အခန်း ၁၈၃
Vol. 19 Ch. 183
🍅 Chapter 183
စာအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်ရချိန်တွင် စုန့်ကျစ်ခန်း၏ မျက်ခုံးများက အလိုလို ကြုံ့ဝင်သွားလေ၏။
“ဘယ်လို ထူးဆန်းတဲ့ဆေးမျိုးလဲ၊ လိမ်းလိုက်ရုံနဲ့ အနာက ကျက်သွားမယ်တဲ့လား”
“အဓိပ္ပာယ်မရှိတာ”
စစ်တပ်ထဲတွင် ဤမျှကာလကြာရှည် တာဝန်ထမ်းဆောင်လာခဲ့ရာ မည်သည့်အနာကျက်ဆေးမျိုးကိုမဆို သူ အသုံးပြုခဲ့ဖူးလေ၏။
အကြိမ်ကြိမ် အခါခါ အသုံးပြုကြည့်သော်လည်း နောက်ဆုံးတွင်တော့ အရာအားလုံးက ထူးမခြားနား အတူတူပင် ဖြစ်နေခဲ့သည်။
လိမ်းလိုက်ရုံဖြင့် အနာများ ချက်ချင်းကျက်သွားနိုင်သည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ဘေးနားရှိ လက်အောက်ငယ်သားဖြစ်သူမှာ အလွန်သိချင်စိတ်ပြင်းပြနေ၏။
“စစ်သူကြီး၊ အဲဒီလူက ဘယ်တော့မှ လိမ်ပြောတတ်တဲ့သူ မဟုတ်ဘူးဆိုတော့…. တကယ်ပဲ ဒီဆေးက အဲဒီလောက်ထိ အစွမ်းထက်နေတာများလား”
“စစ်သူကြီး အဲဒီဆေးကို ထုတ်ပြီး စမ်းသပ်မကြည့်ချင်ဘူးလား”
စုန့်ကျစ်ခန်း မျက်ခုံးများ ကြုံ့ဝင်သွားသည်။
သူက ပါဆယ်ထုပ်ကို ဖြတ်တောက်ဖွင့်ဖောက်လိုက်ရာ သခင်လေးမုချန်ကျွင်း ပြောဆိုခဲ့သော အစွမ်းထက်အနာကျက်ဆေးကို မြင်တွေ့လိုက်ရ၏။
ဆေးပုလင်းကိုဖွင့်ရန် တွန့်ဆုတ်နေသော စုန့်ကျစ်ခန်းကို မြင်သောအခါ လက်အောက်ငယ်သားက အကြံပြုလာ၏။
“စစ်သူကြီးရဲ့ လက်မောင်းက အနာကျက်တာ နှေးနေတာဆိုတော့ ဒီဆေးကို စမ်းသပ်ကြည့်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ”
စုန့်ကျစ်ခန်း သံသယပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဆေးပုလင်းကို စိုက်ကြည့်လိုက်သည်။
“ဒါက ရိုးရိုးအနာကျက်ဆေးပါကွာ၊ အနာကို ချက်ချင်းကျက်သွားအောင် ဘယ်လိုလုပ်နိုင်မှာလဲ”
သူက ဆေးပုလင်းကို ဖွင့်လိုက်ပြီး အထဲရှိ ဆေးမှုန့်များကို သူ့လက်မောင်းပေါ်ရှိ အနာပေါ်သို့ ဖြူးချလိုက်၏။
အနာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသဖြင့် သူ့လက်က အနည်းငယ် တုန်ယင်သွားကာ ဆေးမှုန့်အချို့မှာ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ မျက်ခုံးများ ပိုကြုံ့ဝင်သွား၏။
ဆေးထည့်ပြီးနောက် စုန့်ကျစ်ခန်းက သူ့လက်အောက်ငယ်သားကို လှမ်းကြည့်လိုက်သည်။
“ဒါကို ပတ်ထားဖို့ ပတ်တီးစလေး ဘာလေး ယူခဲ့စမ်း”
ထိုစကားကို ကြားသောအခါ လက်အောက်ငယ်သားက သန့်စင်သောပတ်တီးစအချို့ကို ယူဆောင်လာခဲ့၏။
အနာကို ဖုံးအုပ်ရန် ပြင်လိုက်ချိန်တွင် ထိုအနာမှာ အံ့မခန်းမြန်ဆန်သော နှုန်းထားဖြင့် ကျက်လာနေသည်ကို သူ သတိထားမိလိုက်သည်။
လက်အောက်ငယ်သား၏မျက်လုံးများ ပြူးကျယ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။
“စစ်... စစ်သူကြီး၊ ဒီအနာက”
စုန့်ကျစ်ခန်း မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
“ရိုးရိုးလေး ပတ်တီးစီးရမှာကိုများ၊ မင်းက ဒီလိုအနာသေးသေးလေးကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်”
လက်အောက်ငယ်သား အလျင်စလို ခေါင်းခါပြလိုက်၏။
“မဟုတ်ဘူး စစ်သူကြီး၊ အနာက သူ့အလိုလိုကျက်လာနေတာ”
စုန့်ကျစ်ခန်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်းများ အပြည့်အဝ နေရာယူသွား၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စုန့်ကျစ်ခန်း စိတ်မရှည်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်၏။
သို့သော် သူ့လက်မောင်းပေါ်ရှိ အနာကို မြင်လိုက်ရချိန်တွင်တော့ သူပါ လုံးဝကို မှင်တက်သွားလေတော့သည်။
“ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အနာမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ကျက်လာနေ၏။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် အနာပေါ်၌ အနာဖေး ပါးပါးလေးတစ်ခု ဖြစ်ပေါ်လာခဲ့လေပြီ။
စုန့်ကျစ်ခန်း၏အသံမှာ တုန်ယင်နေ၏။
“ဒီဆေးက”
“တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်နေတာလား”
စုန့်ကျစ်ခန်းမှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေဆဲဖြစ်ရာ အနီးရှိ ဓားငယ်လေးကိုကောက်ယူကာ သူ့လက်မောင်းကို ဓားဖြင့် မသိမသာ မွှန်းလိုက်၏။
ထို့နောက် ဆေးပုလင်းအား ယူ၍ ဆေးမှုန့်အနည်းငယ်ကို ထပ်မံဖြူးချလိုက်သည်။
အံ့မခန်း မြင်ကွင်းတစ်ခုက သူတို့မျက်စိရှေ့တွင် ပေါ်လာပြန်၏။
သွေးထွက်နေသော အနာပေါ်သို့ ဆေးမှုန့်များ ဖုံးအုပ်သွားသည်နှင့်တစ်ပြိုင်နက် သွေးထွက်ခြင်းက ရုတ်တရက် ရပ်တန့်သွားပြီး တဖြည်းဖြည်းချင်း ကျက်လာလေတော့သည်။
ခဏအကြာတွင် အနာမှာ သွေးလုံးဝတိတ်သွားပြီး အနာဟဟလေးကြားတွင် အနာဖေးကို ဝိုးတဝါး မြင်တွေ့နေရပြီဖြစ်သည်။
စုန့်ကျစ်ခန်း၏မျက်ဝန်းများထဲတွင် အံ့ဩဝမ်းသာမှုများဖြင့် ပြည့်လျှံနေ၏။
“ဒါ... ဒါ တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ ဆေးစွမ်းကောင်းပဲ”
ဤဆေး၏ ကောင်းကင်ဘုံကိုပင် အံတုနိုင်လောက်သော အစွမ်းအာနိသင်ကို သဘောပေါက်သွားချိန်တွင်တော့ စုန့်ကျစ်ခန်းမှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပင် ပေါက်သွားရလေသည်။
ဤမျှ အဖိုးတန်လှသောဆေးကို သူက ကြမ်းပြင်ပေါ်သို့ပင် ဖိတ်စင်ကျစေခဲ့သည်မဟုတ်ပါလား။
သူ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
“ကျစ်၊ သောက်ကျိုးနည်းပဲ”
စုန့်ကျစ်ခန်းမှာ ကြမ်းပြင်ပေါ်တွင် ဖိတ်စင်နေသော ဆေးမှုန့်များကိုပင် ပြန်လည်ကောက်ယူချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေတော့၏။
လက်အောက်ငယ်သားကလည်း အံ့ဩတကြီးဖြင့် ဝင်ရောက်ပြောဆိုလာ၏။
“စစ်သူကြီး၊ ဒီအနာကျက်ဆေးက တကယ်ကို အစွမ်းထက်လွန်းတယ်၊ အဲဒီလူက ကျွန်တော်တို့ကို မလိမ်သွားဘူးပဲ”
လက်အောက်ငယ်သားမှာ အံ့ဩချီးကျူးစွာဖြင့် သက်ပြင်းချလိုက်သည်။
သူ့တစ်သက်တာတွင် ဤမျှအစွမ်းထက်လှသော အနာကျက်ဆေးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
လက်အောက်ငယ်သား၏ အသံထဲတွင် မျှော်လင့်ချက်များ အပြည့်ပါဝင်နေ၏။
“ကျွန်တော်တို့ စစ်တပ်ထဲက စစ်သည်တွေသာ ဒဏ်ရာရတဲ့အခါကုသဖို့ ဒီလိုဆေးစွမ်းကောင်းမျိုး ရှိနေမယ်ဆိုရင် သေဆုံးဒဏ်ရာရမှုနှုန်းက သေချာပေါက် အများကြီးလျော့ကျသွားမှာပဲ”
ဤအကြောင်းကို စုန့်ကျစ်ခန်း မည်သို့လျှင်နားမလည်ဘဲ နေမည်နည်း။
သူက ကျန်ရှိနေသေးသော ဆေးပုလင်းများနှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဆေးမှုန့်များကို ကြည့်ရင်း ရင်ထဲတွင် အလွန်နှမြောတသဖြစ်နေမိ၏။
“တံမြက်စည်းသေးသေးလေး တစ်ချောင်းရှာပြီး ဒီဆေးတွေကို လှဲယူလိုက်စမ်း”
လက်အောက်ငယ်သားက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တုံ့ပြန်လိုက်လေ၏။
“စစ်သူကြီး၊ ဒီဆေးမှုန့်တွေက ညစ်ပတ်နေလောက်ပြီဆိုတော့ ဆက်သုံးလို့ မရတော့ဘူးထင်တယ်”
စုန့်ကျစ်ခန်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
“လှဲသာ လှဲယူထားစမ်းပါ၊ ငါ့ ဘာသာ ငါ သုံးမယ်”
ထိုသို့ပြောဆိုရင်း စုန့်ကျစ်ခန်း ဆေးပုလင်းကို သေချာအဖုံးပိတ်လိုက်ပြီး မတော်တဆတိုက်မိ၍ မှောက်မကျနိုင်မည့် လုံခြုံသော နေရာတစ်ခုတွင် သေချာသိမ်းဆည်းလိုက်၏။
ဆေးပုလင်းများကို စိုက်ကြည့်နေသော စုန့်ကျစ်ခန်း၏ မျက်ဝန်းများထဲတွင်တော့ ပြင်းပြသော ရည်မှန်းချက်မီးတောက်များ တောက်လောင်နေခဲ့၏။
ဤမျှ ကောင်းကင်ဘုံကိုပင် အံတုနိုင်လောက်သော ဆေးစွမ်းကောင်းမျိုးကို ဖော်စပ်နိုင်စွမ်းရှိသူ၏ဆေးပညာမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေလိမ့်မည်။
ထိုနတ်ဒေဝါကဲ့သို့ ထူးချွန်ပြောင်မြောက်လှသော သမားတော်ကြီးမှာ မည်သူများဖြစ်နေပါမည်နည်း။
စုန့်ကျစ်ခန်း အနာကျက်ဆေးများ ထပ်မံတောင်းခံရန်နှင့် ထိုသမားတော်ကြီး၏ နေရာအတိအကျကို စုံစမ်းမေးမြန်းရန်အတွက် သခင်လေးမုချန်ကျွင်းထံသို့ ချက်ချင်းပင် စာတစ်စောင်ရေးသားလိုက်လေ၏။
သို့သော်လည်း ထိုသမားတော်ကြီးမှာ အခြားသူမဟုတ်ဘဲ သူ့ကိုယ်ပိုင်အိမ်တွင်း၌ပင် ရှိနေကြောင်းကိုတော့ သူ လုံးဝမသိရှိခဲ့ပေ။
ဆယ်လပိုင်း ဆယ့်ခုနစ်ရက်နေ့
ရာသီဥတုမှာ တဖြည်းဖြည်းနှင့် ပိုမိုချမ်းအေးလာပြီး တောင်ပေါ်ရှိ ဆေးပင်များမှာလည်း ညှိုးရော်ကာ အဝါရောင်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
စုန့်ကျစ်ရှုမှာ အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ယင်နေပြီး သူ့လက်များကို အဆက်မပြတ် ပွတ်သပ်ရင်း မေးမြန်းလိုက်၏။
“အမေ၊ ရာသီဥတုက တအားအေးလာပြီ၊ ရွာသားတွေလာပို့တဲ့ ဆေးပင်တွေကလည်း နည်းလာပြီ၊ နောက်နှစ်ကျရင်ရော ဆေးပင်တွေ ဆက်ဝယ်ဦးမလားဆိုပြီး အားလုံး သားကိုမေးခိုင်းနေကြတယ်”