အခန်း (၁၂၁၉)
Vol. 80 (End) Ch. 1219
Chapter 1219
ဘလက်ခ်အမ်ဘဲလားစီမံကိန်း (၁)
“မင်းပြောချင်တာက အရန်သိုလှောင်ရုံထဲမှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံးယန္တရားတွေအားလုံးကို သိမ်းယူချင်တယ်ပေါ့”
“မဟုတ်ဘူး၊၊ ခွန်းလွန်ဗဟိုချက်လက်နက်တိုက်ရဲ့ အရန်လက်နက်သိုလှောင်ရုံတစ်ခုလုံးနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ယာဉ်တွေအားလုံးလည်းပါတယ်”
“ဒါက ပြင်ပအင်အားစုတွေကို ခုခံတွန်းလှန်ဖို့ ငါတို့မှာရှိတဲ့ လက်နက်တွေကို ပယ်ဖျက်လိုက်သလိုဖြစ်သွားမယ်ဆိုတာ မင်းစဉ်းစားမိရဲ့လား”
“ကျုပ်တို့အတွက် ရေရှည်စစ်ပွဲဆင်နွှဲဖို့မလိုတော့ဘူးမဟုတ်လား။ ပြီးတော့ လက်ရှိအခြေအနေအရ ကြယ်သင်္ဘောကလွဲရင် ထွက်ပြေးဖို့အတွက် ကားတွေ၊ ရထားတွေလည်း မလိုတော့ဘူးလေ”
“ကောင်းပြီလေ၊၊ မင်းရဲ့သတ်မှတ်ချက်တွေကို ငါတို့သဘောတူပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲစစ်ရေးကောင်စီအစည်းအဝေးတွေမှာ မင်းဘက်က ပါဝင်ပေးဖို့လိုလိမ့်မယ်”
ဖီးနစ်ကိုယ်စားလှယ်က ပြောသည်။
“ဓားကိုင်ဆောင်သူလင်းရှန်… မင်းရဲ့အခြေအနေက အတော်လေးဆိုးနေတယ်။ မင်း ဖန်လုံအိမ်ထဲကို ဝင်သွားကတည်းက ၇၂ နာရီကျော်တဲ့အထိ မအိပ်မစားမသောက်ဘဲ နေခဲ့တယ်။ မင်းရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအတွက် ငါတို့စိုးရိမ်သင့်သလား”
“ကျုပ်ရဲ့ အဖွဲ့သားတွေ၊ မိတ်ဆွေကို ဆက်သွယ်ခွင့်ပေးပါ။ သူတို့အားလုံး ဘေးကင်းရဲ့လားဆိုတာ ကျုပ်သေချာသိချင်တယ်”
“စိတ်မကောင်းပါဘူး၊၊ အကြောင်းရင်းကို မင်းသိပါတယ်။ ငါတို့ မင်းကို အပြင်လောကနဲ့ ဆက်သွယ်ခွင့်မပေးနိုင်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် ခွန်းလွန်မြို့တစ်ခုလုံး၊ ဒါမှမဟုတ် ကမ္ဘာဂြိုဟ်တစ်ခုလုံးမှာတောင် ဘေးကင်းတဲ့နေရာမရှိဘူးလို့ ငါတို့ယူဆတယ်။ ငါတို့ပြောသမျှ စကားတိုင်းကို ဖောင်ဒေးရှင်းက အကုန်သိနေတယ်”
“သူတို့ရဲ့အခြေအနေကိုတော့ ကျုပ်သိခွင့်ရှိမလား”
“ရပါတယ်။ မင်းအပေါ် ဖောင်ဒေးရှင်းရဲ့ အကြံစည်ကြောင့် အနန္တမဟာမိတ်အဖွဲ့ထဲက မင်းရဲ့အဓိကအဖွဲ့သားတွေ အန္တရာယ်ကြုံရမှာ၊ ဖိအားတွေဝင်နေမှာကို စိုးရိမ်နေမှန်း ငါသိပါတယ်။ ဒါပေမဲ့ လုံးဝစိုးရိမ်စရာမလိုပါဘူး။ ခွန်းလွန်မြို့ထဲမှာ မင်းရဲ့အဓိကအဖွဲ့သားတွေကလွဲရင် ကျန်တဲ့မဟာမိတ်အဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေအားလုံးက ပြိုကွဲပျက်စီးသွားကြပြီ။ ဒါပေမဲ့ ဒီလူတွေက အတော်လေးအစွမ်းထက်တယ်ဆိုတာ လူတိုင်းသိကြတယ်။ အခုဆို ကောင်းကင်အမိုးခုံးရထားက ငါတို့အတွက် အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖြစ်နေပြီဆိုတော့ စိုးရိမ်စရာမရှိတော့ပါဘူး”
ဆက်သွယ်ရေးပြီးဆုံးသွားပြီးနောက် နောက်ရက်အနည်းငယ်တွင် ဝမ်ကျိုးက ဖန်လုံအိမ်အမိုးခုံးကို ဖွင့်ပေးခဲ့ပြီး နျူကလီးယားစွမ်းအင်သုံးယန္တရားများကို တွင်းနက်ကြီးထဲသို့ တစ်ခုပြီးတစ်ခုချပေးခဲ့သည်။ အင်ဂျင်နီယာများလည်း ထိုယန္တရားများကို မည်သည့်နေရာသို့ ပစ်ချလိုက်သည်ကို မသိကြသော်လည်း ဖန်လုံအိမ်ထဲသို့ ကျသွားပြီးနောက် ၎င်းတို့မှာ လျင်မြန်စွာပင် ပျောက်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ဖန်လုံအိမ်ထဲရှိ နှင်းဖုံးနေသောတောင်တန်းများနှင့် ရေအိုင်ကြီးများ၏အပေါ်ယံ၌ ယန္တရားအလင်းတစ်ခုသည် ဟင်းလင်းပြင်ထဲမှ တောက်ပနေသော ပုံကြမ်းတစ်ခုကဲ့သို့ ထိုရှုပ်ထွေးလှသော စက်ပစ္စည်းများကို တစ်စစီဖြုတ်ချဖျက်ဆီးကာ ပျောက်ကွယ်သွားစေသည်။ သို့သော် လင်းရှန်ကတော့ အလုပ်မရှုပ်နေပေ။ သူ၏ယန္တရားနှလုံးသားက အလိုအလျောက် စတင်လည်ပတ်နေပြီး အရာအားလုံးကို ဝါးမျိုနေသည်။ သူက အများကြီးမတွေးမိစေရန်နှင့် စိုးရိမ်ပူပန်မှုများလျော့ကျစေရန်အတွက် နေ့တိုင်း အရက်ထဲတွင်သာ နစ်မျောနေပြီး အချိန်အများစုကို မူးယစ်ရီဝေနေသည့် အခြေအနေဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
တာဝန်ခံဖြစ်သူ ဝမ်ကျိုးက သူ၏အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် လင်းရှန်မှာ မုတ်ဆိတ်မွေးဗရဗျစ်နှင့် မောပန်းနွမ်းနယ်နေပြီး အသက်ဆယ်နှစ်ကျော်ခန့် ပိုအိုစာသွားပုံရသည်။ သူသည် နေ့စဉ် ရေကန်နားတွင် ထိုင်ကာ ငါးမျှားတံဖြင့် ငါးမျှားနေတတ်သည်။ နက်ရှိုင်းစွာ တရားမှတ်နေသည့် ကျောက်ဆစ်ရုပ်တုတစ်ခုကဲ့သို့ပင်…
လင်းရှန်သည် ပထမဆုံးအကြိမ်အဖြစ် ဟိုလိုဂရမ်ဆက်သွယ်ေရးမှတစ်ဆင့် စစ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
“ကောင်းကင်လမ်းလျှောက်သူစီမံကိန်းကတော့ ကျရှုံးသွားပြီ။ အမှောင်စွမ်းအင်အိုင်ဆိုပိုတမော စက်ကိရိယာကိုသုံးပြီး အချက်ပြမှုကို ချဲ့ထွင်ခဲ့ရင်တောင် ကောင်းကင်အကာကွယ်ကို S-Class အဆင့် ဇီဝအချက်ပြတွေနဲ့ ထိုးဖောက်လို့မရတော့ဘူးဆိုတာ အတည်ပြုနိုင်ခဲ့တယ်”
“ဒါဆို အခု ငါတို့မှာ သာမိုနျူကလီးယားအဆင့်ခင်းကျင်းမှုနည်းလမ်းတစ်ခုပဲ ကျန်တော့တာပေါ့”
“ဒီအစီအစဉ်က အရမ်းအစွန်းရောက်လွန်းတယ်။ ကောင်းကင်အကာကွယ်ရဲ့ အမြင့်က မီတာတစ်သောင်းပဲရှိတာ အရမ်းနိမ့်လွန်းတယ်။ သာမိုနျူကလီးယားအဆင့်ခင်းကျင်းမှုအတွက် လိုအပ်တဲ့ သာမိုနျူကလီးယားလက်နက်တွေက ခွန်းလွန်မြို့တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားပြင်းတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ အတူတူပဲ။ ဒါ့အပြင် ကမ္ဘာပျက်ကပ်နေ့အစောပိုင်းတုန်းက ကောင်းကင်အကာကွယ်ပေါ်မှာ နျူကလီးယားလက်နက်တစ်ခုဖောက်ခွဲဖို့ ငါတို့ ကြိုးစားခဲ့ဖူးသေးတယ်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးမှုစွမ်းအားနဲ့ မဆိုင်ဘူးဆိုတာ ထင်ရှားနေတာပဲ”
“ဟုတ်တယ်။ အခုဆို ကောင်းကင်အကာကွယ်တစ်ခုလုံးက မျှော်စင်ယဉ်ကျေးမှုဆီကို စွမ်းအင်တွေထောက်ပံ့ပေးနေတဲ့ အထူးစွမ်းအင်နယ်ပယ်တစ်ခုဖြစ်နေတယ်ဆိုတာ အတည်ပြုပြီးပါပြီ။ ၎င်းကို ဖျက်ဆီးဖို့ ပိုမြင့်မားတဲ့ စွမ်းအင်အဆင့်တစ်ခုကို ငါတို့ မဖန်တီးနိုင်သရွေ့တော့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”
“ပြီးတော့ ငါတို့ ဖန်တီးနိုင်တဲ့ စွမ်းအင်အဆင့်က တစ်ဖက်ရဲ့ ဒိုင်မေးရှင်းစွမ်းအားတွေနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ဘူး”
“ဒါဆို ငါတို့ သေလူတွေဖြစ်ကုန်ကြပြီပေါ့”
“မဟုတ်ဘူး၊၊ ငါတို့ ဒီအတိုင်းထိုင်ပြီး အသေခံမှာမဟုတ်ဘူး”
“ကောင်စီက အဆိုပြုထားတဲ့ အစီအစဉ်ကတော့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသကို သွေးနီရောင်မလွှမ်းမိုးခင်မှာ မျှော်စင်လူသားတွေကို လက်ဦးမှုယူပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကမ္ဘာမြေကို အသွင်ပြောင်းလဲဖို့ လုပ်ဆောင်နေကြပေမဲ့ ဒီဖြစ်စဉ်က မပြီးသေးဘူး။ ဒီလိုအသွင်ပြောင်းဖို့အတွက် သူတို့မှာ စွမ်းအင်အများကြီးလိုအပ်နေတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို နှောင့်ယှက်ဖျက်ဆီးပြီး ရပ်တန့်ပစ်နိုင်လိမ့်မယ်လို့ ငါတို့ယုံကြည်တယ်”
“သူတို့ကိုရပ်တန့်ပစ်မလို့လား” လင်းရှန်က မေးသည်။
“မျှော်စင်လူသားတွေကို မျက်နှာချင်းဆိုင်တိုက်ခိုက်ပြီး အနိုင်ယူဖို့ပြောတာလား”
“မဟာဗျူဟာမြောက် ပန်းတိုင်အချို့ကို အောင်မြင်ဖို့အတွက် ရန်သူကို မဖြစ်မနေအနိုင်တိုက်ဖို့ မလိုပါဘူး။ တရုတ်နိုင်ငံက ကြီးမြတ်သူတစ်ယောက်က ‘ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေထဲကနေ အောင်ပွဲအရယူခြင်း’ ဆိုတဲ့ စစ်ရေးမဟာဗျူဟာတစ်ခုကို အဆိုပြုခဲ့ဖူးတယ်။ အခွင့်အရေးမရှိရင် ငါတို့က တက်တက်ကြွကြွနဲ့ အခွင့်အရေးတစ်ခုကို ဖန်တီးရမယ်၊၊ မဟာဗျူဟာမြောက်တန်ပြန်တိုက်စစ်အတွက် အခြေအနေတွေကို ဖန်တီးရမယ်။ ကမ္ဘာကြီးရဲ့ အသွင်ကူးပြောင်းမှု မပြီးသေးသရွေ့ ငါတို့တိုက်ခိုက်နိုင်သေးတယ်၊၊ ပြီးတော့ အခွင့်အရေးတစ်ခုလည်း ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်လိမ့်မယ်”
“နားထောင်ရတာတော့ အတော်လေး စိတ်ဓာတ်ကျစရာပဲ”
“ဒါပေမဲ့ ဒါက တစ်ခုတည်းသောနည်းလမ်းပဲ၊၊ ပြီးတော့ ငါတို့အတွက် ကျန်ရှိနေတဲ့ ဦးဆောင်နိုင်မယ့် တစ်ခုတည်းသောအခွင့်အရေးပဲ။ ဘာလို့လဲဆိုတော့ ထိုင်စောင့်နေတာက အဓိပ္ပာယ်မရှိလို့ပဲ”
“ဒါဆို အခု ပြဿနာက ငါတို့မှာ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ အများပြည်သူတွေကို ဘယ်လိုယုံကြည်အောင်လုပ်မလဲဆိုတာပဲ”
ဗိုလ်ချုပ်ကြီးလီဟယ်ပင်းက ပြောသည်။
“ဒါမှမဟုတ် ငါတို့ရဲ့ ယုံကြည်ချက်က ဘယ်ကနေလာတာလဲ”
“ကောင်စီက ကောင်းကင်အကာကွယ်ကိုမဖြေရှင်းနိုင်မှန်း လူတွေ သိသွားရင်… ဖောင်ဒေးရှင်းက ဖြန့်လိုက်တဲ့ ကောလာဟလတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ စိတ်ဓာတ်ပြိုလဲသွားမှာကို စိုးရိမ်နေတာလား”
လင်းရှန်က မေးသည်။
“ဟုတ်တယ်၊၊ဒါကတော့ သေချာပါတယ်။ အရေးပေါ်အခြေအနေမျိုးမှာ အဓိပ္ပာယ်မရှိတဲ့ကောလာဟလတစ်ခုကတောင် သေစေနိုင်တဲ့ ထိုးနှက်ချက်ဖြစ်သွားနိုင်တယ်” မြောက်အမေရိက ကော်မတီဝင်တစ်ဦးက ပြောသည်။
“ဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုက ကြောက်စရာကောင်းပြီး ဒီလိုဆိုးရွားတဲ့အခြေအနေမျိုးမှာ ငါတို့ရဲ့ စည်းလုံးမှုကို ပြင်းပြင်းထန်ထန်ထိခိုက်စေလိမ့်မယ်” ဥရောပကောင်စီဝင်တစ်ဦးကလည်း ပြောလာသည်။
“လောလောဆယ် ငါတို့မှာ အစီအစဉ်တစ်ခုရှိပါတယ်”
“ဘယ်လိုအစီအစဉ်လဲ”
ဖီးနစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလိချုပ်ကြီး လီဟယ်ပင်းက ပြောသည်၊၊
“လက်ရှိ ကောင်းကင်အကာကွယ်ကို ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဒိုင်ဆန်အကာကြီးတစ်ခုအနေနဲ့ မြင်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုတစ်ခုမဟုတ်ဘဲ စွမ်းအင်နယ်ပယ်တစ်ခုဖြစ်နေတာပဲ ကွာခြားတာပါ။ မျှော်စင်ယဉ်ကျေးမှုက ဒီဧရာမအကာကွယ်ကြီးနဲ့ တွင်းနက် ၁၃ ခုကို ပေါင်းစပ်ပြီး စွမ်းအင်တွေကို စုပ်ယူနေတယ်၊၊ အဲဒီကနေတစ်ဆင့် သွေးနီရောင်မြူတွေကို ထုတ်လွှတ်ပြီး အဲဒီအမှုန်တွေကို သုံးပြီး ကမ္ဘာမြေကို အသွင်ပြောင်းနေတာပဲ။ ဒီဖြစ်စဉ်က အချိန်ယူရတယ်၊၊ ပြီးတော့ ပြီးပြည့်စုံတဲ့ သက်ရှိတွေဖြစ်တဲ့ အိန်ဂျယ်တွေ ဝါးမျိုပေါင်းစပ်ဖို့အတွက် ဘယ်လောက်အချိန်ယူရမလဲဆိုတာ ငါတို့ မသိသလို၊ ဒီလိုပြီးပြည့်စုံတဲ့ သက်ရှိတွေ ရောက်ရှိလာတာက မျှော်စင်ယဉ်ကျေးမှုအတွက် ဘယ်လောက်အရေးပါလဲဆိုတာလည်း ငါတို့မသိဘူး။ ဒါပေမဲ့ အိန်ဂျယ်တွေရဲ့ သက်ရှိပုံစံက မျှော်စင်ယဉ်ကျေးမှုရဲ့ ဒိုင်မေးရှင်းနယ်ပယ်ထဲမှာပဲ တည်ရှိနိုင်မယ်လို့ ငါတို့ယုံကြည်တယ်။ လက်ရှိသုံးဖက်မြင်ဒိုင်မေးရှင်းထဲမှာတော့ ဒီသက်ရှိပုံစံက ပြီးပြည့်စုံမှာ မဟုတ်ဘူး”
“ဒါကြောင့် ဒီသက်ရှိပုံစံပေါင်းစပ်ခြင်းက ကမ္ဘာရဲ့ ဘက်စုံအဆင့်မြှင့်တင်မှုဖြစ်စဉ်နဲ့ တစ်ပြိုင်နက်တည်းလုပ်ဆောင်တာဖြစ်ဖို့များပါတယ်။ ဒါကလည်း မျှော်စင်ယဉ်ကျေးမှုက ဖန်တီးထားတဲ့ သက်ရှိပုံစံတွေဟာ ကမ္ဘာမြေပေါ်က သက်ရှိတွေအပေါ်မှာပဲ အခြေခံနိုင်ရတဲ့အကြောင်းရင်းနဲ့ အတူတူပါပဲ”
“ဒါဆို ကျုပ်ကဘာလုပ်ရမလဲ” လင်းရှန်က မေးသည်။
“မင်းကို ဘလက်ခ်အမ်ဘဲလားစီမံကိန်းကို ဦးဆောင်စေချင်တယ်”
“ဘာစီမံကိန်းလဲ”
“တောင်ကောင်းကင်ဂိတ်ကတစ်ဆင့် ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ပြီး၊ ကမ္ဘာဂြိုလ်အနီးပတ်လမ်းကနေ လွတ်မြောက်ဖို့ ပတ်လမ်းထဲမှာ အရှိန်မြှင့်တင်ကာ ကမ္ဘာ-လစနစ် L1 အမှတ်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်”
“နေ၊ ကမ္ဘာနဲ့ လတို့ရဲ့ ဆွဲငင်အားမျှခြေဖြစ်တဲ့ လာဂရန့်ချ်အမှတ်ကို အဲဒီပစ်လွှတ်တဲ့အရာ ရောက်ရှိသွားတဲ့အခါ တောင်ကောင်းကင်ဂိတ်ကနေ လမ်းကြောင်းကို ပြန်ပြောင်းလိုက်မှာဖြစ်တယ်။ ဒီလိုလမ်းကြောင်းပြောင်းရာမှာ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းရဲ့ အဓိကပင်မဖွဲ့စည်းပုံ ၇ ခုနဲ့ စွမ်းအင်ဗဟိုချက်ကို အစီအစဉ်လိုက်ဖောက်ခွဲပစ်မှာဖြစ်ပြီး၊ အရှိန်မြှင့်နေစဉ်အတွင်း အဲ့ဒါကို တစ်စစီ ပြိုကွဲစေပြီး သတ္တုပလာစမာပေါက်ကွဲမှုကို ဖြစ်ပေါ်စေမှာပါ။ ဒါက တန်ချိန် သန်း ၂၁၀ ခန့်ရှိတဲ့ အပျက်အစီးတွေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး L1 အမှတ်ဆီကို လွင့်စင်သွားတာနဲ့ အချင်း ကီလိုမီတာ ၁၂,၀၀၀ ရှိတဲ့ ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီအမှတ်မှာ နေရဲ့ဆွဲငင်အားက ကမ္ဘာနဲ့ လတို့ရဲ့ ဆွဲငင်အားနဲ့ မျှခြေဖြစ်နေတာကြောင့် ဖုန်မှုန့်တိမ်တိုက်က အချိန်အကြာကြီးတည်ငြိမ်နေနိုင်ပါတယ်။ L1 အမှတ်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် သူ့ရဲ့ အရိပ်က နေရောင်ခြည်ရတဲ့ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ပြီး၊ ကောင်းကင် အကာကွယ်ဆီကနေ စွမ်းအင်စုပ်ယူမှုနှုန်းကို သိသိသာသာလျှော့ချပေးနိုင်လိမ့်မယ်။ ဒါကို ငါတို့က ‘ဘလက်ခ်အမ်ဘဲလားစီမံကိန်း’ လို့ အမည်ပေးထားတယ်”