အခန်း ၅၃၉
Vol. 54 Ch. 539
အခန်း (၅၃၉) သိုင်းသူတော်စင် ရောက်ရှိလာခြင်း
မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့သည် နဂါးသွေးကြောကို သိမ်းဆည်းပြီး ချက်ချင်းထွက်ခွာရန် ပြင်ဆင်နေစဉ် ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော အပြောင်းအလဲအချို့ကို ရုတ်တရက် အာရုံခံမိလိုက်၏။ သူ၏ အကြည့်တို့ စူးရှသွားပြီး နေရာတစ်ဖက်သို့ ရုတ်ချည်း လှည့်ကြည့်လိုက်ရာ ရင်ထဲ၌ အေးစက်လေးလံသွားလေသည်။
နောက်ဆုံးတော့လည်း ရောက်လာခဲ့လေပြီ။
မင်ယွဲ့နိုင်ငံ၏ မြို့တော် ဟင်းလင်းပြင်အထက်၌ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို ထိုးဖောက်သွားသည့်အလား ရွှေရောင်အလင်းတန်းများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။ တောင်ပိုင်းယွဲ့မြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည့် ခဏတွင် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထင်ဟပ်လာလေသည်။
လှပခမ်းနားသော သင်္ကန်းကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဗုဒ္ဓဘာသာဂိုဏ်း၏ မှော်လက်နက်ကို ကိုင်ဆောင်ထားရာ အဝေးမှကြည့်လျှင် တရားထူးရထားသော ဘုန်းတော်ကြီးတစ်ပါးနှင့် တူနေ၏။ သို့သော် သေချာစွာ အကဲခတ်ကြည့်ပါက ထိုသူ၏ ခန္ဓာကိုယ်ထက်၌ ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များကို မြင်တွေ့နိုင်ပေသည်။
"ဒါယိကာကျန်း... သင်က ဒီရဟန်းကို တော်တော်လေး အရှာခက်စေခဲ့တာပဲ..." ထိုသူ၏ နှုတ်ခမ်းမှ တိုးညင်းသော စကားသံတစ်ခု ထွက်ပေါ်လာ၏။
ကျန်းချဲ့က စကားလုံးအချို့ကို ဖြည်းညင်းစွာ ရေရွတ်လိုက်လေသည်။
"နဂါးနိုင်..."
သူသည် နဂါးနိုင်ကိုယ်တော်နှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသော်လည်း ဤသူ့အကြောင်းကို နားမလည်ဟု မဆိုလိုပေ။ တကယ်တမ်းတွင် ချီရွှယ်မိစ္ဆာသခင်၏ သေခန်းရှင်ခန်း ရန်သူဖြစ်သောကြောင့် ချီရွှယ်မိစ္ဆာသခင်က နဂါးနိုင်ကိုယ်တော်၏ အသေးစိတ် အချက်အလက်အားလုံးကို သူ့အား ပြောပြထားပြီး ဖြစ်၏။ ထို့ကြောင့် ဤသူနှင့်ပတ်သက်၍ ကျန်းချဲ့အတွက် ရင်းနှီးနေသလို စိမ်းသက်နေသလို ခံစားရလေသည်။
"ဒါယိကာကျန်းက မျက်စိရှင်တာပဲ... တစ်ချက်ကြည့်ရုံနဲ့ ဒီရဟန်းကို သိမြင်နိုင်တယ်... သိုင်းသူတော်စင်အောက်မှာ နံပါတ်တစ် ပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်..."
နဂါးနိုင်ကိုယ်တော်သည် အတင်းအကျပ် ဖိအားပေးခြင်း မရှိဘဲ အလွန် တည်ငြိမ်စွာ ပြုမူနေပြီး အောင်ပွဲကို လက်ဆုပ်လက်ကိုင် ရရှိထားပြီဖြစ်သည့်အလား ပုံပေါက်နေ၏။
နဂါးနိုင်ကိုယ်တော် ပေါ်ထွက်လာခြင်းအတွက် ယခုအချိန်တွင် များစွာ မေးခွန်းထုတ်နေရန် မလိုအပ်တော့ပေ။ ကောင်းကင် လျှို့ဝှက်ချက်များ ပြန်လည်ကုစားခံလိုက်ရသောကြောင့် တစ်ဖက်လူက သူ့ကို ရှာတွေ့သွားခြင်းဖြစ်မည်မှာ အသေအချာပင်။ ကျားခေါင်း ဟွမ်ကူးနတ်လှံတံသည် လက်ထဲသို့ ရောက်ရှိလာပြီး ကျန်းချဲ့က နဂါးနိုင်ကိုယ်တော်ထံသို့ တိုက်ရိုက် ချိန်ရွယ်လိုက်လေသည်။
"လာစမ်း..."
ယခုအချိန်တွင် စကားပိုများ ပြောနေရန် မလိုအပ်တော့ပေ။ ဗုဒ္ဓဘာသာဂိုဏ်းက အပင်ပန်းခံ၍ သူ့ကို လိုက်လံရှာဖွေနေခြင်းမှာ သူ့ကို သတ်ဖြတ်ရန်သာ ဖြစ်၏။ ထို့ကြောင့် ကျန်းချဲ့သည် အတိတ်အကြောင်းများကို ပြောဆိုနေမည် မဟုတ်သကဲ့သို့ အချိန်ဆွဲနေမည်လည်း မဟုတ်ပေ။ ယခုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တိုက်ခိုက်ရန်သာ ရှိတော့သည်။
ထို့အပြင် သူသည်လည်း ယခုလက်ရှိ သူ၏ စွမ်းအားက ကောင်းကင်ဘုံကို ဆန့်ကျင်၍ သိုင်းသူတော်စင်များကို သတ်ဖြတ်နိုင်စွမ်း ရှိမရှိကို စမ်းသပ်ကြည့်လိုလေသည်။ သိုင်းသူတော်စင်အဆင့်သို့ စတင်ဝင်ရောက်လာသော ဤနဂါးနိုင်ကိုယ်တော်မှာ သူ၏ အကောင်းဆုံး ပစ်မှတ်ပင် ဖြစ်၏။
နဂါးနိုင်ကိုယ်တော်သည် ကျန်းချဲ့၏ သဘောထားကို ဂရုစိုက်ပုံမပေါ်ဘဲ ဆက်လက်ပြောဆိုလိုက်၏။
"ဒါယိကာကျန်းက ဘာလို့ ဒီလိုမျိုး လုပ်နေရတာလဲ..."
"ဘာလဲ... မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းက တိုက်ပွဲမစခင်မှာ စကားပိုတွေ ပြောရတာကို သဘောကျလို့လား..."
ကျန်းချဲ့က မျက်မှောင်ကျုံ့ကာ တုံ့ပြန်လိုက်လေသည်။
"ဒီလို မဟုတ်ပါဘူး... ဗုဒ္ဓဘာသာဂိုဏ်းမှာ သက်ရှိတွေကို ကယ်တင်လိုတဲ့ မေတ္တာတရား ရှိတဲ့အတွက် အကြောင်းမဲ့ သတ်ဖြတ်တာမျိုးကို မလုပ်ချင်ပါဘူး... ဒီနေ့ ဒီရဟန်း ရောက်လာတာက ဒါယိကာကျန်းကို ဖိနှိပ်ဖို့ မဟုတ်ဘဲ ဒါယိကာကျန်းအတွက် မှန်ကန်တဲ့ လမ်းစဉ်တစ်ခုကို ညွှန်ပြပေးဖို့ပါ..."
နဂါးနိုင်ကိုယ်တော်က အလွန် တည်ငြိမ်ခမ်းနားသော ဟန်ပန်ဖြင့် ပြောဆိုလိုက်ပြီး ကျန်းချဲ့အား တုံ့ပြန်ရန် အချိန်ပင်မပေးဘဲ ဆက်ပြောလိုက်၏။
"ဒါယိကာကျန်းရဲ့ သတ်ဖြတ်မှု အပြစ်တွေက အရမ်းကို ကြီးမားလွန်းတယ်... ကျင့်ကြံခြင်းအတွက် အနှောင့်အယှက် ဖြစ်စေသလို လောကကြီးအတွက်လည်း မငြိမ်းချမ်းစေဘူး... ဗုဒ္ဓဘာသာဂိုဏ်းက လောကတစ်ခုလုံးကို ကယ်တင်ဖို့ တာဝန်ယူထားတာဖြစ်လို့ ဒါယိကာကျန်းလို လူမျိုးကို အတိုင်းအဆမသိ ရမ်းကားခွင့်ပေးထားဖို့ လုံးဝ မဖြစ်နိုင်ပါဘူး... ဒီရဟန်း ရောက်လာရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ... ဒါယိကာကျန်းကို ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းထဲ ဝင်ရောက်လာအောင် ကယ်တင်ဖို့နဲ့ အမှောင်ထဲကနေ အလင်းဘက်ကို ကူးပြောင်းလာဖို့ပါ... ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ လေ့ကျင့်ပေးမှုအောက်မှာ နောင်တစ်ချိန် တာ့လေ့ယင် ဘုန်းကြီးကျောင်းအတွက် တိုက်ခိုက်ရေး ဗောဓိသတ်ရာထူး တစ်ခု ပိုလာမှာ သေချာပါတယ်..."
"ဒီကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါ့ကို စဉ်းစားဖို့ ရက်အနည်းငယ်လောက် အချိန်ပေးရလိမ့်မယ်... နဂါးနိုင်ကိုယ်တော်က ဘယ်လိုထင်လဲ..."
ကျန်းချဲ့က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
တစ်ချိန်တည်းမှာပင်။ ရင်ထဲ၌ တိတ်တဆိတ် ပြင်ဆင်မှုများကို ပြုလုပ်နေခဲ့၏။ နဂါးနိုင်ကိုယ်တော် ယခုတစ်ကြိမ် လက်စွမ်းပြလာပြီဖြစ်ရာ သူတို့နှစ်ဦးကြားတွင် တစ်ဦးမသေမချင်း တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခုအခါ သူ၏ တည်နေရာ ထုတ်ဖော်ခံလိုက်ရပြီဖြစ်သဖြင့် အခြားသော စွမ်းအားရှင်များ၏ အာရုံစိုက်မှုကိုပါ ဆွဲဆောင်နိုင်ချေ အလွန်များပြားရာ ပြီးပြည့်စုံသော ပြင်ဆင်မှုများကို ပြုလုပ်ထားရမည် ဖြစ်၏။ သူသည် အသေခံ၍ တိုက်ခိုက်မည် မဟုတ်ပေ။ ဤသို့ပြုလုပ်ခြင်းက အလွန် အသိဉာဏ်ကင်းမဲ့လွန်းလှသည်။
နဂါးနိုင်ကိုယ်တော်က စကားမဆိုဘဲ ပြုံးနေကာ ကျန်းချဲ့အား စိုက်ကြည့်၍ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အင်္ကျီလက်စွပ်ကြားမှ ရွှေရောင်ခေါင်းစွပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
"ဒါယိကာကျန်းက ရက်အနည်းငယ်လောက် စဉ်းစားချင်တာ ပြဿနာမရှိပါဘူး... ဒါပေမဲ့ ဒီအရာကိုတော့ အရင်ဆုံး တပ်ဆင်ထားပေးရမယ်... ဒါဆိုရင် ဒီရဟန်းလည်း စိတ်အေးရပြီပေါ့..."
"ဒါက ဘာခွေးချီး အရာကြီးလဲ..."
ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"ဒါက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ရွှေခေါင်းစွပ်ပါ... ဒါကို တပ်ဆင်လိုက်ရုံနဲ့ ရွှေခန္ဓာကိုယ်ရဲ့ ရှုံးနိမ့်ခြင်းကင်းမဲ့တဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ပြီး ဗောဓိသတ်ရဲ့ တရားဟောကြားမှုတွေကို အချိန်တိုင်း နားဆင်နိုင်မှာပါ... တာ့လေ့ယင် ဘုန်းကြီးကျောင်းမှာတောင် အရမ်းကို အဖိုးတန်လှတဲ့ အရာပါ... ဒီတစ်ခေါက် ဒီရဟန်း ရောက်လာတာကို ရန်ချန် ဗောဓိသတ်က အထူးမှာကြားလိုက်ပါတယ်..."
"ဒီအရာကို တပ်ဆင်လိုက်ရင် မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ခွေး ဖြစ်သွားပြီ မဟုတ်လား... နဂါးနိုင် မင်းက ငါ့ကို အရမ်း အထင်သေးလွန်းနေပြီ... ဒီနေ့ မင်းနဲ့ငါ တစ်ယောက်မသေမချင်း တိုက်ခိုက်ရမယ်... ဒါပေမဲ့ ငါ့ကို အရှုံးပေးခိုင်းဖို့ကတော့... လုံးဝ မဖြစ်နိုင်ဘူး... ဗုဒ္ဓဘာသာဂိုဏ်းက ဘာမို့လို့လဲ... ငါ့ကို ထိန်းချုပ်ဖို့များ ထိုက်တန်လို့လား..."
ကျန်းချဲ့က အေးစက်စွာ လှောင်ရယ်လိုက်လေသည်။
နဂါးနိုင်ကိုယ်တော်၏ အကြံအစည်ကို သူ မည်သို့ မသိမြင်ဘဲ နေမည်နည်း။ ဤရွှေခေါင်းစွပ်ကို တပ်ဆင်ရန် လွယ်ကူသော်လည်း ပြန်ချွတ်ရန်မှာမူ အလွန် ခက်ခဲလှပေမည်။ သူသည် နောက်ဆုတ်ရန် လမ်းမရှိသူ မဟုတ်ရာ အသက်မရှိသော ပစ္စည်းတစ်ခု၏ ထိန်းချုပ်မှုကို မည်သို့ ခံယူမည်နည်း။
"ဗုဒ္ဓဘာသာဂိုဏ်းက မဖြစ်ဘူးဆိုရင် အရှင်မင်းကြီးဆိုရင်ကော..."
မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ချိတ်ဆွဲလျက် နဂါးနိုင်ကိုယ်တော်က ဆက်ပြောလိုက်၏။
"ဟင်..."
ထိုစကားကို ကြားသောအခါ ကျန်းချဲ့၏ မျက်မှောင်များ ချက်ချင်း တွန့်ချိုးသွားလေသည်။
ထို့နောက်။ နဂါးနိုင်ကိုယ်တော်က အင်္ကျီလက်စွပ်ကြားမှ ဧကရာဇ်မင်း၏ အမိန့်တော်ဝရမ်း တစ်လိပ်ကို ထုတ်ယူကာ ဟင်းလင်းပြင်ပေါ်သို့ အလွယ်တကူ လွှင့်တင်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။ ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုက ကိုးလွှာသော ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ခန့်ညား၍ အေးစက်လှသော အသံကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားတော့သည်။
"ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမှ အမိန့်ထုတ်ပြန်လိုက်သည်... ကွမ်ကျွင်းနယ်စား ဝူအန်း မြို့စားကြီး ကျန်းချဲ့သည် ထျန်းယွမ်မြို့၌ စစ်ရေးစွမ်းဆောင်မှုများ ပြုလုပ်ခဲ့သဖြင့် ကိုယ်တော် အလွန်ပင် ဝမ်းမြောက်မိသည်... ဤရွှေခေါင်းစွပ်မှာ ဗုဒ္ဓဘာသာဂိုဏ်း၏ အဖိုးတန်ရတနာဖြစ်ပြီး မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်... မှူးမတ်ကျန်းသာ ဤအရာကို တပ်ဆင်လိုက်မည်ဆိုပါက ယနေ့မှစ၍ ဗုဒ္ဓဘာသာဂိုဏ်းက ဤကိစ္စကို ဆက်လက်အရေးယူမည် မဟုတ်ကြောင်း ကိုယ်တော် အာမခံသည်... မှူးမတ်ကျန်း မြို့တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကိုယ်တော်သည် နန်းတွင်း၏ အင်အားအားလုံးကို အသုံးပြု၍ မှူးမတ်ကျန်း သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးမည် ဖြစ်သည်... ဤသည်မှာ ကိုယ်တော်၏ ကတိကဝတ်ပင် ဖြစ်သည်..."
အမိန့်တော်ဝရမ်းပေါ်မှ ထွက်ပေါ်လာသော အသံမှာ ယွမ်ခန် ဧကရာဇ်မင်း ကျီဝမ်ဟောင်၏ အသံပင် ဖြစ်ပြီး ကြိုတင်၍ ထွင်းထုထားသည့်အလား ထိုကဲ့သို့ ဖွင့်လှစ်လိုက်ချိန်တွင် အလွန် ထူးဆန်းဆန်းကြယ်လှပေသည်။ သို့သော် ကျန်းချဲ့မှာမူ လှောင်ရယ်သံကို မထိန်းချုပ်နိုင်ခဲ့ပေ။
"ဒါယိကာကျန်းက ဘာလို့ ရယ်မောနေရတာလဲ..."
နဂါးနိုင်ကိုယ်တော်၏ မျက်မှောင်များ တင်းကျပ်စွာ တွန့်ချိုးသွားပြီး ကျန်းချဲ့၏ ဤကဲ့သို့သော သဘောထားကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ဧကရာဇ်မင်း၏ အမိန့်တော်ဝရမ်းကိုပင် အနည်းငယ်မျှ ဂရုမစိုက်သည့်အလား ဖြစ်နေလေသည်။
ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ကိုယ်တိုင်ပင်လျှင် ဧကရာဇ်မင်း၏ အမိန့်တော်ဝရမ်းကို လိုက်နာရကြောင်း သိထားရမည် ဖြစ်၏။ သူ ကိုယ်တိုင်ကိုယ်ကျ လက်စွမ်းပြပြီး အမိန့်တော်ဝရမ်း၏ အာဏာစက်ကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက ကျန်းချဲ့အနေဖြင့် ခုခံမှုကို စွန့်လွှတ်ကာ ယွမ်ကျင် ရွှေခေါင်းစွပ်ကို မိမိသဘောဆန္ဒအလျောက် တပ်ဆင်မည့် ဖြစ်နိုင်ခြေ ထက်ဝက်ခန့် ရှိမည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါတွင်မူ...
"မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းက တော်တော်လေး ဟန်ဆောင်ပန်ဆောင် လုပ်တတ်လို့ ရယ်နေတာပါ... ဝမ်းနည်းစရာက ဒီအရာက ငါ့အတွက် ဘာအသုံးမှ မဝင်ဘူး... အမိန့်တော်ဝရမ်း တစ်ခုကို မပြောနဲ့... ကျီဝမ်ဟောင် ကိုယ်တိုင် ဒီကို ရောက်နေရင်တောင်... ဒီသခင်ကို အမိန့်ပေးဖို့ အရည်အချင်း မရှိဘူး..."
"ဒီလိုဆိုမှတော့ ဒါယိကာကျန်းက သေလမ်းကို အတင်းရွေးချယ်နေတာပေါ့လေ..."
နဂါးနိုင်ကိုယ်တော်၏ မျက်နှာပေါ်ရှိ အပြုံးဖျော့ဖျော့လေးမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ခန့်ညားတည်ကြည်သော အမူအရာဖြင့် အစားထိုးလိုက်ကာ လက်တစ်ချက် ဝှေ့ယမ်း၍ အမိန့်တော်ဝရမ်းကို အင်္ကျီလက်စွပ်ကြားသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။
ဖြစ်နိုင်မည်ဆိုပါက နဂါးနိုင်ကိုယ်တော်သည် သတ်ဖြတ်လိုစိတ် မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းချဲ့၏ ပါရမီကို လောကလူသားအားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်ပြီး ကိုးလက်မ ယွမ်ဝိညာဉ်၏ ကန့်သတ်ချက်ကို ချိုးဖောက်ထားသော တည်ရှိမှုတစ်ခု ဖြစ်ရာ နောင်တစ်ချိန်တွင် သာမန် သိုင်းသူတော်စင်တစ်ဦး လုံးဝ ဖြစ်လာမည် မဟုတ်ပေ။ ရန်ချန် ဗောဓိသတ် ကိုယ်တိုင်ပင်လျှင် သူ့အား သိမ်းသွင်းလိုသော ဆန္ဒရှိနေ၏။ ထို့အပြင် တစ်ဖက်လူအား တတ်နိုင်သမျှ သိမ်းသွင်းရန် သူ့ကို အထူးမှာကြားထားခဲ့သေးသည်။ ကိစ္စရပ်များ မဖြစ်နိုင်တော့ဘဲ ကျန်းချဲ့က ပြတ်ပြတ်သားသား ငြင်းဆန်သည့် အချိန်ရောက်မှသာ သတ်ဖြတ်ရန် ခွင့်ပြုထားခြင်း ဖြစ်၏။ ထို့ကြောင့် သူ ပေါ်ထွက်လာချိန်တွင် တိုက်ရိုက် တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုဘဲ စကားကောင်းဖြင့် ဖျောင်းဖျရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကျန်းချဲ့က အလွန် ခေါင်းမာလွန်းပြီး အလွန် ရိုင်းစိုင်းလွန်းလှရာ အသက်ရှင်မည့်လမ်းကို မရွေးချယ်ဘဲ သေမည့်လမ်းကို အတင်း ရွေးချယ်နေခြင်းပင်။
"သေမယ်... ဘယ်သူသေပြီး ဘယ်သူရှင်မလဲ ဆိုတာကို တိုက်ကြည့်မှပဲ သိရမှာပေါ့... သိုင်းသူတော်စင်အဆင့်ပဲ ရှိတာလေ... အရင်က မတိုက်ခိုက်ဖူးတာမှ မဟုတ်တာ... မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ နတ်စွမ်းရည်တွေက တကယ်ပဲ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ အရမ်း ကြည့်ချင်နေပြီ..."
ကျန်းချဲ့၏ လက်ထဲရှိ နတ်လှံတံမှ ကျားဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး သူ၏ ကိုယ်ပတ်လည်ရှိ အရှိန်အဝါများကလည်း အဆင့်ဆင့် မြင့်တက်လာတော့သည်။ အစစ်အမှန် သိုင်းသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ယခုအခါ သူ၏ မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေလေသည်။
"မင်းရဲ့ ပြိုင်ဘက်ကင်း ပါရမီတွေ ဒီနေ့ ဒီနေရာမှာပဲ ပျက်သုဉ်းသွားရတော့မှာကို နှမြောမိပါတယ်..."
နဂါးနိုင်ကိုယ်တော်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘုန်းကြီးကျောင်းထဲတွင် ကိုးကွယ်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ အလွန် ခံစားချက်ကင်းမဲ့သော အမူအရာ ဖြစ်နေ၏။ ဝမ်းနည်းခြင်း ဝမ်းသာခြင်း ကင်းမဲ့ကာ ဒေါသနှင့် ကိလေသာများလည်း ကင်းစင်နေလေသည်။
ယခုအချိန်တွင် နဂါးနိုင်ကိုယ်တော်သည် ကျန်းချဲ့အပေါ် အထင်သေးခြင်း မရှိသော်လည်း အလွန်အမင်း အလေးထားနေခြင်းလည်း မရှိပေ။ ကျန်းချဲ့ အလွန် အစွမ်းထက်သည်မှာ အမှန်ပင်ဖြစ်ပြီး သိုင်းသူတော်စင်အောက်တွင် နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် လောကတစ်ခုလုံးက အသိအမှတ်ပြုထားကြ၏။ ထို့အပြင် နတ်ဘုရားအဆင့် စစ်မှန်သောသခင်ဟုပင် ခေါ်ဆိုကြသေးသည်။ ဝိညာဉ်နယ်မြေတွင် နာမည်ကျော်ကြားရုံသာမက ပြင်ပစစ်မြေပြင်တွင်ပါ ဂုဏ်သတင်း ကြီးမားအောင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်နှင့် ယွမ်ရှန်းအဆင့် စစ်မှန်သောသခင်ကြားရှိ ကွာဟချက်ကို လုံးဝ ကျော်လွှားနိုင်မည် မဟုတ်ပေ။ ၎င်းမှာ ကောင်းကင်ယံရှိ ကြီးမားသော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ဖြစ်ရာ ကျန်းချဲ့သည် မည်မျှပင် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေပါစေ သူ၏ လက်ထဲတွင် အချိန်တိုလေးမျှသာ တောင့်ခံနိုင်မည် ဖြစ်၏။ သူ့ကို အနိုင်ယူရန်ဆိုသည်မှာ လုံးဝ ဖြစ်နိုင်ခြေ မရှိပေ။ ဤသည်မှာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော မပြောင်းလဲနိုင်သည့် သံမဏိစည်းမျဉ်းပင် ဖြစ်သည်။ သိုင်းသူတော်စင်အောက်တွင် အားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ကြ၏။ သိုင်းသူတော်စင်အထက်မှသာ စစ်မှန်သော ထာဝရနတ်ဘုရားများ ဖြစ်ကြလေသည်။ ဤသည်မှာ နတ်ဘုရားနှင့် သေမျိုးတို့၏ ယှဉ်ပြိုင်မှုဖြစ်ရာ မည်သည့် အပြောင်းအလဲမျှ ဖြစ်ပေါ်လာရန် လုံးဝ မဖြစ်နိုင်ပေ။
"သိုင်းသူတော်စင်အဆင့်ဆိုတာ တံခါးခုံတစ်ခုလို့ အားလုံးက ပြောကြတယ်... အဲဒီတံခါးခုံကို ကျော်ဖြတ်နိုင်ရင် သာမန်ထက် လွန်ကဲတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်ပြီး မကျော်ဖြတ်နိုင်ရင်တော့ သာမန် သေမျိုးပဲ ဖြစ်နေဦးမှာပဲ... ဒါပေမဲ့ သေမျိုးတစ်ယောက်က နတ်ဘုရားတွေကို သတ်ဖြတ်နိုင်မနိုင် ဆိုတာကို ငါ တကယ်ပဲ စမ်းသပ်ကြည့်ချင်နေပြီ..."
ကျန်းချဲ့သည် နဂါးနိုင်ကိုယ်တော်အား တည့်တည့် စိုက်ကြည့်ကာ အနည်းငယ်မျှ နောက်ဆုတ်ခြင်း မရှိခဲ့ပေ။
"ဟားဟားဟား... သိုင်းသူတော်စင်အောက်မှာ နံပါတ်တစ် ပုဂ္ဂိုလ်ရဲ့ ရဲစွမ်းသတ္တိနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... သိုင်းသူတော်စင် တစ်ပါးနဲ့ တိုက်ခိုက်ရဲတဲ့ သတ္တိရှိတယ်ဆိုတော့... ခေါက်ရှန်းနတ်မင်းကြီးက မင်းကို ဒီလောက်တောင် အလေးထားတာ မဆန်းတော့ပါဘူး... ဒီလို ရဲစွမ်းသတ္တိမျိုးကို ပိုင်ဆိုင်ထားတဲ့သူ အရမ်း ရှားပါးလှတယ်..."
ရိုင်းစိုင်းကြမ်းတမ်းလှသော အသံကြီးတစ်ခုက ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေ၏။ ကျန်းချဲ့နှင့် နဂါးနိုင်ကိုယ်တော်တို့ နှစ်ဦးစလုံးမှာ ခေါင်းမော့၍ ဟင်းလင်းပြင်၏ တစ်နေရာသို့ လှမ်းကြည့်လိုက်ကြလေသည်။
ဘယ်ဘက် အရှေ့ဘက် မနီးမဝေး နေရာတွင် မူလက တည်ငြိမ်နေသော ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် လှိုင်းဂယက်များ ထလာခဲ့ပြီး ပင်လယ်ပြင်ကို မွှေနှောက်လိုက်သည့်အလား အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တရေးရေး ပေါ်ထွက်လာကာ တောက်ပနေသော နတ်မျက်လုံးတစ်စုံဖြင့် ကျန်းချဲ့နှင့် နဂါးနိုင်ကိုယ်တော်တို့ကို အကဲခတ်ကြည့်ရှုနေ၏။ ထိုသူ၏ ကိုယ်ပတ်လည်မှ သိုင်းသူတော်စင်အဆင့်၏ အရှိန်အဝါများ ထင်ရှားစွာ ပျံ့နှံ့နေလေသည်။
"ချင်းထျန်းမိစ္ဆာဂိုဏ်း..."
ကျန်းချဲ့၏ အကြည့်တို့ စူးရှသွားပြီး ရောက်လာသူ၏ အမည်နာမကို အလျင်အမြန် ခန့်မှန်းမိလိုက်လေသည်။
မူလက မှုန်ဝါးနေသော အစိမ်းရောင်ပုံရိပ်သည် တဖြည်းဖြည်း ပီပြင်လာပြီး သာမန်ရုပ်ရည်ရှိသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ တစ်ခုတည်းသော ထူးခြားချက်မှာ သူ၏ နဖူးရှေ့ရှိ ဆံပင်ဖြူတစ်စပင် ဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို မသိမသာ ရရှိစေလေသည်။ မျက်တောင်တစ်ခတ်အတွင်း။ လူတစ်ဦး၏ သတင်းအချက်အလက်များက သူ၏ ရင်ထဲတွင် ပေါ်ထွက်လာခဲ့၏။ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်၊ ယင်ယန် တမန်တော်နှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကိုးပါးယန် စစ်မှန်သောသခင် တူရှန်းဟိုင်ပင် ဖြစ်သည်။ သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးပင်။
နောက်ထပ် သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦး ထပ်မံရောက်ရှိလာပြန်ပြီ ဖြစ်၏။ ကျန်းချဲ့၏ ရင်ထဲ၌ အနည်းငယ် လေးလံသွားပြီး အန္တရာယ်များ ကျရောက်လာပြီဖြစ်ကြောင်း ယခုအချိန်တွင် သူ အာရုံခံမိလိုက်လေသည်။ တကယ်တမ်းတွင် မည်သည့် သိုင်းသူတော်စင်မျှ ရိုးရှင်းလှသည် မဟုတ်ပေ။ ကောင်းကင် လျှို့ဝှက်ချက်များ ပေါက်ကြားသွားသည်နှင့် ဤမျှ အချိန်တိုအတွင်း သူ၏ သဲလွန်စကို ရှာတွေ့သွားခဲ့ကြ၏။ အကယ်၍ ထပ်မံ အချိန်ဆွဲနေမည်ဆိုပါက မည်သူတွေ ထပ်မံပေါ်ထွက်လာမည်ကို မသိနိုင်တော့ပေ။
ချင်းထျန်းမိစ္ဆာဂိုဏ်းမှ ကိုးပါးယန် စစ်မှန်သောသခင် တူရှန်းဟိုင် ပေါ်ထွက်လာခြင်းက နဂါးနိုင်ကိုယ်တော်၏ မျက်မှောင်များကိုပါ အနည်းငယ် တွန့်ချိုးသွားစေခဲ့၏။ သူသည် အမိန့်အရ ကျန်းချဲ့၏ သတင်းများကို ပေါက်ကြားစေခဲ့သော်လည်း ချင်းထျန်းမိစ္ဆာဂိုဏ်းက ယခုတစ်ကြိမ်တွင် အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တူရှန်းဟိုင် ကိုယ်တိုင် ပေါ်ထွက်လာရုံသာမက ချင်းထျန်းမိစ္ဆာဂိုဏ်းချုပ် တွမ်ယွင်ထျန်း ကိုယ်တိုင်ပင် ဝင်ရောက်တိုက်ခိုက်နေလေသည်။
"ချင်းထျန်းမိစ္ဆာဂိုဏ်းက ဒီရဟန်းတို့ ဗုဒ္ဓဘာသာဂိုဏ်း ဒါယိကာကျန်းကို ကယ်တင်မယ့်ကိစ္စကို တားဆီးချင်နေတာလား..."
နဂါးနိုင်ကိုယ်တော်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် တစ်ဖက်လူအား ကြည့်ကာ မေးလိုက်၏။
တူရှန်းဟိုင်က ခေါင်းယမ်းလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ကျန်းချဲ့ကြားမှာ ရန်ငြိုးရှိသလို ငါတို့ ချင်းထျန်းမိစ္ဆာဂိုဏ်းက ဓမ္မမင်းကြီးတွေမှာလည်း ရန်ငြိုးရှိတယ်... အရင်က ကျီချန်တောက်ကြောင့် လက်စွမ်းပြလို့ မရခဲ့ပေမယ့် အခုတော့ အဲဒီစည်းမျဉ်းတွေ မရှိတော့ဘူး... ဒါပေမဲ့ မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ စကားများလွန်းတဲ့ အလုပ်လုပ်ပုံကို ငါ တကယ်ပဲ မုန်းတယ်... တိုက်ချင်ရင်လည်း တိုက်လိုက်ပေါ့... အချိန်ဆွဲပြီး ခွေးချီးလို အဓိပ္ပာယ်မရှိတဲ့ တရားတွေ ဟောနေရသေးတယ်... တကယ်ပဲ ပျင်းစရာကောင်းလိုက်တာ..."
"ဒါယိကာတူက ဒီရဟန်းကို မတားဆီးဘူး ဆိုမှတော့ နောက်ဆုတ်ပေးဖို့ မျှော်လင့်ပါတယ်... ဒါယိကာကျန်းကို ဒီရဟန်း တစ်ယောက်တည်းနဲ့ လွှဲထားလိုက်ပါတော့..."
နဂါးနိုင်ကိုယ်တော်က ဆက်ပြောလိုက်၏။
တူရှန်းဟိုင်က တစ်ဖက်လူအား တစ်ချက်စောင်းကြည့်လိုက်ပြီး လုံးဝ ဂရုမစိုက်တော့ဘဲ အကြည့်များကို ကျန်းချဲ့ထံသို့ ပြောင်းရွှေ့ကာ ပြောလိုက်လေသည်။
"ကျန်းချဲ့... ဒီတမန်တော်လည်း စကားပိုတွေ မပြောတော့ဘူး... အခု မင်း သေရေးရှင်ရေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီမို့ ထွက်ပြေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး... ဒါပေမဲ့ မင်းရဲ့ ပါရမီက တကယ်ပဲ လောကမှာ ရှားပါးလွန်းတယ်... ငါတို့ ချင်းထျန်းမိစ္ဆာဂိုဏ်းထဲမှာတောင် မင်းနဲ့ ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး... မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဒီတမန်တော်က ဘယ်လို ချုပ်နှောင်တဲ့ လျှို့ဝှက်ရတနာကိုမှ အသုံးမပြုဘူး... မင်းက သွေးသစ္စာတစ်ခု ကျိန်ဆိုပြီး ငါတို့ ချင်းထျန်းမိစ္ဆာဂိုဏ်းကို သစ္စာခံမယ်လို့ ကြေညာလိုက်ရုံပဲ... ဒီနေ့ မင်းကို ဘယ်သူမှ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး... မင်း သိုင်းသူတော်စင်အဆင့်ကို ရောက်သွားတဲ့အခါ ငါတို့ ချင်းထျန်းမိစ္ဆာဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် နေရာက မင်းအတွက် သေချာပေါက် ဖြစ်လာလိမ့်မယ်... မင်းနဲ့ငါ အတူတူ ဒီယိုယွင်းနေတဲ့ နိုင်ငံတော်ကြီးကို ဖြုတ်ချကြတာပေါ့... အဲဒီ ကျီဝမ်ဟောင် ဆိုတဲ့ကောင်က မင်း သစ္စာခံဖို့ လုံးဝ မထိုက်တန်ပါဘူး... မင်းက လက်အောက်ခံ မှူးမတ်တစ်ယောက် ဖြစ်နေရက်နဲ့ အဲဒီခွေးဧကရာဇ်က မင်းကို ဖိနှိပ်ဖို့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့တောင် ပူးပေါင်းနေသေးတယ်ဆိုတော့... တကယ်ပဲ ရယ်စရာကောင်းလိုက်တာ... ကျီချန်တောက် မရှိတော့တာနဲ့ အဲဒီ ကျီဝမ်ဟောင်က ဘာစွမ်းရည်မှ မရှိတော့ဘူး... ဒီလိုလူမျိုးအတွက် မင်း အသက်ပေးဖို့ မထိုက်တန်ပါဘူး... မင်းမှာ စစ်တပ်ရှိတယ် စွမ်းရည်ရှိတယ် ပါရမီရှိတယ်... ဒီနေရာမှာ သေဆုံးသွားရမယ်ဆိုရင် တကယ်ကို နှမြောစရာ ကောင်းလွန်းတယ်... ဒီတမန်တော်ရဲ့ စကားတွေကို သေချာ စဉ်းစားကြည့်ပါ..."
တူရှန်းဟိုင်က အသံနက်ဖြင့် ပြောဆိုလိုက်၏။
သူ အစကတည်းက တိုက်ရိုက် လက်မစွမ်းပြရသည့် အကြောင်းရင်းမှာ သူရရှိထားသော အမိန့်ကလည်း ဗုဒ္ဓဘာသာဂိုဏ်းနှင့် အများကြီး ကွာခြားမှုမရှိသောကြောင့် ဖြစ်၏။ ၎င်းမှာ ကျန်းချဲ့အား တတ်နိုင်သမျှ မိမိတို့အတွက် အသုံးပြုရန် သိမ်းသွင်းရန်ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ကျီချန်တောက်နှင့် ရင်ပေါင်တန်းနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။ ကျန်းချဲ့က အသေခံ၍ အရှုံးမပေးမှသာ သူသည် သတ်ဖြတ်ပစ်မည် ဖြစ်လေသည်။
နဂါးနိုင်ကိုယ်တော်၏ မျက်နှာထားမှာ ချက်ချင်း မှိုင်းညို့သွားပြီး မျက်မှောင်များကြားတွင် အနည်းငယ် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။ ဤသည်မှာ ဗုဒ္ဓဘာသာဂိုဏ်း ကြိုတင်ခန့်မှန်းထားသည်နှင့် အလွန် ကွာခြားလွန်းလှပေသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းကလည်း ကျန်းချဲ့အား သိမ်းသွင်းလိုနေသည်တဲ့လား။ ဤသည်မှာ တကယ်ကို...
"ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဗောဓိသတ်ရာထူးနဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်နေရာ... ခင်ဗျားတို့နှစ်ယောက်က ငါ့ကို တကယ်ပဲ အထင်ကြီးလွန်းနေတာပဲ... ဒါပေမဲ့ တမန်တော်တူက ကောင်းကင်လင်းယုန် ဓမ္မမင်းကြီးနဲ့ ခရမ်းရောင်မြေခွေး ဓမ္မမင်းကြီးတို့ရဲ့ ရန်ငြိုးကို မေ့သွားပြီလား..."
ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိသည် သူ၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီး ခရမ်းရောင်မြေခွေး ဓမ္မမင်းကြီး ယင်စုရှင်းမှာမူ ခန္ဓာကိုယ် ပျက်စီးသွားကာ မူလဝိညာဉ်သာ ကျန်ရစ်တော့သည်။ ဆိုရလျှင် ဤသည်မှာ သေခန်းရှင်ခန်း ရန်ငြိုးကြီးတစ်ခုပင် ဖြစ်၏။
"ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်မယ့်သူတွေက အသေးအမွှားလေးတွေကို ဂရုစိုက်မနေဘူးလို့ ဂိုဏ်းချုပ်က ပြောခဲ့ဖူးတယ်... မင်း ကျန်းချဲ့က ဓမ္မမင်းကြီး နှစ်ယောက်ထက် အများကြီး သာလွန်ပါတယ်... မင်းက မြင့်မြတ်တဲ့ ဂိုဏ်းတော်ထဲ ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် အရင်က ရန်ငြိုးတွေ အားလုံးကို အပြီးအပိုင် ဖျက်သိမ်းပေးမယ်..."
တူရှန်းဟိုင်က တိုက်ရိုက်ပင် အတည်ပြုပြောဆိုလိုက်လေသည်။
ဓမ္မမင်းကြီး အနည်းငယ်ဆိုသူများထဲတွင် သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ရှိသူမှာ ခရမ်းရောင်နဂါး ဓမ္မမင်းကြီး တစ်ဦးတည်းသာ ရှိပြီး ယခုအခါတွင် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်၏။ ကျန်ရှိသူများမှာမူ သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် လုံးဝနီးပါး မရှိကြပေ။ သို့သော် ကျန်းချဲ့ကမူ သေချာပေါက် သိုင်းသူတော်စင် ဖြစ်လာမည့်သူပင် ဖြစ်သည်။
သိုင်းသူတော်စင်။ သိုင်းသူတော်စင် ဖြစ်လာမှသာ ကောင်းကင်နှင့်မြေကြီး၏ အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နိုင်မည်ဖြစ်ပြီး အခြေအနေကို ပြောင်းလဲနိုင်မည့် စွမ်းအားရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်မည် ဖြစ်၏။ သိုင်းသူတော်စင်အောက်ရှိသူများမှာ အရေးကြီးသည် မှန်သော်လည်း သိုင်းသူတော်စင်ကိုတော့ လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
"ချင်းထျန်းမိစ္ဆာဂိုဏ်းနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... တကယ်ကို သာမန်မဟုတ်ဘူးပဲ... ဒါပေမဲ့ ငါ့ကို ချင်းထျန်းမိစ္ဆာဂိုဏ်းထဲ ဝင်စေချင်ရင် ငါ့ရဲ့ စည်းကမ်းချက် တစ်ခုကို သဘောတူရလိမ့်မယ်..."
ကျန်းချဲ့က ပြုံးရယ်လျက် ပြောလိုက်၏။
"ပြောလေ... အရမ်း မလွန်ကဲသရွေ့ ဒီတမန်တော် သဘောတူပေးနိုင်ပါတယ်..."
တူရှန်းဟိုင်က ချက်ချင်းပင် အတည်ပြုလိုက်လေသည်။
ကျန်းချဲ့က ဘေးနားရှိ နဂါးနိုင်ကိုယ်တော်အား လက်ညှိုးထိုးကာ ပြောလိုက်၏။
"မင်းနဲ့ငါ ပူးပေါင်းပြီး နဂါးနိုင်ကို သတ်ပစ်မယ်... အဲဒီကိစ္စ အောင်မြင်သွားရင် ငါ ချင်းထျန်းမိစ္ဆာဂိုဏ်းထဲ သေချာပေါက် ဝင်ပေးမယ်..."
တူရှန်းဟိုင်က ဦးစွာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်လေသည်။
"ဟားဟားဟား... မင်းကောင်လေး ဒီနေရာမှာ ဉာဏ်နီဉာဏ်နက်တွေ သုံးနေတာက သိပ်ပြီး မသင့်တော်လှဘူးနော်... ဒါပေမဲ့ ဒီတမန်တော်လည်း ဗုဒ္ဓဘာသာဂိုဏ်းက လူတွေကို ကြည့်မရတာ အမှန်ပဲ... မင်း အရင်ဆုံး သွေးသစ္စာ ကျိန်ဆိုလိုက်... အဲဒီနောက်မှ မင်းနဲ့ငါ ပူးပေါင်းပြီး သူ့ကို သတ်ကြတာပေါ့..."
နဂါးနိုင်ကိုယ်တော်၏ မျက်နှာမှာ သံမဏိရောင်ပြောင်းသွားပြီး ကိုယ်ပတ်လည်ရှိ နဂါးဟိန်းသံများ တုန်ခါသွားတော့သည်။
"ဒါယိကာနှစ်ယောက်က ဒီရဟန်းကို အရမ်း အထင်သေးလွန်းနေပြီ..."
ထို့နောက် သူက တူရှန်းဟိုင်အား ကြည့်ကာ ဆက်ပြောလိုက်၏။
"ဒါယိကာကျန်းရဲ့ ဒီလို ယုတ်ညံ့တဲ့ လှည့်ကွက်တွေကို ဒါယိကာတူက တကယ်ကြီး ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်…”