← Chapters

အခန်း (၈၄၃-၈၄၄)

Vol. 71 Ch. 843-844

အခန်း (၈၄၃-၈၄၄)

Vol. 71 Ch. 843-844

အခန်း(၈၄၃)

နောက်ဆုံးတော့ သူတို့ ရေကန်ရဲ့အောက်ခြေကို ရောက်သွားတဲ့အချိန်မှာ မိုက်ကယ်ရဲ့ မှုန်ဝါးနေတဲ့အနာဂတ်နဲ့ပတ်သက်တဲ့ တွေးတောပူပန်မှုတွေလည်း အဆုံးသတ်သွားခဲ့တယ်။

ချက်ချင်းပဲ ရေကန်ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ လမ်းမီးတိုင်တွေလို့ ခေါ်ဆိုရမယ့် အရာတွေကနေ တွဲလောင်းကျနေတဲ့ အလင်းရောင်ထွက်နေတဲ့ သန္တာကျောက်တန်းတွေဆီက အလင်းရောင်တွေနဲ့ အရောင်အသွေးတွေက သူ့မျက်လုံးထဲ ပြည့်နှက်သွားခဲ့တယ်။

လမ်းအမှတ်အသားတွေလိုမျိုး ရေလူသားတွေနဲ့ ရေသူမတွေကို သူတို့ရဲ့ ခရီးစဉ်ဆီ လမ်းပြပေးဖို့ သီးခြားရေစီးကြောင်းလေးထဲမှာ ကူးခတ်နေကြတဲ့ အလင်းရောင်ထွက်နေတဲ့ ငါးငယ်လေးတွေတောင် ရှိနေသေးတယ်။

ဒီအရာတွေအားလုံးရဲ့ အလယ်ဗဟိုမှာတော့ ဆွေးမြည့်နေတဲ့ သစ်သားတွေနဲ့ ပြုလုပ်ထားတဲ့ ဧရာမ သင်္ဘောပျက်ကြီးတစ်ခု ရှိနေတယ်။ ရွက်တိုင်က ထက်ပိုင်းကျိုးနေပြီး အလယ်မှာတော့ ဧရာမ အမြောက်ဆံတစ်လုံးကြောင့် ဒါမှမဟုတ် ပိုပြီး ဖြစ်နိုင်ချေရှိတာက လီဗိုက်ယာသန်ငါးမန်းကြီးတစ်ကောင်ရဲ့ ကိုက်ခဲမှုကြောင့် ဖြစ်ပေါ်နေတဲ့ အပေါက်ကြီးတစ်ခုလည်း ရှိနေတယ်။

သူ့ရဲ့ ရေပူဖောင်းက သင်္ဘောပျက်ထဲကို ဦးဆောင်ခေါ်သွားခံရတာမို့ ရင်းနှီးနေတဲ့ နယ်မြေထဲကို ဝင်ရောက်သွားပြီး ရေအောက်မှာ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြတဲ့ ရေလူသားတွေနဲ့ ရေသူမတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ အကြည့်တွေထဲမှာ ရိုသေလေးစားမှုတွေ အနည်းငယ် ပိုပါနေတယ်။

အစပိုင်းမှာတော့ လေးစားရတဲ့ ပါမောက္ခကြီးရဲ့ တပည့်ဆိုတဲ့ သူ့ရဲ့ ဂုဏ်သတင်းက နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ အားကျလေးစားမှုအချို့ကို ရရှိစေခဲ့ပြီလို့ သူ ထင်လိုက်မိပေမဲ့ သူတို့ရဲ့ အရိုအသေပေးမှုက သူ့ဘေးမှာရှိနေတဲ့ ရေသူမဆီကိုသာ ဦးတည်နေမှန်း သိလိုက်ရတယ်။

ဆရီနာက ဖြတ်လျှောက်သွားတဲ့ ရေလူသားတွေကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်တယ်။ ရေလူသားတွေကလည်း အလွန်တရာ ကျေးဇူးတင်တဲ့အနေနဲ့ တုံ့ပြန်ကြပြီး အချို့ဆိုရင် မှင်ရည်တွေတောင် ထုတ်လွှတ်ကြတဲ့အထိပဲ။ ဒါက သူ့အတွက်တော့ တော်တော်လေး ထူးဆန်းနေပေမဲ့ ဒီနေရာတွေမှာတော့ သိပ်ပြီး ထူးဆန်းလှတာ မဟုတ်ဘူး။

'အထက်တန်းလွှာဖြစ်ရတာ အခွင့်အရေးတွေ ရှိတယ်ထင်ပါရဲ့'

နောက်ဆုံးတော့ သူတို့ဟာ ဆယ်ယူထားတဲ့ သင်္ဘောအစိတ်အပိုင်းတွေနဲ့ အစားထိုး ခရုခွံတွေနဲ့ ပြုလုပ်ထားတဲ့ ရင်းနှီးနေတဲ့ ပလ္လင်ခန်းမတစ်ခုဆီ ရောက်ရှိသွားခဲ့တယ်။ အဲဒီလို ဖြစ်နေပေမဲ့လည်း ဒါတွေက လုံးဝ ယိုင်နဲ့နဲ့ ဖြစ်မနေဘူး။ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေ မဟုတ်တဲ့အလား သေသေချာချာ တည်ဆောက်ထားတဲ့ပုံ ပေါက်နေတယ်။

"ကီယို... မင်း လာမယ့်အချိန်ကို ငါ စောင့်နေခဲ့တာ"

မိုက်ကယ်က အပေါ်ကို မော့ကြည့်လိုက်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရေဘဝဲပုံစံ ရှိနေတဲ့ ရေသူမတစ်ယောက်ကို တွေ့လိုက်ရတယ်။

သူမက သူ့ကို နှုတ်ဆက်ပြီးတာနဲ့ သူမရဲ့ မျက်လုံးတွေက သူ့ဘေးမှာရှိနေတဲ့ ဆံပင်အနီရောင်နဲ့ ရေသူမဆီကို ရောက်သွားခဲ့တယ်။

ချက်ချင်းပဲ မင်းသမီး အော့တေးဗီးယားရဲ့ အရေပြားက အရောင်အသွေးစုံလင်စွာ ပြောင်းလဲသွားပြီး အစက်အပြောက်တွေက ပေါင်းစပ်သွားကာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ သူမရဲ့ လက်ရှိ စိတ်လှုပ်ရှားမှု ဂယက်ကို ထင်ဟပ်ပြသနေတော့တယ်။

"ဆရီနာ"

"အော့တေးဗီးယား"

ရေကန်အောက်ခြေက လုံလောက်အောင် အေးစက်နေပြီ ဖြစ်ပေမဲ့လည်း မိုက်ကယ်က ဒီနှစ်ယောက်ဆီကနေ ပိုပြီး အေးစက်တဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်။

သူတို့က ညီအစ်မတွေလို့တောင် တစ်ယောက်မှ တွေးမိကြမှာ မဟုတ်ဘူး။

"ငါ့ကို လျစ်လျူရှုထားရတဲ့ အကြောင်းရင်းအတွက် နင် ပေးလာမယ့် ဆင်ခြေက လုံလောက်မှုရှိပါစေလို့ ငါ တကယ် မျှော်လင့်ပါတယ်" လို့ ဆရီနာက ပြောလိုက်တယ်။

"တောင်းပန်ပါတယ် အစ်မ... တခြားလူတွေရဲ့ ကောင်းကျိုးက အစ်မထက် ပိုအရေးကြီးတယ်လို့ ကျွန်မ ရိုးရိုးရှင်းရှင်းပဲ တွေးခဲ့မိလို့ပါ။ နောင်ဆိုရင်တော့ အဲဒါကို ကျွန်မ ထည့်စဉ်းစားပါ့မယ်" လို့ အော့တေးဗီးယားက မသိမသာ အပြုံးလေးတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

ဆရီနာကတော့ အဲဒီတန်ပြန်တိုက်ခိုက်မှုအပြီးမှာ ညည်းညူရုံသာ တတ်နိုင်ခဲ့တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ဧည့်သည်ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြရအောင်" လို့ မင်းသမီး အော့တေးဗီးယားက ပြောလိုက်တယ်။ "ရှေးဟောင်းအမွေအနှစ်နဲ့ပတ်သက်တဲ့ ရှင်တို့ရဲ့ ကိစ္စက အဆင်ပြေတယ်လို့ ကျွန်မ ယူဆပါတယ်"

မိုက်ကယ် ဒါမှမဟုတ် 'ကီယို' က ခေါင်းညိတ်လိုက်တယ်။ "အတော်အသင့်ပါပဲ... ကျွန်တော်တို့ ရှေးဟောင်းအမွေအနှစ်ကို ပြန်ရခဲ့ပါတယ်၊ ဒါပေမဲ့…"

"ဒါ သတင်းကောင်းပဲ... ရှင်ရော ပါမောက္ခပါ အဲဒီအထဲက အကြောင်းအရာတွေကို ဖော်ထုတ်ဖို့ ကြိုးကြိုးစားစား လုပ်ဆောင်နေကြမယ်လို့ မျှော်လင့်ပါတယ်"

သူက မေးစေ့ကို ကုတ်လိုက်တယ်။ "ကျွန်တော် အခုထိ မသိသေးဘူး... ပါမောက္ခက တခြားကိစ္စတစ်ခုကြောင့် ထွက်သွားရလို့လေ၊ အဲဒါက ခင်ဗျားဆီကို ကျွန်တော် အမြန်ဆုံး ပြန်မလာနိုင်ခဲ့တဲ့ အကြောင်းရင်းပဲ"

မင်းသမီး အော့တေးဗီးယားက စိတ်ပျက်သွားတဲ့ပုံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ရှေးဟောင်းအမွေအနှစ်ကရော"

"သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့ဆီ ပို့ပေးဖို့ ယူသွားခဲ့တယ်"

အဲဒါက ကာတာရီနာရဲ့ ဆင်ခြေဆိုပေမဲ့ တကယ်တမ်း ပါမောက္ခက သတိလစ်မေ့မြောနေတဲ့ အခြေအနေမှာ ရှိနေပြီး ရှေးဟောင်းအမွေအနှစ်ကို မလေ့လာနိုင်ဘူးဆိုတာကိုတော့ သူ သိနေတယ်။ ဒါပေမဲ့ သေချာတာကတော့ သူက ဒါကို အော့တေးဗီးယားဆီ ပြောပြနေမှာ မဟုတ်ဘူးလေ။

"နားလည်ပြီ... ဒါ နှမြောစရာပဲ"

အဲဒီအချိန်မှာပဲ ဆရီနာက ခေါင်းမယမ်းဘဲ မနေနိုင်တော့ဘူး။ "တော်တော် ဟုတ်နေပါလား... အခု နင်က လူသားတွေရဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေပြီပေါ့၊ နင်က မာရီယာနာရဲ့ ရတနာကို ရှာဖွေပြီး တစ်ကမ္ဘာလုံးကို အုပ်စိုးချင်နေတာလို့ ငါ ထင်ခဲ့တာ"

မင်းသမီး အော့တေးဗီးယားက သူမကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ "အခုထိလည်း အုပ်စိုးချင်တုန်းပဲ" လို့ သူမက ပြောလိုက်တယ်။ "ဒါပေမဲ့ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ငါ သိတယ်လေ... ရတနာကို ရှာဖွေဖို့ဆိုတာ ရေတိုစီမံကိန်း မဟုတ်ဘူး၊ အခုလောလောဆယ် ငါ့ရဲ့ ဦးစားပေးက ပစ္စုပ္ပန်မှာပဲ... နယူးစပါတာမှာပေါ့"

ထို့နောက် သူမရဲ့ အရောင်အသွေးတွေကို ပတ်ဝန်းကျင်နဲ့ လိုက်ဖက်အောင် အလျင်အမြန် ပြောင်းလဲလိုက်သလိုပဲ သူမရဲ့ မျက်နှာထားကလည်း ရင်းနှီးဖော်ရွေတဲ့ အပြုံးတစ်ခုဆီ ပြောင်းလဲသွားခဲ့တယ်။

"အဲဒီမှာ အစ်မ ပါဝင်လာရမယ့်အပိုင်းပဲ"

"ငါလား"

"ဟုတ်တယ်... အစ်မနဲ့ ကုန်းပေါ်ကမ္ဘာအပေါ် အစ်မရဲ့ ရင်းနှီးကျွမ်းဝင်မှုပေါ့၊ ကြည့်လေ... ငါတို့ရဲ့ အစ်ကိုက နယူးစပါတာမှာ အစီအစဉ်ကြီးတွေ ရှိနေတယ်၊ သူက လူတိုင်းကို အလံတစ်ခုတည်းအောက်မှာ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ပေါင်းစည်းဖို့ စီစဉ်နေတာ၊ ပြီးတော့ အဲဒါကို ကျွန်မ အလိုမရှိဘူး"

ဆရီနာက လှောင်ပြောင်လိုက်တယ်။ "ငါက နင့်လို နိုင်ငံရေးတွေနဲ့ ငါ့ရဲ့ အကြေးခွံတွေကို ညစ်ပတ်ခံဖို့ စိတ်မဝင်စားဘူး"

"ဒါပေမဲ့ ဒါက အစ်မနဲ့ သက်ဆိုင်နေတယ် အစ်မ... ရေလူသားတွေကို ပေါင်းစည်းဖို့အတွက် သူက ရေကန်ထဲက ပြဿနာတွေကို ဖြေရှင်းဖို့ စီစဉ်နေတယ်... ညစ်ညမ်းမှုတွေ၊ အရင်းအမြစ် ပြတ်လပ်မှုတွေ၊ အရာအားလုံးကိုပေါ့"

"သူ တစ်ယောက်တည်း ဒါကို မလုပ်နိုင်ဘူးဆိုတာ သိနေတော့ သူက လူသားအဖွဲ့အစည်းတွေဆီက အကူအညီ သွားတောင်းခဲ့တယ်လေ၊ ကျွန်မရဲ့ ပြည်ကြီးငါးတွေက သဲဒင်္ဂါးတွေကို ဝိညာဉ်ဆီတွေနဲ့ တခြားအရာတွေ အကုန်လုံးအတွက် လဲလှယ်ပေးနေတဲ့ ဧည့်သည်အနည်းငယ်ကို ဟိုဒီမှာ မြင်ခဲ့ရပြီးပြီ၊ အစ်မလည်း သူတို့နဲ့ ဆုံခဲ့ဖူးမယ်ဆိုတာ ကျွန်မ သေချာတယ်"

ဆရီနာက အော့တေးဗီးယားရဲ့ ပါးနပ်တဲ့ စကားတွေကို မယုံကြည်ချင်ခဲ့ဘူး။ သူမရဲ့ ကိုယ်ရည်ကိုယ်သွေးအရ သူမရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘာမဆို သေချာပေါက် ပြောဆိုလိမ့်မယ်လေ။

ဒါပေမဲ့ သူမ မှန်နေတယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်။ သူမ မိုက်ကယ်ကို ပြောပြခဲ့တဲ့ အရောင်းအဝယ် အကြီးကြီးတွေက အဲဒီ လူသားအဖွဲ့အစည်းတွေဆီကနေပဲလေ။

"ပြီးတော့ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ" လို့ သူမက ရေဘဝဲမင်းသမီးကို မေးလိုက်တယ်။

"ဘာလို့လဲဆိုတော့ အစ်မက အစ်မရဲ့ ကိုယ်ပိုင် လူသားကုမ္ပဏီကို ကျွန်မတို့ဆီ ထောက်ခံပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား၊ လီဘရွန်... ရီမွန်း..."

"ရီနေးတား" လို့ ဆရီနာက ပြင်ပြောလိုက်တယ်။

"ဟုတ်တယ်... ရီနေးတားပေါ့၊ တကယ်လို့ ငါတို့ရဲ့ အစ်ကိုသာ အောင်မြင်သွားရင် အစ်မရဲ့ ဒီရီနေးတားကုမ္ပဏီက ငါတို့ရဲ့ ရေပြင်မှာ နေရာရတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မသာ အောင်မြင်ခဲ့ရင်တော့ သူတို့ကို လေးလေးစားစား ဆက်ဆံခံရအောင် ကျွန်မ သေချာပေါက် လုပ်ပေးပါ့မယ်"

သူတို့နှစ်ယောက် စကားဆက်ပြောနေစဉ်မှာပဲ ခံစားချက်ကင်းမဲ့နေတဲ့ မိုက်ကယ်ဆီကို ဆရီနာက ခိုးကြည့်လိုက်တယ်။

"ငါ့ကို ဘာလုပ်စေချင်တာလဲ"

"ရိုးရှင်းပါတယ်" လို့ မင်းသမီး အော့တေးဗီးယားက ပြောလိုက်တယ်။ "ကျွန်မ ဝန်ခံရမှာ မုန်းပေမဲ့ အစ်မရဲ့ နာမည်နဲ့ အစ်မရဲ့ မျက်နှာက ကျွန်မတို့ လူမျိုးတွေကြားမှာ ဩဇာလွှမ်းမိုးမှု အများကြီး ရှိနေတုန်းပဲလေ၊ လူသိရှင်ကြား အစ်မရဲ့ ထောက်ခံမှုကိုသာ ကျွန်မကို ပေးပါ... အဲဒါဆိုရင် ငါတို့ဘက်ကို အများရဲ့ အမြင်တွေ ပါလာအောင် ဆွဲဆောင်နိုင်ပြီ"

အဲဒီအချိန်မှာပဲ ဆရီနာက ပိုကောင်းတဲ့အရာတစ်ခုကို တွေးမိသွားခဲ့တယ်။

"ရီနေးတားကုမ္ပဏီကို နင့်ရဲ့ မဲဆွယ်စည်းရုံးရေး ဒါမှမဟုတ် တစ်ခုခုမှာ ကူညီခိုင်းလိုက်ရင် မကောင်းဘူးလား... သူတို့က ရေပြင်ကို သန့်ရှင်းရေးလုပ်ပေးတာနဲ့ ငါတို့အတွက် အစားအစာတွေ ထောက်ပံ့ပေးတာကို ကူညီပေးလိမ့်မယ်"

ရေလူသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းအတွက် မိုက်ကယ်မှာ ဖြေရှင်းချက်တစ်ခု ရှိနေတယ်ဆိုတာကို ဆရီနာ ယုံကြည်ထားတယ်။

"သူတို့ရဲ့ အကူအညီကို ငါတို့ မလိုဘူး" လို့ မင်းသမီး အော့တေးဗီးယားက ပြောလိုက်တယ်။ "လူသားအဖွဲ့အစည်းတစ်ခုက ဖြေရှင်းနည်းနဲ့ပတ်သက်ပြီး ကျွန်မကို ဆက်သွယ်ထားပြီးပြီ... သူတို့က ရေကန်ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ကျွန်မကို အာမခံထားကြတယ်"

"ဘယ်လိုမျိုးလဲ" လို့ ဆရီနာက မေးလိုက်တယ်။

"သူတို့က ညစ်ညမ်းမှုတွေကို သန့်ရှင်းရေးလုပ်ဖို့ နေ့တိုင်း မက်ဂ်နက်တစ်တွေကို စေလွှတ်ပေးလိမ့်မယ်" လို့ အော့တေးဗီးယားက ဖြေလိုက်တယ်။

ဒီအတိုင်းဆိုရင် ဒါက ဆိုးရွားတဲ့ ဖြေရှင်းနည်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်ပြီး ရေရှည်ခံမယ့်အရာတော့ မဟုတ်ဘူး။ သူမရဲ့ ခန့်မှန်းချက်အရဆိုရင် ရေကန်ကြီးကို အမြဲတမ်း သန့်ရှင်းနေအောင် ထိန်းသိမ်းဖို့အတွက် နေ့စဉ် နေ့တိုင်း အလုပ်လုပ်နေမယ့် မက်ဂ်နက်တစ် ၁၀ ယောက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး လိုအပ်လိမ့်မယ်။

"အစားအစာအတွက်ကရော"

"ငါတို့က တိုက်ကြီးရဲ့ ကမ်းရိုးတန်းကနေ ဒီနယူးစပါတာအထိ ဖြတ်သန်းလာမယ့် ပို့ဆောင်ရေးလမ်းကြောင်းကို စီစဉ်ထားတယ်... အခုတော့ ဒီလမ်းကြောင်းကို တည်ဆောက်ဖို့ အချိန်အတော်ကြာ ယူရလိမ့်မယ်၊ ဒါပေမဲ့ တစ်ကြိမ် လုံခြုံသွားပြီဆိုတာနဲ့ ပင်လယ်ပြင်ဆီကနေ တိုက်ရိုက်ရောက်လာမယ့် အရင်းအမြစ်တွေ အများကြီးကို ငါတို့ ရရှိလိမ့်မယ်"

တစ်ဖန် ဒါက ဆိုးရွားတဲ့ ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပြန်ဘူး။ ပြီးပြည့်စုံတဲ့အရာ မဟုတ်တာလေးပဲ ရှိတယ်။

ပြီးတော့ သူမရဲ့ အမြင်အရ မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီက အားစိုက်ထုတ်မှု အနည်းငယ်နဲ့တင် အဲဒါတွေအားလုံးနဲ့ အခြားအရာတွေကို အလွယ်တကူ လုပ်ဆောင်ပေးနိုင်တယ်။ လူသူကင်းမဲ့နေတဲ့ သဲကန္တာရအလယ်မှာ တည်ဆောက်ထားတဲ့ နိုင်ငံတော်ကြီးက အဲဒီအချက်ကို သက်သေပြနေတာပဲ။

"ငါ့ကို ယုံပါ... နင် သူတို့ရဲ့ အကူအညီကို မလိုပါဘူး၊ ရီနေးတားက ငါတို့ လိုချင်တာ အကုန်လုံးကို ထောက်ပံ့ပေးနိုင်တယ်လေ... ဟုတ်တယ်မလား" လို့ ဆရီနာက မိုက်ကယ်ကို မေးလိုက်တယ်။

"ဟုတ်တယ်... သူတို့ လုပ်နိုင်တယ်" လို့ သူက ဖြေလိုက်တယ်။

မင်းသမီး အော့တေးဗီးယားက မျက်မှောင်ကြုတ်လိုက်တယ်။ "ရှင်က ဘယ်လိုလုပ် သိမှာလဲ"

ကီယိုက "ကျွန်တော် သူတို့အကြောင်း အများကြီး သိထားလို့လေ" လို့ ပြန်ဖြေလိုက်တယ်။

* * * * * * * *

စာစဉ်(၇၁)

အခန်း(၈၄၄)

မင်းသမီး အော့တေးဗီးယား စိတ်ဝင်စားသွားတယ်။ ပါမောက္ခရဲ့ တပည့်ဖြစ်သူက လူသားတွေရဲ့ ကုမ္ပဏီတစ်ခုကို ထောက်ခံပေးနေတာကို သူ အံ့သြနေမိတယ်။ သူ သိထားသလောက်ဆိုရင် ဒီလို စာဂျပိုးတွေက သူတို့ရဲ့ အချိန်အများစုကို စာအုပ်တွေ၊ စာလိပ်တွေထဲမှာပဲ ခေါင်းနှစ်ပြီး ကုန်ဆုံးလေ့ရှိတာလေ။ ပါမောက္ခကိုယ်တိုင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာကိုး။

ဒီလို အစွမ်းအစရှိပြီး အပေါင်းအသင်းကင်းတဲ့ လူတစ်ယောက်က ကုမ္ပဏီတစ်ခုကို ဒီလောက်အထိ အထင်တကြီး ပြောနေတယ်ဆိုကတည်းက စမ်းကြည့်ဖို့ တန်ကောင်းတန်နိုင်တယ်လို့ သူ တွေးလိုက်တယ်။

"ဒီ ရီနေးတားကုမ္ပဏီ က ငါတို့ကို တကယ်ကူညီနိုင်မှာတဲ့လား" လို့ သူက သူတို့နှစ်ယောက်လုံးကို မေးလိုက်တယ်။

ဆရီနာ က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ ကူညီနိုင်ပါတယ်"

ရေဘဝဲမင်းသမီးက တစ်ခဏလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်တယ်။ "နောက်ကျသွားပြီ။ ငါတို့ တခြားကုမ္ပဏီတစ်ခုနဲ့ စီစဉ်ထားပြီးသွားပြီ"

"ဘယ်လောက်ပေးရမှာလဲ" လို့ မိုက်ကယ် က မေးလိုက်တယ်။

"ဟင်"

"အဲဒီကုမ္ပဏီကို သဲဒင်္ဂါး ဘယ်လောက်အထိ ပေးဖို့ ဆန္ဒရှိလဲ"

မင်းသမီး အော့တေးဗီးယား က သိပ်မစဉ်းစားတော့ဘဲ တကယ့်ကိန်းဂဏန်းကို ဗြုန်းကနဲ ထုတ်ပြောလိုက်တယ်။ "သဲဒင်္ဂါး ဆယ်သန်း။ အဲဒါက အစပဲရှိသေးတယ်။ ရေကန်ကို ပြုပြင်ထိန်းသိမ်းဖို့အတွက် နောက်ပိုင်း လစဉ်တိုင်း သဲဒင်္ဂါး တစ်သန်း ထပ်ပေးရဦးမယ်"

ဆရီနာ က သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ဒီကုန်ကျစရိတ် အများစုကို သူတစ်ယောက်တည်း တာဝန်ယူရမှာဖြစ်တဲ့အတွက် အော့တေးဗီးယား လို တော်ဝင်မျိုးနွယ်တစ်ယောက်အတွက်တောင် ဒီဈေးက မသေးလှဘူး။

ဒါပေမဲ့ ဒါက တန်တော့တန်ပါတယ်။ အကယ်၍ သူသာ အောင်မြင်သွားမယ်ဆိုရင် နယူးစပါတာ ရေကန်တစ်ခုလုံးကို သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေအောက်မှာ သိမ်းပိုက်နိုင်မှာလေ။ ဒါတင်မကသေးဘဲ ရေကန်ထက်ကျော်လွန်ပြီး သူ့ရဲ့ ဩဇာအာဏာကို ချဲ့ထွင်ချင်တယ်ဆိုရင်တောင် အတ္တလန်တစ် မှာ ခြေကုပ်ယူဖို့အတွက် အကောင်းဆုံး အစပြုမှုတစ်ခု ဖြစ်လာနိုင်တယ်။

ဒါတောင်မှ ဒါဟာ ကြီးမားတဲ့ စွန့်စားမှုတစ်ခု ဖြစ်နေတုန်းပဲ။ ဒီရေအောက် နိုင်ငံရေးပြိုင်ပွဲမှာ သူ့အစ်ကိုကို အနိုင်ယူဖို့ မျှော်လင့်ချက်နဲ့ ရှိသမျှအကုန်လုံးကို ပုံအောလိုက်တာနဲ့ အတူတူပဲ။

သူသာ ရှုံးနိမ့်သွားခဲ့ရင်တော့။ အဲဒီအကြောင်းကို သူ တွေးတောင် မတွေးချင်ဘူး။ မာရီယာနာရဲ့ ရတနာ မရှိဘဲနဲ့တော့ အတ္တလန်တစ် ကို အုပ်စိုးမယ်ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို သေချာပေါက် စွန့်လွှတ်လိုက်ရတော့မှာပဲ။

"တခြားကုမ္ပဏီတွေလည်း ဈေးလာပြိုင်ကြပေမယ့် ငါ့အတွက်တော့ ဈေးအရမ်းများနေတယ်။ ဒါကြောင့် အနည်းဆုံးဈေးကို ရွေးလိုက်ရတာပဲ"

အဲဒီနောက် မင်းသမီး အော့တေးဗီးယား က သူ့ညီမဘက်ကို လှည့်လိုက်တယ်။ "ဒါပေမဲ့ ညီမလေးသာ ငါ့ရဲ့ လှုပ်ရှားမှုအတွက် ရက်ရက်ရောရော လှူဒါန်းပေးမယ်ဆိုရင်တော့ မသိနိုင်ဘူးလေ။ နင့်အကူအညီနဲ့ဆိုရင် ငါတို့ ဟို လက်ဂါစီ့စ် တွေထဲက တစ်ခု ဒါမှမဟုတ် အော်ဘတ်ကုမ္ပဏီ ကိုတောင် ငှားနိုင်လောက်တယ်။ နောက်ထပ် သန်းနှစ်ဆယ်လောက် ပေါင်းထည့်လိုက်ရင် ဒါကို အောင်မြင်တယ်လို့…"

မိုက်ကယ် ဟာ ဒီလို မယုံနိုင်စရာ ကိန်းဂဏန်းတွေကို ကြားလိုက်ရပြီးတဲ့နောက် ချက်ချင်း ရှေ့ကို တက်လာခဲ့တယ်။

"အဟမ်း... ရီနေးတားကုမ္ပဏီ က ဒါထက်အများကြီး ပိုသက်သာအောင် လုပ်ပေးနိုင်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်"

မင်းသမီးက စိတ်ဝင်စားသွားပြီး "ဘယ်လောက်လဲ" လို့ မေးလိုက်တယ်။

"သဲဒင်္ဂါး တစ်သန်းတည်းပါ။ အဲဒီနောက်ပိုင်း ဘာအခကြေးငွေမှ ထပ်ပေးစရာ မလိုပါဘူး"

ဒီစကားက ရေဘဝဲမင်းသမီးရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်။ အဲဒီ အခွင့်အရေးကြောင့် သူ့ရဲ့ အရေပြားက နီရဲတဲ့ အရောင်အဖြစ် ခဏတာ တောက်ပသွားပြီးမှ အပြာနုရောင်အဖြစ် အလျင်အမြန် ပြန်လည် တည်ငြိမ်သွားတယ်။

ဒါက... ယုံနိုင်စရာ မရှိလောက်အောင်ကို ကောင်းလွန်းနေတယ်။ တူညီတဲ့ ရလဒ်တစ်ခုအတွက် ငွေနည်းနည်းပဲ သုံးချင်တဲ့သူချည်းပဲ မဟုတ်လား။ ဒီ ရေကန် ပြန်လည်ပြုပြင်ရေး စီမံကိန်းအတွက် တစ်သန်းတည်းသာ သုံးလိုက်ရမယ်ဆိုရင် ကျန်တဲ့ငွေတွေကို တခြားနေရာတွေမှာ သုံးပြီး သူ့အစ်ကိုအပေါ် ယှဉ်ပြိုင်မယ့် လှုပ်ရှားမှုကို ပိုခိုင်မာအောင် လုပ်နိုင်မှာလေ။ ဒါဆိုရင် သူ့ရဲ့ အောင်မြင်နိုင်ခြေက ငါးဆယ် ရာခိုင်နှုန်းလောက်အထိ တက်သွားလိမ့်မယ်။

ဒါပေမဲ့ တကယ့်ပြဿနာက ရလဒ်ပိုင်းမှာ ဖြစ်နေတယ်။ ဒီလောက် နည်းပါးတဲ့ ဈေးနှုန်းနဲ့ ဒီ ရီနေးတားကုမ္ပဏီ က သူတို့ရေကန်က ပြဿနာတွေကို တကယ် ဖြေရှင်းပေးနိုင်ပါ့မလား။ ဒါမှမဟုတ် အလကား ကတိတွေပေးပြီး ငွေရတာနဲ့ ထွက်ပြေးသွားမှာလား။

"ဒါက လက်တွေ့မကျသလိုပဲ" လို့ သူက သံသယဝင်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။

'ငါ ဈေးကို အရမ်းနှိမ့်ပြောလိုက်တာလား' လို့ မိုက်ကယ် က သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်နေမိတယ်။

ရိုးရိုးသားသား ပြောရရင် သဲဒင်္ဂါး တစ်သောင်းလောက် ပေးရင်တောင် သူ ကျေနပ်နေမှာပါ။ တကယ်တော့ စီမံကိန်းတစ်ခုလုံးကို ရွှေဒင်္ဂါးတွေနဲ့တောင် ပေးချေလို့ရတယ်လို့ သူ တွက်ထားတာလေ။ ငွေကြေးတန်ဖိုးကို နှိမ့်ချတာတော့ မဟုတ်ပေမယ့် မက်ဂ်နက်တစ် ကမ္ဘာမှာက ရွှေဒင်္ဂါးတွေဟာ ဘာမှ အသုံးမဝင်သလောက်ပဲ ဖြစ်နေတာကိုး။

"ဈေးနည်းရတဲ့ အကြောင်းရင်းက ရီနေးတားကုမ္ပဏီ ဟာ ငွေကြေးတန်ဖိုးထက် ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး တန်ဖိုးထားလို့ပါ။ သူတို့က ဒီစီမံကိန်း တစ်ခုတည်းမှာပဲ အလုပ်လုပ်ချင်တာ မဟုတ်ဘဲ အနာဂတ်မှာ တခြားစီမံကိန်းတွေမှာလည်း ဆက်ပြီး အလုပ်လုပ်ချင်လို့ပါ။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ သဘောထားပေးပါ"

မင်းသမီး အော့တေးဗီးယား ဟာ တိတ်ဆိတ်သွားပြီး အရောင်ပြောင်းနေတဲ့ သူ့ရဲ့ ရေဘဝဲလက်တံ အရေပြားတွေက သူ့စိတ်ထဲက လက်ရှိ ရှုပ်ထွေးနေမှုတွေကို ဖော်ပြနေတယ်။ ဒီရွေးချယ်မှုရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးတွေကို သူ့ရဲ့ မျက်လုံးတွေထဲမှာ စတင် တွက်ချက်နေတာကို မိုက်ကယ် မြင်နေရတယ်။

မိုက်ကယ် ဟာ သူ့ကို ကူညီချင်နေခဲ့တယ်။

"အဆင်ပြေ၊ မပြေ အရင်စောင့်ကြည့်လိုက်ပါ။ ရီနေးတားကုမ္ပဏီ က စီမံကိန်းကို အကောင်အထည်ဖော်ပေးပြီး အလုပ်ပြီးသွားမှ ငွေပေးချေလို့ ရပါတယ်"

ရေဘဝဲမင်းသမီးက သူ့ကို မျက်စိမှေးကြည့်လိုက်ပြီး "မင်းက ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို တော်တော်များများ ချပေးနေသလိုပဲ"

မိုက်ကယ် သက်ပြင်းချလိုက်ပြီး အနည်းငယ် အရိုအသေပေးလိုက်တယ်။ "ကျွန်တော် ပွင့်ပွင့်လင်းလင်း မပြောခဲ့မိဘူး မင်းသမီး။ တကယ်တော့ ကျွန်တော် ပါမောက္ခရဲ့ တပည့်မဖြစ်ခင်ကတည်းက ရီနေးတားကုမ္ပဏီ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ။ မင်းသမီး ဆရီနာ နဲ့ ကျွန်တော်က ဒီမတိုင်ခင် အကြာကြီးကတည်းက သိခဲ့ကြတာဖြစ်ပြီး ဒီရေကန်ကို လာရတဲ့ ရည်ရွယ်ချက်ကလည်း သူ့ကို လာတွေ့တာပါ"

သင်္ဘောပျက်အသိုက် ရဲ့ ပလ္လင်ခန်းမထဲမှာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြီး သူတို့ပတ်ဝန်းကျင်မှာ ကူးခတ်နေကြတဲ့ ရေလူသား တွေဆီက ထွက်လာတဲ့ ရေပူဖောင်းသံတွေကလွဲရင် ဘာအသံမှ မကြားရတော့ဘူး။

"ကောင်းပြီလေ" လို့ မင်းသမီး အော့တေးဗီးယား က ခေါင်းညိတ်လိုက်တယ်။ "နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုများ ရှိနေမလားလို့ ငါ သံသယဝင်နေတာ"

"ဒါဆို မမက ရီနေးတားကုမ္ပဏီ နဲ့ လက်တွဲလုပ်တော့မယ်ဆိုတဲ့ သဘောလား" လို့ ဆရီနာ က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။

"လောလောဆယ်တော့ ဟုတ်တယ်" လို့ အော့တေးဗီးယား က ပြင်ပြောလိုက်တယ်။ "သူတို့ရဲ့ အလုပ်က လုံလောက်မှုရှိမရှိ ငါ အရင်ကြည့်ရမယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ တခြားကုမ္ပဏီကို ခေါ်ပြီး အလုပ်ဆက်လုပ်ခိုင်းရမှာပဲ။ နားလည်ပေးပါ"

မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။ ဒါက နားလည်ပေးလို့ ရပါတယ်။

"ငါ့နောက်လိုက်ခဲ့။ ငါတို့ရေကန်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ပြမယ်"

* * * * * * * *

မင်းသမီး အော့တေးဗီးယား က မိုက်ကယ် နဲ့ ဆရီနာ ကို သင်္ဘောပျက်အသိုက် ထဲကနေ ကျယ်ပြောတဲ့ ရေပြင်ဆီကို ခေါ်ထုတ်သွားတယ်။

အဲဒီရေပြင်က အော့တေးဗီးယား ရဲ့ စခန်းချရာနေရာ ဖြစ်ပုံရပြီး ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ သူ မြင်တွေ့ခဲ့ရတဲ့ ရေလူသား တော်တော်များများက ရေဘဝဲ၊ ပြည်ကြီးငါး နဲ့ အခြား ပင်လယ်သတ္တဝါတွေလိုမျိုး ကျောရိုးမဲ့ သတ္တဝါအမျိုးအစားတွေ ချည်းပဲလေ။

သင်္ဘောပျက်အသိုက် ရဲ့ ကန့်သတ်နယ်မြေထဲကနေ ထွက်လာတာနဲ့ တစ်ပြိုင်နက်တည်း ရေရဲ့ အထီးကျန်ဆန်တဲ့ အအေးဓာတ်ကို မိုက်ကယ် ချက်ချင်း ခံစားလိုက်ရတယ်။ နေရောင်ခြည် အစားထိုးဖို့ တောက်ပနေတဲ့ အလင်းထွက် သန္တာကျောက်တန်းတွေနဲ့ ငါးတွေ မရှိတဲ့အတွက် သူတို့ မြင်တွေ့နိုင်တာဆိုလို့ အမှောင်ထုနဲ့ အဝေးက တခြားနယ်မြေတစ်ခုရဲ့ မှိန်ပျပျ အလင်းရောင်လောက်ပဲ ရှိတယ်။

"ဒီနေရာက ဘာလို့ ဒီလောက်တောင်... ခြောက်ကပ်နေရတာလဲ" သူ့ရဲ့ အသံက မှောင်မိုက်နေတဲ့ ရေအောက်ကြမ်းပြင်ကနေ ပဲ့တင်ထပ်သွားတယ်။

"ငါ့ရဲ့ ဩဇာလွှမ်းမိုးမှုက သင်္ဘောပျက်အသိုက် လောက်အထိပဲ ရောက်တယ်" လို့ အော့တေးဗီးယား က ပြန်ဖြေလိုက်တယ်။ "ဟိုမှာ နင်မြင်ရတဲ့ သက်ဝင်လှုပ်ရှားနေမှုတွေ၊ သန္တာကျောက်တန်းတွေ၊ ငါးတွေနဲ့ ဂေဟစနစ်ထဲက အရာအားလုံးကို အရင်းအမြစ်တွေ အများကြီးသုံးပြီး ထိန်းသိမ်းထားရတာ။ သင်္ဘောပျက်အသိုက် ကို ထောက်ပံ့ဖို့အတွက်တောင် ငွေတွေ အများကြီး ကုန်နေပြီ။ ဒီနေရာအထိပါ တိုးချဲ့ရမယ်ဆိုရင် ပိုပြီးကုန်ကျလိမ့်မယ်"

မိုက်ကယ် ဟာ အမှောင်ထုကလွဲပြီး ဘာမှမရှိတဲ့ ကြားထဲမှာ မှေးမှိန်လာတဲ့ သင်္ဘောပျက်အသိုက် ရဲ့ အထီးကျန်ဆန်တဲ့ မြင်ကွင်းကို လှည့်ကြည့်လိုက်တယ်။

"ပင်လယ်သတ္တဝါတွေက ဝင်ရောက်စွက်ဖက်စရာမလိုဘဲ သူတို့ဘာသာသူတို့ ရှင်သန်နိုင်စွမ်း ရှိသင့်တာပေါ့" လို့ သူက ပြောလိုက်တယ်။

"ပင်လယ်ခုနစ်စင်းမှာတော့ ဟုတ်တယ်။ အဲဒီမှာတော့ အဆိုးရွားဆုံး အခြေအနေတွေမှာတောင် သက်ရှိတွေက ရှင်သန်ဖို့ နည်းလမ်းရှာနိုင်ကြတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အဲဒီလို မဟုတ်ဘူးထင်တယ်"

"ခင်ဗျား မသိဘူးလား"

"ငါတို့ ဘာမှ မသိဘူး" လို့ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။ "လူလုပ်ရေကန် ဖြစ်နေလို့များ နတ်ဘုရားတွေရဲ့ အစွမ်းက ဒီအထိ မရောက်တာလားပဲ"

မိုက်ကယ် ဟာ နတ်ဘုရားမ တော်တော်များများနဲ့ အတိအကျပြောရရင် နှစ်ပါးနဲ့ ထိတွေ့ဆက်ဆံဖူးပေမယ့် သူတို့က ရေကန်ပြဿနာရဲ့ အကြောင်းရင်းလို့တော့ မယုံကြည်ဘူး။

'နိုဗာ... ခွဲခြမ်းစိတ်ဖြာပေးလို့ ရမလား—'

[လုပ်ပြီးပါပြီ။ ဒီရေထဲမှာ ပင်လယ်ရေအောက် အစာကွင်းဆက်ကို စတင်ဖို့အတွက် လိုအပ်တဲ့ ဖိုက်တိုပလန်တွန် တွေ မပါဝင်ပါဘူး]

ဖိုက်တိုပလန်တွန် တွေဟာ ပင်လယ်အောက် သက်ရှိတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ သူတို့သာ မရှိဘူးဆိုရင် သမုဒ္ဒရာ ဂေဟစနစ်ကြီးဟာ အခု ရေကန်ထဲမှာ ဖြစ်နေသလိုမျိုး မျိုးသုဉ်းပျောက်ကွယ်မှုကြီးကို ကြုံတွေ့ရမှာပဲ။

ရေလူသား တွေက ငါးကိုစားတယ်။ ငါးတွေက ပုစွန်ဆိတ်တွေကို စားတယ်။ ပုစွန်ဆိတ်တွေက ဖိုက်တိုပလန်တွန် တွေကို စားတယ်။

ရေလူသား တွေ အစားအစာအတွက် သိပ်ဒုက္ခမရောက်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ရေမျက်နှာပြင်ပေါ်ကနေ အာဟာရတွေကို ရယူနိုင်လို့ပဲ။ ဒါပေမဲ့ ငါးတွေကတော့ အဲဒီလို မရဘူးလေ။ ဒါကြောင့် ဒီရေနက်ပိုင်းမှာ ငါးတွေ သိသိသာသာ ရှားပါးနေရတာပဲ။

* * * * * * * *

စာစဉ်(၇၁)

All Chapters