကို ကြည့်ကာ ဆက်ပြောသည်။
“ဒါပေမဲ့ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းက လူသားတွေဟာ အုပ်စုတစ်စုတည်းမဟုတ်ပုံပဲ။ ဖောင်ဒေးရှင်းကတော့ ကမ္ဘာမြေပေါ်က ကျုပ်တို့အားလုံးကို မျိုးတုံးပစ်ချင်တဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုနေတာပေါ့၊၊ ကျုပ်ပြောတာ မှန်တယ်မလား”
“ဒါက ခန့်မှန်းချက်သက်သက်ပါပဲ”
ယဲ့လန်က သူမ၏ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
“ငါတို့က အဲဒီပိုမြင့်မားတဲ့ ဒိုင်မေးရှင်းက သက်ရှိတွေရဲ့ အတွေးအခေါ်နဲ့အမြင်တွေကို နားမလည်နိုင်ဘူး။ သူတို့အတွက်တော့ ငါတို့က မြေကြီးထဲက ပုရွက်ဆိတ်တွေလိုပဲ၊၊ ဘယ်လိုရှင်သန်မလဲဆိုတာကိုပဲ အာရုံစိုက်နေကြတာ”
လင်းရှန်က ယဲ့လန် လက်ပတ်နာရီကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ မရေမတွက်နိုင်သော ဆေးထိုးအပ်ရာများကို သတိပြုမိသွားကာ မေးလိုက်သည်။
“ပရော်ဖက်ဆာယဲ့ ခဗျား—”
“တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ အချက်အလက်တွေပေါ်လာပြီးတဲ့နောက်မှာတော့ လူသားတွေအနေနဲ့ ကောင်းကင်အကာကွယ်ကနေ ထွက်ပြေးဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတာ ငါတို့ သေချာသလောက်နီးပါး အတည်ပြုနိုင်ခဲ့တယ်”
ယဲ့လန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
လင်းရှန် ထိတ်လန့်သွားသည်၊၊
“ဒါဆို ခွန်းလွန်မြို့တော်ထဲက ကောင်းကင်အကာကွယ်စီမံကိန်းကရော”
“လင်းရှန်”
ယဲ့လန်က သူ့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒီနေရာက ဖန်တီးထားတဲ့ ဂေဟစနစ်ပတ်ဝန်းကျင်က တကယ်လှတာပဲ။ မင်း ဒါကို စကင်ဖတ်ကြည့်လို့ရမလား။ ငါ မင်းနဲ့ စကားအကြာကြီးပြောလိုက်ရလို့ နည်းနည်းမောသွားပြီ”
“ပရော်ဖက်ဆာယဲ့”
လင်းရှန် သူမကို တားလိုက်သည်။
“ကျုပ်မှာ မေးစရာ မေးခွန်းတစ်ခုကျန်သေးတယ်”
ယဲ့လန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။
“ခဗျားက ဘာလို့ ကျုပ်ကိုမတွေ့ချင်ရတာလဲ။ ဒီတစ်ကြိမ် ကျုပ် ခဗျားကို တွေ့လိုက်တာကြောင့် သူတို့က ခဗျားကို သီးသန့်ခွဲထုတ်ပြီး အကျဉ်းချထားမှာလား။ ဘာလို့လဲဆိုတာ ကျုပ်သိခွင့်ရှိမလား”
လေသံသည် တဝူးဝူးနှင့် မြည်ဟည်းနေသည်။
“ဘာလို့လဲဆိုတော့ ငါ့မှာ အချိန်အများကြီးမကျန်တော့လို့ပဲ။ ငါ့ကိုယ်ငါ သေချာတွေးတောဖို့ အချိန်နည်းနည်းလောက်ဖယ်ထားချင်လို့ပါ”
“ကင်ဆာလား”
လင်းရှန်က ပြန်မေးလိုက်သည်။ သူ၏ ယန္တရားနှလုံးသားက ယဲ့လန်၏ ခန္ဓာကိုယ်ပေါ်ရှိ မော်ဖင်းဓာတ်ထိန်းသိမ်းမှုကို စောစောကတည်းက စုံစမ်းသိရှိထားပြီး ဖြစ်သည်။
“သွေးနီရောင်ကြောင့်ဖြစ်တာလား။ ခဗျားက အိုင်ဆိုထရော့ပစ်ကိရိယာရဲ့ အတိုင်းအတာအတွင်းမှာပဲနေသင့်တယ်”
“ဒါကြောင့်ပဲ သူတို့က ခဗျားကို တပ်မှူးရာထူးကနေ ဖယ်ရှားလိုက်တာမဟုတ်လား။ ကောင်းကင်အကာကွယ်ကို ဘယ်တော့မှ မဖောက်ထွင်းနိုင်ဘူးဆိုတာ ခဗျားကသိနေရင်တောင် လူသားတွေ စိတ်ပျက်အားငယ်သွားလို့မဖြစ်ဘူးလေ”
“သွေးနီရောင်မတိုင်ခင်က ငါတို့ အိုင်ဆိုထရော့ပစ်ကိရိယာကို မတည်ဆောက်နိုင်ခဲ့ဘူး”
ယဲ့လန်က လှည့်ကြည့်ကာ လင်းရှန်ကို အနည်းငယ် ပြုံးပြလိုက်သည်။
“ဒါက အကျိုးကျေးဇူးမရှိတာတော့ မဟုတ်ပါဘူး။ အဲဒါက ငါ့ရဲ့ တွေးခေါ်မှုကို လှုံ့ဆော်ပေးခဲ့လို့ အချို့နေရာတွေမှာ ကူညီပေးခဲ့တယ်။ လင်းရှန်၊ ငါ သွားတော့မယ်”
“ပရော်ဖက်ဆာယဲ့… ဂရုစိုက်ပါ”
ယဲ့လန်က အမှောင်ထုထဲတွင် ထွက်ခွာသွားပြီး သူမ၏ နောက်ဆုံးခရီးစဉ်ကို စတင်ခဲ့သည်။
ခွန်းလွန်မြို့တော်တွင် အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ပို၍ဖိစီးသော လေထုက တဖြည်းဖြည်းပြင်းထန်လာသည်။
နေ့တိုင်း… အချို့လူများသည် ခွန်းလွန်ဗဟိုချက်မှ ပျံတက်သွားသော ကြယ်သင်္ဘောများက သတင်းကောင်းသယ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ရက်အနည်းငယ်ကြာတိုင်း ကြီးမားသော သယ်ယူပို့ဆောင်ရေး သင်္ဘောကြီးများသည် S-class အဆင့် မွန်းစတားတစ်ကောင်၏ ရုပ်အလောင်းကို လာရောက်ပို့ဆောင်ရန် ရောက်ရှိလာတတ်သည်။
ထိုအရာများကို ကောင်းကင်အကာကွယ်ကို ဘယ်လိုဖောက်ထွင်းရမလဲဆိုသည်ကို သုတေသနလုပ်ဖို့ အသုံးပြုမှန်း အားလုံးသိထားကြသည်။
အာရုဏ်ဦးမြို့တော်မှာကတည်းက လူသားများသည် တစ်ခါမှ မအောင်မြင်ခဲ့ဖူးပေမဲ့ ၎င်းသည် အောင်မြင်ဖို့ အလားအလာအရှိဆုံးလမ်းကြောင်းဖြစ်နေဆဲပင်။
….
ခွန်းလွန်မြို့တော်၏ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်အမျိုးမျိုးက ကောလာဟလဖြစ်နေပြီး မရေမတွက်နိုင်သောလူများသည် မြို့ပြအင်တာနက်မှတစ်ဆင့် ဆက်သွယ်နေကြသည်။ လအနည်းငယ်အတွင်းမှာပင် အချို့သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများသည် ခွန်းလွန်မြို့တော်တွင် ပေါ်ပေါက်လာပြီး အင်တာနက်ပေါ်တွင် ၎င်းတို့၏ ဝါဒဖြန့်မှုများကို ပျံ့နှံ့စေခဲ့သည်။
ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်အားလုံးက ၎င်းတို့၏ လူသားဆန်သောခံစားချက်များနှင့် ရပ်တည်ချက်များကို ဖော်ပြနေကြသည်။
ဖောင်ဒေးရှင်း၏ သတိပေးချက်များနှင့် ပတ်သက်၍ ဖီးနစ်သည် သဘောထားကွဲလွဲသံများကို ငြိမ်သက်စေရန် တရားဝင်ထုတ်ပြန်ချက်အများအပြားကို ထုတ်ပြန်ခဲ့သည်။ လူသားများကို အကျပ်အတည်းမှ အကြိမ်ကြိမ်ကယ်တင်ခဲ့သည် သူရဲကောင်းများကို အမှောင်ဂိုဏ်းတွေကို စိတ်ကျေနပ်စေဖို့ ယဇ်ကောင်များအဖြစ်သတ်မှတ်တာကို ဆင်ခြင်တုံတရားရှိသည့် လူအများစုက သဘောတူမှာ မဟုတ်ပေ။
သို့သော် လူနည်းစုကတော့ နေရာအနှံ့တွင်ရှိနေဆဲဖြစ်ပြီး လူထု၏ ခံစားချက်ကို လှုံ့ဆော်နေကြသည်။
အချို့လူများသည် အလားတူ လူထုဆန္ဒခံယူပွဲများကိုပင် စတင်ခဲ့ကြသည်။ အစပိုင်းတွင် လင်းရှန်ကို ထောက်ခံသူအရေအတွက်မှာ အခြေခံအားဖြင့် ၉၉ ရာခိုင်နှုန်းရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အလျင်းသင့်သလိုပေါ်လာတတ်သည့် ဤအွန်လိုင်းဆန္ဒခံယူပွဲများတွင် ထောက်ခံမှုနှုန်းမှာ ၉၇ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းနှင့် ၉၂ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ဖီးနစ်သည်လည်း ၎င်း၏ ကာကွယ်ရေးကို စတင်ခိုင်မာစေခဲ့သည်။
မရေမတွက်နိုင်သော သယ်ယူပို့ဆောင်ရေးသင်္ဘောများနှင့် စတားဖလိ့စစ်တပ်ယူနစ်များသည် မြင့်မားသောတံတိုင်းကြီးများပေါ်တွင် အလှည့်ကျစုဝေးနေကြသည်။ ခွန်းလွန်ဗဟိုချက်ကြယ်သင်္ဘောစက်ရုံတွင် လက်နက်အမျိုးအစားများစွာရှိသော ကြယ်သင်္ဘောရာပေါင်းများစွာကို တစ်ပြိုင်နက်တည်းနီးပါး တည်ဆောက်နေသည်။ ဒရုန်းများကို တည်ဆောက်နေကြပြီး ရာပေါင်းများစွာသော အင်ဂျင်နီယာများသည် လူသားအင်ဂျင်နီယာသမိုင်းတွင် အံ့ဖွယ်တစ်ခုကို ဖန်တီးနေကြသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာစီမံကိန်း၏ တတိယမျိုးဆက်စက်ရုပ်များကို အရှိန်အဟုန်ဖြင့် တည်ဆောက်နေသည်။ စက်ရုံအတွင်း တင်းမာမှုများဖြင့် ပြည့်နှက်နေပြီး အာရုံကြောပေါင်းစပ်ဆက်သွယ်မောင်းနှင်မည့် ပိုင်းလော့များကို မြို့တွင်း၌ကော စတားဖလိ့စစ်တပ်အတွင်း၌ပါ စုဆောင်းစမ်းသပ်နေကြသည်။
လူသားတို့၏ နောက်ဆုံးတိုက်ပွဲသည် သိပ်မဝေးတော့ကြောင်း အားလုံးသိထားကြသည်။
မြင့်မားသောအဆောက်အအုံတစ်ခုပေါ်တွင် မိန်းကလေးငယ်တစ်ဦးသည် အဆောက်အအုံ၏ အစွန်းတွင် ထိုင်ကာ ဝေးကွာသောနေရာရှိ ခွန်းလွန်ဗဟိုဗဟိုချက်ကို စိတ်ပျက်လက်ပျက်စိုက်ကြည့်နေသည်။
“သူတို့က ဒီလောက်အချိန်ကြာတဲ့အထိ လင်းရှန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာမှထုတ်မပြောကြသေးဘူး”
ချန်ဆီရွှမ်က နောက်ကနေ လျှောက်လာပြီး ကီကီ၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဖီးနစ်က ငါတို့ကို အရင်လိုတုံ့ပြန်မှုမျိုးပဲ ပေးထားတယ်။ သူတို့က နောက်ကွယ်မှာ အစီအစဉ်တစ်ခုခုကို တိတ်တဆိတ်ပြင်ဆင်နေကြတာ ဖြစ်လိမ့်မယ်။ နင်လည်း သူ့ရဲ့ စရိုက်ကို သိသားပဲ”
ကီကီက နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“ကျွန်မ သူ့အကြောင်းကို လုံးဝမတွေးမိပါဘူး”
ချန်ဆီရွှမ် ပြုံးကာ ပြောလိုက်သည်။
“တကယ်လား။ ငါတော့ တစ်ယောက်ယောက်ကို အမြဲတမ်း စိတ်မပါလက်မပါပုံစံနဲ့ မြင်နေရတာပဲ။ အခု ငါတို့ ဒီလိုလုံခြုံတဲ့ နေရာကို ရောက်နေတာတောင် နင်က ဂိမ်းတောင် မဆော့တော့ဘူးလေ။ အဲဒီလူ ဘာတွေလုပ်နေမလဲဆိုတာ နင်တွေးနေတာမဟုတ်လား”
ကီကီက မျက်နှာလွှဲကာ နှုတ်ခမ်းဆူရင်း ပြန်ချေပလိုက်သည်။
“ကျွန်မက ဒဏ်ရာရနေတုန်းပဲလေ။ သောက်ကျိုးနည်းအောင်ကြီးတဲ့ ရထားကြီးကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်အောင်လုပ်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး”
“ကောင်းပါပြီ ကောင်းပါပြီ၊၊ နင် ကြိုးစားခဲ့တာ ငါသိပါတယ်”
တစ်ယောက်က ထိုင်ပြီး တစ်ယောက်က မတ်တတ်ရပ်နေရင်း ထိုနှစ်ယောက်သည် ဝင်ရိုးစွန်းဒေသ၏ ကောင်းကင်ကို စိုက်ကြည့်နေကြသည်။ အေးစိမ့်သော လေညင်းက သူတို့၏ ဆံပင်ရှည်များကို လွှင့်ပျံစေပြီး နေရောင်ခြည်က ဝေးကွာသောနေရာဆီသို့ အရိပ်အရှည်ကြီးများ ဖြန့်ကျက်ထားသည်။
ကီကီ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။
“အစ်မချန် ကောင်းကင်အမိုးခုံးရထားအတွက် အစီအစဉ်အားလုံးပြင်ဆင်ပြီးပြီလား”
ချန်ဆီရွှမ် လက်ပိုက်ရင်း ခါးသီးသောအပြုံးဖြင့် ပြောလိုက်သည်။
“ကျန်းရှု့ဝေက ဒုကွပ်ကဲရေးမှူးအဖြစ်ရှိနေတယ်လေ… ငါ ဘာမှစိတ်ပူစရာမလိုပါဘူး။ တွဲမော်ဂျူးအသစ်တွေပြီးသွားတာနဲ့ ငါတို့ရဲ့ ကောင်းကင်အမိုးခုံးရထားက အနည်းဆုံး လူ ၁ သန်းလောက်ကို ဆံ့နိုင်လိမ့်မယ်၊၊ ဒါက အတော်ကြီးမားတဲ့ စီမံကိန်းပဲ။ ဒါက ဖီးနစ်ရဲ့ အဓိကလွှဲပြောင်းရေးအင်အားစုပဲ၊၊ ပြောရရင် ငါတို့ ယာဥ်စီးလက်မှတ်တွေ ရထားပြီးသားပေါ့”
“ယာဥ်စီးလက်မှတ် ဟုတ်လား”
ကီကီက မေးစေ့ကို လက်ဖြင့်ထောက်ကာ ကောင်းကင်ကို ညွှန်ပြရင်း ညည်းညူလိုက်သည်။
“အဲဒီအကာကွယ်ကြီးကို ဖွင့်နိုင်မလားဆိုတာတောင် ကျွန်မတို့ မသေချာသေးဘူး၊၊ ဒါကို ပြောဖို့က စောလွန်းပါသေးတယ်”
“ပြောတာ မပြောတာက ဘာကွာတော့လို့လဲ”
ချန်ဆီရွှမ်က ပြတ်သားစွာ ပြောလိုက်သည်။
“ငါတို့ ဖောက်ထွက်နိုင်ရင် ထွက်ပြေးမယ်။ မဖောက်ထွက်နိုင်ရင် သွေးနီရောင်ဖုံးလွှမ်းလာတဲ့အခါ သေတဲ့အထိတိုက်ရမယ်။ ငါတို့ဆီမှာ ဒီရွေးချယ်မှုနှစ်ခုပဲရှိတယ်၊၊ ဒါကြောင့် ဘာကို စိတ်ပူနေရမှာလဲ”
“အဲဒါလည်းဟုတ်တာပဲ”
ချန်ဆီရွှမ်က လေထဲတွင် အမည်းရောင်ကတ္တီပါစကဲ့သို့ တွဲလောင်းကျနေသော စကြဝဠာနှင့် ကြယ်တာရာကောင်းကင်ကြီးကို ကြည့်လိုက်သည်။ သူမ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ကမ္ဘာမြေကြီးက တကယ်လှတယ်လို့ ငါ ပထမဆုံးအကြိမ်ခံစားရတာပဲ”
ကီကီက ခြေထောက်များကို လွှဲယမ်းရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ဟုတ်တယ်… ကျွန်မလည်း ကောင်းကောင်းမပျံသန်းဖူးသေးဘူး။ ကျွန်မတို့ တကယ်ပဲ ပျံသန်းသွားပြီး စကြဝဠာရဲ့ နက်ရှိုင်းတဲ့နေရာတွေကို စူးစမ်းချင်မိတယ်။ တခြားဂြိုဟ်တစ်လုံးကို ရှာတွေ့ရင် ရှာတွေ့နိုင်မှာပေါ့”