အခန်း (၈၄၇-၈၄၈)
Vol. 71 Ch. 847-848
အခန်း(၈၄၇)
ရေစစ်ကိရိယာထဲမှာ ပေါက်ကွဲမှုဖြစ်သွားတဲ့အချိန် ဂျင်နရေတာနဲ့ ချိတ်ဆက်ထားတဲ့ တာဘိုင်ဆီကို ရေတွေ ပန်းထွက်သွားပြီး အဲဒီစက်မှုစွမ်းအင်တွေအားလုံးကနေ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသွားစေတယ်။
ဒါက နိုဗာ တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုရမယ့် အလွန်ကို ပြောင်မြောက်တဲ့ ဖြေရှင်းနည်းပဲ။ သူမက ပြဿနာကို ဖြေရှင်းနိုင်ရုံတင်မကဘဲ ပိုကောင်းတဲ့အရာတစ်ခုကိုပါ ဖန်တီးပေးခဲ့တာလေ။
ဒီအယူအဆကို သက်သေပြနိုင်တဲ့ ပုံစံငယ်လေးကို ဖန်တီးပြီးတာနဲ့ သူက နယူးစပါတာဆီ ချက်ချင်း တယ်လီပို့လုပ်ပြီး ပြန်သွားခဲ့ရာ ရေကန်ရဲ့အထက်မှာ သူ့ကိုယ်သူ တစ်ဖန်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။
* * * * * * * *
တစ်ဖက်မှာ မိုက်ကယ်က ရေစစ်ကိရိယာ ပုံစံငယ် သွားလုပ်နေချိန် မင်းသမီးဆရီနာနဲ့ မင်းသမီးအော့တေးဗီးယားတို့က ရေအောက်မှာ နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူတို့အချင်းချင်း ဆက်ဆံတဲ့ပုံစံတွေကြောင့် ရေတွေက ပိုပြီးတော့တောင် အေးစက်လာသလိုပဲ။
"နင်က ဘာလို့ ဒီလောက်တောင် လောနေရတာလဲ" လို့ ဆရီနာက သူတို့ကြားက တိတ်ဆိတ်မှုကို ဖြိုခွဲရင်း မေးလိုက်တယ်။
အော့တေးဗီးယားက ခဏလောက် ဘာမှပြန်မဖြေဘူး။ သင်္ဘောပျက်အသိုက်ရဲ့ မျက်နှာချင်းဆိုင်ဘက်က မတူညီတဲ့ ရေအောက်မြို့တော်ရဲ့ မှုန်ဝါးဝါးအလင်းရောင်ရှိရာ ခပ်လှမ်းလှမ်းဆီကို ငေးကြည့်နေတဲ့ သူမရဲ့စိတ်က တခြားကိစ္စတွေဆီ အာရုံရောက်နေပုံပဲ။
"ဟေး... ငါ နင့်ကို ပြောနေတာလေ" လို့ ဆရီနာက သူမ ကြည့်နေတဲ့ဘက်ကို ရေကူးသွားရင်း ပြောလိုက်တယ်။ ဒီလို ထိပ်တိုက်ရင်ဆိုင်လာမှုကြောင့် ရေဘဝဲမင်းသမီးဆီကနေ လှောင်ရယ်သံတစ်ခု ထွက်လာခဲ့တယ်။
"အင်း... ငါ နင့်ကို မြင်ပါတယ် ငါ့ရဲ့လှပတဲ့ ညီမလေးရယ်" လို့ အော့တေးဗီးယားက ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။ "နင်က သူ့လိုပဲ အမြဲတမ်း လူတွေရဲ့ အာရုံစိုက်မှုကို ခံရတဲ့သူလေ"
ဆရီနာ မျက်မှောင်ကြုတ်သွားတယ်။ "နင်က ဘာလို့ ငါတို့အစ်ကို ရေကန်ရဲ့ခေါင်းဆောင် ဖြစ်လာမှာကို ဒီလောက်တောင် ဆန့်ကျင်နေရတာလဲ၊ သူက အရည်အချင်းရှိတယ်ဆိုတာ နင်လည်း သိတာပဲလေ၊ သူက ငါတို့ကို သေချာပေါက် ဒုက္ခတွင်းထဲ ဆွဲချမယ့်သူ မဟုတ်ပါဘူး"
"နင် နားမလည်ပါဘူး" လို့ မင်းသမီးအော့တေးဗီးယားက တီးတိုးရေရွတ်လိုက်တယ်။ အဲဒီနောက် သူမက သင်္ဘောပျက်အသိုက်ဆီကို ပြန်ကူးသွားပြီး စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။
ဆံပင်နီနဲ့ ရေသူမက သူမရဲ့အစ်မနောက်ကို ကူးလိုက်သွားတယ်။ "ငါက ဘာကို နားမလည်ရမှာလဲ"
ဒါပေမဲ့ ရေဘဝဲမင်းသမီးကတော့ ရေကန်ဘက်ဆီ ဆက်ကူးသွားပြီး သူမရဲ့နယ်မြေကို လှမ်းမြင်ရတဲ့နေရာ ရောက်တော့မှသာ ရပ်တန့်လိုက်တယ်။
အော့တေးဗီးယားရဲ့ အရေပြားပေါ်မှာ ပြင်းပြတဲ့အနီရောင်၊ မျှော်လင့်ချက်ကို ကိုယ်စားပြုတဲ့ အဝါနုရောင်ကနေ စိတ်ပျက်အားငယ်ဖွယ် အပြာရောင်အထိ အရောင်တွေ တစ်ဟုန်ထိုး ပြောင်းလဲသွားတယ်။
သူမက ရေလူသားအုပ်စုတစ်စုကို မြင်လိုက်ရတာဖြစ်ပြီး တိတိကျကျပြောရရင် ပြည်ကြီးငါးလူသား မိသားစုတစ်စုပဲ။ အမှောင်ထုထဲမှာ ဒီမိသားစုက လက်တစ်ဖက်မှာ ရေညှိပိုက်ကွန်တွေနဲ့ ကျန်လက်တစ်ဖက်မှာ ဓားရှည်နှုတ်သီးငါး မှိန်းတွေကို ကိုင်ဆောင်ရင်း ရေထဲကို ထွက်လာခဲ့ကြတယ်။
သူတို့က နောက်နေ့ သူတို့ရဲ့ သန္တာကျောက်တန်းတွေမှာ အစားအသောက်တွေ ဖြည့်တင်းထားနိုင်ဖို့ အမဲလိုက်ရင်း အစာရှာဖွေနေကြတာလေ။
သူတို့ရဲ့ ယာယီအိတ်ထဲမှာ တောက်ပနေတဲ့ မက်ကရယ်ငါး အနည်းငယ်လောက်သာ ရှိသေးတယ်။ သူတို့အတွက် ညဉ့်အချိန်က အခုမှ စတင်ခါစပဲ ရှိသေးတယ်။
"မေမေ... ဒါက စားလို့ရလား" လို့ ပြည်ကြီးငါးရေသူမလေးတစ်ယောက်က သူမလက်ထဲက သေဆုံးပြီး ပုပ်သိုးနေတဲ့ ငါးတစ်ကောင်ကို မြှောက်ပြရင်း မေးလိုက်တယ်။ အဲဒီငါးရဲ့ အကြေးခွံတွေက ပုပ်ဟက်နေပြီဖြစ်ပြီး မျက်လုံးတွေက မီးခိုးရောင်သန်းကာ မျက်လုံးအိမ်ထဲကနေ ပြူးထွက်လုနီးပါး ဖြစ်နေတယ်။ ဘယ်လိုပုံစံနဲ့ကြည့်ကြည့် ဒါက လုံးဝ စားလို့မရတာ အသေအချာပဲ။
"ဒါက လူကြီးတွေအတွက်ပဲ သမီးရဲ့၊ အဲဒါ မေမေ့ကိုပေး... သမီးက ဒါကို ယူလိုက်" လို့ သူမရဲ့ အမေဖြစ်သူက သမီးဖြစ်သူရဲ့လက်ထဲက ပုပ်သိုးနေတဲ့ငါးကို မြန်မြန်ဆန်ဆန် လှမ်းယူလိုက်ရင်း ပြောလိုက်တယ်။ ဆိုးရွားတဲ့ အပုပ်နံ့ကြောင့် သူမ အန်ထွက်လုနီးပါး ဖြစ်သွားပေမဲ့ သမီးဖြစ်သူက အစ်ကိုလုပ်သူကို ငါးအသစ်လေးနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြသနေချိန်အထိ သူမက အောင့်အည်း သည်းခံထားနိုင်ခဲ့တယ်။
သူမရှေ့က စိတ်မချမ်းမြေ့စရာ မြင်ကွင်းကို ငေးကြည့်နေရင်းနဲ့ပဲ အော့တေးဗီးယားရဲ့ သတိထားမှုတွေ တစ်ခဏလောက် လျော့ကျသွားခဲ့တယ်။
"နင် ဘာတွေ ကြည့်နေတာလဲ" လို့ ဆရီနာက ဟာလာဟင်းလင်းဖြစ်နေတဲ့ ရေပြင်ကို လိုက်ကြည့်ရင်း မေးလိုက်တယ်။
အော့တေးဗီးယားရဲ့ မျက်နှာက ချက်ချင်း တင်းမာသွားပြီး သူမရဲ့ အတွေးတွေထဲကနေ ရုန်းထွက်ဖို့ ခေါင်းယမ်းလိုက်တယ်။ "ဘာမှမဟုတ်ပါဘူး..."
"အမှတ်တရတစ်ခုသက်သက်ပါ" လို့ သူမက တီးတိုးရေရွတ်လိုက်တယ်။
ဒီမြင်ကွင်းကြောင့် တွန်းအားရသွားတဲ့ အော့တေးဗီးယားက ဆရီနာဘက်ကို အမြန်လှည့်လိုက်တယ်။ "တခြားကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို လက်မခံခင် ရီနေးတားကုမ္ပဏီကို ငါ နောက်ထပ် တစ်ပတ်ပဲ အချိန်ထပ်ပေးနိုင်မယ်"
"ဘာ... အဲဒါက အရမ်းစောလွန်းနေပြီလေ၊ နင်က သူတို့ကို အချိန်အလုံအလောက် မပေးဘူးဆိုရင် သူတို့က ရေကန်ကို ဘယ်လိုလုပ် ပြင်ဆင်နိုင်မှာလဲ"
အော့တေးဗီးယားရဲ့ မျက်လုံးတွေက အဲဒီမြင်ကွင်း... မဟုတ်ဘူး... အဲဒီအမှတ်တရဆီကို ပြန်ရောက်သွားပြီးနောက် ခေါင်းယမ်းလိုက်တယ်။ သူမရဲ့နယ်မြေနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့က ပိုပြီး အရေးကြီးတယ်လေ။
"တောင်းပန်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့ လှုပ်ရှားမှုအစီအစဉ်ကို သေချာအောင် လုပ်ရမယ်"
ဆရီနာက ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားတယ်။ "လှုပ်ရှားမှုလုပ်မယ် လှုပ်ရှားမှုလုပ်မယ်နဲ့၊ နင့်ရဲ့ရေလူသားတွေ ကောင်းကျိုးကို အရင်ဆုံး ဘာလို့ ထည့်မစဉ်းစားရတာလဲ"
"ငါ စဉ်းစားနေတာပေါ့" လို့ အော့တေးဗီးယားက အော်ပြောလိုက်ပြီး သူမရဲ့အသံက တည်ငြိမ်နေတဲ့ ရေပြင်ထဲ ပဲ့တင်ထပ်သွားတယ်။
ဒီမင်းသမီးနှစ်ပါးက လုံးဝကို ကွဲပြားတဲ့ အမြင်တွေ ရှိနေကြတယ်။ ရီနေးတားကသာ သူတို့ကို ဒီနေရာမှာ ကူညီပေးမယ့်သူ ဖြစ်လာခဲ့ရင် ရေလူသားတွေအားလုံးရဲ့ ဘဝနေထိုင်မှုအဆင့်အတန်းက အကြီးအကျယ် တိုးတက်လာမယ်ဆိုတာ ဆရီနာ သိနေတယ်။ ဒါပေမဲ့ သေချာတာကတော့ အော့တေးဗီးယားက သူတို့အကြောင်း ဘာမှမသိသလို သူတို့ရဲ့ ကတိတွေဆိုတာကိုလည်း သံသယဖြစ်နေတာက အကြောင်းပြချက် ခိုင်လုံနေတယ်လေ။
အော့တေးဗီးယားက သူမကိုယ်တိုင်အတွက်သာမက ရေကန်ထဲမှာရှိတဲ့ ကျောရိုးမဲ့ ရေလူသားတွေအားလုံးအတွက်ပါ တာဝန်ရှိနေတာပဲ။
"နင် သူတို့ကို အနည်းဆုံး တစ်လလောက်တော့ အချိန်ပေးရမယ်လေ"
"ငါ သူတို့ကို ပေးနိုင်တာ တစ်ပတ်ခွဲပဲ ရှိတယ်"
"အို... လုပ်ပါ၊ နင်က သူတို့ကို အခွင့်အရေးတောင် ပေးချင်ပုံမရဘူး"
အဲဒီအချိန်မှာပဲ အထက်ရေပြင်ဆီကနေ ရေပူစီဖောင်းတွေ ထွက်ပေါ်လာတဲ့အသံကို သူတို့ ရုတ်တရက် ကြားလိုက်ရတယ်။
သူတို့နှစ်ယောက်လုံး အပေါ်ကို မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုက သူတို့ကို လက်လှမ်းပြနေတာကို မြင်လိုက်ရတယ်။
အဲဒါ မိုက်ကယ်ပဲ။
* * * * * * * *
သူတို့နှစ်ယောက်ကြားက တင်းမာနေတဲ့ အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် မိုက်ကယ်က ရေပူစီဖောင်းနဲ့အတူ အောက်ခြေကို ဆင်းသက်လာခဲ့တယ်။
"ဝိုး... ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ဆရီနာက ရင်ဘတ်မှာ လက်ပိုက်ထားရင်း "သူမကိုသာ မေးကြည့်ပါ၊ သူမက ငါတို့ရဲ့ သဘောတူညီချက်ကနေ နောက်ဆုတ်နေတယ်" လို့ ပြောလိုက်တယ်။
"ငါ နောက်ဆုတ်နေတာ မဟုတ်ပါဘူး၊ ရီနေးတားအတွက် အချိန်ကာလတစ်ခု သတ်မှတ်ပေးနေရုံပါ"
"အင်း... တစ်ပတ်တဲ့လေ၊ အဲဒါက ဘာမှမရှိသလောက်ပဲ မဟုတ်လား မိုက်-"
ဆရီနာက သူ့ရဲ့ နာမည်အရင်းကို ဖော်ထုတ်တော့မယ့်အချိန်မှာပဲ မိုက်ကယ်က သူတို့ရဲ့ စကားဝိုင်းကို အမြန် ဖြတ်ပြောလိုက်တယ်။
"တစ်ပတ်ဆို လုံးဝ အဆင်ပြေပါတယ်"
"ကြည့်... ငါ ဒါကို ဒေါသထွက်... နေဦး၊ ရှင် အခု ဘာပြောလိုက်တယ်"
အော့တေးဗီးယားတောင်မှ သူ့ရဲ့ လက်ခံမှုကြောင့် မှင်တက်သွားခဲ့တယ်။ "ရှင် ဒါကို အဆင်ပြေတယ်ပေါ့"
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်... အဲဒါက လုံလောက်တဲ့အချိန်ပါပဲ၊ တကယ်တမ်းပြောရရင် ရီနေးတားကုမ္ပဏီအနေနဲ့ အကုန်မပြီးခင် ပြင်ဆင်ဖို့ သုံးလေးရက်လောက် အချိန်ယူရမှာပါ၊ ရလဒ်တွေကို မြင်တွေ့ရဖို့က နောက်ထပ် တစ်ရက် နှစ်ရက်လောက် ကြာဦးမှာဆိုတော့ တစ်ပတ်ဆိုတာ တကယ်ကို လက်ခံနိုင်စရာပါပဲ"
မင်းသမီးအော့တေးဗီးယားက မိုက်ကယ်ကို လုံးဝ အံ့အားသင့်စွာနဲ့ စိုက်ကြည့်နေမိတယ်။ သူမအနေနဲ့ အံ့ဩရမလား၊ သံသယဝင်ရမလားဆိုတာတောင် မသိတော့ဘူး။
တစ်ချိန်တည်းမှာပဲ ဆရီနာကတော့ ပေါက်ကွဲထွက်မတတ် ရယ်မောတာကို မထိန်းထားနိုင်ခဲ့ဘူး။ "ဟား ဟား ဟား... ငါ သဘောပေါက်ပြီ၊ သဘောပေါက်ပြီ၊ အင်းလေ... ဒါပေါ့"
အော့တေးဗီးယားက သူမရဲ့အစ်မဆီကနေ ထွက်ပေါ်လာတဲ့ ရူးသွပ်နေသလို ရယ်မောသံတွေကို လျစ်လျူရှုပြီး မိုက်ကယ်အနားကို ပိုတိုးသွားလိုက်တယ်။
"ငါ နောက်ပြောင်တာတွေကို သဘောမကျဘူး၊ လိမ်ညာတဲ့သူတွေကို ပိုလို့တောင် သဘောမကျသေးတယ်"
မိုက်ကယ်က ပခုံးတွန့်လိုက်တယ်။ "တကယ်ပြောတာပါ... ကျွန်တော့်မှာ ဖြေရှင်းနည်းက ဒီမှာတင် အဆင်သင့်ရှိတယ်" လို့ သူက ပြောလိုက်ချိန်မှာပဲ ဧရာမအရိပ်ကြီးတစ်ခုက သူ့ခြေထောက်တွေဆီကနေ ရေပြင်ကျယ်ကြီးထဲကို စီးဆင်းထွက်ပေါ်လာခဲ့တယ်။
* * * * * * * *
စာစဉ်(၇၁)
အခန်း(၈၄၈)
ကျယ်ဝန်းလှတဲ့ ရေပြင်ထဲမှာ မည်းမှောင်နေတဲ့ အရိပ်တစ်ခု ပေါ်လာပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ အဲဒီနေရာမှာ ဒေါင်လိုက်ပုံစံ အမည်းရောင်သေတ္တာတစ်လုံး ထွက်ပေါ်လာခဲ့တယ်။
မင်းသမီး အော့တေးဗီးယားက သူမ ဘာကိုကြည့်နေမိမှန်း လုံးဝနားမလည်ဖြစ်နေပေမဲ့ မင်းသမီး ဆရီနာကတော့ ဒီစက်ပစ္စည်းနဲ့ နည်းနည်းပိုပြီး ရင်းနှီးနေခဲ့တယ်။ ဒီပစ္စည်းရဲ့ စက်ယန္တရားဆန်တဲ့ သဘာဝက ခြောက်သွေ့မြေရိုင်း တစ်ခုလုံးအတွက် လျှပ်စစ်စွမ်းအင်တွေ ထုတ်လုပ်ပေးနေတဲ့ ရီနေးတားနိုင်ငံရဲ့ ဆင်ခြေဖုံးက တဝီဝီမြည်နေတဲ့ အဆောက်အအုံကြီးတွေကို သူမကို သတိရသွားစေတယ်။
"ဒါက ရှင်ပြောတဲ့ ဖြေရှင်းနည်းလား" လို့ အော့တေးဗီးယားက သံသယဝင်နေတဲ့ လေသံနဲ့ မေးလိုက်တယ်။
"ဟုတ်တယ်... ဒါပေမဲ့ တပ်ဆင်ဖို့တော့ နည်းနည်း အချိန်ယူရလိမ့်မယ်"
သူမရဲ့ တုံ့ပြန်မှုကို မစောင့်နေတော့ဘဲ မိုက်ကယ်က သူ့လက်ကိုမြှောက်ကာ ရေထဲမှာ မှော်စက်ဝိုင်းလေးခုကို ဖန်တီးလိုက်တာကြောင့် ရေဘဝဲမင်းသမီးကို အံ့အားသင့်သွားစေတယ်။
"တစ်ပြိုင်နက်တည်း မန္တန်ရွတ်တာလား"
စာဂျပိုး သမိုင်းပညာရှင်လေးက မှော်ပညာရပ် မှာ ဒီလောက်အထိ ပါရမီပါလိမ့်မယ်လို့ သူမ တစ်ခါမှ တွေးမထားခဲ့ဘူးလေ။
မိုက်ကယ်က သူမ အံ့ဩနေတာကို လျစ်လျူရှုပြီး ဧရာမငါးကန်ကြီးတစ်ခုနဲ့တူတဲ့ အကာအရံတစ်ခုကို ဖန်တီးလိုက်တယ်။ အဲဒီအရာရဲ့ ဘေးဘက်တွေမှာ သတ္တုတွေနဲ့ ကွပ်ထားပြီး အတွင်းကို ဘယ်သူမဆို မြင်နိုင်အောင် အလွန်ခိုင်ခံ့တဲ့ ဖန်သားကို အသုံးပြုထားတယ်။
ဒီငါးကန်ကြီးက လင်းပိုင်၊ ငါးမန်းနဲ့ တခြား ဧရာမရေနေသတ္တဝါကြီးတွေကို ထည့်သွင်းမွေးမြူနိုင်လောက်အောင် ကြီးမားတာမို့ တိရစ္ဆာန်ရုံတွေမှာသာ တွေ့မြင်ရနိုင်တဲ့ အရာမျိုးဖြစ်တယ်။
မိုက်ကယ်က ဒီအကာအရံကြီးကို မှော်ပညာသက်သက်နဲ့ ဖန်တီးနေတာကို အော့တေးဗီးယားနဲ့ ဆရီနာတို့က စောင့်ကြည့်နေခဲ့ကြတယ်။ သူက လက်ချောင်းလေးတစ်ခုကိုတောင် ခပ်လှုပ်လှုပ်သာ လုပ်ခဲ့တာပါ။ ဒီအလုပ်ကို အလွယ်တကူ ပြီးမြောက်သွားတာက မှော်ပညာရပ် ရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ စစ်မှန်တဲ့ ပါရမီကို ထုတ်ဖော်ပြသလိုက်သလိုပဲ။
အော့တေးဗီးယားက မိုက်ကယ်ကို မတူညီတဲ့ အမြင်မျိုးနဲ့ စတင်ကြည့်ရှုလာတာကို သူမရဲ့ မျက်လုံးတွေထဲမှာ မြင်တွေ့နိုင်တယ်။ အခုတော့ သူက သမိုင်းကျောင်းသားလေးတစ်ယောက် မဟုတ်တော့ဘဲ စွမ်းဆောင်ရည်ပြည့်ဝတဲ့ မှော်ဆရာတစ်ယောက် ဖြစ်နေပြီလေ။
ဧရာမငါးကန်ကြီး ပြီးစီးသွားတာနဲ့ တစ်ပြိုင်နက် မိုက်ကယ်က ဖန်သားပြင်ရဲ့ ဘေးဘက်မှာ ခြောက်ပေအမြင့်ရှိတဲ့ စစ်ထုတ်စက်ကို တပ်ဆင်လိုက်တယ်။
ထို့နောက် သူက အိတ်ကပ်ထဲ နှိုက်လိုက်ပြီး လက်သည်းခွံအရွယ်အစားလောက်ရှိတဲ့ ရိုးရှင်းတဲ့ စက်လုံးပုံစံ အရာဝတ္ထုလေးတစ်ခုကို ထုတ်ပြလိုက်တယ်။ အဲဒီအရာဆီကနေ ထွက်ပေါ်နေတဲ့ ရောင်စဉ်တန်းအလင်းရောင်က ပင်ကိုယ်အားဖြင့် ဖျက်ဆီးနိုင်စွမ်းရှိပြီး ကြီးမားလှတဲ့ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေခဲ့တယ်။ ဒါက အော့တေးဗီးယား အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အရာတစ်ခုပဲ။
"... ဗုံးတစ်လုံးပဲ" လို့ သူမက တီးတိုးရေရွတ်လိုက်တယ်။
ရေဘဝဲမင်းသမီးက သဟဇာတဗုံး ရဲ့ စစ်မှန်တဲ့ သဘာဝကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တယ်။ သူမရဲ့ မျက်ခုံးတွေ ပင့်တက်သွားပြီး အခုတော့ မိုက်ကယ် ပြင်ဆင်ထားတဲ့ ဖြေရှင်းနည်းထက် အဲဒီအရာဝတ္ထုကို ပိုပြီး စိတ်ဝင်စားသွားခဲ့ပြီ။
မိုက်ကယ်က စစ်ထုတ်စက်ရဲ့ အပေါ်ဘက်က ခလုတ်ကိုဖွင့်လိုက်ပြီး သဟဇာတဗုံး ကို ၎င်းရဲ့ အရွယ်အစားနဲ့ ကွက်တိကျတဲ့ စတီးကိုယ်ထည် အတွင်းပိုင်းက အချိုင့်လေးထဲ တပ်ဆင်လိုက်တယ်။
လုံခြုံစွာ တပ်ဆင်ပြီးသွားတာနဲ့ အဟပ်မရှိအောင် သေချာစစ်ဆေးပြီး ခလုတ်ကို ပြန်ပိတ်လိုက်တယ်။ တကယ်လို့ ဟာကွက်ရှိနေခဲ့ရင် အတွင်းပိုင်းက ပေါက်ကွဲမှုတွေ အပြင်ကို ယိုစိမ့်ထွက်လာပြီး ငါးကန်ကြီးတစ်ခုလုံးကို လုံးဝ ပျက်စီးသွားစေနိုင်တယ်လေ။
ပြီးတော့ အပေါ်ဘက်က ဖွင့်တဲ့ခလုတ်ကို နှိပ်လိုက်ပြီး စက်ကြီး တဝီဝီမြည်ကာ အသက်ဝင်လာတဲ့အထိ စောင့်နေလိုက်တယ်။
မင်းသမီး အော့တေးဗီးယားက နောက်ကို ဆုတ်လိုက်ပြီး ထူးဆန်းတဲ့ အရာဝတ္ထုကြီးဆီကနေ ကျယ်လောင်တဲ့ အသံတွေ ထွက်လာတာကို စိုက်ကြည့်ရင်း သူမရဲ့ ရေဘဝဲလက်တံတွေကို ကာကွယ်တဲ့အနေနဲ့ လှုပ်ရှားလိုက်တယ်။
"အဲဒါကြီးက ဘာကြီးလဲ"
မိုက်ကယ်က စစ်ထုတ်စက်ရဲ့ ကိုယ်ထည်ကို ခေါက်လိုက်တယ်။ အတွင်းဘက်မှာရှိတဲ့ သဟဇာတဗုံး က ရေထဲကို ပျံ့နှံ့သွားတဲ့ ပေါက်ကွဲမှုတွေ စတင်ထုတ်လွှတ်နေချိန်မှာပဲ သူက "မပူပါနဲ့... လုံခြုံစိတ်ချရအောင် ကျွန်တော် သေချာလုပ်ထားပါတယ်" လို့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
သူက ငါးကန်ကြီးရဲ့ အပေါ်ဘက်မှာ ဖန်အဖုံးတစ်ခု ဖန်တီးကာ ပိတ်လိုက်ပြီး ရေဝင်ပိုက်ကိုတော့ အစွန်းနားမှာ အနည်းငယ် ထွက်နေစေတယ်။
အပေါ်ဘက်မှာရှိတဲ့ သတ္တုရေဝင်ပိုက်ကနေတစ်ဆင့် ရေတွေက စစ်ထုတ်စက်ထဲကို အရှိန်အဟုန်နဲ့ စီးဝင်သွားပြီး ငါးကန်ကြီးထဲကို ပိုမြန်တဲ့ အရှိန်နဲ့ ပြန်လည်ပန်းထွက်လာတယ်။
မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုကို ကြည့်လိုက်ပြီး သူ့လက်ရာကို ကျေနပ်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်တယ်။
အစပိုင်း အံ့ဩသွားတာတွေ ပြီးသွားတဲ့နောက်မှာတော့ မင်းသမီး အော့တေးဗီးယားက ဧရာမငါးကန်ကြီးဆီ ဖြည်းဖြည်းချင်း ရေကူးသွားပြီး သေချာစူးစမ်းလေ့လာလိုက်တယ်။ အထူးသဖြင့် အတွင်းမှာ သတ္တုမိစ္ဆာကြီးတစ်ကောင် ရှိနေသလိုမျိုး ခံစားရတဲ့ ထူးဆန်းတဲ့ အမည်းရောင်သေတ္တာကြီးကိုပေါ့။
"ဒါက... ဒါက ပြီးသွားပြီလား" လို့ မင်းသမီး အော့တေးဗီးယားက အနည်းငယ် စိတ်ပျက်သွားတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဒီလောက်ကြီးမားတဲ့ စက်ပစ္စည်းကြီးနဲ့ဆိုတော့ သူမက ရေထဲမှာ ပိုပြီး အံ့မခန်းစရာကောင်းတဲ့ အပြောင်းအလဲမျိုးကို မြင်တွေ့ရဖို့ မျှော်လင့်ထားခဲ့တာလေ။
ဒါပေမဲ့ ဒီလို စိတ်ပျက်စရာလေး ဖြစ်သွားပေမဲ့လည်း ဒါက သူမရဲ့ စိတ်ကို အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့တယ်။
သူ့ရဲ့ မှော်ပညာရပ် ဆိုင်ရာ ပါရမီတွေအပြင် ထူးဆန်းတဲ့ ရောင်စဉ်တန်းဗုံးကိုပါ မြင်တွေ့လိုက်ရပြီးနောက် မင်းသမီး အော့တေးဗီးယားက အခုတော့ ကီယို နဲ့ အရင်ကထက်တောင် ပိုပြီး မဟာမိတ်ဖွဲ့ချင်သွားခဲ့ပြီ။ သူက သူတို့ရေကန်ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမဲ့ သူမအစ်ကိုကို ဆန့်ကျင်မယ့် တိုက်ပွဲမှာတော့ တခြားအကူအညီမျိုး ပေးနိုင်လိမ့်မယ်လေ။
"ဒီကိစ္စအစား ကျွန်မတို့ တခြား ပူးပေါင်းဆောင်ရွက်မှု တစ်ခုခုအကြောင်း ပြောကြရင်ရော ဘယ်လိုလဲ"
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားနေတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ "ခဏလေး..."
သူ့ရဲ့ အကြည့်တွေက ရေကန်ရဲ့ မှုန်မှိုင်းပြီး မှောင်မည်းနေတဲ့ ရေထဲမှာ ဦးတည်ချက်မရှိ ကူးခတ်နေကြတဲ့ သေးငယ်တဲ့ ငါးအုပ်စုလေးတစ်စုဆီ ရောက်နေခဲ့တယ်။ သူတို့ရဲ့ အကြေးခွံတွေက မီးခိုးရောင်သန်းနေပြီး သက်ဝင်လှုပ်ရှားမှု မရှိသလို အပေါ်ယံကနေ ဖြာကျလာတဲ့ အလင်းရောင် အနည်းငယ်လောက်မှာသာ အရောင်လေး နည်းနည်း တလက်လက် တောက်ပနေခဲ့တယ်။
အော့တေးဗီးယားက ဒီ ငါးသေးလေးတွေရဲ့ မျိုးစိတ်ကို သိတယ်။ သူတို့က ပင်လယ်ကြီးထဲမှာ အများအပြား ရှင်သန်ပေါက်ဖွားနိုင်တာမို့ ဒီရေကန်ထဲမှာလည်း မျိုးပွားနိုင်ပြီး သက်ရှိတွေအားလုံးနဲ့ ရေလူသား တွေအတွက် အာဟာရဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီကို အများကြီး တင်သွင်းခဲ့ကြတာပါ။
ဒါပေမဲ့ ရေထဲမှာ အာဟာရဓာတ် ချို့တဲ့မှုကြောင့် သူတို့ရဲ့ အရေအတွက်က လျင်မြန်စွာပဲ လျော့နည်းသွားခဲ့တယ်။
ပြီးတော့ သူတို့က ဖမ်းရလွယ်ကူတဲ့ သားကောင်တွေ ဖြစ်နေတာကြောင့် ဒီလို ကြီးမားတဲ့ အစားအစာ ရှားပါးမှု ကာလအတွင်းမှာ ပထမဆုံး အမဲလိုက်ခံရတဲ့ ငါးတွေ ဖြစ်လာခဲ့တယ်။
ပုန်းအောင်းဖို့ ဖိအားပေးခံရတဲ့အတွက် ဒီလို ခင်မင်စရာကောင်းပြီး လှပတဲ့ ငါးလေးတွေက အခုတော့ မှိုင်တွေလာခဲ့ကြတယ်။ သူတို့က တခြားငါးတွေရော ရေလူသား တွေနဲ့ပါ ထိတွေ့ဆက်ဆံတာကို ရှောင်ရှားကြပြီး ရေထဲမှာ တခြားတစ်ယောက်ယောက် ကူးခတ်နေတယ်ဆိုတဲ့ အရိပ်အယောင်လေး တွေ့တာနဲ့ အဝေးကို ထွက်ပြေးတတ်ကြတယ်။
ဒီငါးသေးလေးတွေက အဝေးကို ထွက်ပြေးမသွားဘူးဆိုတာကို သတိပြုမိသွားတဲ့အခါ အော့တေးဗီးယားရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ အဲဒီအစား သူတို့က သူတို့ဆီကို ဖြည်းဖြည်းချင်း တိုးကပ်လာနေကြတယ်လေ။
ဒါက သူမအတွက်တော့ လုံးဝကို အံ့အားသင့်စရာပဲ။ စစ်ထုတ်စက်ဆီကနေ ထွက်ပေါ်နေတဲ့ ထူးဆန်းတဲ့ စက်ယန္တရားသံတွေက ဒီငါးလေးတွေကို သူတို့ မျက်စိနဲ့ သေချာမမြင်ရခင် အဝေးကတည်းက လန့်ပြေးသွားစေသင့်တာလေ။
ဒါတောင်မှ သူတို့က ဧရာမ ဖန်အကာအရံကြီးဆီ ဆက်လက် ကူးခတ်လာနေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေက သတိထားနေပေမဲ့ စူးစမ်းလိုစိတ်တွေလည်း အပြည့်ရှိနေတယ်။
မိုက်ကယ်က သူ့လက်တွေကို လျင်မြန်စွာ လှည့်လည်လှုပ်ရှားလိုက်ပြီး ငါးကန်ရဲ့ ဖန်သားပြင်မှာ အပေါက်ငယ်လေးတစ်ခု ဖန်တီးနိုင်တဲ့ မှော်စက်ဝိုင်းတစ်ခုကို ဖော်ထုတ်လိုက်တယ်။
ပထမဆုံး ငါးသေးလေးတစ်ကောင်က အဲဒီအပေါက်ကနေ ဖြည်းဖြည်းချင်း ဝင်ရောက်သွားချိန်မှာတော့ သူတို့ သုံးယောက်လုံး တိတ်ဆိတ်နေခဲ့ကြတယ်။
အထူးသဖြင့် အော့တေးဗီးယားက သူမရဲ့ ပါးဟက်ထဲက ထွက်လာတဲ့ ရေတွေကြောင့် ဒီငါးလေးတွေ လန့်ပြေးသွားမှာကို စိုးရိမ်ပြီး အသက်အောင့်ထားခဲ့တယ်။
ဒုတိယမြောက် ငါးသေးလေး ငါးကန်ထဲ ဝင်သွားပြီးတဲ့နောက်မှာတော့ တတိယတစ်ကောင်၊ ပြီးတော့ စတုတ္ထတစ်ကောင်၊ နောက်ဆုံးမှာ သူတို့အားလုံး အကြောက်တရား အရိပ်အယောင် လုံးဝမရှိဘဲ အကာအရံထဲကို ဝင်ရောက်ကူးခတ်သွားချိန်မှာတော့ သူမရဲ့ စိုးရိမ်မှုတွေက အချည်းနှီးဖြစ်ကြောင်း သက်သေပြလိုက်သလိုပါပဲ။
စိုးရိမ်ထိတ်လန့်နေခဲ့တဲ့ ဒီငါးသေးလေးတွေက ကစားကွင်းထဲက ကလေးတစ်ယောက်လိုမျိုး တက်ကြွလန်းဆန်းစွာနဲ့ ရေထဲမှာ လျင်မြန်စွာ ဟိုဒီ ကူးခတ်သွားလာနေကြတယ်။ သူတို့က ရေကူးရင်း သူတို့ရဲ့ စွမ်းအင်တွေ အကုန်ခန်းသွားမှာကိုတောင် ဂရုမစိုက်ကြတဲ့ပုံပဲ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီငါးလေးတွေ... သူတို့ အစာစားနေကြတာပဲ" လို့ အော့တေးဗီးယားက သဘောပေါက်သွားတယ်။
ဖြည်းဖြည်းချင်းနဲ့ သေချာပေါက်ပါပဲ၊ ဒီ 'သာမန်' ရေစီးကြောင်းလေးတွေထဲမှာ ဟိုဒီ ကူးခတ်သွားလာနေရင်း ဒီငါးလေးတွေရဲ့ မီးခိုးရောင် အကြေးခွံတွေက သူတို့ရဲ့ တောက်ပမှုကို ပြန်လည်ရရှိလာခဲ့တယ်။
မိုက်ကယ်က ဘာဖြစ်နေလဲဆိုတာကို သိတယ်။ ဒီငါးကန်ထဲမှာ ဖိုက်တိုပလန်တွန် တွေက အချိုးကျ မြန်ဆန်တဲ့နှုန်းနဲ့ ပွားများနေခဲ့တာပါ။ သူတို့က အတွင်းဘက်မှာ လှည့်ပတ်နေတဲ့ မှော်စွမ်းအင် ကြွယ်ဝတဲ့ ရေတွေကြောင့် ဆွဲဆောင်ခံခဲ့ရပြီး အဲဒီကနေတစ်ဆင့် ဖိုက်တိုပလန်တွန် တွေကို စားသုံးဖို့ ငါးသေးလေးတွေကို ဆွဲဆောင်နိုင်ခဲ့တာမို့ ပေါများကြွယ်ဝတဲ့ ရေနေသတ္တဝါတွေရဲ့ သံသရာကို စတင်နိုင်ခဲ့တာဖြစ်တယ်။
"ဒါ အလုပ်ဖြစ်တယ်" လို့ သူက ကြေညာလိုက်တယ်။
"ဒါ အလုပ်ဖြစ်တယ်" လို့ ဆရီနာက ဂုဏ်ယူကျေနပ်စွာ ခေါင်းညိတ်ရင်း ထပ်ပြောလိုက်တယ်။ သူမက သူမအစ်မကို ပြန်ကြည့်လိုက်ပြီး သူမရဲ့ အံ့ဩမှင်တက်နေတဲ့ ပုံစံလေးကို သဘောကျစွာ ငေးကြည့်နေခဲ့တယ်။
"ဒါ အလုပ်ဖြစ်တယ်..." လို့ အော့တေးဗီးယားက မယုံကြည်နိုင်သေးတဲ့ဟန်နဲ့ ရေရွတ်လိုက်တယ်။
သူတို့ နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်နေလိုက်ချိန်မှာတော့ ငါးတွေ ပိုပိုများလာပြီး ငါးကန်ထဲကို တိုးဝှေ့ဝင်ရောက်လာကြတယ်။ အခုတော့ ငါးသေးလေးတွေတင် မကတော့ဘဲ ကြယ်ငါးတွေ၊ ရေဖြူကောင်တွေ၊ ဂဏန်းတွေအစရှိသဖြင့် အစုံအလင်ပါပဲ။ မျိုးစုံလှတဲ့ ရေနေသတ္တဝါတွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာတာက အတွင်းပိုင်းက သက်ရှိသံသရာကို ပိုပြီး အရှိန်အဟုန် မြင့်တက်လာစေခဲ့ကာ နာရီအနည်းငယ်အကြာမှာတော့ ငါးကန်ကြီးတစ်ခုလုံး ငါးတွေနဲ့ ပြည့်လျှံသွားတဲ့အထိ ပိုပိုပြီး ဆွဲဆောင်နိုင်ခဲ့တယ်။
သူမရဲ့ ကိုယ်ပိုင်မျက်လုံးတွေနဲ့ မြင်တွေ့နေရတာတောင်မှ အော့တေးဗီးယားက ဘာတွေဖြစ်နေလဲဆိုတာကို မယုံနိုင်သေးဘူး။
"ဘယ်လိုလုပ်ပြီး..."
"ခင်ဗျား ဒါကို သိချင်မှသိမှာပါ... ဒါပေမဲ့ ဒီရေကန်ထဲက ရေတွေမှာ မှော်စွမ်းအင် လုံးဝ ကင်းမဲ့နေတာလေ"
ယေဘုယျအားဖြင့် ရေလူသား တွေနဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါ တွေမှာ အသုံးပြုစရာဆိုလို့ တာအိုနှလုံးသား တွေပဲ ရှိကြတာပါ။ သူတို့မှာ မှော်စွမ်းအင်အမြုတေတွေ မရှိကြတဲ့အတွက် ရေထဲမှာရှိတဲ့ မှော်စွမ်းအင် ကို မခံစားနိုင်ကြဘူးဆိုတဲ့ သဘောပဲ။
"ပြီးတော့ မှော်စွမ်းအင် မရှိဘဲနဲ့ ဖိုက်တိုပလန်တွန် တွေလို သေးငယ်တဲ့ သက်ရှိတွေက မျိုးမပွားနိုင်ကြဘူးလေ။ သူတို့ မရှိရင် ဒီငါးတွေကလည်း သူတို့ကိုယ်သူတို့ မရှင်သန်နိုင်ကြဘူး"
"ဒါပေမဲ့ ကျွန်တော် ဖန်တီးထားတဲ့ ဒီစစ်ထုတ်စက်ကျေးဇူးကြောင့် ရေတွေက မှော်စွမ်းအင် တွေနဲ့ ပြည့်ဝသွားတာပါ။ ဟိုအမည်းရောင်သေတ္တာထဲကနေ စီးထွက်လာတာ ခင်ဗျား မြင်နေရတဲ့ ရေတွေပဲ"
သူက စစ်ထုတ်စက်ရဲ့ အောက်ခြေမှာရှိတဲ့ သတ္တုပိုက်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။ အဲဒီနေရာမှာ မြန်ဆန်တဲ့ ရေစီးကြောင်းကြောင့် လွင့်စဉ်သွားကြပေမဲ့လည်း ငါးအများစုက စုရုံးနေကြတာလေ။
မင်းသမီး အော့တေးဗီးယားက မိုက်ကယ် ပြောလိုက်တဲ့ အသုံးအနှုန်းတွေကို နားမလည်ပေမဲ့လည်း သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုနောက်က ယုတ္တိကိုတော့ လျင်မြန်စွာ သဘောပေါက်နိုင်ခဲ့တယ်။
"သဘောပေါက်ပြီ... အတိုချုပ်ပြောရရင် ရှင့်ရဲ့ ဒီ 'စစ်ထုတ်စက်' က ရေထဲကို အာဟာရဓာတ်တွေ ယူဆောင်လာပေးပြီး အဲဒီကနေတစ်ဆင့် ငါးတွေဆီကို အစားအစာတွေ ရောက်ရှိလာစေတာပေါ့"
"ဟုတ်တယ်... ကွက်တိပဲ"
"ရှင် နောက်ထပ် ဖန်တီးပေးနိုင်မလား"
သူက ခေါင်းညိတ်လိုက်တယ်။ "အခုလောလောဆယ်တော့ ဒါက နမူနာပုံစံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ နောက်ကျရင် ဒီထက်ပိုကြီးတာကို ကျွန်တော် ဖန်တီးနိုင်ပါတယ်။ အဲဒါဆိုရင် သင်္ဘောပျက် အနီးတစ်ဝိုက်က ရေတွေကို အလွယ်တကူ ပြည့်ဝသွားစေနိုင်လောက်တယ်"
"ရှင် နောက်ထပ် အများကြီး ဖန်တီးလိုက်ရင်ရော ဘယ်လိုဖြစ်မလဲ"
"လိုအပ်မယ်ဆိုရင် ရေကန်ကြီးတစ်ခုလုံးကို ပြည့်ဝသွားအောင် လုပ်ဖို့ဆိုတာလည်း ဖြစ်နိုင်ပါတယ်"
ရေကန်ပတ်လည်၊ အထူးသဖြင့် ရေမြောင်းအနီးတစ်ဝိုက်မှာ ဧရာမစစ်ထုတ်စက် အခုတစ်ရာနီးပါး ချထားရမှာဖြစ်လို့ ဒါက ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဒါက ဖြစ်နိုင်ချေရှိပါတယ်။
"ကီယို..."
"ဗျာ"
"ကျွန်မရဲ့ သဲဒင်္ဂါး တွေကို ယူလိုက်ပါ"
မိုက်ကယ်က အတွင်းစိတ်ထဲမှာ အောင်ပွဲခံလိုက်တယ်။ သူက အော့တေးဗီးယားဘက်ကို လှည့်မကြည့်ခင် သူ့မျက်နှာပေါ်က လောဘတက်နေတဲ့ အမူအရာကို ဖုံးကွယ်လိုက်တယ်။ "ဒါဆို ခင်ဗျားက ရီနေးတားကုမ္ပဏီ နဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ သဘောလား"
သဲဒင်္ဂါး တစ်သန်းတောင်လေ။
"ဟုတ်တယ်... စီမံကိန်း ပြီးစီးသွားတဲ့အခါ ရှင့်ကို သဲဒင်္ဂါး သန်းတစ်ရာပေးမယ်လို့ ကျွန်မ ကတိပေးနိုင်ပါတယ်"
* * * * * * * *