← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

🍅 Chapter 185

ငွေရလာသည်နှင့်တစ်ပြိုင်နက် အချောင်ခိုနေသော မကောင်းသည့်သူငယ်ချင်းများနှင့် အပြင်ထွက်ကာ အပျော်အပါး လိုက်စားတတ်သည်။

သို့သော် ယခုနောက်ပိုင်းတွင်တော့ စတုတ္ထသားက နေ့တိုင်း အိမ်မှာနေပြီး ဆေးပင်များ လိုက်လံစုဆောင်းရာတွင် ကူညီပေးသည့်အပြင် အမေ့ကိုလည်း ကျောထုပေးခြင်း၊ နှိပ်နယ်ပေးခြင်း စသည်တို့ကိုပါ လုပ်ဆောင်ပေးလာသည်။

စုန့်ကျစ်ချုံး ရုတ်တရက် သဘောပေါက်သွား၏။

‘ဟင်၊ စတုတ္ထကောင် ဘယ်အချိန်တည်းက ဒီလောက်တောင်လိမ္မာပြီး မိဘကျေးဇူးကို သိတတ်သွားရတာလဲ'

“အမေက မျက်နှာလိုက်တယ်ဆိုရင်တော့ အဲဒါတကယ်ပဲ၊ ရှင်ဝတ်ထားတဲ့ အင်္ကျီက အစနဲ့ ဂွမ်းတွေကို ကြည့်စမ်းပါဦး၊ အမေ ငွေအများကြီးပေးပြီး ဝယ်ပေးထားတာလေ၊ စတုတ္ထသား ဝတ်ထားတဲ့ ဂွမ်းထည်အင်္ကျီကတော့ တစ်ပြားမှတောင်မကုန်ဘူး”

စုန့်ကျစ်ချုံး ခေါင်းကိုကုတ်ကာ အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေ၏။

“အမေက... ငါ့အပေါ်မှာ တကယ်ပဲ အဲဒီလောက်ထိ ကောင်းပေးနေတာလား”

“ဒါပေါ့၊ ပြီးခဲ့တဲ့တစ်ခေါက် အမေ ငွေတွေခွဲပေးတုန်းက ကြည့်လေ၊ ကျွန်မတို့မိသားစုက ငွေချောင်းတစ်ရာတောင် ရခဲ့ပြီးတော့ စတုတ္ထသားက ဆယ်ချောင်းပဲ ရခဲ့တာ မဟုတ်ဘူးလား၊ အခု ရှင်ပြောကြည့်၊ အမေက ဘယ်သူ့ ဘက်ကို ပိုပြီးမျက်နှာလိုက်နေတာလဲ”

“ကျစ်ချုံး၊ အမေက ကျွန်မတို့အပေါ်မှာ ဒီလောက်ကောင်းပေးနေမှတော့ ကျွန်မတို့လည်း အမေ့အပေါ်ကို ပြန်ပြီးကျေးဇူးဆပ်ရမယ်၊ စတုတ္ထသားရဲ့ အနောက်ကို ရောက်မသွားစေနဲ့နော်”

ဇနီးဖြစ်သူ၏စကားကို ကြားရသောအခါ စုန့်ကျစ်ချုံး လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိခင်ဖြစ်သူအပေါ် သူ မည်မျှအထိ အေးစက်စက်ဆက်ဆံခဲ့မိသည်ကို ပြန်လည်တွေးတောမိကာ ရင်ထဲတွင် အနည်းငယ်အပြစ်မကင်းသလို ခံစားလိုက်ရ၏။

“ငါ သိပါပြီ၊ အခုကစပြီး အမေ့အပေါ်ကို သေချာပေါက်ကျေးဇူးဆပ်ပါ့မယ်”

အခန်းထဲမှ ထွက်လာချိန်တွင်တော့ ယခင်ရှိနေခဲ့သော စိတ်အနှောင့်အယှက်ဖြစ်မှုများအားလုံး အစအနမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။

စုန့်ကျစ်ရှုတစ်ယောက် သူ့ကိုယ်ပေါ်ရှိ အင်္ကျီအား ကြွားဝါနေဆဲဖြစ်သည်ကို မြင်သောအခါ စုန့်ကျစ်ချုံးမှာ ရယ်ချင်စိတ်ကိုပင် မနည်းအောင့်ထားရတော့၏။

အမေက စတုတ္ထသားကို မျက်နှာလိုက်နေခြင်း မဟုတ်ဘဲ သူတို့အပေါ်ကိုသာ မျက်နှာလိုက်နေကြောင်းကို ယခုမှ သူ သေချာသိရှိသွားခဲ့ပြီဖြစ်သည်။

‘ဒီအရူးကောင်လေးကတော့ ဘဝင်မြင့်ပြီး ကြွားနေတုန်းပဲ'

“ဒုတိယကောင်၊ နင် အရူးတစ်ယောက်လို ဘာတွေပြုံးစိစိလုပ်နေတာလဲ၊ မြန်မြန်လာပြီး ကူညီစမ်းပါ”

အမေ သူ့ကို ခေါ်နေကြောင်း ကြားလိုက်ရချိန်တွင် စုန့်ကျစ်ချုံး ဝမ်းသာအားရ ပြေးသွားလိုက်၏။

သူ အသံကို နှိမ့်ကာ တီးတိုးပြောလိုက်သည်။

“အမေ၊ အမေ သားအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ အခု သားသိသွားပါပြီ၊ အခုကစပြီး အမေ့အပေါ်ကို သား သေချာပေါက် ကျေးဇူးဆပ်ပါ့မယ် အမေ”

ဝူယွီလန် မျက်လုံးကိုသာ လှန်ပြလိုက်၏။

ဤအရူးဒုတိယသားက သူမအပေါ် ကျေးဇူးဆပ်မည်ဟု သူမ လုံးဝမျှော်လင့်မထားပေ။

သူမကို ဒုက္ခမပေးလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

“မြန်မြန်လုပ်၊ ဒီပရိဘောဂတွေကိုချပြီး အိမ်အသစ်ဆီကို သယ်သွားလိုက်”

“သေချာ နေရာချထားလိုက်၊ နှင်းတွေမကျခင် ငါတို့ အိမ်ပြောင်းရမယ်”

“စိတ်ချပါ အမေ၊ သားကိုသာ လွှဲထားလိုက်”

အိမ်အသစ်သို့ အမြန်ပြောင်းရွှေ့ချင်နေသဖြင့် ဝူယွီလန် စုန့်ကျစ်ယုံအား ပရိဘောဂများကို ကိုယ်တိုင် တစ်စစီလုပ်ခိုင်းမနေတော့ဘဲ မြို့သို့သွားကာ သူမ နှစ်သက်ရာများကိုသာ ရွေးချယ်ပြီး အိမ်တစ်လုံးစာ ပရိဘောဂများကို အော်ဒါမှာယူခဲ့လေ၏။

အစပိုင်းတွင်တော့ ဝင်းတစ်ဝင်းသာရှိသော အိမ်တစ်လုံး ဖြစ်သော်လည်း နောက်ပိုင်းတွင် ငွေရှိလာသောအခါ သူမက နောက်ထပ်တစ်ဝင်းကိုပါ ထပ်မံချဲ့ထွင်လိုက်ရာ ဝင်းနှစ်ဝင်းတွဲ အိမ်ကြီးတစ်လုံး ဖြစ်လာခဲ့၏။

ဝင်းနှစ်ဝင်းတွဲ အိမ်ကြီးတွင် ဧည့်ခန်းမကြီး တစ်ခုနှင့် ပန်းခြံဧည့်ခန်းတစ်ခုပါဝင်ပြီး အကျယ်အဝန်းအမျိုးမျိုးရှိသော အခန်းပေါင်းနှစ်ဆယ်ကျော်ရှိ၏။

ပရိဘောဂများအားလုံးကို အိမ်ထဲသို့ သယ်ဆောင်ရန်အတွက် သူတို့မှာ အကြိမ်ပေါင်း ဆယ်ကြိမ်ကျော်ခန့် အသွားအပြန် လုပ်ခဲ့ရလေသည်။

မိသားစုတစ်စုလုံးမှာ ပရိဘောဂဆိုင်မှ လူများနှင့်အတူ တစ်နေကုန်နီးပါး အလုပ်လုပ်ပြီးမှသာ ပရိဘောဂများအားလုံးကို သင့်လျော်သောနေရာများတွင် သေသပ်စွာ နေရာချထားနိုင်ခဲ့ကြသည်။

ပရိဘောဂများ နေရာချပြီးသွားသောအခါ နောက်တစ်ဆင့်အနေဖြင့် အိမ်အတွင်းပိုင်းကို အလှဆင်ပစ္စည်း အမျိုးမျိုးဖြင့် ပြင်ဆင်မွမ်းမံရန် ဖြစ်သည်။

ဝူယွီလန်က ထိုကိစ္စများနှင့်ပတ်သက်၍ များများစားစား မသိရှိသဖြင့် သူမ၏ချွေးမသုံးဦးကိုသာ တာဝန်လွှဲအပ်လိုက်ပြီး သူမကတော့ ငွေရှင်းပေးရန်သာ အာရုံစိုက်နေလိုက်၏။

အိမ်သစ်ကို အလှဆင်ရန် လိုအပ်နေကြောင်း ကြားသိရသောအခါ ကျန်းချင်းဟန်ကမူအစီအစဉ်များတွင် ကူညီပေးရန်အတွက် အထိန်းတော်ကွေ့ကို စေလွှတ်လိုက်သည်။

ရက်အတော်ကြာ အလုပ်လုပ်ပြီးနောက်တွင်တော့ အိမ်သစ်လေးမှာ လုံးဝကို သပ်ရပ်လှပစွာ အလှဆင်ပြီးစီးသွားခဲ့လေပြီ။

“ယွီလန်၊ နင့်အတွက် ငါ လူတစ်ယောက်ကို အကဲခတ်ခိုင်းထားတယ်၊ ဆယ်လပိုင်း သုံးဆယ်ရက်နေ့က နေ့ကောင်းရက်သာပဲ”

ကျေးရွာလူကြီးစုန့်ကျန်းရှုက ရေနွေးကြမ်းကို တစ်ကျိုက်သောက်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ ဇိမ်ခံနေလိုက်၏။

“ဒါဆိုရင် အိမ်အသစ်တက်ပွဲကို ဆယ်လပိုင်း သုံးဆယ်ရက်နေ့လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့”

“ကျွန်မတို့ရွာမှာ ပွဲကျွေးတဲ့ကိစ္စတွေကို သီးသန့်လုပ်ပေးတဲ့ လူတွေရှိတယ်ဆိုတာ ကျွန်မ မှတ်မိတယ်၊ သူတို့ကို နည်းနည်းလောက် မေးပေးလို့ရမလား၊ စျေးကတော့ ညှိလို့ရပါတယ်”

ဝူယွီလန် စကားပြောရင်း လက်ဖက်ခြောက်ဘူးတစ်ဘူးကို ထုတ်ယူကာ လှမ်းပေးလိုက်သည်။

ကျေးရွာလူကြီးစုန့်ကျန်းရှု၏ မျက်လုံးများက လက်ဖက်ခြောက်ဘူးကို မြင်သည်နှင့် တောက်ပသွားကာ သတိမထားမိအောင် လျင်မြန်စွာပင် လှမ်းယူလိုက်၏။

“အဟမ်း၊ ဒါ ကိစ္စသေးသေးလေးပါ၊ ခဏနေရင် နင့်အတွက် ငါ သွားမေးပေးမယ်၊ သေချာသွားပြီဆိုရင် နင့်ယောင်းမဝမ်ကို ဟင်းသီးဟင်းရွက်ဆေးဖို့နဲ့ တခြားကိစ္စတွေအတွက် လူနည်းနည်းလောက် ရှာပေးခိုင်းလိုက်မယ်လေ”

“ဒါဆိုရင်လည်း ဒုက္ခပေးသလိုဖြစ်သွားပြီ အစ်ကိုကျန်းရှု”

ကျေးရွာလူကြီးစုန့်ကျန်းရှု လက်ဝှေ့ယမ်းပြကာ အလွန်ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားလေသည်။

ညနေပိုင်းတွင် ရွာထဲ၌ ပွဲလိုက်သည့်ကိစ္စများကို သီးသန့်လုပ်ကိုင်သော မိသားစုက အဘိုးအိုတစ်ဦး၏ဦးဆောင်မှုဖြင့် သူတို့အိမ်သို့ရောက်ရှိလာကြ၏။

“ခင်ဗျားတို့မိသားစုက အိမ်အသစ်တက်ပွဲ လုပ်ချင်တယ်လို့ ကြားတယ်၊ စားပွဲဘယ်လောက်လောက်ခင်းဖို့ စီစဉ်ထားလဲ၊ ဘယ်လိုအဆင့်မျိုး ကျွေးချင်တာလဲ”

ဝူယွီလန် တွက်ချက်ကြည့်လိုက်သည်။

ရွာအတွက် စားပွဲနှစ်ဆယ်ခန့်လိုအပ်ပြီး သူမ ချွေးမအကြီး၏ မိဘဆွေမျိုးများအတွက်လည်း စားပွဲနှစ်ဝိုင်းခန့် ဖယ်ထားရမည်ဖြစ်သည်။

အားလုံးပေါင်းလိုက်လျှင် အနည်းဆုံး စားပွဲနှစ်ဆယ့်ငါးဝိုင်းခန့် ကျွေးမွေးရမည်ဖြစ်၏။

“စားပွဲကတော့ နှစ်ဆယ့်ငါးဝိုင်းလောက်လိုမယ်၊ ငွေဘယ်လောက်လောက် ကုန်မလဲဆိုတာ တွက်ကြည့်ပေးပါဦး”

အဘိုးအိုစုန့် ထိပ်ဖျားကွဲနေသော စာရေးစုတ်တံတစ်ချောင်းကို ထုတ်ယူကာ ပါးစပ်ဖြင့် စိုစွတ်စေပြီးနောက် မင်ရည်အချို့ကို စွတ်လိုက်၏။

“ရွာကပွဲတွေအတွက်ဆိုရင်တော့ ပုံမှန်စားပွဲတစ်ဝိုင်းကို ပြားငါးဆယ် ဒါမှမဟုတ် ခြောက်ဆယ်လောက် ကျသင့်တယ်၊ ဟင်းခြောက်မျိုး ပါမယ်၊ တို့ဟူး၊ ဂေါ်ဖီထုပ်၊ ဖရုံသီး၊ ကြာဆံနဲ့ အသားစဉ်းကောစွပ်ပြုတ်၊ အသားလုံးနဲ့ ဟင်းသီးဟင်းရွက်ဟင်းချို၊ ပြီးတော့ အသားပြုတ်ပါးပါးလှီး၊ အဓိက အစားအစာကတော့ အစေ့အဆန်ပေါင်းစုံပါတဲ့ ဆန်ပြုတ်နဲ့ ပေါက်စီပေါ့”

All Chapters