အခန်း (၈၃၇-၈၃၈)
Vol. 70 Ch. 837-838
အခန်း(၈၃၇)
လေဆင်နှာမောင်းကို ဖြတ်ကျော်ပြီး သူမကို မြင်ရလောက်တဲ့အထိ အနီးကပ်ရောက်သွားချိန်မှာတော့ သူ မျက်မှောင်ကြုတ်သွားခဲ့တယ်။ ကြည့်ရတာ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက မှန်ကန်နေခဲ့ပုံပဲ။
ဒီလေဆင်နှာမောင်းရဲ့ အလယ်မှာ ရပ်နေရင်း သူမက သူမရဲ့ ကိုယ်ပိုင် ဖရိုဖရဲစွမ်းအားတွေအောက်မှာ ပြန်လည် နစ်မွန်းနေခဲ့တယ်။ ကျောက်ခဲတွေက အရပ်မျက်နှာအနှံ့ကနေ သူမကို ပစ်ပေါက်နေတာမို့ ခန္ဓာကိုယ်အနှံ့မှာ ပွန်းပဲ့ပြတ်ရှရာတွေ အပြည့်ဖြစ်နေခဲ့တယ်။
ဒါတင်မကသေးဘဲ သူမရဲ့ အစိမ်းရောင် အကြေးခွံတွေက အညိုရောင် ပြောင်းလာပြီး အနက်ရောင်လုနီးပါး ဖြစ်နေခဲ့ကာ အရေပြားက အတွင်းပိုင်းကနေ အပြင်ကို လောင်ကျွမ်းနေသလိုမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ သူမက နာကျင်မှုကို သတိထားမိပုံမပေါ်ဘဲ အာရုံလွင့်နေတဲ့ မျက်လုံးတွေနဲ့ ကောင်းကင်ဆီကိုသာ ဆက်လက် မော့ကြည့်နေခဲ့တယ်။
'သူမရဲ့ ခန္ဓာကိုယ်က ဒီလောက်များပြားတဲ့ စွမ်းအားကို ခံနိုင်ရည်မရှိဘူး...'
မုန်တိုင်းကို ရပ်တန့်ဖို့က ခလုတ်တစ်ခုကို နှိပ်လိုက်သလိုမျိုး အလွန် လွယ်ကူတယ်။ တကယ့်ကို လွယ်ကူတာမျိုးပါ။ အဲလိုလုပ်လိုက်တာက သူမကို သေချာပေါက် ကယ်တင်နိုင်မှာဖြစ်ပေမဲ့ သူ တွန့်ဆုတ်နေခဲ့တယ်။ သူမရဲ့ ဒီဗာ လုံးဝ အကောင်ပေါက်လာတဲ့အထိ သူ စောင့်နေဖို့ လိုအပ်သေးတယ်လေ။
ဥရဲ့ မျက်နှာပြင်တစ်ဝိုက်မှာ အက်ကွဲကြောင်းတွေ ပျံ့နှံ့နေပြီဖြစ်ပြီး အချို့နေရာတွေက ကွာကျနေကာ အခွံအောက်က အစိမ်းရောင် အလင်းတန်းကို မြင်တွေ့နေရတယ်။ အခုချိန်မှာ ဒါကို ရပ်တန့်လိုက်တာက ဒီအတိုင်း ထားလိုက်တာထက် ပိုပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သူ ခံစားနေရတယ်။
ဒါ့အပြင် နဂါးလေးက ဥခွံကို ဖောက်ထွက်လာဖို့ စက္ကန့်အနည်းငယ်လောက်ပဲ လိုတော့ပုံရတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဥထဲက တုန်ခါသံတွေ ရပ်တန့်သွားပြီး အကောင်ပေါက်မယ့် လုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့တယ်။
'ဘာလို့ ရပ်သွားတာလဲ'
| သူမကို နှိုးလိုက်ပါ။ သူမရဲ့ ဖရိုဖရဲစွမ်းအားတွေကို သူမကိုယ်တိုင် တက်ကြွစွာ လက်ခံဖို့ လိုအပ်တယ်။ အဲဒါကမှ ဥပေါက်လာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ |
မိုက်ကယ်က ဟာဘင်ဂျာ ရဲ့ အကြံပေးချက်ကို မေးခွန်းထုတ်မနေတော့ဘဲ သူ့အဆုတ်ထဲက လေတွေအားလုံးကို စုစည်းပြီး အော်ဟစ်လိုက်တယ်။
"ယူမီစု"
နောက်ဆုံးတော့ အစိမ်းရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်း က ခေါင်းကို ရမ်းလိုက်ပြီး သူမရဲ့ မျက်လုံးတွေထဲမှာ အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့တယ်။
သူမက မိုက်ကယ်ကို ကြည့်လိုက်ပြီး သူ့အနောက်ဘက်မှာ သူမ ဖန်တီးခဲ့တဲ့ ကမ္ဘာပျက်မတတ် ကပ်ဘေးကြီးကို မြင်တွေ့လိုက်ရတယ်။
ဒါပေမဲ့ အပြစ်ရှိစိတ်နဲ့ ရှက်ရွံ့မှုတွေ သူမရဲ့ စိတ်ထဲ ဝင်မလာခင်မှာပဲ မိုက်ကယ်က သူမရဲ့ အာရုံကို ဆွဲယူလိုက်တယ်။
သူက ခေါင်းညိတ်ပြပြီး သူမကို စိတ်သက်သာရာရစေမယ့် အပြုံးတစ်ခု ပြုံးပြလိုက်တယ်။ အရာအားလုံး အဆင်ပြေသွားတော့မှာပါ။
ဒါကို မြင်လိုက်ရချိန်မှာတော့ သူမရဲ့ မျက်နှာပေါ်မှာ ပြတ်သားတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်။
သူမရဲ့ အထက်က ဥက နောက်ဆုံးမှာတော့ အခွံတွေ ကွာကျသွားပြီး အရာအားလုံးကို ထိုးဖောက်ဝင်ရောက်သွားတဲ့ မျက်စိကျိန်းမတတ် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။ သူမရဲ့ ပတ်ဝန်းကျင်မှာ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတဲ့ လေဆင်နှာမောင်း မုန်တိုင်းက အားပျော့သွားပြီး ငြိမ်သက်အေးချမ်းတဲ့ အစိမ်းရောင် အလင်းရောင်လေးတစ်ခုက ဖရိုဖရဲ အခြေအနေတွေကြားထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့တယ်။
သူမက သူမရဲ့ လှံကို ကောင်းကင်ဆီ ထိုးချလိုက်ရာ အသံထက်မြန်တဲ့ အရှိန်ကို ကျော်လွန်သွားတာမို့ လှံထိပ်ဖျားမှာ မျက်စိနဲ့ မြင်နိုင်တဲ့ ရေခိုးရေငွေ့ ကတော့ပုံစံတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ပါးလွှာတဲ့ အလင်းတိုင်တစ်ခုက လေထုကို ဖောက်ထွင်းပြီး ကောင်းကင်ယံအထိ မြင့်တက်သွားကာ လမင်းကို ဖုံးကွယ်ထားတဲ့ မုန်တိုင်းတိမ်တိုက်တွေကို ဖျက်ဆီးပစ်လိုက်တယ်။
နောက်ဆုံးတော့ မုန်တိုင်းက ရပ်တန့်သွားပြီး သာယာတဲ့ လေပြေလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
နယူးစပါတာ ရဲ့ နေရာအနှံ့အပြားမှာ လူတွေက ဒီအဖြစ်အပျက်ကို မော့ကြည့်နေခဲ့ကြတယ်။
မျက်မမြင် အမျိုးသမီးတစ်ယောက်က ဝံပုလွေလူသားတွေ ရှိတဲ့ဘက်ကို စိုက်ကြည့်လိုက်ပြီး သဘောကျတဲ့ပုံစံနဲ့ မျက်ခုံးပင့်လိုက်တယ်။ "လှံသခင်" လို့ သူမက တီးတိုးရေရွတ်လိုက်တယ်။ "ဘရောင်းဘလဒ် တွေဆီမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ရှိနေတာပဲ၊ ငါ ဖရေယာ ကို ဒီကိုလာဖို့ ပြောရမယ်"
* * * * * * * *
မိုက်ကယ်က ယူမီစု ရဲ့ ခြေထောက်တွေ ခွေမကျသွားခင်မှာပဲ သူမကို ဖမ်းထိန်းလိုက်ပြီး သူမရဲ့ ပခုံးတွေကို ကိုင်ထားလိုက်တယ်။
"သခင်... မိုက်ကယ်၊ ဘာ... ဘာတွေ ဖြစ်သွားတာလဲ" လို့ သူမက သူ့ကို မေးလိုက်တယ်။
"မင်း ဘာမှ မမှတ်မိဘူးလား"
သူမက ခေါင်းယမ်းလိုက်တယ်။ အဲဒီနောက် သူမရဲ့ အကြည့်တွေက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူမရဲ့ ဖရိုဖရဲ စွမ်းအားတွေ ပေါက်ကွဲထွက်သွားတဲ့ နောက်ဆက်တွဲ ရလဒ်တွေကို မြင်တွေ့လိုက်ရတယ်။ သူမ ရပ်နေတဲ့ နေရာတည့်တည့်ကနေ ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုမျိုး မြေပြင်ပေါ်မှာ အပြင်ဘက်ကို ဖြာထွက်သွားတဲ့ ပေါက်ကွဲမှု လက္ခဏာတွေ အထင်းသား ပေါ်နေခဲ့တယ်။
"ဒါ... ကျွန်မ လုပ်လိုက်တာလား" လို့ သူမက တုန်ယင်နေတဲ့ လက်တွေနဲ့ မေးလိုက်တယ်။
"အင်း၊ မင်း လုပ်လိုက်တာလေ၊ ငါတို့ သန့်ရှင်းရေးအတွက် ပိုက်ဆံတွေ အများကြီး ပေးရတော့မယ်၊ မင်း တံမြက်စည်း လှည်းတတ်တယ်မလား၊ ဘာလို့လဲဆိုတော့ အခုလောလောဆယ် ငါတို့ဆီမှာ ပိုက်ဆံ သိပ်မရှိလို့ပဲ"
ယူမီစု က တခစ်ခစ် ရယ်မောလိုက်တယ်။
"စိတ်မပူပါနဲ့" လို့ သူက သူမကို အာမခံချက်ပေးလိုက်တယ်။ "ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရပါဘူး"
စိတ်သက်သာရာရသွားတဲ့ အပြုံးတစ်ခုက သူမရဲ့ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားခဲ့တယ်။
"မင်း ဘယ်လို ခံစားရလဲ၊ ပိုပြီး သန်မာလာတယ်မလား"
ယူမီစု က အောက်ကို ငုံ့ကြည့်လိုက်ပြီး သူမရဲ့ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ကာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ "ဒါက... ဒါက"
သူမရဲ့ ရင်ဘတ်မှာ စုစည်းနေတဲ့ ဖရိုဖရဲ စွမ်းအားတွေက အခုတော့ ပျောက်ကွယ်သွားပြီဖြစ်ပြီး သေချာစွာ စုစည်းထားတဲ့ ပိုပြီး ယဉ်ပါးတဲ့ စွမ်းအင်လုံးလေး တစ်ခုနဲ့ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်နည်းနည်းနဲ့ သူမရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက ဒီဖရိုဖရဲ စွမ်းအားတွေရဲ့ ပတ်ပတ်လည်မှာ ဖွဲ့စည်းတည်ရှိနေပြီး အဲဒါကို ထိန်းချုပ်ထားခဲ့တာပဲ။
သူမက ဒေါသရဲ့ ဆွဲဆောင်မှုကို မခံစားရတော့ဘူး။ သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်သူမ ထိန်းချုပ်နိုင်ပြီလို့ ခံစားလိုက်ရပြီး အချိန်တိုင်း သူမကို ချုပ်ကိုင်ထားတဲ့ ကြည့်ရဆိုးတဲ့ စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးမှုကို မခံရတော့ဘူး။ ဒါက သူမ နောက်ဆုံးတော့ လေကောင်းလေသန့်ကို ရှူရှိုက်ခွင့်ရလိုက်သလိုမျိုးပဲ။
"ကြည့်ရတာ မင်းရဲ့ ကိုယ်ထဲကနတ်ဆိုးတွေကို မင်း အနိုင်ယူနိုင်သွားပြီပုံပဲ" လို့ မိုက်ကယ်က ပြောလိုက်တယ်။ "အဲဒါရဲ့ ကျွန်ဖြစ်နေမယ့်အစား မင်းက အဲဒါကို ယဉ်ပါးအောင် လုပ်နိုင်သွားပြီ"
ဖရိုဖရဲ စွမ်းအားတွေက ယူမီစု ရဲ့ အထဲမှာ ရှိနေဆဲဖြစ်ပေမဲ့ အခုတော့ အဲဒါရဲ့ ဖျက်ဆီးလိုတဲ့ သဘောသဘာဝတွေကို ပိုပြီး သန်မာတဲ့ စွမ်းအားတစ်ခုက သေချာပေါက် ထိန်းချုပ်ထားနိုင်ပြီ။
အဲဒါကို လုံလုံခြုံခြုံ ပိတ်လှောင်ထားပေမဲ့ လုံးဝ ဖျက်ဆီးပစ်တာတော့ မဟုတ်ဘူး။ ဆိုလိုတာက ယူမီစု အနေနဲ့ လိုလားမယ်ဆိုရင် အဲဒီစွမ်းအားကို ထုတ်ယူသုံးစွဲနိုင်မယ့် အလားအလာ ရှိနေတယ်ဆိုတဲ့ သဘောပဲ။
မိုက်ကယ်က ဒီလိုမျိုး အရင်က တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူမရဲ့ ကိုယ်ပိုင်စွမ်းအား၊ သူမရဲ့ ကိုယ်ပိုင် ပါရမီက တန်ခိုးစွမ်းရည် ကိုတောင် ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ ဖျက်ဆီးနိုင်စွမ်းရှိပြီး ဖရိုဖရဲနိုင်လွန်းတယ်။ တိတိကျကျ ပြောရရင် အဲဒါက ချဲ့စက်တစ်ခုပဲ။ တစ်နည်းနည်းနဲ့ ယူမီစု ရဲ့ စွမ်းရည်တွေ ကို မက်ဂ်နက်တစ် စံနှုန်းတွေအရတောင် ပုံမှန်လို့ သတ်မှတ်ထားတာထက် ကျော်လွန်ပြီး စွမ်းအားတွေ မြှင့်တင်ပေးလိုက်တာပဲ။
ဘာပဲဖြစ်ဖြစ် သူမက ပထမဆုံး စွမ်းအားနိုးထလာပြီးပြီးချင်းမှာပဲ အဆင့်လေး စွမ်းအားကို ဖော်ထုတ်နိုင်ခဲ့တာလေ။
"မင်း အဲဒီစွမ်းအားကို ထုတ်ယူသုံးစွဲကြည့်ချင်လား"
ယူမီစု က စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်သွားခဲ့တယ်။ သူမက ထပ်ပြီး ဖျက်ဆီးမှုတွေ မဖြစ်စေချင်ဘူးလေ။
ဒါပေမဲ့ အဆင်ပြေပါတယ်၊ စိတ်ပူစရာမလိုပါဘူးလို့ သူမရဲ့ စိတ်ထဲမှာ တစ်ခုခုက ပြောနေသလို ခံစားရတယ်။
'ဒါ မင်းလား'
ရွှေရောင် အလင်းတန်းတွေ လည်ပတ်နေပြီး သူမရဲ့ ဒီဗာ ရဲ့ ပုံရိပ်ကို စတင် ဖွဲ့စည်းလာချိန်မှာပဲ သူမက အပေါ်ကို မော့ကြည့်လိုက်တယ်။
ဒါက အကြေးခွံတွေ ရှိနေရမယ့်နေရာမှာ ဖွံ့ဖြိုးတဲ့ မြက်ခင်းတွေ ပေါက်ရောက်နေတဲ့ အကောင်ပေါက်အရွယ် အစိမ်းရောင် နဂါးတစ်ကောင်ပဲ။ နဂါးရဲ့ မြက်ခင်းပြင်တွေပေါ်မှာ ပန်းတွေ၊ နွယ်ပင်တွေနဲ့ အခြားသော အစိမ်းရောင် အပင်မျိုးစုံက အသေးစား ဥယျာဉ်လေးတစ်ခုလိုမျိုး ပေါက်ရောက်နေခဲ့တယ်။
နဂါးရဲ့ အရေပြားပေါ်က မြက်ပင်လေးတွေက ဝံပုလွေလူသား တစ်ယောက်ရဲ့ အမွေးတွေနဲ့ ဆင်တူကြောင်း မိုက်ကယ် သတိထားမိလိုက်တယ်။ အဲဒါက ဆူးချွန်လေးတွေလို ဖြစ်နေပြီး အနည်းငယ် တွန့်လိမ်နေကာ အထက်မြက်ဆုံး ဓားတွေကိုတောင် ခံနိုင်ရည်ရှိလောက်အောင် မာကျောတဲ့ပုံစံ ပေါက်နေတယ်။
"ကျွန်မ သခင့်ကို ယုံကြည်ပါတယ်" လို့ ယူမီစု က ပြောလိုက်ရင်း မျက်လုံးတွေကို မှိတ်ကာ သူမရဲ့ နှလုံးသားထဲက စွမ်းအားဆီကို အာရုံစိုက်လိုက်တယ်။
သူမ ခန္ဓာကိုယ်ထဲက ဖရိုဖရဲ စွမ်းအားတွေ စတင် ပွင့်ထွက်လာတာနဲ့အမျှ သူမရဲ့ ခန္ဓာကိုယ်အနှံ့ကို နွေးထွေးတဲ့ ခံစားမှုတစ်ခု ပျံ့နှံ့သွားခဲ့တယ်။ အဲဒါက ဖရိုဖရဲ စွမ်းအားတွေကို ပထမဆုံးအကြိမ် ထုတ်လွှတ်လိုက်တုန်းကလိုမျိုး ကြမ်းတမ်းမှု မရှိဘူး။ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဖက်တွယ်မှု၊ ဒါမှမဟုတ် အေးစက်တဲ့ ဆောင်းရာသီညတစ်ညမှာ မီးပုံပွဲကရတဲ့ အပူငွေ့လေးလိုမျိုး နွေးထွေးမှုရှိနေခဲ့တယ်။
သူမရဲ့ နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက အမျှင်တွေကို ဖြေချလိုက်ပြီး တစ်ချိန်တည်းမှာပဲ အဲဒီအောက်က ဖရိုဖရဲ စွမ်းအား အပိုင်းအစလေးတစ်ခုကို ဖော်ပြလိုက်တယ်။
သူမ အထက်က အစိမ်းရောင် နဂါးက နွယ်ပင်တွေ ယှက်နွယ်နေတဲ့ တောင်ပံတွေကို ဖြန့်ကျက်ရင်း တိတ်ဆိတ်စွာ ဟိန်းဟောက်လိုက်တယ်။ အဲဒီနောက် သူမရဲ့ အရေပြားပေါ်က မြက်ပင်လေးတွေဆီကနေ အနီရောင် အလင်းတန်းလေး ထွက်ပေါ်လာပြီး ဖရိုဖရဲ စွမ်းအားတွေ ပွင့်ထွက်လာတာနဲ့အမျှ ပိုပြီး ပြင်းထန်လာခဲ့တယ်။
ယူမီစု ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဖိအားတွေ မြင့်တက်လာပြီး အဆင့်တစ် အခြေခံကနေ အထွတ်အထိပ်ကို ရောက်သွားကာ အဆင့်နှစ် အထိ တဟုန်ထိုး တက်သွားတာကို မိုက်ကယ် စောင့်ကြည့်နေခဲ့တယ်။
စွမ်းအားတွေက ဆက်လက် မြင့်တက်လာမယ့်ပုံပေါ်နေပေမဲ့ ယူမီစု ရဲ့ မျက်နှာက စတင် တင်းမာလာပြီး သူမရဲ့ မျက်လုံးတွေထဲကို မီးခိုးရောင် မြူခိုးတွေ စတင် ဝင်ရောက်လာခဲ့တယ်။
အဲဒါက သူမရဲ့ မသိစိတ်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း မစိမ့်ဝင်သွားခင်မှာပဲ သူမက အလျင်အမြန် ရပ်တန့်လိုက်တယ်။
အဲဒီနောက် သူမက လေကို ပြင်းပြင်း ရှူသွင်းလိုက်တယ်။
သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် ရဲ့ အဆင့်နှစ်မှာပဲ တည်ငြိမ်အေးချမ်းစွာ ကျန်ရှိနေခဲ့တယ်။
"ကျွန်မ... ကျွန်မ ဒီအထိပဲ ထိန်းချုပ်နိုင်တယ်" လို့ ယူမီစု က သူမရဲ့ မျက်လုံးတွေထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်နဲ့ ပြောလိုက်တယ်။
"ဒါက အံ့ဩစရာပဲ" လို့ မိုက်ကယ်က ချီးကျူးလိုက်တယ်။ သူမက ဖရိုဖရဲ စွမ်းအားတွေကို ထုတ်ယူသုံးစွဲနိုင်တယ်ဆိုတဲ့ အချက်က အနာဂတ်မှာ ဒီစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် အလားအလာ ရှိနေတယ်ဆိုတဲ့ သဘောပဲလေ။
အခုလောလောဆယ် သူမရဲ့ ထိန်းချုပ်မှုက အစပျိုးအဆင့်မှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ သူမသာ ဒါကို ကျွမ်းကျင်သွားရင် သူမရဲ့ လက်ရှိအဆင့်ထက် နှစ်ဆင့် ဒါမှမဟုတ် သုံးဆင့်လောက်အထိ အလွယ်တကူ ကျော်လွန်သွားနိုင်တယ်။ ဒါက တကယ့်ကို လှည့်စားမှုတစ်ခုပဲ။
"ဟီး ဟီး" ယူမီစု က မျက်နှာရဲသွားခဲ့တယ်။ "ဒါက သခင် မိုက်ကယ် ရဲ့ ကျေးဇူးတွေကြောင့်ပါ"
"မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ မင်း ဘာသာမင်း လုပ်နိုင်ခဲ့တာပါ၊ အခုတော့ မင်း ဒါကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သင်ယူရမယ်"
ကံကောင်းစွာနဲ့ပဲ သူတို့က ဒီလိုကိစ္စမျိုးမှာ ကျွမ်းကျင်တဲ့ သူငယ်ချင်းသစ်တွေ ရထားခဲ့တယ်လေ။
* * * * * * * *
စာစဉ်(၇၀)
အခန်း(၈၃၈)
ယူမီစုရဲ့ ကမောက်ကမဖြစ်ရပ် ပြီးဆုံးသွားချိန်မှာပဲ ဧရာမ ဝံပုလွေတစ်အုပ် ရောက်လာတာမို့ မိုက်ကယ် လှည့်ကြည့်လိုက်တယ်။
တခြားအကောင်တွေထက် ပိုကြီးပြီး ပိုသန်မာတဲ့ အညိုရောင်ဝံပုလွေတစ်ကောင်က ရှေ့ကို ထွက်လာခဲ့တယ်။ သူ့ရဲ့ ခြေလှမ်းတွေက မြေကြီးကို တုန်ခါသွားစေခဲ့ပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်က တုန်ယင်ကာ ကျုံ့ဝင်သွားပြီး လူသားအသွင် ပြန်ပြောင်းသွားတော့တာပဲ။
အဲဒါက အကြီးအကဲ လူပန် ဖြစ်ပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှု၊ ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုတွေတောင် ရောယှက်နေတာကို မြင်တွေ့နိုင်တယ်။ ဒါက ရီနေးတားနိုင်ငံသားတွေရဲ့ လျှို့ဝှက်နိုးထလာတဲ့ စွမ်းအားအကြောင်း အမှန်တရားကို သူ သိလိုက်ရချိန်က ဖြစ်ပေါ်ခဲ့တဲ့ မျက်နှာပေးမျိုးပဲလေ။
"ဒီ... ဒီမှာ ဘာတွေဖြစ်သွားတာလဲ"
မိုက်ကယ်က သူ့လက်ကို မြှောက်ပြလိုက်တယ်။ "ဆောရီးပါ... ကျွန်တော်တို့ ယူမီစု ရဲ့ စွမ်းရည်တွေကို လေ့ကျင့်နေရုံတင်ပါ"
အကြီးအကဲ လူပန်က မိုက်ကယ်ကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ သူ မိုက်ကယ်ကို မယုံကြည်တာ မဟုတ်ပေမဲ့ တောအုပ်ထဲကနေ ထွက်ပေါ်လာတဲ့ အဲဒီကပ်ဘေးဆိုက်လောက်တဲ့ စွမ်းအားကို သူတို့ ခံစားလိုက်ရချိန်မှာတော့ လမင်းကြီးကိုယ်တိုင်က သူ့ရန်သူတွေကို ချေမှုန်းဖို့ ဥက္ကာပျံတစ်စင်း စေလွှတ်လိုက်တာလို့တောင် ထင်မှတ်ခဲ့ကြတာလေ။ အဲဒီစွမ်းအားက ဘယ်လူသား ဒါမှမဟုတ် ဘယ်လူတစ်ပိုင်းသတ္တဝါနဲ့မှ မသက်ဆိုင်တဲ့အရာမျိုးပါ။
"...အိုကေလေ..." လို့ သူက မယုံနိုင်သေးတဲ့ပုံစံနဲ့ တီးတိုးရေရွတ်လိုက်တယ်။
"အို... ခင်ဗျား ဒီကိုရောက်လာတာ ကောင်းသွားတာပဲ၊ ကျွန်တော် ခင်ဗျားကို တစ်ခုခု မေးမလို့ စဉ်းစားနေတာ" လို့ မိုက်ကယ်က အကြောင်းအရာကို ပြောင်းလဲရင်း ပြောလိုက်တယ်။ "အရင်က ခင်ဗျား ပြောခဲ့ဖူးတယ်နော်... တစ်ယောက်ယောက်က သူတို့ရဲ့ ပထမဆုံး အမွေးအမျှင်တွေ စထွက်လာတဲ့အခါတိုင်း ပွဲတော်တစ်ခု ကျင်းပတယ်ဆိုတာလေ၊ အဲဒါက ခင်ဗျားတို့ရဲ့ အသွင်ပြောင်းခြင်းနဲ့ သက်ဆိုင်နေတာလား"
ဝံပုလွေလူသား အကြီးအကဲက ခေါင်းညိတ်လိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ စောစောက ကပ်ဘေးကြီးအကြောင်း တွေးတောနေဆဲပဲ။ "ဟုတ်တယ်... အမွေးအမျှင်တွေ ထွက်လာတာက ဝံပုလွေလူသား တစ်ယောက်ရဲ့ ပထမဆုံး အသွင်ပြောင်းခြင်း မတိုင်မီ ဖြစ်ပေါ်လာတဲ့ ရှေ့ပြေးနိမိတ်ပဲ" လို့ သူက ရှင်းပြလိုက်တယ်။
"ငါတို့က ပွဲတော်တစ်ခုကို ကျင်းပကြတာဟာ ငါတို့အကြား ရောက်လာတဲ့ စစ်သည်တော်အသစ်တစ်ယောက်ကို ဂုဏ်ပြုကြိုဆိုဖို့သက်သက် မဟုတ်ဘဲ သူတို့ကို အားပေးထောက်ခံကြောင်း ပြသဖို့အတွက်လည်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လမင်းရဲ့ စွမ်းအားက ငယ်ရွယ်တဲ့ စိတ်ဝိညာဉ်တွေ ထိန်းချုပ်နိုင်ဖို့အတွက် အလွန် ပြင်းထန်လွန်းတယ်လေ... အထူးသဖြင့် အဲဒီစွမ်းအားကို ပထမဆုံးအကြိမ် ရယူအသုံးပြုတဲ့သူတွေအတွက်ပေါ့။
သူတို့က သူတို့ရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ်ထဲမှာ ပိတ်မိနေသလို ခံစားရပြီး သူတို့ရဲ့ အတွင်းစိတ်က ဝံပုလွေတွေက ကမ္ဘာကြီးအပေါ် ဖျက်ဆီးမှုတွေ ပြုလုပ်နေချိန်မှာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားတတ်တယ်။
အဲဒါကြောင့် ငါတို့က ပွဲတော်တစ်ခုကို ကျင်းပကြတာပဲ။ ဘယ်လောက်များပြားတဲ့ လကျောက်တုံး တွေပဲ ရှိနေပါစေ သူတို့ရဲ့ ပုံမှန်စိတ်အခြေအနေကို ပြန်လည်ရရှိအောင် မစွမ်းဆောင်နိုင်တာမို့ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ စမ်းသပ်မှုကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားနိုင်အောင် ငါတို့က သေချာပေါက် ကူညီပေးရတာပေါ့။ တစ်ကြိမ် သူတို့ ဒါကို အောင်နိုင်သွားပြီဆိုရင်တော့ သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံး သူတို့နဲ့ သူတို့ရဲ့ ဝံပုလွေတွေအကြားမှာ ကျန်းမာတဲ့ ဆက်နွှယ်မှုတစ်ခုကို သေချာပေါက် တည်ဆောက်နိုင်သွားပြီလေ။
ဒါက ငါတို့အားလုံး ဖြတ်သန်းရမယ့် ဓလေ့ထုံးစံတစ်ခုပါပဲ"
မိုက်ကယ်က ယူမီစု ဆီကို လှမ်းကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ တောက်ပနေတာကို တွေ့လိုက်ရတယ်။
"သူတို့... သူတို့လည်း အဲလိုမျိုး ခံစားရတာလား" လို့ သူမက မေးလိုက်တယ်။
သူမ အလွန် အနေရခက်ခဲ့ရတဲ့ ဝံပုလွေလူသား တွေက အခုတော့ သူမရဲ့ မိသားစုကလွဲရင် သူမနဲ့ အနီးကပ်ဆုံး ဖြစ်လာခဲ့ပြီလေ။
ဒရာဂွန်ဘွန်း တွေက သူမရဲ့ သွေးသားရင်းချာတွေ ဖြစ်ပေမဲ့ သူမရဲ့ အခက်အခဲတွေကိုတော့ နားမလည်ခဲ့ကြဘူး။ သူမက ပါတီပွဲတွေ ရောက်တဲ့အခါတိုင်း ဘာကြောင့် ထောင့်ကျကျ နေရာလေးမှာ အထီးကျန်စွာ နေတတ်သလဲ၊ ဒါမှမဟုတ် လူသစ်တစ်ယောက်နဲ့ စကားပြောတဲ့အခါ ဘာကြောင့် စကားထစ်နေရသလဲဆိုတာကို သူတို့ နားမလည်ကြဘူးလေ။ သူမ ဘာကြောင့် ပြင်ပကမ္ဘာကနေ သူမကိုယ်သူမ ဖယ်ကြဉ်ထားခဲ့သလဲဆိုတာကို သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြဘူး။
ဒါပေမဲ့ သူမက တစ်ယောက်တည်း မဟုတ်မှန်း ထင်ရှားလာခဲ့တယ်။ ဝံပုလွေလူသား တွေကလည်း သူတို့ရဲ့ ရင်ဘတ်ထဲမှာ ဖြစ်တည်နေတဲ့ ဒီလို ထိန်းချုပ်မရတဲ့ ကမောက်ကမဖြစ်မှုတွေကြောင့် ဒုက္ခရောက်နေကြတာပဲ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ပြဿနာကို အောင်နိုင်ခဲ့ကြတယ်။ သူတို့မှာ ဒီလို တွန်းအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ်ပိုင် ယဉ်ကျေးမှုတစ်ခုတောင် ရှိနေသေးတာပဲ။
"မင်း ဘယ်လိုထင်လဲ ယူမီစု"
မိုက်ကယ်ရဲ့ မေးခွန်းက အစိမ်းရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်း လေးရဲ့ အတွင်းစိတ်ထဲက တစ်စုံတစ်ခုကို လှုံ့ဆော်ပေးလိုက်တယ်။ သူ အဲဒီမေးခွန်းကို မမေးခင်ကတည်းက သူမရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်ရောက်နေပြီးသားပါ။
"ဟုတ်ကဲ့"
* * * * * * * *
ဘရောင်းဘလဒ် မျိုးနွယ်စု အကြီးအကဲတွေဆီကနေ သိပ်ပြီး ဖျောင်းဖျပြောဆိုစရာ မလိုဘဲ ယူမီစု ကို သူတို့ရဲ့ မျိုးနွယ်စုထဲမှာ ခေတ္တနေထိုင်ဖို့ ခွင့်ပြုပေးခဲ့တယ်။ သူတို့အကြားမှာ နောက်ထပ် ဒရာဂွန်ဘွန်း တစ်ယောက် ရှိနေခြင်းက သူ့ခန္ဓာကိုယ်ပေါ်က နောက်ထပ် ဂုဏ်ယူစရာ တက်တူးတစ်ခုနဲ့ တူညီနေတာကိုး။
သူမက ဝံပုလွေလူသား တွေ သူတို့ရဲ့ အတွင်းစိတ်က ဝံပုလွေကို ဘယ်လို ဖိနှိပ်ချုပ်တည်းရသလဲဆိုတဲ့ နည်းလမ်းတွေကို သင်ယူရတော့မှာပဲ။
ပြီးတော့ တိုက်ဆိုင်စွာပဲ အကြီးအကဲ လူပန် က ယူမီစု ရဲ့ လမ်းပြဆရာအဖြစ် ရွေးချယ်လိုက်သူက တခြားသူမဟုတ်ဘဲ ဂျာကူ ရဲ့ ပြိုင်ပွဲ ကို ဒိုင်လုပ်ပေးခဲ့တဲ့ အမျိုးသမီး ဝံပုလွေလူသား ပဲ ဖြစ်နေခဲ့တယ်။
"လမင်းကြီး သင်နဲ့အတူ ရှိပါစေ... ငါ့နာမည်က ဆယ်လူးန် လို့ ခေါ်တယ်" လို့ အမျိုးသမီး ဝံပုလွေလူသား က ပြောလိုက်တယ်။
"ဟယ်... ဟယ်လို... ဟီးယက်" လို့ အော်ရင်း ဆယ်လူးန် က သူမဆီ နှာခေါင်းနဲ့ အနီးကပ် လာဖို့ ကြိုးစားလိုက်ချိန်မှာ ယူမီစု က အဝေးကို ခုန်ဆုတ်သွားခဲ့တယ်။
ဆယ်လူးန် က ချက်ချင်းပဲ တောင်းပန်လိုက်တယ်။ "ဆောရီးပါ... ဝံပုလွေလူသား တွေက မိတ်ဆက်တဲ့အခါ အချင်းချင်း အနံ့ခံတတ်တဲ့ ဓလေ့ ရှိလို့ပါ"
"အဆင်... အဆင်ပြေပါတယ်... ကျွန်မဆီက အနံ့ဆိုးတွေ မထွက်ဘူးလို့ မျှော်လင့်ပါတယ်..."
"မဆိုးပါဘူး... မင်းဆီက သူ့အနံ့လေး ရနေတော့ တော်တော်လေး ကောင်းပါတယ်... ငါ ဆိုလိုတာက မင်းဆီက ထင်းရှူးနံ့လေး ရနေလို့ပါ"
ဆယ်လူးန် ရဲ့ ပါးပြင်တွေက နီရဲသွားခဲ့ပြီး သူတို့နဲ့ မီတာအနည်းငယ်အကွာက သစ်ပင်တစ်ပင်ပေါ်မှာ လှဲလျောင်းနေတဲ့ အပြာရင့်ရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်း တစ်ယောက်ဆီကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်တယ်။ သူမကို သတိမထားမိဘူးဆိုတာ သိလိုက်ရမှပဲ သူမက သက်ပြင်းချနိုင်သွားတော့တယ်။
ယူမီစု က မျက်တောင်ခတ်လိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ အချစ်နာကျနေတဲ့ သနားစရာ ဝံပုလွေလူသားလေးအတွက် ယူမီစု မှာ လူမှုဆက်ဆံရေးစွမ်းရည် မရှိပေမဲ့ အကဲခတ်နိုင်စွမ်းကတော့ နှစ်ဆ ပိုကောင်းနေခဲ့တယ်။ တစ်ခဏအတွင်းမှာပဲ သူမရဲ့ လမ်းပြဆရာနဲ့ သူမရဲ့ အစ်ကိုဖြစ်သူကြားက ဖူးပွင့်စပြုနေတဲ့ အချစ်ဇာတ်လမ်းကို သူမ ရိပ်မိသွားခဲ့ပြီလေ။
"ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး" လို့ သူမက တီးတိုးပြောလိုက်တယ်။
ဆယ်လူးန် က သူမရဲ့ ခေါင်းကို လက်နှစ်ဖက်ကြားထဲ ဝှက်ထားလိုက်တယ်။ "အား... အရူး အရူး အရူးမလေး"
ဆယ်လူးန် ရှက်နေတာကို ကြည့်ပြီး ယူမီစု တစ်ယောက် မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိတော့ ဝံပုလွေလူသား ကလည်း သူမနဲ့အပြိုင် ရယ်မောလိုက်တော့တယ်။
ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်ကြားက အနေရခက်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။
အစိမ်းရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်း လေးက ဆယ်လူးန် ကို အနားကပ်လာဖို့ လက်ဟန်နဲ့ ခေါ်လိုက်တယ်။ "ရှင်သာ ကျွန်မရဲ့ စွမ်းအားတွေကို အောင်နိုင်ဖို့ ကူညီပေးမယ်ဆိုရင်... ကျွန်မ အစ်ကို့ရဲ့ အားနည်းချက်ကို ပြောပြမယ်" လို့ သူမက တီးတိုးပြောလိုက်တယ်။
ချက်ချင်းပဲ ဆယ်လူးန် ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီးနောက် ပြတ်သားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"ဆက်ပြောပါဦး..."
"ဒီလိုလေ... ကျွန်မ အစ်ကိုက နည်းနည်းလေး..."
ထို့နောက် သူတို့နှစ်ယောက်က တခစ်ခစ် ရယ်မောကာ တီးတိုးပြောဆိုရင်း ခပ်လှမ်းလှမ်းဆီကို ပြေးထွက်သွားကြတော့တယ်။
* * * * * * * *
ယူမီစု ရဲ့ နိုးထလာမှုကို ကူညီပေးပြီးနောက် မိုက်ကယ် က ရေလူသား တွေရဲ့ ရေကန်ဆီကို ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တယ်။
"အာ... ငါ မင်းနဲ့ ‘လ’ ပူဇော်ပွဲများ အကြောင်း ဆွေးနွေးချင်သေးတာ၊ ဒါပေမဲ့ ခင်ဗျားမှာ ဖြေရှင်းစရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေရင်လည်း သွားပါလေ... ငါ စောင့်နိုင်ပါတယ်" လို့ အကြီးအကဲ လူပန် က သူ့မျက်နှာပေါ်က မျက်ရည်ကို သုတ်ဟန်ဆောင်ရင်း ပြောလိုက်တယ်။
မိုက်ကယ် အနေနဲ့ ရက်အနည်းငယ်အတွင်း ဘရောင်းဘလဒ် မျိုးနွယ်စု တွေ ဘေ့စ်ဘော ကစားတာ ရူးလောက်အောင် ကောင်းလာတာကို ကြည့်ချင်စိတ် ဘယ်လောက်ပဲ ရှိနေပါစေ ဒီကိစ္စကို ထပ်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးလေ။ သူ ပိုက်ဆံ သုံးဖို့ လိုအပ်နေပြီ။
သူ့ရဲ့ ဒရုန်း က အလွန်လိုအပ်နေတဲ့ အဆင့်မြှင့်တင်မှုတစ်ခု လုပ်ဖို့ အချိန်ရောက်နေပြီလေ။
"ရေလူသား တွေဆီ ခဏလေး သွားလည်ရုံတင်ပါ" လို့ မိုက်ကယ် က သူ့ကို အာမခံလိုက်တယ်။
ဒါနဲ့ပဲ ယူမီစု ကို ဆယ်လူးန် နဲ့အတူ လေ့ကျင့်ဖို့ ချန်ထားရစ်ခဲ့ပြီး ဂျာကူ ကိုတော့ ဘရောင်းဘလဒ် မျိုးနွယ်စု တွေ အနှောင့်အယှက်ပေးဖို့ ထားခဲ့ကာ သူကတော့ ရေလူသား တွေရဲ့ ရေကန်ဆီကို ထွက်ခွာလာခဲ့တော့တယ်။
* * * * * * * *
မိုက်ကယ် က နယူးစပါတာ ရေကန်ပေါ်က ရေပေါ်သစ်သားတံတားဆီ ရောက်လာခဲ့တယ်။ သူ မိနစ်အနည်းငယ်လောက် စောင့်ဆိုင်းပြီးနောက်မှာတော့ လှပတဲ့ ဆံပင်နီတွေနဲ့ ရေသူမ တစ်ယောက်က ရေအောက်ကြမ်းပြင်ရဲ့ အမှောင်ထုထဲကနေ ပေါ်ထွက်လာခဲ့တယ်။
ဆရီနာ က ရေပြင်ပေါ် ထွက်လာပေမဲ့ သူမရဲ့ ဆံပင်တွေက လုံးဝ ခြောက်သွေ့နေပြီး တွန့်လိပ်နေတဲ့ ဆံနွယ်တွေက သူမရဲ့ ပခုံးပေါ်မှာ ခုန်ပေါက်နေခဲ့တယ်။ သူမက စက္ကန့်အနည်းငယ်လောက်ကမှ ရေအောက်ထဲ တစ်ကိုယ်လုံး မြုပ်ဝင်နေခဲ့တဲ့ပုံစံမျိုး လုံးဝ မပေါက်ဘူးလေ။
သူမက ခန္ဓာကိုယ်တစ်ဝက်လောက်သာ ရေပြင်ပေါ် ပေါ်လာတာဖြစ်ပေမဲ့ သူမ ရေပေါ်ပေါ်နေစေဖို့ ရှေ့နောက် လှုပ်ရှားနေတဲ့ တောက်ပနေသော မြကျောက်ရောင် အမြီးလေးရဲ့ အလင်းရောင်ကိုတော့ မိုက်ကယ် မြင်တွေ့နိုင်တယ်။
"မိုက်ကယ်... နောက်ကျမှ အကြောင်းပြန်မိတဲ့အတွက် ဆောရီးပါ"
သူက သူ့ရဲ့ ကိုယ်ပွားတွေကတစ်ဆင့် သူမကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့ပေမဲ့ သူမက အမြဲတမ်း အလုပ်များနေတဲ့ပုံပဲ။ အခုမှသာ သူမက သူ့ရဲ့ စာတွေကို အကြောင်းပြန်ပြီး ဒီနေရာမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့တာလေ။
"အဆင်ပြေပါတယ်... မင်း မောင်နှမတွေနဲ့ အလုပ်ရှုပ်နေမယ်လို့ ငါ ခန့်မှန်းမိပါတယ်"
"အို... ငါ့ရဲ့ ပုလဲလေးရယ်... မင်း လုံးဝ မသိနိုင်ပါဘူး" လို့ သူမက ခေါင်းယမ်းရင်း တီးတိုးပြောလိုက်တယ်။ "ဒါပေမဲ့ အခုလောလောဆယ် အဲဒီအကြောင်း ငါ မတွေးချင်သေးဘူး၊ မင်း ဘာလိုအပ်လို့လဲ... ဝိညာဉ်ဆီ အစက်တွေ ဝယ်ဖို့ စီစဉ်နေတာလား"
မိုက်ကယ် က သူ့ရဲ့ ခြေဖျားလေးတွေပါ လှုပ်စိလှုပ်စိဖြစ်လောက်အောင် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်တယ်"
ဆရီနာ က ခေါင်းညိတ်လိုက်ပြီး ရေထဲကို လက်နဲ့ မွှေလိုက်တော့ သူမရဲ့ ညင်သာတဲ့ လှုပ်ရှားမှုတွေက မှော်ဆန်ဆန်နဲ့ ဒီရေကန်ထက် ပိုနက်ရှိုင်းတဲ့ နေရာတစ်ခုဆီကို ဦးတည်သွားတဲ့ ရေဝဲတစ်ခု ဖန်တီးပေးလိုက်တယ်။
"ဒီနေ့ ဘယ်လောက် ဝယ်ဖို့ စီစဉ်ထားလဲ... အခု ငါ ပြောရမှာက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ တော်တော်လေး ကြီးမားတဲ့ အရောင်းအဝယ်တွေ လုပ်ခဲ့ရတယ်၊ နယူးစပါတာ မှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတာမို့ ရီနေးတား က အရမ်းကြီး နောက်ကောက်ကျမနေဘူးလို့ မျှော်လင့်ပါတယ်"
* * * * * * * *
စာစဉ်(၇၀)