အခန်း (၁၂၂၈)
Vol. 80 (End) Ch. 1228
Chapter 1228
အဆုံးသတ် (၂)
“နောက်တစ်ကြိမ်”
ဝူးး၊၊
ကြယ်မှုန်မီးဖိုကြီးက ကမ္ဘာပျက်မတတ် ဟိန်းဟောက်လိုက်ပြန်သည်။ တိုင်တန်ဂြိုဟ်ကြီးသည် ရေခဲကန်ကြီးထဲမှ တိုက်ရိုက်မြင့်တက်လာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပူပြင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာကာ အိန်ဂျယ် အမှတ် ၃နှင့် နောက်တစ်ကြိမ် ထိတွေ့သွားသည်။
ပြင်းထန်သောတိုက်ပွဲသည် ခွန်းလွန်မြို့တော်၏ မြေပြင်နှင့် ကောင်းကင်ထက်၌ ဆက်လက်တောက်လောင်နေ၏။ မြို့တော်၏ ဧရိယာအများအပြားကျဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူအမြောက်အမြားသည် မြို့တံတိုင်းများနှင့် ဗဟိုမျှော်စင်များထံသို့ စတင်ဆုတ်ခွာလာကြကာ ထိုနေရာရှိ လက်နက်ကြီးများကို အသုံးပြု၍ သူတို့၏ တိုက်ခိုက်မှုအကွာအဝေးကို ထိန်းသိမ်းထားကြသည်။
ရှုပ်ထွေးလှသော ဝေဟင်တိုက်ပွဲတွင် လုရှင်းချန်နှင့် ကီကီတို့သည် မွန်းစတားအုပ်စုများကို တိုက်ခိုက်ကာ ကယ်ဆယ်ရေးအတွက် အချိန်လုပေးနေကြသည်။
ဝုန်း၊၊
ကီကီက စိတ်စွမ်းအား တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ ပျံသန်းနေသော မွန်းစတားများအုပ်စုလိုက် တစ်စစီဖြစ်သွား၏။ လုရှင်းချန်က အပေါ်မှ မီးလျှံဓားချက်ဖြင့် တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပြီး ကျေနပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဒီအဆင့်ထိ တိုက်ခိုက်ခဲ့ရတာကြောင့် ငါသေရင်တောင် ဂုဏ်ယူတယ်”
ဟူး၊၊
မျက်နှာကာအတွင်း၌ ကီကီသည် အသက်ကို ပြင်းထန်စွာ ရှူထုတ်နေရပြီး လုံးဝမောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူမက အဝေးရှိ ဧရာမသတ္တဝါကြီးနှစ်ကောင်၏ တိုက်ခိုက်မှုကို စိုးရိမ်သောမျက်နှာဖြင့် ကြည့်ရှုနေ၏။
ဝုန်း ဝုန်း ဝုန်း၊၊
ဆွဲငင်အားချေမှုန်းခြင်းလက်သီးကို ဆက်တိုက်ထိုးနှက်နေစဉ်မှာပင် တောင်ဘက်ကောင်းကင်ဂိတ်ထက်၌ လင်းရှန်၏ အမိန့်ပေးမှုအောက်ရှိ စူပါအလင်းတန်းသည်လည်း ပူးပေါင်းတိုက်ခိုက်လိုက်သည်။ ထိုသို့သော ပြင်းထန်သောတိုက်ခိုက်မှုများအောက်တွင် အိန်ဂျယ် အမှတ် ၃လည်း အနောက်သို့ တဖြည်းဖြည်းဆုတ်ခွာသွားရသော်လည်း မည်သည့်ထိခိုက်မှုမျှမရှိပေ။
တိုင်တန်ဂြိုဟ်ကြီးက မည်မျှပင် ထိုးနှက်နေပါစေ… ၎င်း၏ ခေါင်းတစ်ခုလုံးပျက်စီးသွားပါစေ… အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာမည်သာဖြစ်သည်။ ထူးဆန်းသည့် သတ္တဝါများ၏ ခြေလက်အင်္ဂါအမြောက်အမြားက အိန်ဂျယ် အမှတ် ၃၏ ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာသည်။ ဤခဏ၌ အိန်ဂျယ် အမှတ် ၃သည် ထူးဆန်းသောသတ္တဝါများ၏ ခြေလက်များဖြင့် ဖုံးအုပ်ထားသော ဂြိုဟ်သားသတ္တဝါကြီးတစ်ကောင်ဖြစ်လာခဲ့ပြီး မြင်ကွင်းမှာ ပို၍ထိတ်လန့်ဖွယ်ရာဖြစ်လာတော့သည်။
“နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်”
လင်းရှန်က ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ထိုသတ္တဝါကြီး၏ အားနည်းချက်ကို ဆက်တိုက်စကင်ဖတ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထိခိုက်နေသော်လည်း ထိုသတ္တဝါကြီး၏ သေစေနိုင်သော အားနည်းချက်ကို ရှာမတွေ့သေးပေ။
ထိုအချိန်တွင် တိုင်တန်ဂြိုလ်ကြီး၏ ရင်ဘတ်သံချပ်ကာကို တိုက်ခိုက်နေသော ရွှေရောင်အလင်းတန်းများသည် AT ဒိုင်းကာကို စတင်ထိုးဖောက်လာပြီး ၎င်း၏ ရင်ဘတ်ကာ အစိတ်အပိုင်းအမြောက်အမြားကို နီရဲသောအရည်များအဖြစ် အရည်ပျော်ကျသွားစေကာ ဆက်တိုက်ကျဆင်းစေသည်။ လင်းရှန် အံကြိတ်ကာ စွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်၍ အိန်ဂျယ် အမှတ် ၃ ကို တိုက်ခိုက်နေပြီး AT ဒိုင်းကာကို ကာကွယ်ရေးအတွက်အသုံးပြုလိုက်သည်။ ကြယ်နက်ယန္တရားဂြိုလ်တစ်ခုလုံးသည် စွမ်းအင်လွန်ကဲသော အခြေအနေသို့ ရောက်ရှိနေ၏။
“ငါတို့ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ယူပြီး စမ်းကြည့်ကြတာပေါ့”
ချူယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တိုင်တိုဂြိုလ်ကြီး၏ ဘယ်လက်သီးက အိန်ဂျယ် အမှတ် ၃ ၏ ဇီဝစွမ်းအင်နယ်ပယ်ကို ခေတ္တကျိုးပျက်သွားစေသည့်အချိန်၌ ရုတ်တရက် ရှေ့သို့ ဆုပ်ကိုင်လိုက်ပြီး ထိုသတ္တဝါကြီး၏ ခေါင်းတစ်ဝက်ကို ပြင်းထန်စွာ ဖမ်းဆွဲလိုက်သည်။ တိုင်တန်ဂြိုလ်ကြီး၏ စွမ်းအားအင်ဂျင်အမြောက်အမြားကို စတင်လိုက်ပြီး ဟိန်းဟောက်သံနှင့်အတူ ၎င်းကို ဆွဲဖြုတ်လိုက်၏။ ထို့နောက် ကောင်းကင်ထက်ရှိ အကာကွယ်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဒုန်း၊၊
ကြည်လင်သော ကောင်းကင်အကာကွယ်သည် နောက်တစ်ကြိမ်ထိမှန်သွားပြီး ကောင်းကင်ထက်၌ အလင်းတန်းများထွက်ပေါ်လာခဲ့သည်။
ဧရာမ စွမ်းအင်ပေါက်ကွဲမှုကြီးတစ်ခုနှင့်အတူ အိန်ဂျယ် အမှတ် ၃ ၏ ခေါင်းတစ်ဝက်သည် ကောင်းကင်ယံထံသို့ ရိုက်ခတ်သွားပြီး သွေးမြူများအဖြစ် ချက်ချင်းပေါက်ကွဲသွားကာ ကမ္ဘာမြေပေါ်သို့ ပက်ဖြန်းသွားခဲ့သည်။ ထို့နောက် ကောင်းကင်အကာကွယ်က နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြန်သည်။
“အသုံးမဝင်ဘူး၊၊ ငါတို့ ဒီကောင်ကို အသက်ရှင်လျက်အသုံးပြုရမယ်”
“သေစမ်း”
လင်းရှန်က ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် အိန်ဂျယ် အမှတ် ၃ ၏ ရင်ဘတ်မှ အလင်းတန်းများထုတ်လွှတ်နေသော မျက်လုံးအိမ်ကို ထိုးနှက်လိုက်ရာ ပေါက်ကွဲမှုကို ခေတ္တမျှ ရပ်တန့်သွားစေပြီး ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့...”
“လင်းရှန်… ကြည့်လိုက်”
သူစကားမဆုံးမီ ချူယန်က ရုတ်တရက် အော်ဟစ်လိုက်၏။
လင်းရှန် မော့ကြည့်လိုက်ရာ အိန်ဂျယ် အမှတ် ၃ ၏ ရင်ဘတ်ရှိ ဧရာမအပေါက်ကြီးက ဆန်းကြယ်စွာ ပြန်မကောင်းလာတော့သည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ထိုအရာကို သူ သံသယဖြစ်နေစဉ်မှာပင် ထိုသတ္တဝါကြီး၏ နောက်သို့ စီးဆင်းနေသော သွေးနီရောင်ဒြပ်ထုများသည် တစ်ခုခုဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ အရပ်မျက်နှာအားလုံးသို့ စီးဆင်းနေသော်လည်း အိန်ဂျယ် အမှတ် ၃၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းမသွားသည်ကို သူ သတိထားမိလိုက်၏။
“သူ ပြန်စုပ်ယူလို့ မရတော့ဘူးလား”
“သွေးနီရောင်စွမ်းအင်က စွမ်းအားရှင်တွေရဲ့ စွမ်းအားကြောင့် ဘယ်လိုလုပ်ပိတ်ဆို့ခံရတာလဲ”
ဒိုင်နမစ်လေ့လာရေးစနစ်က အရှိန်အဟုန်ဖြင့် စကင်ဖတ်လိုက်ရာ လင်းရှန်သည် ဧရာမသတ္တဝါကြီး၏ နောက်ဘက်တွင် စိတ်စွမ်းအားကို ထုတ်လွှတ်၍ သွေးနီရောင်ကို ခွဲထုတ်ပေးထားသည့် သေးငယ်သော အစက်ကလေးတစ်ခုကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
ကီကီ၊၊
ထိုမိန်းကလေးသည် ပြင်းထန်သော လေထုထဲ၌ မတ်တပ်ရပ်နေပြီး သူမ၏ လက်မောင်းများကို ဆန့်ထုတ်ကာ ထိုးတက်လာသော စိတ်စွမ်းအားဒိုင်းကာကို သူမ၏ အကန့်အသတ်အထိထုတ်ထားပြီး သွေးနီရောင်များကို လုံးဝပိတ်ဆို့ထား၏။
“ကီကီ... ထွက်သွား…. ဒါက မင်းထိန်းချုပ်နိုင်တဲ့အရာမဟုတ်ဘူး”
လင်းရှန် ရုတ်တရက် အော်ဟစ်လိုက်သော်လည်း တုန်လှုပ်ဖွယ်တိုက်တွန်းသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“လင်းရှန်... မြန်မြန်လုပ်”
စွမ်းအားဝတ်စုံ မျက်နှာကာအတွင်း၌ ကီကီ၏ မျက်လုံးများနှင့် နှာခေါင်းတို့မှ သွေးများဆက်တိုက်စီးကျနေပြီး သူမ၏ ဖြူဆုတ်နေသော မျက်နှာတစ်ခုလုံးပေကျံနေစေသည်။ သူမ အံကြိတ်ကာ သူမ၏ သေးငယ်သောခန္ဓာကိုယ်ကို သွေးနီရောင်တိုက်ခိုက်မှုများမှ ကာကွယ်ထား၏။ စိတ်စွမ်းအားဒိုင်းကာပျက်စီးမသွားမီနှင့် သွေးနီရောင်မုန်တိုင်း၏ ဝါးမျိုခြင်းကို မခံရမီတွင် သူမနှင့် လင်းရှန်တို့ ပထမဆုံးအကြိမ် အနီရောင်ကင်းခြေများအား ရင်ဆိုင်ခဲ့ရစဉ်က အတူပူးပေါင်းဆောင်ရွက်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်နေမိသည်၊၊
“လင်းရှန်... ကျွန်မ နာကျင်ရမှာကို မကြောက်ဘူး”
နားကြပ်အတွင်းမှ အသံသည် တဂျစ်ဂျစ်အသံများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ လင်းရှန်၏ မျက်လုံးအိမ်များ အနည်းငယ်တုန်ခါသွားပြီး သွေးနီရောင်များနှင့် ပြန်ဆက်သွယ်မိတော့မည့် အိန်ဂျယ် အမှတ် ၃ ကို ကြည့်လိုက်သည်။ သူ၏ ဆဲဆိုသံများမှာ ကြယ်မှုန်မီးဖိုကြီး၏ ဟိန်းဟောက်သံအောက်၌ မြုပ်နှံသွားခဲ့၏။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည့်အလား။ သွေးနီရောင်များ အိန်ဂျယ် အမှတ် ၃အတွင်းသို့ ပြန်လည်မဝင်ရောက်မီ စက္ကန့်ပိုင်းအလို၌ တိုင်တန်ဂြိုဟ်ကြီး၏ ဝှေ့ယမ်းထားသော ညာလက်သီးက လေထုထဲ၌ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူသည် လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ ဆွဲငင်အားမှန်ဘီလူးတစ်ခုက ၎င်း၏ လက်ဝါးထဲ၌ ပြန့်နှံ့သွားပြီးနောက် ပေါက်ကွဲသွားကာ အနောက်သို့ဆွဲယူလိုက်တော့သည်။
ဧရာမ ဆွဲငင်အားသည် အိန်ဂျယ် အမှတ် ၃ကို တိုင်တန်ဂြိုဟ်ကြီးထံသို့ တိုက်ရိုက်ဆွဲယူလိုက်၏။ ဘယ်ဘက်ယန္တရားလက်မောင်းသည် ဇီဝစွမ်းအင်နယ်ပယ်ကို ချေမှုန်းလိုက်ပြီး လက်တံများဖုံးအုပ်ထားသော ၎င်း၏ လည်ပင်းကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် တိုင်တန်ဂြိုလ်ကြီး ၎င်း၏ ညာလက်သီးကို စွမ်းအားဖြည့်လိုက်၏။ တံတောင်အဆစ်နှင့် လက်သီးတို့သည် အာကာသာဂျက်အင်ဂျင် ၃၀၀ ကို စတင်လိုက်ပြီး ကမ္ဘာပျက်စွမ်းအားဖြင့် အရှိန်မြှင့်ပေါက်ကွဲထွက်သွားတော့သည်။
ဒုန်း၊၊
လက်သီးချက်ကြောင့် တိုင်တန်ဂြိုဟ်ကြီး ရပ်တန့်နေသော ရေခဲပြင်တိုက်ကြီးမှာ နိမ့်ဆင်းသွားပြီး ရုတ်တရက်ပေါက်ကွဲသွားကာ နျူကလီးယားပေါက်ကွဲမှုကဲ့သို့သော လေဟာနယ်လှိုင်းသည် လေထုပေါက်ကွဲမှုတိမ်တိုက်များနှင့်အတူ ကီလိုမီတာပေါင်းများစွာအထိ ချက်ချင်းလွင့်စင်သွားခဲ့သည်။
မီတာတစ်သောင်း မြင့်မားသော အိန်ဂျယ် အမှတ် ၃ ၏ ကျောရိုးသည် ရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့၏။ ရိုက်ခတ်မှုလှိုင်းနှင့် အာကာသဂျက်အင်ဂျင်များ၏ တွန်းပို့မှုကြောင့် ၎င်း၏ ခန္ဓာကိုယ်အထက်ပိုင်းက မြောက်တက်သွားပြီး လေထုအပေါ်လွှာကို ထိုးဖောက်ကာ လွင့်ထွက်သွားသည်၊၊
ဖျစ် ဖျစ် ဖျစ်၊၊
ကြယ်လင်သော ကောင်းကင်အကာကွယ်သည် အလျင်အမြန်လင်းလက်လာခဲ့သည်။ မည်သည့်ပေါက်ကွဲမှု သို့မဟုတ် ပျက်စီးမှုမျှမရှိဘဲ ၎င်းသည် အိန်ဂျယ် အမှတ် ၃ ကို ချောမွေ့သော ရေမြှုပ်တစ်ခုကဲ့သို့ တိုက်ရိုက်ဖြတ်သန်းသွားစေပြီး ပါးလွှာသောလေထုထဲ၌ ဆက်တိုက်အရှိန်မြှင့်ကာ အပြင်ပတ်လမ်းကြောင်းထံသို့ ဦးတည်သွားတော့သည်။
ချူယန်က ချက်ချင်းအော်ဟစ်လိုက်သည်။
“ကောင်းကင်အကာကွယ်ပွင့်သွားပြီ”
“မြန်မြန်”
လင်းရှန်လည်း တိုင်တန်ဂြိုဟ်ကြီးကို ထိုနေရာ၌ မတ်တပ်ရပ်စေခဲ့သည်။ ထို့နောက် ပွင့်သွားသောအပေါက်ကို ပြန်မပိတ်သွားစေရန် လက်နှစ်ဖက်ကို အသုံးပြု၍ AT ဒိုင်းကာကြီးဖြင့် ထောက်ကူပေးလိုက်၏။
ခရက် ခရက်၊၊
ထိုအချိန်တွင်း ကြီးမားသော ကမ္ဘာလုံးဆိုင်ရာစွမ်းအင်များကြောင့် ကြယ်နက်ယန္တရားဂြိုလ်၏ စွမ်းအင်ဗဟိုချက်က ပေါက်ကွဲသွားပြီး အဆုံးမရှိသော မီးလျှံများကို ထုတ်လွှတ်ကာ ယန္တရားဂြိုလ်ကြီးက တစစီပျက်စီးသွားခဲ့သည်။
လင်းရှန်သည် ဂရေ့စ်နှင့် ဗိုင်အိုလာတို့ကို ဆက်သွယ်ရေးလိုင်းအားလုံးနှင့် ဆက်သွယ်ရေးကိရိယာတိုင်းကို ချိတ်ဆက်ရန် သူ၏ စွမ်းအားအကုန်အသုံးပြုလိုက်ပြီး အော်ဟစ်လိုက်လေသည်။
“အားလုံးပဲ... ထွက်ပြေးကြတော့”
ခွန်းလွန်မြို့တော်ရှိ လေထုတစ်ခုလုံး အေးခဲသွားသည့်အလား… လူသန်းပေါင်းများစွာသည် ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြီးကို ကြည့်ရှုနေကြပြီး ၎င်းတို့၏ စိတ်များမှာ ခေတ္တဗလာကျင်းသွားခဲ့သည်။
နောက်ထပ်ထွက်ပေါ်လာသည်မှာ ယဉ်ကျေးမှုတစ်ခုလုံး၏ အသည်းသန်ထွက်ပြေးမှုကြီးဖြစ်သည်။
ထိုခဏ၌ အသက်ရှင်ကျန်ရစ်သူအားလုံးသည် ပျံသန်းနိုင်သောယာဥ်မှန်သမျှကို အသုံးပြု၍ ထွက်ပြေးကြလေတော့သည်။
ခွန်းလွန်မြို့တော်၏ အတွင်းမြို့တော်ဗဟိုချက်နှင့် လိပ်နက်တံတိုင်းကြီးပေါ်မှ လူများသည် ဘေးလွတ်ရာသို့ ဆုတ်ခွာမှုကြီးစတင်ဖြစ်ပေါ်နေ၏။
ကောင်းကင်အမိုးခုံးရထား၊ တိတ်ဆိတ်မြို့တော်တို့သည် တိုင်တန်ဂြိုဟ်ကြီးဖွင့်လှစ်ပေးထားသည့် အသက်ကယ်လမ်းကြောင်းကို ပျံသန်းဖြတ်သန်းသွားသည့် ခဏ၌ ကျန်းရှု့ဝေ၊ မိုနီကာ၊ ချန်ဆီရွှမ်၊ ရှင်းဂျီ၊ ကျန်းယွမ်၊ ရှားရှား၊ တာလို့၊ ရှုချင်း၊ လော့ယန်၊ ရှောင်ယွမ်၊ မြောင်လု၊ ရွှန်း၊ ရှီဇီ၊ တိုင်ရီလန်၊ ရူဂျီ၊ လုရှင်းချန်၊ ရှီတိယွမ်၊ နန်ကျင်း၊ ရှောင်ချင်း၊ အားဖေးတို့သည်...
အားလုံး၏ မျက်လုံးများသည် AT ဒိုင်းကာကို မြှောက်ထားသည့် စစ်နတ်ဘုရားနှင့်တူသော တိုင်တန်ဂြိုဟ်ကြီးထံသို့ လှည့်ကြည့်လိုက်ကြသည်၊၊ လူတိုင်း၏ အကြည့်များထဲတွင် ဝမ်းနည်းမှုများဖုံးအုပ်နေခဲ့သည်။
“လင်းရှန်”
“ကပ္ပတိန်လင်း”
“ကပ္ပတိန်လင်း...”
“ကပ္ပတိန်လင်း”
“အစ်ကိုလင်း”
ကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာသည့်အလား…. တောက်ပသော ဝင်ရိုးစွန်းနေ့အလင်းရောင်သည် မှင်ရည်ကဲ့သို့ ပိန်းပိတ်သောအမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး နှင်းမုန်တိုင်းမှာလည်း ရုတ်တရက် ရပ်တန့်သွားကာ အာကာသထဲ၌ ရေခဲပွင့်များလွင့်ပျံနေပုံက အချိန်ကာလပင် အေးခဲရပ်တန့်သွားသလိုပင်၊၊
ခွန်းလွန်မြို့တော်သည် ရေခဲပြင်ထက်တွင် ပြိုလဲပျက်စီးနေပြီး ၎င်း၏ ထုထည်ကြီးမားလှသော လိပ်နက်တံတိုင်းကြီးမှာ ခါးရိုးကျိုးသွားသည့် နဂါးတစ်ကောင်၏ အလောင်းကောင်နှင့် တူလှပေသည်။ အလွိုင်းသံချပ်ကာပြားများမှာ လိမ်တွန့်ပြုတ်ထွက်နေပြီး အက်ကြောင်းများအတွင်းမှ အေးခဲနေသော သွေးများစီးကျနေလေ၏။ တံတိုင်းပေါ်ရှိ Thor'Hammer လျှပ်စစ်သံလိုက်အမြောက်များမှာ ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီး ၎င်း၏ အမြောက်ပြောင်းများမှာ သုသာန်ထက်တွင် စိုက်ထူထားသော သံချေးတက်နေသော ကမ္ပည်းတိုင်များကဲ့သို့ အလောင်းပုံများအတွင်းစိုက်ဝင်နေပေသည်။
ကမ္ဘာကြီးတစ်ခုလုံးသည် သေဆုံးသွားသလို တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။
လူသားတို့၏ နောက်ဆုံးခံစစ်မြို့တော်ကြီးသည် (၁၇) ရက်တိုင်တိုင် ကြံ့ကြံ့ခံပြီးနောက် ပြိုလဲသွားခဲ့ရပြီး လူသားယဉ်ကျေးမှု၏ စက်မှုလုပ်ငန်းများလည်း မြှုပ်နှံခြင်းခံလိုက်ရပြီ ဖြစ်သည်။
မြို့ရိုးအောက်တွင် စစ်သည်အလောင်းများမှာ တောင်ပုံရာပုံရှိနေကြ၏။ စတားဖလိ့စစ်တပ်၏ စစ်သားသန်းပေါင်းများစွာတို့၏ သံချပ်ကာများမှာ အက်စစ်တိုက်စားမှုကြောင့် ပျားအုံကဲ့သို့ အပေါက်များဖြစ်ကာပျက်စီးသွားကြသည်။ ၎င်းတို့၏ မျက်နှာကာများထက်တွင် ချောက်ချားဖွယ်ရေခဲမျှင်များတွယ်ကပ်နေလေ၏။ သွေးမြစ်များသည် အချိန်အတော်ကြာထဲက အေးခဲသွားခဲ့ပြီး ပြင်းထန်သော အအေးဒဏ်ကြောင့် ကွေးကောက်သည့် အနီရင့်ရောင်လျှိုမြောင်များကိုဖြစ်ပေါ်စေကာ အရည်ပျော်နေသော ရေခဲရေများနှင့် ပေါင်းစပ်လျက် ကျယ်ပြောလှသော ကြက်သွေးရောင်ဖန်ပြင်ကြီးပမာ ဖြစ်တည်နေလေသည်။
ရေခဲပြင်ထက်တွင် ယာဉ်အပျက်စီးထောင်ပေါင်းများစွာ ကိန်းဝပ်နေကြပြီး မီးလောင်ကျွမ်းနေသော ၎င်းတို့၏ ကိုယ်ထည်များမှာ အေးစက်သွားခဲ့ပြီဖြစ်၏။
အဝေးမှ မိုးကုတ်စက်ဝိုင်းတွင်မူ တိုက်တန်ဂြိုဟ်ကြီး၏ ပျက်စီးသွားသော အကြွင်းအကျန်များသည် ထိုပျက်စီးခြင်းပေါ်တွင် စိုက်ထူထားသော မှတ်တိုင်တစ်ခုပမာတည်ရှိနေပေသည်။
စစ်နတ်ဘုရားကြီးအလား ကြီးမားလှသော စက်ရုပ်ကြီးသည် မြေပြင်ထက်တွင် ဒူးထောက်လျက်ရှိနေပြီး တောင်တန်းသဖွယ် ခါးရိုးကြီးမှာ အပိုင်းပိုင်းပြဲထွက်နေကာ အတွင်းမှ အရည်ပျော်နေသော ကြယ်မှုန်မီးဖိုကြီးကို ဖော်ပြနေ၏။ အအေးခံအရည်များမှာ မီတာရာပေါင်းများစွာ ရှည်လျားသော ရေခဲစိုင်များအဖြစ်ခဲသွားပြီး မျက်ရည်စများကဲ့သို့ တွဲလောင်းကျနေလေသည်။
လေတိုးသံနှင့်အတူ မီးခိုးရောင်နှင်းပွင့်များ လွင့်ပျံလာပြီး တိုက်တန်ဂြိုလ်ကြီး၏ ဦးခေါင်းခွံအခေါင်းပေါက်များအတွင်းမှ တိုးဝှေ့တိုက်ခတ်ရင်း ငိုကြွေးညည်းတွားသံပမာ ထွက်ပေါ်နေ၏။
ငိုကြွေးသံလည်းမရှိ၊ အကူအညီတောင်းသံလည်းမရှိဘဲ အဆုံးမဲ့တိတ်ဆိတ်ခြင်းသာစိုးမိုးထားသည်။