← Chapters

အခန်း (၁၂၃၀) ဇာတ်သိမ်း

Vol. 80 (End) Ch. 1230

အခန်း (၁၂၃၀) ဇာတ်သိမ်း

Vol. 80 (End) Ch. 1230

Chapter 1230

အဆုံးသတ် (၄)

“ယဲ့လန်လား”

“ပရော်ဖက်ဆာယဲ့က လူကောင်းတစ်ယောက်ပါ”

လင်းရှန်က ထိုတည်ငြိမ်ပြီး နူးညံ့သော မျက်နှာကို ပြန်လည်မြင်ယောင်ရင်း ပြုံးလိုက်ကာ မျက်ရည်စများနှင့်အတူ ပြောလိုက်၏။

“သူမက ငါ့ကို တတိယအဖြေတစ်ခုပေးခဲ့တယ်”

“သူမလား… ဘယ်တုန်းကလဲ”

ဟွာရှောင်လင်း အနည်းငယ်အံ့အားသင့်သွား၏။ ခွန်းလွန်မြို့တော်ရှိ လူသားအားလုံးသည် သူမတို့၏ စောင့်ကြည့်မှုအောက်တွင်ရှိနေပြီး လင်းရှန်နှင့် ယဲ့လန်တို့အကြားဆက်သွယ်မှုမှာလည်း သူမတို့ စောင့်ကြည့်မှု၏ အဓိကသော့ချက်ဖြစ်သည်။ သဘာဝကျစွာပင် ယဲ့လန်က လင်းရှန်ကို အထူးညွှန်ကြားချက်များပေးလိမ့်မည်ဟု သူမ မယုံကြည်ပေ။

လင်းရှန်က ဟွာရှောင်လင်းကို ကြည့်လိုက်၏။

“သူမက ငါ့ကို ဒြပ်ဆွဲအားဟာ စကြာဝဠာရဲ့ အခြေခံစွမ်းအားလေးခုထဲမှာ ဒိုင်မေးရှင်းတွေရဲ့ ကန့်သတ်မှုကိုမခံရတဲ့ တစ်ခုတည်းသောစွမ်းအားဆိုတာကို သတိပြုမိစေခဲ့တယ်”

“ငါ့ရဲ့ ရှုထောင့်ကနေ ကြည့်ရင် အမျှင်သီအိုရီရဲ့ brane စကြာဝဠာပုံစံမှာ ဒြပ်ဆွဲအားဟာ အဆုံးမရှိတဲ့ ပိတ်ထားတဲ့ အမျှင်တန်းအဖြစ်တည်ရှိနေပြီး ပိုမြင့်မားတဲ့ဒိုင်မန်းရှင်းတွေမှာ လွတ်လပ်စွာ ပျံ့နှံ့နိုင်တယ်။ အခြားအခြေခံစွမ်းအားတွေ— လျှပ်စစ်သံလိုက်၊ ပြင်းထန်တဲ့နျူကလီးယားသက်ရောက်မှုနဲ့ အားနည်းတဲ့နျူကလီးယားသက်ရောက်မှုတွေဟာ အဖျားနှစ်ဖက်ပွင့်နေတဲ့ အမျှင်တွေနဲ့ ဖွဲ့စည်းထားပြီး သုံးဖက်မြင်ဒိုင်မေးရှင်းတွေရဲ့ ကန့်သတ်မှုကို ခံရတယ်။ ဒါကြောင့် ဒြပ်ဆွဲအားဟာ စကြာဝဠာရဲ့ အခြေခံစွမ်းအား(၄)ခုထဲမှာ ဒိုင်မေးရှင်းတွေရဲ့ ကန့်သတ်မှုကိုမခံရတဲ့ တစ်ခုတည်းသော စွမ်းအားပဲ။ ဖြစ်နိုင်တာက ဒါဟာ မင်းတို့ စိတ်ဝိညာဥ်ဆက်သွယ်မှုကို ဘယ်လိုတည်ဆောက်ခဲ့တာကို ရှင်းပြနိုင်လိမ့်မယ်”

“ဒါ့အပြင် သူမက အိုင်ဆိုထရော့ပစ်ကိရိယာကို သွေးနီရောင်မတိုင်ခင်မှာ ငါတို့ မတည်ဆောက်နိုင်ခဲ့ဘူးလို့လည်း ပြောခဲ့သေးတယ်”

ဟွာရှောင်လင်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းလေးနက်သွား၏။

“ရှင်က ဘာဆိုလိုတာလဲ”

“ငါ ရက်တွေအကြာကြီး စဉ်းစားခဲ့တယ်၊ နောက်ဆုံးမှာတော့ သူမ ငါ့ကိုဘာပြောချင်လဲဆိုတာ နားလည်သွားခဲ့တယ်”

လင်းရှန် လက်ကိုဆန့်၍ ချူယန်၏ မျက်နှာကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်ပြီး သူမ၏ နားနောက်ရှိ ယန္တရားကိရိယာတစ်ခုကို နှိပ်လိုက်၏။ ရုတ်တရက် သူမ၏ ယန္တရားလက်မောင်းပွင့်သွားပြီး ဘယ်ဘက်နှင့် ညာဘက်မှ အရာဝတ္ထုနှစ်ခုထွက်ပေါ်လာသည်။

အဖြူရောင်ပန်းပွင့်ပါသောအပင်နှင့် အနက်ရောင်ဂီယာတစ်ခု…

အနက်ရောင်ဂီယာ၊ ငွေနဂါးဆယ်ဆပန်း…

“ဉာဏ်ကောင်းတဲ့ လူတစ်ယောက်က ငါ့ကို ပြောဖူးတယ်၊၊ ငါက သွေးနီရောင်ထဲမှာရှိနေပြီး ဒိုင်မေးရှင်းပေါက်ကွဲမှုနဲ့ တွင်းနက်ကို တစ်ပြိုင်နက်တည်းစတင်လိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုဖြစ်ပျက်လာနိုင်တယ်၊၊ ဥပမာ ဒိုင်မေးရှင်းပြိုကွဲမှုမျိုးပေါ့”

“တွင်းနက်ကို အချိန်ဒိုင်မေးရှင်းပေါ် အခြေခံထားတဲ့ သီအိုရီဆိုင်ရာကမ္ဘာအဖြစ်မြင်နိုင်ပြီး သွေးနီရောင်ကတော့ အာကာသဒိုင်မန်းရှင်းမှာရှိနေတယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်ရင် မျှော်စင်ယဉ်ကျေးမှုရဲ့ ဒိုင်‌မေးရှင်းအလွှာကို တည်ဆောက်ပေးနိုင်တယ်။ ထိတွေ့မှုဖြစ်ပွားရင် ဖြစ်နိုင်ခြေအမြောက်အမြားရှိတယ်။ ပထမတစ်ခုက ဒြပ်ထုတွေ ပြိုလဲပြီး တားဆီးလို့မရတဲ့ တွင်းနက်တစ်ခုဖြစ်ပေါ်လာတာပဲ။ ဒုတိယတစ်ခုက ဒြပ်ထုတွေ လွတ်ထွက်သွားပြီး စွမ်းအင်မြင့်မားစွာ ပေါက်ကွဲတဲ့ အဖြူရောင်တွင်းနက်ဖြစ်ပေါ်လာတာပဲ။ တတိယတစ်ခုကတော့ ပိုကြောက်စရာကောင်းပြီး ဒိုင်မေးရှင်းပြိုကွဲမှုကို ဖြစ်ပေါ်စေလိမ့်မယ်”

“မစ္စဟွာ”

လင်းရှန်၏ မျက်လုံးများက ပြတ်သားနေ၏။

“မင်းဘယ်လိုထင်လဲ… အပြာရောင်ဂြိုလ်ရဲ့ ဒိုင်မေးရှင်းတစ်ခုလုံးသာပြိုလဲသွားရင် ယဉ်ကျေးမှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ထိပ်တန်းယဉ်ကျေးမှုက ငါတို့ကို ရှာဖွေတွေ့ရှိသွားနိုင်မလား”

ဟွာရှောင်လင်း၏ အမူအရာက ထက်ရှသွား၏။

“ဒါက ရိုးရှင်းလွန်းတယ်။ ရှင် အောင်မြင်ခဲ့ရင်တောင် ရှင်ရရှိမှာက—

လင်းရှန်က သူမ၏ စကားကို ကျယ်လောင်စွာ ဖြတ်ပြောလိုက်၏။

“သေချာတာပေါ့၊၊ နေအဖွဲ့အစည်းနဲ့ ကမ္ဘာဂြိုဟ်တို့က တစ်ပြိုင်နက်တည်း ရှာဖွေတွေ့ရှိခြင်းခံရလိမ့်မယ်”

“ဒါပေမဲ့ မျှော်စင်ယဉ်ကျေးမှုက သူတို့ရဲ့ ယဉ်ကျေးမှုလှိုင်းတွေကို ရှာဖွေတွေ့ရှိချိန်ကနေ မျိုးတုံးသွားတဲ့အထိ အချိန် အပြည့်အဝ ၄၁၇ နှစ် ကြာခဲ့တယ်။ အာကာသတွင်းနက်ကနေတစ်ဆင့် ထွက်ပြေးဖို့ ကြာခဲ့တဲ့ အချိန်ကို ပေါင်းလိုက်ရင် အဲဒီထိပ်တန်းယဉ်ကျေးမှုက ယဉ်ကျေးမှုလှိုင်းတွေပျံ့နှံ့တာကို တားဆီးချင်ရင် အချိန်ဖြစ်စဉ်ကနေ သူတို့ရဲ့ လုပ်ရပ်တွေကို ဖျက်ဆီးရလိမ့်မယ်။ ဒီလုပ်ငန်းစဉ်အတွင်းမှာ ကမ္ဘာဂြိုဟ်ရဲ့တည်နေရာကို သူတို့က အတိအကျရှာဖွေတွေ့ရှိခဲ့ရင်တောင်မှ ငါက ကမ္ဘာဂြိုဟ်အတွက် အနည်းဆုံး အသက်ရှင်သန်နိုင်မယ့်အချိန် နှစ် ၅၀၀ ကျော် ယူပေးနိုင်မှာပဲ”

ဟွာရှောင်လင်း ထိုစကားကို ကြားသောအခါ ဒေါသထွက်သွား၏။

“ရှင် ရူးနေလား။ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေရဲ့ အနာဂတ်ကို နိမ့်ကျတဲ့ ဒိုင်မေးရှင်းယဉ်ကျေးမှုရဲ့ ရှောင်လွှဲလို့မရတဲ့ပျက်စီးခြင်းနဲ့ လဲလှယ်တာဟာ လုံးဝမှားယွင်းတဲ့အရာပဲ”

သူမ စကားမဆုံးမီမှာပင် သူမအနားရှိ ငွေရောင်စက်လုံးပုံယာဉ်မှ ရုတ်တရက် လှိုင်းတစ်ခုထုတ်လွှတ်လိုက်၏။

ဖန်း၊၊

သို့သော် ပေါက်ကွဲမှုသည် လင်းရှန်ထံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်ကို မျက်နှာမူလျက် ဒူးထောက်နေသော တိုင်တန်ဂြိုလ်၏ ကြယ်မှုန်မီးဖိုပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ပြင်းထန်သော လျှပ်စစ်သံလိုက်တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒီဖန်တီးမှုပရိုတွန်က—” ဟွာရှောင်လင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ငါ အခုလေးတင်ပြောခဲ့သလိုပဲ၊၊ အချိန်ကာလတစ်လျှောက်မှာ အဆင့်မြင့်ဆုံးယဉ်ကျေးမှုတွေတောင် ငါတို့အတွက် ကမ္ဘာခြားယဥ်ကျေးမှုတွေပဲ… ငါကတော့—”

လင်းရှန်က အနက်ရောင်ဂီယာ၏ အချိန်ရေတွက်မှုကို ကြည့်ရင်း ကြေကွဲဝမ်းနည်းစွာ ပြုံးလိုက်၏။ သူသည် ရင်ဘတ်ပေါ်ရှိ အင်္ကျီကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရာ ဘယ်ဘက်ရင်ဘတ်တွင် သွေးများစီးကျနေဆဲဖြစ်သော ပုံပျက်ပန်းပျက်ဒဏ်ရာကြီးတစ်ခုပေါ်ထွက်လာသည်။ ရင်ဘတ်အတွင်း၌မူ နွေးထွေးသော လူနှလုံးသားတစ်ခုက ညင်သာစွာ ခုန်လှုပ်နေပေသည်။

“လူသားတွေကို ပိုပြီးသဘောကျတယ်”

ထို့နောက် လင်းရှန်သည် အဖြူရောင်ပန်းပွင့်ကို ဖြည်းဖြည်းချင်းချေမွလိုက်ပြီးချိန်မှာပင် အနက်ရောင်ဂီယာ၏ အချိန်ရေတွက်မှုမှာ သုညသို့ ရောက်ရှိသွားတော့သည်။

“ရပ်လိုက်”

ဟွာရှောင်လင်း၏ အော်ဟစ်သံများ ဖျော့တော့သွားပြီး လင်းရှန်၏ အမြင်အာရုံသည် တောက်ပသောအလင်းရောင်ဖြင့် ဝါးမြိုခြင်းခံလိုက်ရ၏။

သူသည် ကောင်းကင်မှ ကျဆင်းလာသော အဆုံးမရှိသော အမှောင်တွင်းနက်ကြီးကိုမြင်တွေ့ခဲ့ရပြီး ကမ္ဘာကြီးမှာလည်း အဆက်မပြတ် ကျုံ့ဝင်၊ ပြားချပ်ကာ ပြိုလဲသွားခဲ့သည်။

သူသည် ထိုရင်းနှီးသော မျက်နှာများကိုမြင်တွေ့ခဲ့ရ၏၊၊ ပြုံးခဲ့ကြ၊ ငိုခဲ့ကြ၊ အော်ဟစ်ခဲ့ကြသူများကို…

နေ့ရောညပါ ချစ်မြတ်နိုးခဲ့ရသော ထိုအရာများကို…

ဘီ၊ ဘီ၊ ဘီ~

မွန်းတည့်ချိန်၌ မိုးသည်းထန်စွာ ရွာသွန်းလာပြီး မြို့တစ်ခုလုံးကို မိုးကန့်လန့်ကာကြီးက လွှမ်းမိုးထားရာ လမ်းများပေါ်တွင် ယာဉ်ကြောများ ပြင်းထန်စွာ ပိတ်ဆို့နေတော့သည်။

——

ဝေ့ကီရှုသည် ယာဉ်ကြောပိတ်ဆို့မှုထဲတွင် ရောက်နေပြီး ကောင်းကင်သို့ ခဏခဏမော့ကြည့်နေ၏။

“မိုးက တအားရွာနေတာပဲ”

ဖုန်းဝင်သွား၏။

“ဆရာ… ကျွန်တော် ဒီမှာယာဉ်ကြောပိတ်နေလို့ နောက်ထပ် မိနစ်နှစ်ဆယ်လောက်ကြာဦးမယ်”

ကားအတွင်းရှိ မျက်နှာပြင်တွင် သတင်းမျိုးစုံကို အဆက်မပြတ် ထုတ်လွှင့်နေသည်။

“ဖက်ဒရယ်ကမ္ဘာ့ရာသီဥတုလေ့လာရေးစခန်းက တစ်ပတ်ကြာ မိုးရွာသွန်းခဲ့ပြီးနောက် မနက်ဖြန်ကစပြီး တဖြည်းဖြည်းသာယာလာမယ်လို့ ခန့်မှန်းထားပါတယ်”

…

ဝေါ၊၊

လမ်းဘေး ကားပါကင်ဒုတိယထပ်တွင် တီဗီကြည့်နေသော မိန်းမငယ်လေးတစ်ဦးက ပြောလိုက်သည်၊၊

“အစ်ကို… ဘာလို့ ဒီလောက်စောစောပိတ်တာလဲ”

“ငါတို့ ဒီညအပြင်မှာထမင်းသွားစားကြမယ်”

လို့ဟွာက ရေဇလုံထံသွားရောက်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆီဂျီးများကို သေချာဆေးကြောလိုက်၏။

“ရဲဘော်တစ်ယောက်က ငါ့ကို သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်၊၊ သူက ငါ့ကို ထမင်းတူတူစားချင်တယ်လို့ ဇွတ်ပြောနေလို့”

“သူငယ်ချင်း… မိန်းကလေးလား”

လို့ရှားရှားက ပြုံးရင်း မေးလိုက်သည်။

“သွားစမ်းပါ— ဒီည နင့်ကို ငါမကျွေးဘူး… နင့်ဘာသာနင်ဝယ်စား”

ရှားရှားက အနားသို့ တိုးသွားပြီး

“ပြောပါဦး… သူ့မျိုးရိုးနာမည်က ဘာလဲ”

လို့ဟွာက ခေါင်းကုတ်လိုက်ပြီး အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ရှာဖွေတွေ့ရှိသွားသည်။ သူက ရှက်ရွံ့စွာ ကြည့်ရင်း ပြောလိုက်၏။

“မျိုးရိုးနာမည်က ရှုတဲ့… ကြားဖူးတာတော့ စစ်သားတစ်ယောက်ဖြစ်ဖူးတယ်တဲ့”

…

နောက်တစ်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ မျှော်လင့်ထားသည့်အတိုင်း ရပ်တန့်သွား၏။ ဖုန်းမြို့ရှိ တိုက်ခန်းတစ်ခုတွင် လုရှင်းချန်က ပြတင်းပေါက်ကိုဖွင့်၍ သန့်ရှင်းရေးပြုလုပ်နေသည်။

အပြင်လေထုက အိုက်စပ်စပ်ဖြစ်နေသော်လည်း အတွင်း၌ အေးစက်သော လေအေးပေးစက်ပွင့်နေပြီး လီမွန်သန့်စင်ဆေးရည်၏ သင်းပျံ့သောရနံ့က စိတ်ကို ငြိမ်သက်စေပေသည်။

သူသည် ဧပရွန်၊ လက်အိတ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သစ်သားကြမ်းပြင်ကြောင်းများကို အဝတ်စဖြင့် တစ်လက်မချင်း သေချာစွာ စစ်ဆေးနေ၏။ သူ၏ လှုပ်ရှားမှုများမှာ ဗုံးဖြုတ်နေသကဲ့သို့ တိကျလှပြီး တစ်နေရာမှ မကျန်ခဲ့ပေ။

အခန်းမှာ အလွန်သန့်ရှင်းနေပြီး စာအုပ်စင်များတွင် ဝတ္ထုများနှင့် ကာတွန်းစာအုပ်များ စနစ်တကျစီရီထားသည်။ တီဗီတွင် “Battle Through the Heavens” ကို ပြသနေပြီး အင်ပါယာယာန် ရှောင်ယန်၏ ကြောက်မက်ဖွယ် ကြာပန်းမီးတောက်ပေါက်ကွဲမှုအခန်းမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေ၏။ နောက်ခံတီးလုံးသံကြောင့် လုရှင်းချန် မပြုံးဘဲမနေနိုင်ခဲ့ပေ။

“မီးရဲ့ စွမ်းအားဆိုတာ တကယ်ကို မက်မောစရာပဲ၊၊ ဟုတ်တယ်မလား။ ငါလည်း ပိုပြီးကြိုးစားကျင့်ကြံရဦးမယ်”

ထိုသို့ပြောပြီးနောက် သူက သန့်ရှင်းရေးကို ဆက်လက်ပြုလုပ်နေ၏။

ဒေါက်၊ ဒေါက်၊ ဒေါက်။

ထိုအချိန်တွင် တံခါးကို အရေးတကြီး ခေါက်လိုက်သံ ထွက်ပေါ်လာသည်။ သူ တံခါးဖွင့်လိုက်ရာ ပိုနီတေးလ်ဆံပင်ကို အမြင့်စည်းထားသည့် တက်ကြွသော မိန်းကလေးတစ်ဦးသည် ဒေါသတကြီးမျက်နှာအမူအရာဖြင့် တံခါးဝတွင် ရပ်နေ၏။

“ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ”

လုရှင်းချန်၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။

“ရှောင်ချင်း… ဒီနေ့ ငါ— ဟေ့ ဟေ့ ဟေ့… မျက်နှာကို မရိုက်နဲ့လေ”

တီဗီတွင် “Battle Through the Heavens” ပြီးဆုံးသွားပြီးနောက် မြို့နယ်သတင်းများ စတင်ပြသလာ၏။

“သတင်းများအရ လင်းလုံအုပ်စု၏ ဥက္ကဋ္ဌ ဝမ်‌လေ့ာသည် စီးပွားရေးဆိုင်ရာပြစ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေရပါသည်။ ဝမ်မိသားစုမှ အဓိကပုဂ္ဂိုလ်အချို့လည်း ပါဝင်ပတ်သက်နေပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုထဲတွင် အဓိကရှယ်ယာရှင်များဖြစ်ကြသော ဝမ်ဟွေ့၊ ဝမ်တုံနှင့် လီကျန်းတို့ ပါဝင်ပါသည်”

“ဒီသတင်းဌာနက သိရှိရတာကတော့ လင်းလုံအုပ်စုဟာ လတ်တလောမှာ ရှယ်ယာပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရပြီး လက်ရှိအမှန်တကယ် ထိန်းချုပ်သူမှာ ဥက္ကဋ္ဌဟောင်း ဝမ်လော့၏ သမီးဖြစ်သူ ပါရမီရှင် ဝမ်ချီဖြစ်ပါတယ်၊ ဝမ်ချီ၏ မူလအမည်မှာ ကျိုးအန်းချီဖြစ်ပြီး သူမဟာ တစ်ချိန်က—”

သတင်းရုပ်သံတွင် တောက်ပသော အပြုံးဖြင့် မိန်းကလေးတစ်ဦး၏ ဓာတ်ပုံပေါ်ထွက်လာပြီး မျက်နှာပြင်ကို ကျော်လွန်၍ပင် သူမ၏ တက်ကြွသော မျက်လုံးများကို အထင်အရှားမြင်တွေ့နိုင်ပေသည်။

ကျိအန်းမြို့၊ တက္ကသိုလ်နယ်မြေ။

ချန်ဆီရွှမ်သည် သပ်ရပ်လှပသော အင်္ကျီနှင့် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်သံများထွက်ပေါ်လျက် စင်္ကြံအတိုင်း လျှောက်လှမ်းလာ၏။ တက္ကသိုလ်နယ်မြေတွင် သူမ၏ ယုံကြည်မှုရှိသော အမူအရာကြောင့် အကြည့်များက သူမထံမကြာခဏ ဝေ့ဝဲလာလေ့ရှိသည်၊၊

ချန်ဆီရွှမ် မင်ယွဲ့အဆောက်အအုံကို ကျော်ဖြတ်သွားစဉ် သူမ၏ အကြည့်မှာ ခန်းမ၏ အဝေးသို့ အမှတ်မထင်ရောက်ရှိသွားသည်၊၊ ကောင်လေးတစ်ယောက်က ပြသထားသော ရှေးဟောင်းစက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့တာဘိုင်ရထားစက်ခေါင်းရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ကောင်လေးက အရပ်မမြင့်လှဘဲ နက်မှောင်သော ဆံပင်တိုလေးနှင့်အတူ ဟူဒီအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသဖြင့် အလွန်သပ်ရပ်နေပေသည်။ ထိုအချိန်တွင် သူသည် ဖြတ်သန်းသွားလာနေကြသော ပုံရိပ်များကို မသိကျိုးကျွံပြုထားကာ ထိုယန္တရားဖန်တီးမှုကို အာရုံစိုက်ကာကြည့်ရှုနေ၏။ ထိုအခိုက် ချန်ဆီရွှမ်လည်း ထိုကောင်လေး၏ မျက်လုံးထဲ၌ ဓာတ်ငွေ့တာဘိုင်စက်ခေါင်းမှာ ဟောင်းနွမ်းသွားခြင်းမရှိဘဲ အင်ဂျင်သံများ မြည်ဟည်းလျက် ဂြိုဟ်ပတ်လမ်းကြောင်းထက်တွင် လွတ်လပ်စွာ မောင်းနှင်နေသည်ကို မြင်လိုက်ရသလိုပင်၊၊

“ကျေးဇူးပြု၍”

ကောင်လေး လှည့်ကြည့်လိုက်စဉ် သူမ မေးလိုက်၏။

“ဆရာမချန်… ကျွန်တော့်ကို ခေါ်တာလား”

ချန်ဆီရွှမ်လည်း ကောင်လေး၏ ကျောင်းဝတ်စုံပေါ်ရှိ ချန်မျိုးရိုးနာမည်ကို ကြည့်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်၏။

“ငါ လူမှားသွားတာပါ… ဆောရီးနော်”

ထို့နောက် သူမ လှည့်ထွက်သွားပြီး တောက်ပသော နေရောင်ခြည်အောက်တွင် ပေါ့ပါးစွာ လျှောက်လှမ်းသွားလေသည်။

စကြာဝဠာ၏ နက်ရှိုင်းသော အာကာသတစ်နေရာ၌၊ အနီးဆုံးကြယ်များပင် အလင်းနှစ်ရာပေါင်းများစွာကွာဝေးနေသည်၊၊ အမှောင်ထုသည် အဆုံးမရှိသော အမှောင်တွင်းနက်ကြီးပမာဖြစ်နေကာ ထိုနေရာသည် စကြာဝဠာ၏ ကြီးမားလှသော ဗလာနယ်မြေကြီးအဖြစ်တည်ရှိနေ၏။

၎င်းနေရာသည် ဝပ်နေးတွင်းနက်၏ အမှောင်နယ်မြေပင်ဖြစ်သည်၊၊

——

သေးငယ်သော အလင်းရောင်လေးတစ်စက တိတ်ဆိတ်စွာ လင်းလက်နေ၏။ ဤအရာသည် စကြာဝဠာထဲတွင် လွင့်ပျံနေသော ဘက်စုံဒိုင်မေးရှင်းအာကာသပါဝင်သည့် ဂေဟစနစ်စက်လုံးတစ်ခုဖြစ်ပေသည်။ ဂေဟစနစ်စက်လုံးက မကြီးမားသော်လည်း သုံးဖက်မြင်ကမ္ဘာတစ်ခုလုံး၏ သဘာဝဂေဟစနစ်များပါဝင်နေသည်ဟု ထင်မှတ်ရ၏။

ကြယ်များ၊ နှင်းဖုံးတောင်တန်းများ၊ သစ်တောများ၊ ရေကန်များနှင့် မြက်ခင်းစိမ်းများ၊ ပန်းရနံ့များသင်းပျံ့နေသည့် လယ်ကွင်းများ။

ရေကန်ဘေးတွင် အမျိုးသားတစ်ယောက်သည် တစ်ယောက်တည်း ထိုင်နေပြီး မြက်ခင်းပေါ်ရှိ ပင့်ကူများမှာမူ နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်အလား ၎င်းတို့၏ အမျှင်များကို အဆက်မပြတ်ရက်လုပ်ရင်း သေဆုံးနေကြ၏။

မျှော်စင်ယဉ်ကျေးမှုနှင့် ပိုမြင့်မားတဲ့ဒိုင်မန်းရှင်းလူသားများအား အချိန်ဖြစ်စဥ်မှ ဖျက်ဆီးခြင်းခံလိုက်ရပြီးနောက် သူသည် ဆီဖီးယပ်စ်ယဉ်ကျေးမှု၏ ဒိုင်မေးရှင်းပြိုကွဲမှုနယ်မြေ ဝပ်နေးဂေဟစနစ်စက်လုံးထဲတွင် ထာဝရနယ်နှင်ဒဏ်ပေးခြင်းခံလိုက်ရသည်။

ဘီ၊ ဘီ၊ ဘီ၊ ဘီ။

ရုတ်တရက် လက်ပတ်နာရီ နှိုးစက်သံတစ်ခုက အာကာသထဲ၌ ချောက်ချားဖွယ်ထွက်ပေါ်လာ၏။

ထိုအမျိုးသားက ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်၏။

“ဂရေ့စ်”

【ကျွန်မ ဒီမှာရှိပါတယ်】

ပြီးပါပြီ၊၊

ဘာသာပြန်ပြီးဆုံးချိန်- ည ၁၀နာရီ ၈မိနစ်၊ ဂျူလိုင် ၂၀၊ ၂၀၂၆၊၊

ကျေးဇူးတင်လွှာ-

စာစဥ်စတင်ချိန်ကနေ အခုထိ အားပေးလာခဲ့တဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ၊၊ ကျွန်တော့ရဲ့ မပြေပြစ်တဲ့ အရေးအသားတွေ၊ သိပွံအသုံးအနှုန်းတွေကို သည်းခံဖတ်လာပေးကြတဲ့အတွက်လည်း ထပ်ဆောင်းကျေးဇူးတင်အားနာမိပါတယ်😁😁၊၊

အသိပေးကြေငြာခြင်း-

နောက်ရက်တွေမှာ လင်းရှန်မပြီးခင်က စထားတဲ့ “ကမ္ဘာ့နံပတ် ၁ ဓားသမား” စာစဥ်ကို ဆက်ပြီး ဘာသာပြန်သွားမှာဖြစ်တဲ့အတွက် အားပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ဗျ😊😊၊၊

Telegram Channel- https://t.me/wanshang68

ဒါက စာစဥ်သစ်ရဲ့ Telegram linkပါ၊ fbမှာလည်း စာစဥ်နာမည်အတိုင်းရိုက်ရှာလို့ရပါတယ်ဗျ၊၊

All Chapters