အခန်း (၈၃၅-၈၃၆)
Vol. 70 Ch. 835-836
အခန်း(၈၃၅)
ဒရာဂွန်ဘွန်းတွေအကြောင်း ပြောရရင်တော့ မိုက်ကယ်က ရေလူသားတွေဆီ မသွားခင် ယူမီစုဆီကို အရင်ဆုံး သွားခဲ့တယ်။ မထင်မှတ်ဘဲ စွမ်းရည်နိုးထလာပြီးနောက်ပိုင်း သူမ ဘယ်လိုခံစားနေရလဲဆိုတာကို သူ သိချင်နေခဲ့တာလေ။
သူမက ဘေ့စ်ဘောကွင်းထဲမှာ တစ်ယောက်တည်း ကစားနေပြီး မှော်အော်တိုဘောလုံးပစ်စက်ကနေ ပစ်ပေးတဲ့ ဘောလုံးတွေကို ရိုက်ထုတ်နေတာကို သူ တွေ့လိုက်ရတယ်။
သူမရဲ့ မျက်လုံးတွေထဲမှာ အာရုံစူးစိုက်မှုတွေ ရှိနေပြီး မျက်နှာပေါ်မှာကလည်း မှုန်ကုပ်ကုပ်နဲ့ တည်တင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါက စွမ်းရည် အခုလေးတင် နိုးထလာတဲ့သူတစ်ယောက်ရဲ့ ပုံစံမျိုး လုံးဝ မဟုတ်ဘူး။
"ဟေး ယူမီစု" လို့ သူက လှမ်းခေါ်လိုက်တယ်။
အစိမ်းရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းလေးက လန့်ဖျပ်သွားတာမို့ ဘောလုံးက သူမဘေးကနေ ကျော်လွန်သွားခဲ့တယ်။
"သခငိ မိုက်ကယ်... ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်"
မိုက်ကယ်က နားမလည်နိုင်တဲ့ပုံစံနဲ့ တုံ့ပြန်လိုက်တယ်။ "ဘာအတွက် တောင်းပန်တာလဲ"
"လူတိုင်းက ဝံပုလွေလူသားတွေနဲ့အတူ ပါတီဆင်နွှဲနေကြတယ်လေ..." လို့ သူမက ခေါင်းငုံ့ရင်း ပြောလိုက်တယ်။ "ဒါပေမဲ့... ဒါပေမဲ့ ကျွန်မက လူ... လူအများကြီးနဲ့ ရောနှောနေရတာကို သက်တောင့်သက်သာ မဖြစ်လို့ပါ"
မိုက်ကယ်က သူမဆီ လျှောက်သွားပြီး ဘေ့စ်ဘောရိုက်တံကို ခဏလောက် ငှားဖို့ တောင်းလိုက်တယ်။ စက်ကနေ ဘောလုံးတစ်လုံး ပစ်ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက ရိုက်တံကို ဝှေ့ယမ်းလိုက်ပြီး လေထဲဆီ ပြန်လွှင့်ထွက်သွားစေခဲ့တယ်။
"ရပါတယ်" လို့ သူက သူမကို စိတ်အေးသွားအောင် ပြောလိုက်တယ်။ "တစ်ခါတလေ ငါလည်း တစ်ယောက်တည်း နေချင်တာပဲလေ၊ ငါဆို အိမ်ပြင်ကို ရက်အတော်ကြာ မထွက်ချင်ဘဲ ငါ့အခန်းထဲမှာတင် အချိန်အကြာကြီး ကုန်ဆုံးခဲ့ဖူးတယ်"
ယူမီစုက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ "တကယ်လား... ဒါပေမဲ့... ဒါပေမဲ့ ရှင့်ကို ကြည့်ရတာ ကျွန်မတို့အတွက်... ကျွန်မတို့နိုင်ငံအတွက် အမြဲတမ်း အလုပ်လုပ်နေတာပဲလေ"
သူ အနားယူနေတာကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူက အမြဲတမ်း ခရီးထွက်နေပြီး သူတို့ရဲ့ ခံယူချက်တွေကို ကမ္ဘာကြီးဆီ ဖြန့်ဝေနိုင်ဖို့ သူ လုပ်နိုင်တာမှန်သမျှ အားလုံးကို လုပ်ဆောင်နေခဲ့တာလေ။ သူ့လိုမျိုး အလုပ်ကြိုးစားတဲ့သူတစ်ယောက်က အိမ်အောင်းနေတတ်တဲ့သူ ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ဖို့ တော်တော်လေး ခက်ခဲတယ်။
"အရင်တုန်းက ငါ အဲလိုဖြစ်ခဲ့တာပါ..."
'ငါ့ရဲ့ အရင်ဘဝတုန်းကပေါ့'
"ဒါပေမဲ့ အခုတော့ ငါကိုယ်ငါ မှန်ထဲမှာ ပြန်ကြည့်ရင်တောင် ဘယ်သူမှန်း မမှတ်မိနိုင်လောက်တဲ့အထိ ပိုပြီး တက်ကြွလာတာကို တွေ့ရတယ်"
ဒါက သူ ခန္ဓာကိုယ်အသစ်ထဲ ရောက်နေလို့တင် မဟုတ်ဘူး။ သူက လုံးဝကို ကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ အရင်ကဆို သူက အခုပုံစံထက် ဂျာကူနဲ့ ပိုတူတယ်။ ပျင်းရိတယ်၊ ရည်မှန်းချက် မရှိဘူး၊ ပြီးတော့ ဘဝမှာ ဘာဦးတည်ချက်မှကို မရှိခဲ့တာ။ ဒါပေမဲ့ သူ ပြောင်းလဲသွားခဲ့တယ်။
"...ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားတာလဲ" လို့ သူမက မျှော်လင့်ချက်အပြည့်ပါတဲ့ လေသံနဲ့ မေးလိုက်တယ်။
သူ ရယ်မောလိုက်တယ်။ "ရိုးရိုးသားသား ပြောရရင် ငါလည်း မသိဘူး... ငါ့ဘဝမှာ ဘာလုပ်ချင်လဲဆိုတာကို ရှာတွေ့သွားရုံလေးပါ"
အဲဒီနောက် သူက လှည့်ပြီး ရိုက်တံကို သူမဆီ ပြန်ပေးလိုက်တယ်။ "တကယ်လို့ မင်းလည်း မင်း ဘာလုပ်ချင်လဲဆိုတာကို ရှာတွေ့သွားရင် တခြားလူတွေနဲ့ ရောနှောရတာ အခုလောက်ကြီး အနေခက်နေတော့မှာ မဟုတ်ဘူး ထင်တယ်"
ယူမီစုက ရိုက်တံကို လက်ထဲ ဆုပ်ကိုင်ထားပြီး သူ့ရဲ့ စကားလုံးတွေက သူမစိတ်ထဲ ပဲ့တင်ထပ်နေခဲ့တယ်။ သူမက သူ့ရဲ့ အကြံဉာဏ်ကို ဖြေရှင်းရမယ့် ပဟေဠိတစ်ခုလို သဘောထားပြီး မျက်မှောင်တ်တွေးတောနေတော့တာပဲ။
"ကျွန်မ နားမလည်ဘူး" သူမက ခေါင်းယမ်းလိုက်တယ်။ အခြေခံစဉ်းစားဆင်ခြင်ရမယ့် ကိစ္စတွေမှာ သူမ တစ်ခါမှ မတော်ခဲ့ဘူးလေ။
"ဟား ဟား... မင်းက တွေးနေလို့ မရဘူးလေ၊ ခံစားကြည့်ရမှာပေါ့" လို့ သူက သူမကို ပြောလိုက်တယ်။ "ငါ ဆိုလိုတာက... မင်းက ဘာလို့ ငါ့ကို လာမေးနေတာလဲ၊ ဘာစိတ်ခံစားမှုမှ အကြီးအကျယ် ပြောင်းလဲတာမျိုး မရှိဘဲနဲ့ ဒီဗာကို နိုးထစေခဲ့တဲ့သူက မင်းလေ"
ဖတ်ချ်၊ ရှီနာနဲ့ ဂျာကူတို့အားလုံးက သူတို့ရဲ့ ဒီဗာတွေကို မနိုးထစေခင်မှာ ကြီးမားတဲ့ စိတ်ခံစားမှုလှိုင်းဂယက်တွေကို ကြုံတွေ့ခဲ့ရတာလေ။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေက သူတို့နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေကို ဆွဲထုတ်ဖို့ တွန်းအားပေးခဲ့ပြီး လက်တွေ့ဘဝကို ကျော်လွန်တဲ့ အရာတစ်ခုကို ဖန်တီးနိုင်စေခဲ့တယ်။
သူကိုယ်တိုင်တောင် သူ့ရဲ့ စွမ်းရည်တွေကို မနိုးထစေခင်မှာ စိတ်ခံစားမှုဆိုင်ရာ ပေါက်ကွဲထွက်မှုတစ်ချို့ကို ကြုံတွေ့ခဲ့ရတာပဲ။
ဒါကြောင့် ဒီဗာကျင့်စဉ်မှာ တိုးတက်ဖို့အတွက် နိုးထမှုတိုင်းဟာ ဒီလိုမျိုး ဖိအားပေးမှုတွေ လိုအပ်တယ်လို့ သူ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ လက်တွေ့မှာတော့ သူ မှားသွားခဲ့တယ်။ အဲဒါက ဒီဗာတစ်ခု နိုးထလာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ခဲ့ဘူး။ ဘေ့စ်ဘောကစားတာကတင် လုံလောက်တဲ့ တွန်းအားတစ်ခု ဖြစ်နေပုံရတယ်။
"မင်း ဘယ်လိုများ နိုးထခဲ့တာလဲ... မင်း ဘာတွေ ခံစားလိုက်ရလဲ"
ယူမီစုက မျက်လုံးတွေကို စုံမှိတ်ပြီး ခေါင်းယမ်းလိုက်တယ်။ "ကျွန်မ မသိဘူး... ကျွန်မ... ကျွန်မ ခံစားလိုက်ရတာက..."
ဒီစကားတွေကို ပြောလိုက်တဲ့အချိန်မှာ သူမရဲ့ အသံက ပိုကျယ်လာပြီး နှာခေါင်းတွေပါ ပွလာခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှမပြောဖို့ ရွေးချယ်လိုက်တယ်။
"မင်းရဲ့ ဒီဗာကို ငါ ကြည့်လို့ရမလား"
ယူမီစုက အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပေမဲ့ ခေါင်းညိတ်ပြလိုက်တယ်။
ရွှေရောင်အလင်းတန်းတွေက သူမအပေါ်မှာ လည်ပတ်သွားပြီး လေထုထဲမှာ ငြိမ်သက်နေတဲ့ သူမရဲ့ ဒီဗာရဲ့ တကယ့်အစစ်အမှန်နဲ့တူတဲ့ အစိုင်အခဲလို ဟိုလိုဂရမ်ပုံရိပ်တစ်ခုအဖြစ် ပုံဖော်သွားခဲ့တယ်။
အခု အနီးကပ် ကြည့်လိုက်ရချိန်မှာတော့ အစိမ်းရောင် ဥရဲ့ မျက်နှာပြင်ပေါ်က သဘာဝတရားရဲ့ သင်္ကေတအမှတ်အသားတွေကို သူ သတိပြုမိသွားတယ်။
"သိမ်မွေ့သောကပ်ဘေးအစွမ်း" လို့ သူက တီးတိုးရေရွတ်လိုက်တယ်။ ဒါက သူမရဲ့ ပါရမီနဲ့ ကွက်တိကျနေခဲ့တာပဲ။
ဥက ငြိမ်သက်နေဆဲပဲ။ အကောင်ပေါက်ဖို့ လုပ်ငန်းစဉ်နဲ့ အနားတောင် မသီသေးဘူး။ မျက်နှာပြင်ပေါ်မှာ အက်ကွဲရာတွေ လုံးဝ မရှိဘဲ သူ့ရဲ့ သဘာဝဒီဇိုင်းတွေအတိုင်း ထိန်းသိမ်းထားတယ်။ ဒါက လုံးဝကို သန့်စင်နေတာလေ။
ဒါက တော်တော်လေး ထူးဆန်းနေတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ မောင်နှမတွေက သူတို့ရဲ့ ဒီဗာကို နိုးထပြီးတာနဲ့ မကြာခင်မှာပဲ ဥတွေ အက်ကွဲသွားလေ့ရှိတာကြောင့်ပဲ။ အဲဒီနောက်မှာတော့ သူတို့ရဲ့ အစစ်အမှန် ဒီဗာက အခွံကို ခွဲထွက်လာပြီး သူတို့ရဲ့ တကယ့်သဘာဝကို ပြသကြတာလေ။
ဒီဥအောက်မှာ နဂါးနဲ့တူတဲ့ နောက်ထပ် အကောင်ပေါက်လေးတစ်ကောင် ပုန်းကွယ်နေတယ်ဆိုတာကို မိုက်ကယ် သေချာပေါက် သိနေတယ်။ သူက အပြင်ထွက်ဖို့ စိတ်မဝင်စားသလိုမျိုး ဖြစ်နေတာ။
'သူမမှာ ဘာစိတ်ခံစားမှုမှ အကြီးအကျယ် ပြောင်းလဲတာမျိုး မရှိခဲ့လို့များလား'
"ဟင်း..."
မိုက်ကယ်က ဥဆီကနေ အာရုံလွှဲလိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေတဲ့ ယူမီစုဆီကို ကြည့်လိုက်တယ်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အကြေးခွံတွေ နီရဲလုမတတ် ဖြစ်နေတဲ့ သူမက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကာ သူမရဲ့ ဒီဗာပုံဖော်မှုကို နောက်ပြန်ရုတ်သိမ်းလိုက်တယ်။
အစိမ်းရောင်ဥက ရွှေရောင်အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားပြီး လည်ပတ်ကာ ပျောက်ကွယ်သွားခဲ့တယ်။
"ဟား..."
ဒါကို မြင်လိုက်ရတော့ မိုက်ကယ် မျက်မှောင်ကြုတ်သွားတယ်။
သူမကိုယ်တိုင်ပဲ။ အကြောင်းတစ်ခုခုကြောင့် သူမက သူမရဲ့ ဒီဗာကို ဥထဲကနေ ဖောက်ထွက်မလာအောင် တားဆီးထားတာပဲ။
"ဘာလို့ တားဆီးထားတာလဲ"
ယူမီစုက သူ့အကြည့်တွေကို ရှောင်လွှဲလိုက်တယ်။ "အဲဒါက... အဲဒါက... ကျွန်မရဲ့ အထဲမှာ ပေါက်ကွဲထွက်တော့မယ့် အရာတစ်ခုခု ရှိနေတယ်လို့ ခံစားရလို့ပါ၊ အဲဒါကိုသာ ဖိနှိပ်မထားရင် ကျွန်မရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားပြီး... အားလုံးကို ထိခိုက်နစ်နာစေတော့မယ်လို့ ခံစားနေရတယ်"
သူမနဲ့ ပထမဆုံး စတွေ့တုန်းက ယူမီစုရဲ့ သဘာဝက စိတ်ပြောင်းမြန်ပြီး ပေါက်ကွဲလွယ်တဲ့ ဒေါသရှိတယ်ဆိုတာကို မိုက်ကယ် သတိရသွားတယ်။ သူမက အချိန်အများစုမှာ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး ရုတ်တရက်ဆိုသလို သူမရဲ့ တကယ့်ခံစားချက်တွေကို အော်ဟစ်ပေါက်ကွဲတတ်တာမို့ အားလုံးကို လန့်ဖျပ်သွားစေတတ်တာလေ။
ဒါပေမဲ့ အခုတော့ အဲဒီအကျင့်က လျော့နည်းသွားခဲ့ပြီ။ သူမက ပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် သူမရဲ့ ထူးခြားတဲ့ စွမ်းအင်လေးကို စတေးလိုက်ရတာပဲ။
"စမ်းကြည့်"
ယူမီစုက သူ့ကို မော့ကြည့်လိုက်တယ်။ "ဘာကိုလဲ"
"အဲဒီစွမ်းအားက ဘာလုပ်နိုင်လဲဆိုတာ သိရအောင် လွှတ်ချလိုက်စမ်းပါ"
သူမက ချက်ချင်း ခေါင်းယမ်းလိုက်ပြီး နောက်တစ်လှမ်း ဆုတ်သွားခဲ့တယ်။ "ဟင့်အင်း... မဖြစ်ဘူး မဖြစ်ဘူး... ကျွန်မ... ကျွန်မ မလုပ်နိုင်ဘူး"
မိုက်ကယ်က ရယ်မောလိုက်တယ်။ "ဘာလဲ... မင်းက ငါ့ကို ထိခိုက်စေမယ်လို့ ထင်နေတာလား၊ ငါက ယုံကြည်အားကိုးရတဲ့သူဆိုတာကို သက်သေပြခဲ့ပြီးပြီလို့ ထင်နေတာ"
"အဲလိုမဟုတ်ပါဘူး... အဲဒါက... အဲဒါက ဘာလို့လဲဆိုတော့..."
သူမရဲ့ စကားတွေ ထစ်အသွားတယ်။ မိုက်ကယ်ရဲ့ ခွန်အားက သူမ စိတ်ကူးယဉ်နိုင်တာထက်ကို အများကြီး သာလွန်တယ်ဆိုတာကို သူမ သိနေပေမဲ့ သူမအထဲမှာရှိတဲ့ ကမောက်ကမစွမ်းအားက သူ့ကို ကျော်လွှားသွားနိုင်တယ်လို့ ထင်နေတဲ့ စိတ်တစ်ပိုင်းက ရှိနေဆဲပဲ။
ဖြစ်တန်စွမ်းက ၁ ရာခိုင်နှုန်းတောင် မရှိဘူးဆိုရင်တောင်မှ သူမက ဒီအန္တရာယ်ကို မစွန့်ရဲဘူးလေ။
"လုပ်ပါ" လို့ မိုက်ကယ်က စိန်ခေါ်တဲ့လေသံနဲ့ ပြောလိုက်တယ်။ "ငါ့ကို စမ်းကြည့်လိုက်စမ်းပါ"
သူ့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေကို လွှတ်ချလိုက်ချိန်မှာတော့ စွမ်းအားလှိုင်းတစ်ခုက သူ့ဆီကနေ ဖြာထွက်လာခဲ့တယ်။ ၇ ဆင့်မြောက် မက်ဂ်နက်တစ်တစ်ယောက်ဆီကနေ ထွက်ပေါ်လာတဲ့ မျက်မြင်မရတဲ့ ဖိအားတွေက လေထုထဲမှာ လှိုင်းဂယက်တွေ ထသွားစေတာမို့ ယူမီစုက သူမရဲ့ လက်တွေကို မြှောက်ပြီး မျက်နှာကို ကာကွယ်လိုက်ရတယ်။
သူ့အထက်မှာတော့ ဟာဘင်ဂျာ ပုံပေါ်လာတာနဲ့အတူ အလင်းတန်းတွေ တလက်လက် တောက်ပသွားခဲ့တယ်။ ရွှေရောင်တွေ ကွပ်ထားပြီး အနီရောင်နည်းနည်းစွက်နေတဲ့ အဖြူရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးက ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာပြီး မျက်နှာပြင်အတွင်းမှာ နာနိုအမှုန်တွေက သွေးခုန်နေသလို လှုပ်ရှားနေကာ ပတ္တာတွေရဲ့ အောက်ဘက်မှာ အတွင်းပိုင်းကွန်ရက်ပြားတွေက ပေါ်လွင်နေတယ်။
ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် မိုက်ကယ်ရဲ့ အစွမ်းအစအပြည့်ကို မြင်တွေ့ရတာက ကြောက်စရာမကောင်းခဲ့ဘူး။ ဒါက စိတ်အေးသွားစေတာပဲ။ သူက ဘယ်လိုမှ မချိုးဖျက်နိုင်တဲ့ လုံခြုံမှုခံစားချက်ကို ပေးစွမ်းနေတာမို့ ဘာပဲဖြစ်ဖြစ် မိုက်ကယ်က သူမကို ကူညီဖို့ အမြဲတမ်း ရှိနေပေးမယ်ဆိုတာကို နောက်ဆုံးမှာ သူမ နားလည်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူမ စိတ်အေးသွားခဲ့တယ်။
"ကောင်းပြီ... ကျွန်မ စမ်းကြည့်မယ်" လို့ သူမက တီးတိုးရေရွတ်လိုက်တယ်။
ယူမီစုက မျက်လုံးတွေကို မှိတ်လိုက်ပြီး သူမခန္ဓာကိုယ်ထဲက တင်းမာမှုတွေအားလုံးကို ဖြေလျှော့လိုက်ကာ သူမအထဲမှာရှိတဲ့ ကမောက်ကမစွမ်းအားတွေကို စတင် အုံကြွခွင့် ပေးလိုက်တယ်။
သူမအထဲမှာ စုစည်းလာတဲ့ စွမ်းအားတွေက ကြောက်စရာကောင်းနေပြီး သူမရဲ့ အသိစိတ်က အဲဒါကို မသိစိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ချက်ချင်း ပြန်လည်ဖိနှိပ်ချင်သွားတယ်။
ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားတာကို ခံစားလိုက်ရတယ်။
မိုက်ကယ်ရဲ့ ရွှေရောင်အလင်းတန်းတွေက သူမကို လုံခြုံမှုတွေနဲ့ ဝန်းရံထားတယ်ဆိုတာကို သိလိုက်တာမို့ သူမ ပြုံးလိုက်တယ်။
* * * * * * * *
စာစဉ်(၇၀)
အခန်း(၈၃၆)
သူမရဲ့ နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းက တဆတ်ဆတ်တုန်ခါလာပြီး ဖြေလျော့နေတဲ့ ကြိုးမျှင်တွေ ထွေးထုတ်လာခဲ့တယ်။ နှလုံးခုန်သံ တစ်ချက်စီတိုင်းနဲ့အတူ သူမအထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအားချည်ခင်ရှုပ်ကြီးထဲကနေ ကြိုးမျှင်တွေ ပိုပိုပြီး ပြေထွက်လာတော့တယ်။
ယူမီစုရဲ့ စိုးရိမ်ပူပန်မှုက ကြိုးမျှင်တွေအပေါ် သက်ရောက်မှုရှိလာပြီး သူမရဲ့ ရင်ဘတ်ထဲကနေ ယက်လုပ်ထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခွင်ကို ရစ်ပတ်သွားချိန်မှာ တဆတ်ဆတ် လှုပ်ရှားနေစေတယ်။
မိုက်ကယ် မျက်လုံးပြူးသွားခဲ့တယ်။ ပထမအဆင့် မက်ဂ်နက်တစ်တစ်ယောက်အနေနဲ့ သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ အရွယ်အစား ကန့်သတ်ချက်ကြောင့် တန်ခိုးစွမ်းရည် ကြိုးမျှင်ပါးပါးလေးကိုသာ ထုတ်လွှတ်နိုင်ရမှာလေ။
ဒါပေမဲ့ ယူမီစုရဲ့ စွမ်းရည်က အလွန်များပြားပြီး ရေတွက်လို့မရနိုင်အောင်ပဲ သူမရဲ့ ခန္ဓာကိုယ်အနှံ့ မြွေတစ်ကောင်လို တွားသွားနေကာ သူမရဲ့ အရေပြားပေါ်မှာ ပိုက်ကွန်တစ်ခုလို ရစ်ပတ်သွားကြတယ်။
ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအားတွေ စီးဆင်းသွားတာနဲ့အတူ ယူမီစုရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အဆမတန် မြင့်တက်လာခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမသွားပေမဲ့ သူမရဲ့ အရေပြားအောက်မှာ ပုန်းကွယ်နေတဲ့ ဧရာမစွမ်းအားကြီးကို မိုက်ကယ် ခံစားလိုက်ရတယ်။ အဲဒါက သူမအထဲမှာ ဗုံးတစ်လုံး ဖုံးကွယ်ထားပြီး ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို တချောက်ချောက် မြည်နေသလိုမျိုး ခံစားရတာပဲ။
အဲဒီနောက် သူမ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ သူမရဲ့ မျက်ဝန်းတွေထဲမှာ ရှင်းလင်းပြတ်သားမှုတွေ ထင်ဟပ်နေတယ်။
သူမက ကိုယ်ကိုကိုင်းလိုက်ပြီး သူမရဲ့ အရိပ်တွေထဲကို လက်လှမ်းကာ သူမရဲ့ လှံကို ဆွဲထုတ်လိုက်တယ်။
ဒီ မီသရယ် မှော်ဝင်ပစ္စည်းက တောအုပ်ထူထူထဲမှာ နှစ်ထောင်ချီ စွန့်ပစ်ခံထားရသလိုမျိုး အစိမ်းရောင်တွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ စိန်ပုံသဏ္ဌာန် လှံထိပ်ဖျားက သူမ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ရွှေရောင်အလင်းတန်းကို ရောင်ပြန်ဟပ်ပြီး တလက်လက် တောက်ပနေတယ်။
သူမ ဒီလက်နက်ကို ဆုပ်ကိုင်လိုက်တာနဲ့ မိုက်ကယ်က သူ့ခြေအောက်က မြေကြီး တုန်ခါသွားတာကို ခံစားလိုက်ရတယ်။ ဒါက ဒီစွမ်းအား နိုးထလာမှုနဲ့အတူ သဘာဝတရားကြီး ကိုယ်တိုင်က ပဲ့တင်ထပ် တုံ့ပြန်နေသလိုပဲ။
"ငါ... သန်မာလာသလို ခံစားရတယ်..." လို့ သူမက တီးတိုးရေရွတ်လိုက်တယ်။
သူမရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ယက်လုပ်ထားတဲ့ တန်ခိုးစွမ်းရည် ကြိုးမျှင်တွေက အကြီးအကဲ လူပန် ရဲ့ တာအိုနှလုံးသား နည်းတူ ဖြစ်နေတာမို့ သေချာပေါက် အဲဒီလိုမျိုး ထင်ရတယ်။ အဲဒီကြိုးမျှင်တွေက သူတို့ရဲ့ ကြွက်သားတွေထဲကို စွမ်းအားတွေ သွင်းပေးပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို လူသားတွေ ဖြစ်နိုင်စွမ်းထက် ကျော်လွန်အောင် မြှင့်တင်ပေးလိုက်တာပဲ။
"နိုဗာ... မင်း သူမရဲ့ စွမ်းအားကို ခွဲခြမ်းစိတ်ဖြာပြီး ငါ့ကို..."
သူ အဲဒီလိုပြောလိုက်ချိန်မှာပဲ ယူမီစုက ရုတ်တရက် ဝပ်စင်းသွားပြီး မျက်နှာပေါ်မှာ နာကျင်နေတဲ့ အမူအရာနဲ့ သူမရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားလိုက်တယ်။
"ဘာတွေဖြစ်နေတာလဲ"
သူမ နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့တယ်။ အဲဒါက ပုံမှန်လို့ သတ်မှတ်လို့ရတဲ့ အရာအားလုံးထက် ကျော်လွန်ပြီး သူမရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်ရှိတာထက် ပိုကာ ပုံမှန်မဟုတ်ဘဲ တောက်ပနေတာပဲ။
"မင်း အဆင်ပြေရဲ့လား"
သူမ နာကျင်နေတယ်လို့ သူ ထင်လိုက်ပေမဲ့ နောက်စက္ကန့်မှာပဲ သူမက ရုတ်တရက် ကိုယ်ဟန်ကို မတ်မတ်ပြန်ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
သူမရဲ့ မျက်နှာပေါ်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ အမူအရာ ရှိနေပြီး ပေါက်ကွဲဖို့ စက္ကန့်ပိုင်းလောက်ပဲ လိုတော့တဲ့ တင်းကျပ်နေတဲ့ စပရိန်တစ်ခုလို ရှုံ့မဲ့နေခဲ့တယ်။
အဲဒီအချိန်မှာပဲ သူမ ခေါင်းပေါ်က အစိမ်းရောင် ဥအကြီးကြီးက တုန်ခါလာပြီး အတွင်းပိုင်းက လှုပ်ရှားမှုတွေကြောင့် အပေါ်ယံမျက်နှာပြင် တစ်လျှောက် အက်ကွဲကြောင်းတွေ စတင် ပျံ့နှံ့လာခဲ့တယ်။
အဲဒါက စတင် ပေါက်ဖွားလာတော့မှာပဲ။
ဒါပေမဲ့ ဒါက အောင်ပွဲခံရမယ့် အချိန်အခါ ဖြစ်နေသလို ကပ်ဘေးတစ်ခုရဲ့ ရှေ့ပြေးနိမိတ်တစ်ခုလို့လည်း ထင်ရတယ်။
ယူမီစုက စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တယ်။
"အား"
ယူမီစုဆီကနေ လေပြင်းတွေ ပေါက်ကွဲထွက်ပေါ်လာပြီး သူမပတ်လည် မီတာငါးဆယ် အချင်းဝက်အတွင်းက သစ်ပင်တိုင်းကို လဲကျစေကာ ကျောက်တုံးကြီးတိုင်းကို တစ်စစီဖြစ်သွားစေခဲ့တယ်။
ဒီလှိုင်းလုံးကြီးက သာမန် နောက်ဆက်တွဲ ရလဒ်တစ်ခု မဟုတ်ခဲ့ဘူး။ အဲဒီအထဲမှာ တန်ခိုးစွမ်းရည်တွေ ပါဝင်နေပြီး လက်တွေ့လောကရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပစ်နေတာပဲ။
မိုက်ကယ်က ချက်ချင်းပဲ နောက်ဆုတ်လိုက်ပြီး သူ့ရဲ့ သဟဇာတဓါး နဲ့ အန္တရာယ်ရှိတဲ့ လေလှိုင်းကြီးကို ခွဲထုတ်ပစ်လိုက်တယ်။
'အဲဒါ ဘာကြီးလဲ'
သူမရဲ့ ခြေထောက်တွေ မြေပြင်ကနေ လက်မအနည်းငယ်အကွာမှာ လွင့်ပျံနေတဲ့ ယူမီစုကို သူ လှမ်းကြည့်လိုက်တယ်။ ကြမ်းတမ်းတဲ့ လေပြင်းတွေက သူမကို ဝန်းရံလှည့်ပတ်နေပြီး မုန်တိုင်းတိမ်တိုက်တွေက အပေါ်စီးကနေ ငုံ့ကြည့်နေကာ မီးတောင်တစ်ခု ချက်ချင်း ပေါက်ကွဲတော့မယ့်အလား မြေကြီးက တဝုန်းဝုန်း မြည်ဟည်းနေခဲ့တယ်။
အလွယ်ပြောရရင် ဒီကပ်ဘေးနဲ့ပတ်သက်ပြီး ကျက်သရေရှိတဲ့အရာ ဘာတစ်ခုမှ မရှိခဲ့ဘူး။
"ယူမီစု... ယူမီစု" သူက သူမကို လှမ်းခေါ်လိုက်ပေမဲ့ သူမရဲ့ အသံကို သူ မကြားနိုင်ခဲ့ဘူး။ သူမရဲ့ အသိအာရုံက လက်ရှိမှာ ဒီလောကထဲကနေ ထွက်ခွာသွားသလိုမျိုး သူမရဲ့ မျက်လုံးတွေက ဗလာကျင်းနေခဲ့တယ်။
ဒါတောင် သူမရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ပရမ်းပတာအခြေအနေက သူမရဲ့ ဒေါသတွေကို ကမ္ဘာကြီးအပေါ် ပုံချနေသလိုပဲ။
သူမက သဘာဝတရားကြီး ကိုယ်တိုင် လူဝင်စားလာသလိုမျိုး ထင်ရတယ်။ ဂရုမစိုက်တတ်ပေမဲ့ မျက်တောင်တစ်ချက် မခတ်ဘဲ ကပ်ဘေးတွေ ဆက်တိုက် ဖန်တီးနိုင်စွမ်း ရှိနေတာလေ။
မိုက်ကယ်က ဒီပရမ်းပတာအခြေအနေအားလုံးကို ချက်ချင်း ရပ်တန့်ချင်ခဲ့ပြီး ဒါက သူမနဲ့ သူမပတ်ဝန်းကျင်က တခြားအရာအားလုံးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိလာမှာကို စိုးရိမ်နေတယ်။ ဒါပေမဲ့ မုန်တိုင်းရဲ့ ပြင်းအား တိုးလာတာနဲ့အမျှ သူမရဲ့ ဒီဗာ ဥပေါ်က အက်ကွဲကြောင်းတွေကလည်း များပြားလာတာကို သူ သတိပြုမိလိုက်တယ်။
ဒီစွမ်းအား ပေါက်ကွဲထွက်မှုက သူမရဲ့ နဂါး နောက်ဆုံးမှာ ထွက်ပေါ်လာဖို့အတွက် လိုအပ်နေပုံရတယ်။
သူ အဲဒီလို တွေးလိုက်ချိန်မှာပဲ လေဆင်နှာမောင်းတစ်ခုက ယူမီစုရဲ့ ပတ်လည်မှာ အပြည့်အဝ ဖြစ်တည်လာပြီး ကျွတ်ထွက်လာတဲ့ သစ်ပင်တွေနဲ့ ကော်ထုတ်ခံလိုက်ရတဲ့ ကျောက်တုံးတွေ အားလုံးကို ကောင်းကင်ယံဆီ လွင့်ပျံသွားစေတယ်။
အမြစ်တွေ အကောင်းအတိုင်း ရှိနေသေးတဲ့ သစ်ပင်တစ်ပင်က မိုက်ကယ်ဆီ ရုတ်တရက် လွင့်စင်လာပြီး သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် က အဲဒါကို တစ်စစီ ချိုးဖျက်ပစ်လိုက်တယ်။
သူ အဲဒါကို ဂရုမစိုက်ခဲ့ဘူး။ သူမရဲ့ ဥ အက်ကွဲသွားဖို့ လုံလောက်တဲ့အထိ စုပုံနေတဲ့ စွမ်းအားတွေ အားလုံးကို ယူမီစု ထုတ်လွှတ်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုသာ သူ့စိတ်က အာရုံစိုက်ထားပေမဲ့ သူနဲ့ ဝံပုလွေလူသားတောအုပ် တစ်ခုလုံး သူမ ဖန်တီးနေတဲ့ ကပ်ဘေးကြောင့် မပျက်စီးသွားခင် အချိန်မီ လုပ်ဆောင်ဖို့တော့ လိုအပ်တယ်။
သူ့ရဲ့ ဒရုန်း က တဝီဝီမြည်ပြီး သူ့ဆီကနေ ပျံသန်းသွားကာ ယူမီစုရဲ့ မုန်တိုင်းထဲ ပါသွားလုနီးပါး ဖြစ်နေတဲ့ တောအုပ်ရဲ့ အစွန်အဖျားဆီကို ရောက်ရှိသွားခဲ့တယ်။
လေပြင်းတွေက အဲဒါကို မုန်တိုင်းလမ်းကြောင်းထဲ ဆွဲခေါ်သွားဖို့ ကြိုးစားပေမဲ့ ဒရုန်း က ယိမ်းယိုင်နေတဲ့ ပျံသန်းမှုနဲ့အတူ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။
ဒရုန်းရဲ့ ကိုယ်ထည်အောက်က အပေါက်တစ်ခု ပွင့်လာပြီး စပရိန်တပ်ဆင်ထားတဲ့ ယန္တရားတစ်ခုဆီကနေ ခလုတ် တစ်ခုကို ချပေးလိုက်တယ်။
သံတုံးလေးက ဒရုန်းဆီကနေ ပြုတ်ကျလာပြီး တုန်ခါနေတဲ့ မြေကြီးအပေါ်နဲ့ မုန်တိုင်းတိမ်တိုက်တွေအောက် လေထဲမှာ မျောလွင့်နေခဲ့တယ်။
ပြီးတော့ ခလုတ် ပွင့်သွားခဲ့တယ်။
ချက်ချင်းပဲ တောအုပ်ရဲ့ ဒီအစိတ်အပိုင်းက ပရမ်းပတာအခြေအနေ ရပ်တန့်သွားခဲ့တယ်။
အရာအားလုံးက အချိန်ကိုက် ရပ်တန့်သွားခဲ့တယ်။ အော်ဟစ်နေတဲ့ လေပြင်းတွေက အသံတိတ်သွားပြီး သစ်ပင်နဲ့ ကျိုးကျနေတဲ့ သစ်ကိုင်းတွေက လေထဲမှာ မလှုပ်မယှက် ရှိနေကြတယ်။
ဒီပထမအလုပ် ပြီးသွားတာနဲ့ သူ့ရဲ့ ဒရုန်းက တောအုပ်ရဲ့ နောက်ထပ်နေရာတစ်ခုဆီ အရှိန်နဲ့ ပျံသန်းသွားပြီး နောက်ထပ် ခလုတ်တစ်ခုကို ချပေးကာ မုန်တိုင်းထန်နေတဲ့ တောအုပ်ရဲ့ အချိန်ရပ်တန့်သွားတဲ့ အစိတ်အပိုင်း နှစ်ခုကို ချိတ်ဆက်ပေးလိုက်တယ်။
ယူမီစုရဲ့ ပတ်လည် အရပ်လေးမျက်နှာမှာ ခလုတ်လေးခု ချထားလိုက်ပြီး သူတို့ပတ်လည် မီတာ ၂၀၀ အချင်းဝက်အတွင်းက ကပ်ဘေးကို အပြည့်အဝ ထိန်းချုပ်လိုက်တယ်။
ဒါက တောအုပ်ထဲမှာ အရာအားလုံး အချိန်ရပ်တန့်နေတဲ့ အခေါင်းပေါက် ပိုက်လုံးကြီးတစ်ခု ရှိနေသလိုမျိုး ထင်ရတယ်။
သေချာတာကတော့ ဒါက မုန်တိုင်းကို အဲဒီနယ်မြေတစ်ခုတည်းမှာသာ ဖိနှိပ်ထားပြီး ပေါက်ကွဲဖို့ အရှိန်ယူနေတဲ့ ဖိအားပေးထားတဲ့ အခန်းတစ်ခုလို ပရမ်းပတာအခြေအနေတွေကို ပေါက်ဖွားခွင့် ပေးလိုက်တာပဲ။
မိုက်ကယ်က ကပ်ဘေးရဲ့ ဒဏ်ကို အပြည့်အဝ ခံစားရမှာဖြစ်ပေမဲ့ သူ ဂရုမစိုက်ခဲ့ဘူး။
သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် က သူ့အနား ကပ်လာသမျှ အရာအားလုံးကို ပြာကျသွားစေတယ်။ ယူမီစုဆီကနေ ထွက်ပေါ်လာတဲ့ တန်ခိုးစွမ်းရည် လေပြင်းတွေက အဲဒါကို ယှဉ်နိုင်စွမ်း မရှိခဲ့ဘူး။
သူက ရှေ့ကို လျှောက်သွားပြီး သင်တုန်းဓားလို ထက်မြက်နေတဲ့ လေပြင်းတံတိုင်းကို လွယ်လွယ်ကူကူ ဖောက်ထွက်သွားခဲ့တယ်။
အထဲရောက်တာနဲ့ သတ္တုကိုတောင် တစ်စစီ ဆုတ်ဖြဲပစ်နိုင်တဲ့ ဖုန်မှုန့်တွေနဲ့ အဏုမြူအမှုန်အမွှားတွေရဲ့ လှိုင်းလုံးကြီးနဲ့ သူ ရင်ဆိုင်လိုက်ရတယ်။ သူ အန္တရာယ်မကင်းဘဲ ရှိနေပေမဲ့ အဲဒါက သူ့ရှေ့ တစ်မီတာလောက်သာ မြင်နိုင်တဲ့အထိ အမြင်အာရုံကို လျော့ကျသွားစေတယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ ဘယ်နဲ့ ညာကို သိဖို့ မလိုအပ်ခဲ့ဘူး။ သူ လုပ်ဖို့လိုအပ်တာက ပရမ်းပတာ စွမ်းအားတွေ ပိုအားကောင်းလာနေတဲ့ မုန်တိုင်းရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားဖို့ပဲ။
'ဒါ ရူးသွပ်စရာပဲ... ဘာလို့ သူမရဲ့ နိုးထမှုက ဒီလိုဖြစ်နေရတာလဲ'
မက်ဂ်နက်တစ် တစ်ယောက် သူတို့ရဲ့ ပထမဆုံး နိုးထမှုကို ကြုံတွေ့ရတဲ့အခါ များသောအားဖြင့် ကြီးမားတဲ့ စွမ်းအား ပေါက်ကွဲထွက်မှုတစ်ခု နောက်ကလိုက်လာလေ့ရှိပြီး လူသားတွေက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာ ကားတွေကို မ,နိုင်ဖို့ အဒရီနယ်လင်း စုပ်ထုတ်ပေးသလိုမျိုးပဲ။
အလွန်အမင်း ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် ဒါက မက်ဂ်နက်တစ် တွေကို ပထမအဆင့်ကနေ ယာယီ ဖောက်ထွက်နိုင်စေပြီး ဒုတိယအဆင့်နဲ့ ဆင်တူတဲ့ စွမ်းအားကို ဆင့်ခေါ်နိုင်စေတယ်။
ဒါပေမဲ့ ဒီပရမ်းပတာ စွမ်းအားက အဲဒီထက် ကျော်လွန်နေခဲ့တယ်။ ဒါက စတုတ္ထအဆင့်နဲ့ ညီမျှနေတာပဲ။
ဒီလို ထူးခြားတဲ့ အခြေအနေက အောင်ပွဲခံရမယ့် အကြောင်းရင်းတစ်ခု ဖြစ်သင့်ပေမဲ့ လွန်ကဲလွန်းတဲ့ ဘယ်အရာမဆို ကပ်ဘေးတစ်ခု ဖြစ်လာနိုင်မှန်း မိုက်ကယ် သိနေတယ်။
ယူမီစုရဲ့ စွမ်းရည်တွေက သေချာပေါက် စွမ်းအားတွေ အများကြီး ရှိနေပေမဲ့ သူမရဲ့ ခန္ဓာကိုယ်က အဲဒါကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးတာပါပဲ။
သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက တွန်းအားပေးနေတာမို့ သူ ခြေလှမ်းတွေကို ခပ်မြန်မြန် လျှောက်လိုက်ပြီး နောက်ဆုံးမှာတော့ အော်ဟစ်နေတဲ့ လေပြင်းတွေထဲကို ဖောက်ထွက်သွားခဲ့တော့တယ်။
* * * * * * * *