အခန်း (၁၂၁၈)
Vol. 80 (End) Ch. 1218
Chapter 1218
အစီအစဉ် ၃ (၂)
ချန်ဆီရွှမ် ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်၊၊ သူက ငါတို့ကို ခေါ်ပြီး ကောင်းကင်ပေါ်ပျံသန်းမယ်လို့ ပြောခဲ့တယ်၊၊ ငါတို့ရဲ့ ရထားကလည်း တကယ်ပဲ ကောင်းကင်ပေါ်ပျံတက်ခဲ့တာပဲ။ ဒါက ငါတို့ ဘဝရဲ့ ဒုတိယမြောက်အခွင့်အရေးကို ရခဲ့သလို ခံစားရတယ်”
ရေခဲအောက်တွင် မှန်လုံအိမ်အမိုးခုံးသည် ညအမှောင်အဖြစ်သို့ပြောင်းလဲသွားကာ နဂါးငွေ့တန်းဂလက်ဆီ၏ တောက်ပမှုများ စီးဆင်းနေသည်။
လင်းရှန်သည် ရေအိုင်နားရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ကာ ကောင်းကင်ကြီးကို တစ်ယောက်တည်းမော့ကြည့်နေမိသည်။
ပရော်ဖက်ဆာယဲ့ ပြောခဲ့သည့် စကားများ၏ ဆိုလိုရင်းကို သူ နားလည်ခဲ့သည်။ လူသားတွေအတွက် ကောင်းကင်အကာကွယ်ကို ဖောက်ထွင်းဖို့အပြင် ဒုတိယမြောက်ရွေးချယ်မှုတစ်ခုရှိနေသေးတယ်ဆိုတာကိုပေါ့။
လင်းရှန် ဤအချက်ကို ယခင်က စဉ်းစားဖူးသည်။
သို့သော် သူ မသိခဲ့သည်မှာ ယဲ့လန်၏ အတွေးအခေါ်က ပို၍ပင် ရက်စက်လွန်းလှသည်။
“ဒီလိုကိရိယာ ဒါမှမဟုတ် ယန္တရားက ငါတို့ယဉ်ကျေးမှုရဲ့ နည်းပညာကို သင်ယူတုပပြီး အသစ်အဆန်းတစ်ခုခုဖန်တီးဖို့ လိုအပ်တယ်။ အတိုင်းအတာတစ်ခုအထိတော့ လူသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်သလို ပြန်လည်တည်ဆောက်ဖို့လည်း ကူညီပေးနိုင်တယ်”
“ဒီနေရာက ဖန်တီးထားတဲ့ ဂေဟစနစ်ပတ်ဝန်းကျင်က တကယ်လှတာပဲ။ မင်း ဒါကို စကင်ဖတ်ကြည့်လို့ ရမလား”
သက်ရှိတွေနဲ့ ဆက်သွယ်လို့မရတဲ့ ကြယ်နက်ပန်းပဲဖိုက လင်းရှန်ရဲ့ နှလုံးသားဖြစ်နေသည်။
သူ ဘယ်သူ့ကိုမှ ခေါ်သွားလို့ မရပေ။
ဒါပေမဲ့ သူ ကိုယ့်သူတော့ ခေါ်သွားနိုင်သည်။ သူ၏ ယန္တရားဆန်ပြီး သက်မဲ့ဖြစ်နေသောခန္ဓာကိုယ်ကို ယန္တရားဂြိုဟ်သိမ်တစ်ခုဆီသို့ လွှဲပြောင်းကာ၊ ယန္တရားနှလုံးသားက စကင်ဖတ်ထားသော လူသားယဉ်ကျေးမှု၏ ယန္တရားပုံကြမ်းအားလုံးကို သယ်ဆောင်ပြီး၊ ထိုယဉ်ကျေးမှုများ တည်ရှိခဲ့သည့် အမှတ်အသားများကို သယ်ဆောင်ကာ၊ ယဉ်ကျေးမှု၏ အေးခဲထားသော သန္ဓေသားလောင်းများကို သယ်ဆောင်ပြီး ကမ္ဘာမြေမှ ထွက်ခွာကာ၊ ကောင်းကင်အကာကွယ်မှ လွတ်မြောက်ပြီး အဝေးရှိကြယ်တာရာများဆီသို့ တစ်ယောက်တည်းလွင့်မျောသွားနိုင်သည်။
ပရော်ဖက်ဆာယဲ့ ပြောခဲ့သလိုပေါ့။
သူက လူသားယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ပေသည်။
ဒါက ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းက သက်ရှိတွေ ကမ္ဘာမြေပေါ်က လူသားတွေကို ပေးခဲ့တဲ့ နောက်ဆုံးအဖြေပဲ။
ယန္တရားနှလုံးသားရဲ့ ရည်ရွယ်ချက်က မျှော်စင်ယဉ်ကျေးမှုကို အနိုင်တိုက်ဖို့မဟုတ်ဘဲ လူသားတွေရဲ့ နည်းပညာအားလုံးကို စကင်ဖတ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဖန်တီးဖို့ပဲ။
ယဉ်ကျေးမှုရဲ့ မီးပွား…
ဖန်တီးမှု မီးပွားတစ်ခု၊ စိတ်တစ်ခု…
အနီရောင်ကမ္ဘာက အစပိုင်းမှာ အော်ဟစ်ခဲ့သည့် အသိစိတ်မြင့်မားလာခြင်း၏ သော့ချက်က တကယ်တော့ သူ့၏ ယန္တရားနှလုံးသားဖြစ်နေမှန်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
လင်းရှန်တစ်ယောက်တည်းသာ ဤသက်ရှိအသိစိတ်များကို ကောင်းကင်အကာကွယ်မှ ခေါ်ထုတ်သွားနိုင်ပေသည်။
ဤအခိုက်အတန့်တွင် ခွန်းလွန်မြို့တော်ရှိ လူသန်းပေါင်းများစွာသည် အပြာရောင်ဂြိုလ်၏ ကံကြမ္မာက... မည်သူမှ ရှင်သန်ကျန်ရစ်မည်မဟုတ်ဘူးဆိုသည်ကို မသိကြသေးပေ။
ရေအိုင်နားက သစ်ပင်အောက်မှာ လင်းရှန် အမှတ်မထင်ဖယ်ရှားလိုက်တဲ့ ပင့်ကူလေးက သူ့အိမ်ကို ပြန်လည်တည်ဆောက်နေသည်။ ၎င်းက မြက်ပင်အောက်ကနေ တောက်ပသည့် အမျှင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး အောက်ကို အကြိမ်ကြိမ်လွှဲယမ်းကာ အခြားတစ်ဖက်ကို ချည်နှောင်ပြီးနောက် တခြားထောင့်တစ်ခုကို ရှာရန် အပေါ်သို့ပြန်တက်သွားသည်။ ဤသို့ အကြိမ်အနည်းငယ်ပြုလုပ်ပြီးနောက် ပင့်ကူအိမ်ရဲ့ အခြေခံဖွဲ့စည်းပုံပြီးဆုံးသွားခဲ့သည်။
လင်းရှန် လက်ညှိုးဖြင့် တို့လိုက်ပြီး ၎င်း၏အိမ်ကို ဖျက်ဆီးလိုက်သော်လည်း ပင့်ကူလေးသည် ဒေါသထွက်ခြင်းမရှိဘဲ ၎င်း၏အိမ်ကို ဆက်လက်တည်ဆောက်နေဆဲပင်။
အိမ်ကို အကြိမ်ပေါင်းတစ်သောင်း ဖျက်ဆီးရင်လည်း အကြိမ်ပေါင်းတစ်သောင်း ပြန်လည်တည်ဆောက်သည်။ ၎င်းက ငြီးငွေ့ခြင်းလည်းမရှိ၊ စိတ်ပျက်အားငယ်ခြင်းလည်းမရှိသလို ထိုဖြစ်စဉ်ကို ပျော်မွေ့နေခြင်းလည်းမဟုတ်ပေ။ ၎င်း၏ တိုတောင်းလှသော ဘဝတစ်လျှောက်လုံး၊ တစ်နှစ်ဖြစ်စေ၊ နှစ်သန်းပေါင်း ၁၀၀ဖြစ်စေ… ဤအတိုင်းသာ ရှင်သန်နေခြင်းဖြစ်သည်။
လင်းရှန် ခေတ္တထိုင်နေပြီးနောက် ထရပ်ကာ ရေအိုင်ဘေးတွင် လျှောက်ကာ မေးခွန်းတစ်ခုကို တွေးတောနေမိသည်။
ယန္တရားနှလုံးသားရဲ့ နောက်ကွယ်မှ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းသက်ရှိတွေက ဘာလို့ တစ်ဖက်က ကမ္ဘာမြေကို ကယ်တင်ချင်ပြီး တစ်ဖက်ကကျတော့ ဖျက်ဆီးချင်နေရတာလဲ။
သူ ဤပြဿနာကို အကြာကြီးတွေးခဲ့သော်လည်း အဖြေရှာမရသေးပေ။
“ခုခံခွင့်မရှိ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သူနားမလည်နိုင်ခဲ့သလိုမျိုး…
အခုပြန်တွေးကြည့်တဲ့အခါ ကံကြမ္မာကို မတတ်သာဘဲ လက်ခံလိုက်ရသလိုမျိုးခံစားရပြီး အားကိုးရာမဲ့မှု၊ ဒေါသထွက်မှုနဲ့ ရှုပ်ထွေးမှုခံစားချက်တွေ ရှုပ်ထွေးနေသည်။
ဒါပေမဲ့ ထိုစကားလုံးများ၏ နောက်ကွယ်က ယဉ်ကျေးမှုကတော့ လင်းရှန် ပင့်ကူအိမ်ကို ဖျက်ဆီးလိုက်သလိုမျိုး ပင့်ကူအိမ်က ဘာလို့ပျက်စီးသွားလဲဆိုတာကို လုံးဝဂရုမစိုက်သလို၊ ပင့်ကူရဲ့ အသက်ရှင်သန်ခြင်း ဒါမှမဟုတ် သေဆုံးခြင်းကို ပိုပြီးတောင် ဂရုမစိုက်ကြပေ။
ခေတ္တလျှောက်ပြီးနောက် လင်းရှန် အသက်ရှူရခက်ခဲလာသလို ခံစားလိုက်ရသည်။
မောပန်း၍မဟုတ်ဘဲ စိတ်ပျက်အားငယ်မှုခံစားချက်က သူ့ရဲ့လည်ပင်းကို ဖျစ်ညှစ်ထားသလိုမျိုးဖြစ်နေခြင်းကြောင့်ပင်။ သူ့ကို လာတွေ့ပြီး စကားပြောခဲ့တဲ့သူတိုင်း ဘာလို့သီးသန့်ခွဲထုတ်ပြီး အကျဉ်းချခံရလဲဆိုတာ သူနောက်ဆုံးတွင် နားလည်သွားခဲ့သည်။
မြေအောက်ရေခဲပြင်က ဖန်တီးထားတဲ့ ဤမှန်လုံအိမ်သည် လင်းရှန်၏ နောက်ဆုံးနေထိုင်နေရာဖြစ်ပြီး ယဲ့လန်နှင့် ဖီးနစ်တို့၏ သူ့အပေါ် ထားရှိခဲ့သည့် နောက်ဆုံးစေတနာပင်။
သူတို့က လင်းရှန် ဘေးကင်းကင်းနဲ့ ထွက်ခွာသွားဖို့၊ သူ့ဘဝ၏ နောက်ဆုံးမီးပွားများနဲ့အတူ ဤနေရာမှ ပျောက်ကွယ်သွားဖို့ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သို့သော် လင်းရှန် မလုပ်နိုင်ပေ။ ထိုအတွေးက သူ့ကို မွန်းကြပ်စေသည်။ ဒီလောက်များပြားတဲ့ လူတွေကို သူ ဘယ်လိုလုပ်စွန့်ပစ်ခဲ့နိုင်မှာလဲ။
ဆရာမချန်၊ ကီကီ၊ တာလို့၊ ရှားရှား၊ ရှုချင်း၊ ဒါရိုက်တာတင်း၊ ရှောင်ယွမ်၊ ရှီတိယွမ်၊ ကျန်းယွမ်၊ မိုနီကာ၊ ချီလီ—
သေဆုံးသွားခဲ့သည့် လူသန်းပေါင်းများစွာ—
လင်းရှန် လက်ကိုဆန့်ပြီး သူ့ရင်ဘတ်ကို ဖိကာ မြက်ခင်းပေါ် ဒူးထောက်ရင်း အသက်ကိုပြင်းပြင်းရှူနေမိသည်။
“ယန္တရားနှလုံးသားကလည်း နှလုံးရောဂါထနိုင်တာပဲ—”
ဟူး... ဟူး—
သူ အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး သစ်ပင်များကြားက မြက်နံ့နှင့် ထူးခြားသော မြေကြီးရနံ့တို့ ရောပြွန်းကာ သူ့ကို နေရထိုက်ရကောင်းစေလေသည်၊
လင်းရှန် လက်ကိုဆန့်ပြီး မြေကြီးတစ်ဆုပ်ကို ယူကြည့်ကာ ပြန်ချလိုက်သည်။
ဤအခိုက်အတန့်တွင် သူ ပရော်ဖက်ဆာယဲ့၏ စကားများကို သတိရသွားကာ မြက်ခင်းကို စကင်ဖတ်ရန် ယန္တရားနှလုံးသားကို အသက်သွင်းလိုက်သည်။
မီတာဆယ်ဂဏန်းအခြေထိ နက်ရှိုင်းစွာ စကင်ဖတ်ပြီးနောက် သတ္တုအခြေခံအဆောက်အအုံကို လျင်မြန်စွာ စကင်ဖတ်လိုက်သည်။ ယန္တရားစကင်ဖတ်မှု ဖြန့်ကျက်လာသည်နှင့်အမျှ ယခင်ချင်းရွှေမြို့တော် အမိုးခုံးကိရိယာထက် အဆပေါင်းများစွာ ပိုမိုကြီးမားသော ဧရာမယန္တရားအခြေခံအဆောက်အအုံကြီးတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
လင်းရှန် အံ့အားသင့်စွာ ကြည့်နေမိသည်။ ကီဟွာစက်မှုလုပ်ငန်းကြီးရဲ့ ထုတ်လုပ်မှုစွမ်းရည်က ရေခဲမြစ်အောက်မှာ ဒီလောက်ကြီးမားတဲ့ သဘာဝဖန်လုံအိမ်ကြီးကို ဖန်တီးနိုင်ခဲ့တာကို ချီးကျူးမိသည်။
သို့သော် သူ့၏ စကင်ဖတ်မှုက တစ်ခုလုံးကို လွှမ်းခြုံလာတဲ့အခါ လင်းရှန်သည် ကောင်းကင်၏ အထက်မှာ ပွင့်နိုင်ပုံရတဲ့ ဧရာမဝဲကတော့ပုံယန္တရားတံခါးကြီးတစ်ခုရှိနေတာကို ရုတ်တရက် ရှာတွေ့လိုက်သည်။
အတွေးတစ်ခု ဝင်လာပြီး သူ ချက်ချင်းပင် အဆင့်-၈ ယန္တရားနှလုံးသား၏ ကြီးမားတဲ့ မောင်းနှင်အားဖြင့် စကင်ဖတ်မှုအတိုင်းအတာကို ပိုမိုမြင့်မားသည့်နေရာဆီသို့ တိုးမြှင့်လိုက်သည်။
လင်းရှန် စကင်ဆက်ဖတ်နေစဉ် သူ၏ အမူအရာက တဖြည်းဖြည်းပိုမိုတည်ကြည်လေးနက်လာသည်။
သူ့အထက်တွင် ထပ်ဆင့်နေသော ဧရာမ နျူကလီးယားစွမ်းအင်မော်ဂျူးသိုလှောင်ရုံများရှိနေပြီး ထိုနေရာတွင် အင်ဂျင်နီယာထောင်ပေါင်းများစွာနှင့် မရေမတွက်နိုင်သော အလုပ်သမားများသည် ၎င်းတို့ကို ထုတ်လုပ်ရန် အပြင်းအထန်အလုပ်လုပ်နေကြသည်။ သို့သော် လင်းရှန်ကို အံ့အားသင့်စေသည်မှာ ဤနျူကလီးယားစွမ်းအင်မော်ဂျူးများကို ထုတ်လုပ်နေခြင်းမဟုတ်ဘဲ ဤနျူကလီးယားစွမ်းအင်ကိရိယာအားလုံးကို ပိတ်ဆို့ထားသော မြေအောက်ခန်းများတွင် ထုတ်လုပ်ထားပြီး ထပ်ဆင့်စီထားခြင်း ဖြစ်သည်။
သူ အလွန်သိချင်သွားသည်။ အကြောင်းမှာ ခွန်းလွန်မြို့တော်တစ်ခုလုံးက ဤမျှအတိုင်းတာအထိ လျှပ်စစ်စွမ်းအင်မလိုအပ်သလို ဤနျူကလီးယားစွမ်းအင်ယူနစ်များသည်လည်း အမြင့်ဆုံးစွမ်းအားရှိသော ကုန်းတွင်းအခြေစိုက်မော်ဂျူးများဖြစ်နေသောကြောင့် ကြယ်သင်္ဘောများအတွက် ရည်ရွယ်ထားခြင်းမဟုတ်မှန်း သိသာလှသည်။
လင်းရှန် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“ဖီးနစ်က ဘာလို့ ဒီလောက်များပြားတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်နေရတာလဲ။ ဒီလောက်အရင်းအမြစ်တွေရှိနေတာကို သာမိုနျူကလီးယားလက်နက်တွေ ဘာလို့မတည်ဆောက်တာလဲ”
“မဟုတ်သေးဘူး၊၊ သာမိုနျူကလီးယားလက်နက်တွေရဲ့ အမှောင်စွမ်းအင်ပြောင်းလဲမှုက ကျရှုံးခဲ့တာပဲ။ ဒါဆို ဒီလောက်အများကြီးတည်ဆောက်တာက ဘာလဲ။ ဒါက လုံးဝအချည်းနှီးဖြစ်မနေဘူးလား”
လင်းရှန် စကားမဆုံးခင်မှာပင် သူ့အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်။
“ဒီနေရာက ဖန်တီးထားတဲ့ ဂေဟစနစ်ပတ်ဝန်းကျင်က တကယ်လှတာပဲ။ မင်း ဒါကို စကင်ဖတ်ကြည့်လို့ ရမလား—”
ပရော်ဖက်ဆာယဲ့က သူ့ကို တမင်ကြည့်စေချင်တာမဟုတ်ရင်ပေါ့။
လင်းရှန် ရုတ်တရက် တစ်ခုခုကိုသဘောပေါက်သွားသည်။ သူ ရင်ဘတ်ကို ဖိလိုက်သည်၊၊
“ထွက်ပြေးတာကလွဲလို့ ယန္တရားနှလုံးသားက တခြားပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ဘူး”
လင်းရှန် မျက်လုံးမှိတ်လိုက်ရာ သူ့စိတ်ဝိညာဉ်သည် ကြယ်နက်ပန်းပဲဖို၏ ယန္တရားဂြိုဟ်ထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။
ကြီးမားပြီး အနီရောင်ရင့်ရောင်ရှိသော ထိုဂြိုဟ်ကြီးပေါ်တွင် ဒြပ်ထုဒီရေများသည် ပြင်းထန်သော ဆွဲငင်အားကြောင့် ဖမ်းဆွဲခြင်းခံရပြီး အချင်းကီလိုမီတာပေါင်းများစွာရှိသော စမ်းချောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ အနက်ရောင်ယန္တရားဂြိုဟ်ကြီး၏ ဝါးမျိုခြင်းကို ခံနေရသည်။ ဖုန်မှုန့်များသည် ဆွဲငင်အားနယ်ပယ်တဝိုက်တွင် လွင့်မျောနေပြီး ဂြိုဟ်၏ပတ်လမ်းကို ဖြတ်တောက်ထားသော မီးခိုးရောင် haloကွင်းကြီးကဲ့သို့ ဖြစ်နေသည်။
လင်းရှန်သည် ဂြိုဟ်ကြီး၏ ဝါးမျိုမှုဆိပ်ကမ်းအထက်ရှိ ကုန်းပတ်တစ်ခုပေါ်တွင် သေးငယ်သောဖုန်မှုန့်လေးတစ်ခုကဲ့သို့ ထိုင်ရင်း ကြယ်တာရာများနှင့် ကမ္ဘာမြေကို အချိန်မရွေးဖျက်ဆီးပစ်နိုင်သော ထိုခမ်းနားထည်ဝါလှသောမြင်ကွင်းကြီးကို ငေးမောကြည့်နေမိသည်။
“တကယ်တော့ ပရော်ဖက်ဆာယဲ့ကို ငါ့ယန္တရားနှလုံးသားကို အဆင့် ၉ အထိ မြှင့်တင်ဖို့ ခွန်းလွန်မြို့တော်ရဲ့ အရင်းအမြစ်တွေကို သုံးချင်တယ်လို့ပြောခဲ့တာကို သူမ အမြဲမှတ်မိနေခဲ့တာပဲ”
ဒီအကာကွယ်ကို မဖောက်ထွင်းနိုင်ရင်တောင် သူတစ်ယောက်တည်းတော့ ထွက်မပြေးချင်ပေ၊၊ ဖြစ်နိုင်ရင်—သူတို့မှာ ကျန်သေးတာက...
သူ ယန္တရားဂြိုဟ်၏ အတွင်းပိုင်းကို လှည့်ကြည့်လိုက်ရာ ရှေးဦးတိုင်တန်ကြီးတစ်ကောင်နှင့်တူသော ခမ်းနားထည်ဝါလှသည့် သတ္တုအရိုးစုကြီးကို ကြည့်ရင်း သူ့အမူအရာက တည်ကြည်ပြတ်သားသွားသည်။
“အစီအစဥ် ၃”